← Chapters

ပျောက်ဆုံးပြီးမှ ပြန်ရှာတွေ့ခြင်း

Vol. 14 Ch. 206

ပျောက်ဆုံးပြီးမှ ပြန်ရှာတွေ့ခြင်း

Vol. 14 Ch. 206

ယဲ့လွီချွန်းက အားလူကို ဟန့်တားလိုက်ပြီး စူးချင်းကို လက်ခုပ်အုပ်ကာ တောင်းပန်လိုက်သည်။

“သခင်မလေး၊ ဒီဓားကို ငါ့ရဲ့ဆရာသခင်က ပေးထားခဲ့တာပါ။ ဒီဓားက ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဘာလို့ တခြားအခြေအနေတွေကို မပြောင်းပေးနိုင်တာလဲ?”

စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေကာ ခေါင်းမာမာဖြင့် ထပ်ပြောလိုက်သည်။

“ကျွန်မ အဲ့ဓားကိုပဲ လိုချင်တယ်”

"စူးချင်း၊ မင်းက ကိုယ့်အတွက် ဓားတစ်ချောင်း လိုချင်နေတာလား?"

ကျိရွှေရှန့်က စူးချင်းကို စကားပြောရန် သူ့ဘေးသို့ ပြန်ဆွဲခေါ်လိုက်သည်။ စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ကျိရွှေရှန့်၏ မျက်လုံးများကို သူမ၏ကြည်လင်နေသော မျက်လုံးလေးများဖြင့် ပြန်ကြည့်နေခဲ့သည်။

“ရှင့်ရဲ့ဓားက ပျောက်သွားပြီလေ။ ကျွန်မ ရှင့်အတွက် ဓားကောင်းကောင်းတစ်လက် ထပ်ရှာနိုင်အောင် ကူညီပေးနေတာ"

"ကိုယ် မင်းကို့ အများကြီး ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်.... ချင်းအာ... လူကြီးလူကောင်းတွေက အခြားသူတွေ နှစ်သက်တဲ့အရာကို မလုယူတတ်ဘူး။ မင်း ငွေစတွေကို သဘောကျတယ် မဟုတ်ဘူးလား?"

စူးချင်းက သူ့အတွက် အဖိုးတန်ဓားတစ်ချောင်းကို ရှာဖွေပေးနိုင်ရန် စဉ်းစားနေသောကြောင့် ကျိရွှေရှန့်က အလွန် စိတ်လှုပ်ရှားသွားပြီး သူက စူးချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏အမည်ကို အပြည့်အစုံမခေါ်ဘဲ ချင်းအာဟုသာ ခေါ်လိုက်တော့သည်။

ရတနာတွေ စီခြယ်ထားတဲ့ ဓားရှည်တစ်ချောင်းက အဖိုးမဖြတ်နိုင်ပေမယ့် သူ့အတွက်တော့ ချင်းအာရဲ့စိတ်ကူးက ပိုပြီး အဖိုးမဖြတ်နိုင်တဲ့ အရာပဲ။

“သခင်မလေး၊ မင်းက ဓားတစ်ချောင်း လိုချင်နေတာဆိုရင်တော့ ငါ့မှာ နောက်ထပ် ဓားတစ်ချောင်း ရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လူတစ်ယောက်က အဲဒါကို ရောင်းနေတာတွေ့လို့ ငါ ဝယ်ခဲ့တာ။ အဲ့ဓားက ငါ့ဓားထက် မနိမ့်ကျပါဘူး။ အဲ့ဒိ ရတနာဓားက ငှက်မွေးတွေ ဆံပင်တွေကို ဖြတ်နိုင်သလို သံကို ဖြတ်ရင်လည်း ရွှံ့တုံးတစ်တုံးလို ပြတ်သွားစေလိမ့်မယ်”

ယဲ့လွီချွန်းက စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြောနေသည့် စကားများကို ကြားနေရပြီး သူက အားလူကို သူ့အိတ်ထဲမှ ဓားမောက်တစ်ချောင်းကို ထုတ်ခိုင်းလိုက်သည်။

သူမက ဓားကောင်းကောင်းတစ်လက် ရှာဖွေနေတာဆိုတော့ သူ့အတွက် ပိုလွယ်ကူသွားပြီ။

စူးချင်းက အစကတည်းက ကျိရွှေရှန့်အတွက် သင့်လျော်သောလက်နက်ကို ရှာဖွေနေခြင်းသာ ဖြစ်ပြီး ဓားက သာမာန်ဓားဖြစ်စေ ရတနာဓားဖြစ်စေ သူမအတွက် အရေးမကြီးပေ။

“နောင်ကြီး၊ ဒီဓားကြီးကို လွမ်တောင်လို့ ခေါ်တယ်။ ဒါက အလယ်ပိုင်းလွင်ပြင်မှာ အကျော်ကြားဆုံး အဖိုးတန်ဓားတွေထဲက တစ်ခုပါ။ ကျုပ်ရဲ့ဓားထက်တောင် ပိုနာမည်ကြီးပါသေးတယ်”

ယဲ့လွီချွန်းက အားလူ ထုတ်ပေးသော ရတနာဓားကို လှမ်းယူလိုက်ကာ ကျိရွှေရှန့်ထံသို့ အပြုံးဖြင့် လက်ဆင့်ကမ်းလိုက်သည်။

"ကျုပ်ရဲ့ ပျောက်သွားတဲ့ လွမ်တောင်ကို ဒီနေရာမှာ ပြန်ရှာတွေ့မယ်လို့ မမျှော်လင့်ထားမိဘူး"

ကျိရွှေရှန့်က ပျောက်ဆုံးသွားခဲ့သော သူ့၏ရတနာဓားကို ကြည့်နေပြီး အလွန့်အလွန် ပျော်ရွှင်နေခဲ့သည်။ သူက လွမ်တောင်ကို ပြန်လှမ်းယူလိုက်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ရတနာဓားတွေက သူတို့ရဲ့သခင်တွေကို မှတ်မိနေတက်ပြီး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပြန်ရောက်လာလိမ့်မယ်လို့ သူအဖိုးပြောခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ အဲ့တာက အမှန်ဖြစ်လာလိမ့်မယ်လို့ သူ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး။

ကျိရွှေရှန့်၏စကားကို ကြားလိုက်ချိန်တွင် ယဲ့လွီချွန်းက ကမန်းကတန်း ပြန်မေးလိုက်သည်။

"ဒီဓားက နောင်ကြီးရဲ့ပျောက်ဆုံးသွားတဲ့ ဓားလား?"

“ဟုတ်တယ်၊ ဒီဓားက လောချန်မှာ ပျောက်သွားခဲ့တယ်။ လီပေါင်းရာနဲ့ချီပြီး ဝေးကွာတဲ့နေရာမှာ ပြန်ရှာတွေ့မယ်လို့ မမျှော်လင့်ထားမိဘူး”

ယဲ့လွီချွန်းကို ပြုံးပြနေသော ကျိရွှေရှန့်၏မျက်လုံးများက သူ့၏စိတ်လှုပ်ရှားမှုကြောင့် ပိုတောက်ပလာခဲ့သည်။

"တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း ဒါကို လောချန်ကနေ ဝယ်လာခဲ့တာ။ ဒီရတနာဓားက သူ့ရဲ့သခင်ကို မှတ်မိနေပြီး နောင်ကြီးရဲ့နောက်ကို လိုက်လာတာ ဖြစ်နိုင်တယ်”

ယဲ့လွီချွန်းကလည်း ကျိရွှေရှန့်အတွက် ပျော်ရွှင်ပေးနေခဲ့သည်။ သူတို့က သိုင်းပညာကို လေ့ကျင့်သူများဖြစ်သောကြောင့် လက်နက်များ အထူးသဖြင့် သူတို့၏အဖိုးတန်ဓားများအပေါ်တွင် ထားသည့် နက်နဲသောခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်သည်။ သူတို့က သူတို့၏ဓားများကို အလွန်ချစ်မြတ်နိုးကြပြီး သူတို့၏အသက်ဟုပင် မှတ်ယူလေ့ရှိကြသည်။

"ကျေးဇူးတင်ပါတယ်... ညီလေး"

ကျိရွှေရှန့်က လက်သီးအုပ်လိုက်ပြီး ယဲ့လွီချွန်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"ညီလေး၊ မင်း ဒီဓားအတွက် ငွေဘယ်လောက်ကုန်သွားလဲ။ ငါ ပြန်ပေးပါ့မယ်”

(T/N: ကျိ‌ရွှေ့ရှန့်က ညီလေးလို့ ခေါ်လိုက်တော့ အကြီးအနေနဲ့ ‘ငါ’ လို ပြောင်းသုံးလိုက်တာပါ၊ အရင်ကတော့ မရင်းနှီးတဲ့ သဘောပေါ့)

“ရပါတယ်၊ အဲ့အတွက်က မလိုပါဘူး။ ဒီသခင်မလေးက ကျွန်တော့်အမေရဲ့ရောဂါကို ကုသပေးနိုင်ဖို့ပဲ မျှော်လင့်တယ်၊ ဆေးကုခအတွက်လည်း အပိုငွေ ပေးပါ့မယ်"

ယဲ့လွီချွန်းက ကြီးကျယ်ခမ်းနားသော ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်သည်။ ဤဓားက ကျိရွှေရှန့်၏ဓားဖြစ်သောကြောင့် သူ့ထံသို့ ပြန်ပေးကာ မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်လိုက်သည်။ အေးစက်သော မိန်းကလေးအတွက်တော့ ပိုက်ဆံအများကြီးပေးရန် တွေးထားလိုက်သည်။

ယဲ့လွီချွန်းက မည်မျှ သဘောထားကြီးသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းကလည်း စိတ်သဘောထား သေးငယ်သောသူ မဟုတ်သည့်အတွက် သူမက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။

“ဆေးကုခအတွက် အခကြေးငွေကို ကျွန်မ ‌ မလိုချင်တော့ဘူး။ ဒီသခင်လေးက ကျွန်မအတွက် အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခု ကူရှာပေးဖို့ ကျွန်မ မျှော်လင့်တယ်။ ဘယ်လောက်ပဲ ကုန်ကျပါစေ ၊ ကျွန်မ ဂရုမစိုက်ဘူး။ တန်းဖိုးကို အပြည့်အဝ ပေးချေနိုင်တယ်”

ယဲ့လွီချွန်းက သာမန်လူ မဟုတ်ကြောင်း စူးချင်းက အတက်ပြောနိုင်သည်။ သူ၏ အသွင်အပြင်အရ သူက တာ့ထန်၏မင်းသား သို့မဟုတ် စစ်သူကြီးတစ်ဦးပင် ဖြစ်နိုင်သေးသည်။ သူ့ကဲ့သို့သော သြဇာကြီးမားသူများက လင်ဇီးကို ကူရှာဖွေပေးလျှင် ပို၍ အလွယ်တကူ တွေ့နိုင်ပေလိမ့်မည်။

"ကောင်းပါပြီ၊ သခင်မလေးအတွက် လင်ဇီး ရှာဖို့ ကူညီပေးပါ့မယ်။ မင်းအတွက် ဆေးကုခကိုလည်း ပေးပါ့မယ်"

စူးချင်းက သူ့ဓားကို မလိုချင်သရွေ့ ယဲ့လွီချွန်းက မည်သည့်အခြေအနေများကိုမဆို သဘောတူလိမ့်မည် ဖြစ်သည်။

"ရှင့်ရဲ့ရောဂါကို အရင် ကုပေးမယ်"

စူးချင်းက သူ အလွန် ပျော်ရွှင်နေသည်ကို မြင်နေရသော်လည်း သူမက အချိန်ဖြုန်းနိုင်သည့်သူ မဟုတ်ပေ။ ထို့ကြောင့် သူမက သူ့၏အခြေအနေနှင့် သင့်တော်မည့်ဆေးညွှန်းကို ချက်ချင်း ညွှန်ကြားလိုက်သည်။ ယဲ့လွီချွန်း၏ရောဂါများက မပြင်းထန်သော်လည်း သူ၏ဒူလာရောဂါကို ဖယ်ရှားရန်မှာ ခက်ခဲလှသည်။ အထူးသဖြင့် တံတိုင်းအပြင်ဘက်မှ ခါးခါးသီးသီး အေးစက်သော နေရာဒေသများတွင် နေထိုင်သူများအတွက် ရေခဲများ ထူထပ်သော ဆောင်းရာသီတွင် သူတို့၏ဒူလာရောဂါက သူတို့ကို အလွယ်တကူ နှိပ်စက်လေ့ရှိသည်။

"ကျေးဇူးတင်ပါတယ် သခင်မလေး"

ယဲ့လွီချွန်းက ခေါင်းညိတ်လိုက်သည်။ သူ့ထံတွင် မြင့်မြတ်သော အဆင့်အတန်းတစ်ခု ရှိသော်လည်း သူက ကျင့်ဝတ်သိက္ခာကို ဘယ်သောအခါမှ မစွန့်ပယ်ခဲ့ပေ။ သူ၏ ယဉ်ကျေးသိမ်မွေ့မှုက သူ့၏ကြမ်းတမ်းသော အသွင်အပြင်နှင့် လုံးဝ မကိုက်ညီပေ။

စူးချင်းက ယဲ့လွီချွန်းအတွက် လိုအပ်မည့် ဆေးများကို ညွှန်ကြားပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမက ရှောင်ချီအား ဆေးစာရေးပေးရန် မတောင်းဆိုတော့ပေ။ သူမက သူမကိုယ်တိုင် ဆေးစာရေးပြီး ယဲ့လွီချွန်းကို လှမ်းပေးလိုက်သည်။

ရှောင်ချီကတော့ အရမ်းပျော်ရွှင်နေခဲ့သည်။ သူမ သခင်ရဲ့ဆေးပညာကျွမ်းကျင်မှုက နောက်ထပ် တိုးတက်လာပြန်ပြီ။

“ဒီပထမဆေးစာက သခင်လေးရဲ့အသည်းက အပူမီးကို ကုသဖို့ပါ။ ဒုတိယဆေးစာက ဒူလာရောဂါကို ကုသဖို့ဆေးညွှန်းပါ၊ ဒီဆေးညွှန်းအတိုင်း ဆေးသောက်နေတဲ့ အတောအတွင်းမှာ ငါးနဲ့ စပ်တဲ့အစားအစာတွေကို ရှောင်ရမယ်။ ဒီဆေးကတော့ သခင်လေးရဲ့ပခုံးဒဏ်ရာကို ကုသပေးနိုင်လိမ့်မယ်”

စူးချင်းက ဆေးကိုလည်း ရှောင်ချီအား မပြင်ဆင်ခိုင်းတော့ပေ။ သူမရှေ့မှ လူက လိမ်ညာရန် လွယ်ကူမည့်ဟန်ပန်မျိုး မရှိပေ။ သူမက ဆေးကို လေထဲမှ ထုတ်ယူလိုက်လျှင် ထိုလူ၏သံသယကို နှိုးဆွမိပေလိမ့်မည်။ သူမက သူ့ပခုံးမှ ဒဏ်ရာကို ကုသနိုင်မည့် ရွှေဆေးကိုသာ ပေးခဲ့ပြီး ကျန်သည့်နှစ်မျိုးအတွက် သူ ကိုယ်ပိုင် ဆေးဝယ်ရန် ဆေးညွှန်းကိုသာ ပေးလိုက်သည်။

တာ့ထန်ရှိ လူပေါင်းများစွာက ဒူလာရောဂါကို ခံစားနေကြရပြီး အကယ်၍ သူက ဤဆေးညွှန်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်ပါက သူမှတဆင့် ရောဂါပျောက်ကင်း သွားမည့်လူနာအားလုံးကို သူမ၏ကုသိုလ်အဖြစ် မှတ်ယူနိုင်မည် ဖြစ်သည်။

"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် သခင်မလေး"

ယဲ့လွီချွန်းက ဆေးစာများကို လက်နှစ်ဘက်ဖြင့် လှမ်းယူလိုက်ပြီး ဆေးစာပေါ်မှ လက်ရေးကို တစ်ချက်ကြည့်လိုက်ကာ သူ့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နှက်လာပြန်သည်။

ဒီလက်ရေးလှက ကောင်းလွန်းတယ်။ စုတ်ချက်တွေက အထိန်းအကွပ် မရှိသလို စုတ်ချက်တစ်ချက်ချင်းစီတိုင်းက တိကျခိုင်မာပြီး အားကောင်းလွန်းတယ်။ ဒါကို မိန်းခလေးတစ်ယောက် ရေးထားတယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

ကျိရွှေရှန့်ကလည်း စူးချင်း၏ လက်ရေးကြောင့် အံ့အားသင့်နေခဲ့သည်။

သူ သိရသလောက် စူးချင်း အိမ်ထောင်ကျခဲ့တဲ့ မိသားစုမှာ ပညာရှင်တစ်ယောက်ရှိပေမယ့် သူတို့က ယုတ်ညံ့ကြတယ်။ သူတို့က သူမကို ကျောင်းပို့ဖို့ ပိုက်ဆံ မသုံးမှာ သေချာတယ်။ သူမ ဒီလက်ရေးလှရေးနည်းကို ဘယ်သူဆီကနေ သင်ယူခဲ့တာလဲ?

ယဲ့လွီချွန်းက ဆေးစာကို အားလူထံသို့ လှမ်းပေးလိုက်ပြီး သေသေချာချာ သိမ်းထားရန် အမိန့်ပေးလိုက်သည်။ သူက ကျိရွှေရှန့်နှင့် စူးချင်းကို ကြည့်ကာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။

“အခု ဆေးမသောက်ရသေးဘူးဆိုတော့ ကောင်းကောင်း သောက်ကြရအောင်။ ဒီတစ်ခါ စားသောက်ပြီးရင် ကျွန်တော် အရက်ဖြတ်တော့မယ်"

သူ့‌ရှေ့က လူက လွမ်တောင်ရဲ့ပိုင်ရှင်ဖြစ်သလို သူရဲ့သူရဲကောင်းဆန်တဲ့ ဟန်ပန်နဲ့ ထူးကဲတဲ့ စိတ်သဘောထားကို ကြည့်ရင် ဒီလူက သာမန် မဟုတ်တာ သိသာနေတယ်။ သူ ဆိုတဲ့ ယဲ့လွီချွန်းက ကမ္ဘာပေါ်က အရည်အချင်းရှိတဲ့သူတွေ အားလုံးနဲ့ မိတ်ဆွေဖွဲ့ချင်မှတော့ သူ ဒီလူနဲ့လည်း မိတ်ဖွဲ့ရမှာ အသေအချာပဲ။

“ကောင်းပြီ၊ ဒီနေ့ ငါလည်း ငါရဲ့ဆုံးရှုံးသွားတဲ့ ဓားကို ပြန်တွေ့ခဲ့ပြီး တိုင်းတစ်ပါးက မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ဒီအရက် ငါက ဧည့်ခံပါ့မယ် ညီလေး"

ကျိရွှေရှန့်ကလည်း ပြတ်သားသောလူ ဖြစ်သည်။ သူက သူ့၏ရတနာဓားကို ပြန်ရှာတွေ့ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီး ယဲ့လွီချွန်းကို အပြုံးဖြင့် လက်သီးအုပ် အရိုအသေပေးလိုက်သည်။

သူတို့ ထပ်သွားခဲ့သည့် တည်းခိုဆောင်က တရားမဝင်နေရာ မဟုတ်ပေ။ ထိုနေရာရှိ အရက်နှင့် ဟင်းပွဲများက စျေးနှုန်း မချိုသာသော်လည်း ၎င်းတို့အားလုံးက အမှန်တကယ် ဖြစ်ပြီး လူ့အသားကို အသုံးပြုထားခြင်း မရှိခဲ့ပေ။

စူးချင်းက ညှီနံရနေသော ဝက်သားကို တစ်ချက် ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဒီအသားတွေကတော့ အလဟဿ ဖြစ်သွားပြီပဲ။

ဤနေရာမှ စားဖိုမှူး၏အရည်အချင်းက ပျမ်းမျှသာ ဖြစ်ကြောင်း ယဲ့လွီချွန်းက သိထားပြီး ဖြစ်သော်လည်း ကျောက်ယွမ်စီရင်စုတွင် ကောင်းမွန်သော စားသောက်ဆိုင်ကို ရှာမတွေ့နိုင်ခဲ့သောကြောင့် ဤနေရာတွင်သာ ဧည့်ခံနိုင်ခြင်း ဖြစ်သည်။

“ရှင်တို့ သောက်နှင့်ကြ၊ ကျွန်မ မီးဖိုခန်းကို သွားလိုက်ဦးမယ်"

စူးချင်းက ဤကောင်းမွန်သော ပါဝင်ပစ္စည်းများကို ဖြုန်းတီးနေသည်ဟု ခံစားမိသည့်အတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။ သူမတို့ မှာထားပြီး လာမပို့ရသေးသော ဟင်းလေးမျိုး ရှိနေသေးသောကြောင့် သူမက မီးဖိုချောင်သို့သွားကာ ထိုဟင်းပွဲများကို ချက်ရန် စီစဉ်လိုက်သည်။

ယဲ့လွီချွန်းက စူးချင်းတစ်ယောက် အေးစက်သော မျက်နှာဖြင့် ထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီး သူမက စားဖိုမှူးနှင့် စာရင်းသွားရှင်းတော့မည်ဟု ထင်လိုက်မိသောကြောင့် သူက ကျိရွှေရှန့်ကို စိုးရိမ်တကြီး ကြည့်လိုက်ကာ "နောင်ကြီးရဲ့ဇနီးက ဒေါသကြီးတယ်လား?"

‘နောင်ကြီးရဲ့ဇနီး’ ဟူသော စကားသံက ကျိရွှေရှန့်ကို အလွန်ဝမ်းသာသွားစေခဲ့သည်။ သူက စူးချင်း၏နောက်ကျောကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ အနက်ရောင်မျက်လုံးများမှ စူးချင်းအပေါ် ချစ်မြတ်နိုးနေသည့် မေတ္တာရိပ်များက ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

“သူ(မ) စိတ်ကောင်း ရှိပါတယ်။ မင်း သူ(မ)ကို မနှောင့်ယှက်ရင် အဆင်ပြေတယ်"

ယဲ့လွီချွန်းက သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။

သူကတော့ အဲ့လိုအခြေအနေကို လုံးဝ မမြင်ဘူး။ သူမနဲ့ ပြောဆိုဆက်ဆံဖို့က ခက်ခဲလွန်းတယ်။ သူမက အေးစက်သလို သီးသန့်လည်းဆန်လွန်းတယ်။ သူမကို စိတ်သဘောထားကောင်းတယ်လို့ ဘယ်လို ယူဆနိုင်မှာလဲ?

သို့သော်လည်း ယဲ့လွီချွန်းက စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတစ်ယောက် ဖြစ်ပြီး တခြားသူ၏ချို့ယွင်းချက်ကို အလွယ်တကူ ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။ သူက တည်တည်ငြိမ်ငြိမ် ဆက်ပြုံးထားလိုက်ပြီး ကျိရွှေရှန့်အတွက် အရက်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။

"နောင်ကြီး... သောက်ကြရအောင်"

သူတို့ တာ့ထန်လူမျိုးများက သူတို့၏သူငယ်ချင်းကောင်းများနှင့် သောက်သည့်အချိန်တွင် ပန်းကန်လုံးကြီးတစ်ခုလုံးကို ကုန်သွားအောင် မော့သောက်တက်ကြသည်။

ယဲ့လွီချွန်းက အရက်ခွက်ထဲမှ အရက်ကို သူ့လက်ညှိုးဖြင့် တောက်ယူလိုက်ပြီး ကောင်းကင်ပေါ်သို့ ပင့်တင်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်ကလည်း သူ့ခွက်ထဲမှ အရက်ကို လက်ညှိုးဖြင့် ယူလိုက်ပြီး မြေပြင်ပေါ်သို့ တောက်ချလိုက်သည်။ ကျိရွှေရှန့်က ယဲ့လွီချွန်း၏ဟန်ပန်အတိုင်း အတုယူ ပြုမူခဲ့ပြီး ဤသည်မှာ တာ့ထန်တို့၏ ကျင့်ဝတ်ဖြစ်သည်။

ထို့နောက်တွင် နှစ်ယောက်သား တစ်ကျိုက်တည်း မော့ကာ အရက်သုံးခွက်စီ တပြိုင်တည်း သောက်လိုက်ကြသည်။ ကျိရွှေရှန့်ကလည်း သူကဲ့သို့ပင် ရဲဝံ့စွာ သောက်နေသည်ကို တွေ့လိုက်ရသဖြင့် ယဲ့လွီချွန်းက သူ့အတွက် ယုံကြည်ရသောမိတ်ဆွေကောင်းတစ်ဦး တွေ့လိုက်ပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

“ညီလေး၊ ခနလောက် ထိုင်စောင့်နေဦး။ ငါ မီးဖိုချောင်ကို သွားကြည့်လိုက်ဦးမယ်"

သူတို့ အရက် သုံးခွက်လုံး ကုန်သွားသည့်တိုင် စူးချင်း ပြန်မလာသေးသောကြောင့် ကျိရွှေရှန့်က စိတ်ပူနေပြီ ဖြစ်သည်။

All Chapters