ဘာကြောင့် အမြဲတမ်း ကွဲပြားနေရတာလဲ?
Vol. 14 Ch. 208
အမျိုးသားများက ရေရှိမည့်နေရာကို ရှာဖွေရန် အစီအစဥ် အနည်းငယ် လုပ်နေကြပြီး အဖွဲ့ငယ်လေးများခွဲကာ စေလွှတ်ထားပြီး ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ကို ချွီတာ့က ဦးဆောင်ပြီး ကျန်အဖွဲ့ကို ကျန်းချမ်က ဦးဆောင်နေသည်။ သူတို့က မြောက်ဘက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး ရေရရှိနိုင်မည့်တည်နေရာများကို ရင်းနှီးနေကြပြီ ဖြစ်သည်။
သို့သော် ယခုနှစ်၏ အလွန်အကျွံမိုးခေါင်မှုကြောင့် သူတို့ သိထားသော မြစ်ချောင်းများနှင့် ရေရနိုင်မည့်နေရာများအားလုံးက ခန်းခြောက်သွားပြီဖြစ်ကာ နေရာအသစ်ကို ရှာဖွေရန်လည်း သဲလွန်စပင် မရှိကြသေးပေ။
စူးချင်းက ချင်ဖုန်း၊ အမျိုးသမီးလီနှင့် ကလေးများအားလုံး တောင့်မခံနိုင်တော့သည်ကို မြင်နေရပြီး သိပ်မကြာခင် ရေကို မရှာနိုင်ပါက ရေပြတ်လပ်မှုကြောင့် တစ်စုံတစ်ယောက် သေဆုံးနိုင်မည့် အခြေအနေ ဖြစ်နေကြောင်း သူမ နားလည်လိုက်သည်။
"ရှောင်ချီ ဒီအနီးအနားမှာ ရေအရင်းအမြစ် ရှိလား?"
စူးချင်းက ရှောင်ချီကို မေးလိုက်ပြီး ရှောင်ချီက ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။
“သခင်၊ ဒီကနေ မိုင်ဒါဇင်နဲ့ချီတဲ့ အချင်းဝက်အတွင်းမှာ ရေအရင်းအမြစ်တစ်ခုတောင် မရှိဘူး”
မိုင်ဒါဇင်အနည်းငယ်အတွင်း ရေအရင်းအမြစ် တစ်ခုမှ မရှိကြောင်း ရှောင်ချီပြောလိုက်ချိန်တွင် စူးချင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။
ရေအရင်းအမြစ်ကို မရှာနိုင်တော့ဘူးဆိုရင် သူမရဲ့နည်းလမ်းကို ထုတ်သုံးရတော့မယ်။
စူးချင်းက သူမ၏အရင်ဘဝတွင် သီးခြားကျွန်းတစ်ကျွန်းတွင် အသက်ရှင် နေထိုင်ခဲ့ဖူးပြီး ရေကို မည်သို့ ရယူရမည်ကို သိရှိခဲ့ရသည်။
"ရွှေရှန့်၊ အမျိုးသားတွေကို တွင်းတစ်တွင်း တူးခိုင်းပေးပါ။ တွင်းက ပိုနက်လေလေ ပိုကောင်းလေပဲ”
စူးချင်းက ကျိရွှေရှန့်ကို သွားရှာလိုက်ပြီး တွင်းတစ်တွင်းတူးရန် သူ့လူများကို ဦးဆောင်ခိုင်းလိုက်သည်။
“ကောင်းပြီလေ”
ကျိရွှေရှန့်က စူးချင်း အဘယ်ကြောင့် တွင်းတူးခိုင်းသည်ကိုပင် ပြန်မမေးခဲ့ပေ။ သူက သူမကို အမြဲတမ်း ယုံကြည်ခဲ့ပြီး သူ့လူများကို ခေါ်ကာ တွင်းတူးရန် ချက်ချင်း စတင်လိုက်သည်။ စူးချင်းက သူတို့ကို နေရောင်နှင့် ဝေးကွာသော ခပ်နိမ်နိမ့်နေရာတစ်ခုတွင် တွင်းတူးစေခဲ့သည်။
စူးချင်းက သူတို့ တွင်းတူးနေသည်ကို စောင့်ကြည့်နေခဲ့ပြီး အပေါ်ဆုံးအလွှာက ခြောက်သွေ့သောသဲများဖြင့် ပြည့်နေပြီး မီတာအနည်းငယ်အထိ တူးပြီးသောအခါမှသာ သဲထဲတွင် အစိုဓာတ်ရှိသော အရိပ်အယောင်ကို မြင်လိုက်ရသည်။
စူးချင်းက သဲလက်တစ်ဆုပ်စာ ကောက်ယူကာ စစ်ဆေးကြည့်လိုက်ပြီး သူမ၏လက်များတွင် လုံလောက်သော အစိုဓာတ်နှင့် ရေငွေ့များစွာ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက ကျိရွှေရှန့်နှင့် တခြားသူများကို လှမ်းပြောလိုက်သည်။
“ကောင်းတယ်၊ ဆက်တူးကြ”
ရေ ထွက်သည်အထိ တွင်းနက်နက်တူးရန် ပလပ်စတစ်ဖလင်ကို အသုံးပြုရမည် ဖြစ်သည်။ ထို့ကြောင့် စူးချင်းက စနစ်နှင့် ညှိနှိုင်းလိုက်သည်။ သူမ ယခင်မစ်ရှင်အတွက် ဆုကြေးမထုတ်ရသေးသောကြောင့် ယခုတစ်ကြိမ်တွင် ပလတ်စတစ်ဖလင်တစ်ထုပ် လိုချင်ကြောင်း တောင်းဆိုလိုက်သည်။
စနစ်က တွန့်ဆုတ်စွာ သဘောတူလိုက်သော်လည်း လက်ရှိအခြေအနေကို အခွင့်အရေးယူကာ တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သေးသည်။
[Host… သင့်ရဲ့ချုပ်လုပ်မှုစွမ်းရည်ကို တစ်ရက်အတွင်း အဆင့်မြှင့်ရမယ်။ မဟုတ်ရင် သင့်ရဲ့ချုပ်လုပ်မှုစွမ်းရည်အဆင့်တွေ အကုန်လုံး လုံးလုံးလျားလျား ပျက်ဆီးသွားလိမ့်မယ်]
ဤသည်မှာ တရားမျှတမှုမရှိသော သဘောတူညီချက်ဟု ယူဆနိုင်သော်လည်း ယခုအချိန်တွင် စူးချင်းက သဘောတူရုံသာ တက်နိုင်တော့သည်။ သူမ၏ အသက်ရှင်သန်မှုအတွက် အန္တရာယ်အရှိဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမအနေဖြင့် တခြားအရာများကို ထည့်သွင်းစဉ်းစားရန် အခြေအနေ မပေးတော့ပေ။
စူးချင်းက ကျိရွှေရှန့်နှင့် အခြားသူများကို စိုစွတ်နေသော သဲများတွေ့သည်အထိ နက်ရှိုင်းသော တွင်းဆယ်တွင်း ရအောင် ဆက်လက်တူးဖော်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် သူမက မိန်းကလေးများကို ခေါ်ဆောင်ကာ ချုံပုတ်များနှင့် မြက်ခင်းပြင်များကို ရှာဖွေရန် ထွက်လာခဲ့သည်။ သူမက ထိုနေရာတွင် လေထုထဲမှ ရေထုတ်ယူနိုင်သည့်နည်းလမ်းကို အသုံးချတော့မည် ဖြစ်သည်။ သူမက မြက်ခင်းပြင်တစ်လျှောက် အဝတ်စတစ်စ ချထားလိုက်ပြီး အဝတ်စ၏အခြားတစ်ဖက်ကို ကြွေပန်းကန်ကြမ်းတစ်လုံးထဲသို့ ထည့်ထားခဲ့သည်။ ထိုနည်းအားဖြည့် တစ်ညအိပ်ပြီး မနက်မိုးလင်းသွားလျှင် ကြွေပန်းကန်လုံးထဲ၌ ရေရှိလာမည် ဖြစ်သည်။
ချင်ဖုန်းကလည်း ကူညီရန်ရောက်လာခဲ့ပြီး ယခုဆိုလျှင် သူက ကျေးလက်မှ အဘိုးအိုတစ်ဦးနှင့် လုံးဝတူနေပြီ ဖြစ်သည်။ သူ၏အသားအရေက နေရောင်ကြောင့် ညိုမဲနေပြီး သူ့၏မျက်နှာကလည်း လေနှင့် နေရောင်ကြောင့် ခြောက်သွေ့နေပြီ ဖြစ်ကာ အရေးအကြောင်းများလည်း အရူးအမူးပေါ်လာပြီ ဖြစ်သည်။ ဝမ်ရှန့်ချန်ကိုယ်တိုင် ချင်းဖုန့်၏အရှေ့၌ ရပ်နေလျင်ပင် ထိုသူက သူ ရှာဖွေနေသည့်သူဟု မှတ်မိနိုင်တော့မည် မဟုတ်ပေ။
ချင်ဖုန်းက သူ့မြေးနှင့် ထောင်ဟွားဝူမှ လူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သည့်အတွက် သူ လုပ်နိုင်သည့်အလုပ်များကို အမြဲတမ်း ရှာဖွေ လုပ်ကိုင်ပေးလေ့ရှိသည်။
ကျိရွှေရှန့်နှင့် တခြားသူများ တွင်းတူးပြီးချိန်တွင် စူးချင်းက သူတို့ကို အမဲလိုက်ခိုင်းလိုက်ပြီး သူမ ရေထုတ်ယူသည့်နည်းလမ်းကို မည်သူကိုမျှ ကြည့်ခွင့်မပေးခဲ့ပေ။
“ကျွန်မ ကောင်းကင်ကို ရေချေးငှားပေးဖို့ တောင်းဆိုရမယ်။ တကယ်လို့ တစ်စုံတစ်ယောက်က အဲ့ဒီဆုတောင်းခြင်းလုပ်ငန်းစဉ်ကို မြင်သွားရင် ကောင်းကင်က ကျွန်မတို့ကို အပြစ်တင်လိမ့်မယ်၊ အဲ့တာဆိုရင် ကျွန်မတို့အတွက် ရေပေးနေတာကို ရပ်ပစ်လိုက်မှာ သေချာတယ်”
စူးချင်းက ရှေးခေတ်လူများ၏အယူသီးသောစိတ်ကို အသုံးချလိုက်ပြီး သူတို့ ကြောက်ရွံ့သွားစေရန် ခြောက်လှန့်လိုက်သည်။
“ဒီတောင်စောင်းကို ဘယ်သူမှ လာခွင့်မရှိဘူး”
စူးချင်း၏ လေးနက်သော စကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က ထောင်ဟွားဝူမှ လူငယ်များနှင့် လူကြီးများအားလုံး ခပ်မာမာ အမိန့်ပေးလိုက်သည်။
"ဒါကို လူတိုင်းကြားကြလား? ဒီတောင်စောင်းကို ဘယ်သူမှ ဖြတ်ကျော်သွားခွင့် မရှိဘူး။ ကောင်းကင်က ဒေါသထွက်သွားရင် ငါတို့ ဒီနေရာမှာ ရေငတ်ပြီး သေဖို့ စောင့်နေရလိမ့်မယ်”
ရွာလူကြီးချိုးက ထောင်ဟွားဝူမှ လူများကို အလျင်အမြန် အော်ဟစ် သတိပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက စူးချင်း၏စကားများကို သံသယကင်းစွာ ယုံကြည်တက်သူ ဖြစ်သည်။
ရာသီဥတုက အလွန်အေးနေပြီး အအေးဒဏ်ကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ တုန်ယင်နေကြသည်။ အအေးဒဏ်ကြောင့် သူတို့၏နှုတ်ခမ်းများက အပြာရောင်နှင့် ခရမ်းရောင်များ ဖြစ်နေကြသည်ကို တွေ့လိုက်ရသောကြောင့် စူးချင်းက သူတို့ကို နေရောင်ခြည်နှင့် ထိတွေ့နိုင်ပြီး လေကွယ်သည့်နေရာဆီသို့ ခေါ်သွားပေးလိုက်ကာ နွေးနွေးထွေးထွေး ရှိစေရန်အတွက် အားလုံး ဝိုင်းဖွဲ့ထိုင်ရန် ညွှန်ကြားလိုက်သည်။
စူးချင်းက မိန်းကလေးများကို သစ်ကိုင်းခြောက်များ စုဆောင်းစေပြီး လူတိုင်း နွေးထွေးစေရန် မီးပုံဖို ဖို့ပါ ထပ်ပြောလိုက်သည်။ သူမ အမိန့်ပေးပြီးသည်နှင့် သူမကိုယ်တိုင်လည်း တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်နေတက်သော်လည်း မိန်းကလေးများက ထိုအရာကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် သူမနောက်မှ တိတ်တိတ်လေး လိုက်သွားကြပြီး သူမ ခိုင်းသည့်အတိုင်း လုပ်ပေးနေကြသည်။
အမျိုးသမီးလီနှင့် အဒေါ်ချိုးတို့က ချည်သားအ၀တ်အစားများ ပြုလုပ်ရန် အလုပ်များနေကြသည်။ သူမတို့ အလုပ်လုပ်နေသည့်အမျှ စူးချင်း၏ ချုပ်လုပ်ခြင်းကျွမ်းကျင်မှုက တိုးတက်လာသော်လည်း သူမ အဆင့်တက်နိုင်ရန် ဘားတန်းနှစ်ခုစာ ကျန်နေသေးသည်။ အကယ်၍ သူမ ယနေ့ သူမအဆင့်တစ်ခု မတက်နိုင်ခဲ့ပါက သူမ၏ယက်လုပ်ခြင်းစွမ်းရည်က သုညသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်လည်း အဆင့်လျော့ကျသွားမည် ဖြစ်သည်။
မီးဖိုပြီးနောက်တွင် စူးချင်းက အခြားဘာကိုမျှ ဂရုမစိုက်တော့ဘဲ ပိုးထည်တစ်စကို ကောက်ကိုင်ကာ စတင် ပန်းထိုးနေခဲ့သည်။ အမျိုးသမီးလီက သူမကို ကြိမ်ဖန်များစွာ ကြည့်နေပြီး တစ်ခုခုပြောချင်ပုံရသော်လည်း သူမက တုံ့ဆိုင်းနေခဲ့သည်။
အခုအချိန်မှာ ချည်သားအ၀တ်အထည်တွေ ပြုလုပ်ဖို့က အရေးကြီးဆုံးအရာလေ။ စူးချင်းက ဘာလို့ ပန်းထိုးနေတာလဲ?
ထောင်ဟွားဝူ၏ အမျိုးသမီးများအားလုံးကလည်းစ အမျိုးသမီးလီနှင့် တူညီသော အတွေးမျိုးကို တွေးနေခဲ့ကြသည်။
စူးချင်းက ဘာကြောင့် အမြဲတမ်း ကွဲပြားနေရတာလဲဆိုတာကို သူမတို့ နားမလည်နိုင်ကြဘူး။
သို့သော် မည်သူကမျှ စုးချင်းကို မမေးကြပေ။
စူးချင်းအနေနဲ့ဆိုရင် သူမက ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုဘူး။ သူမ သွားမေးရင်တောင် သူမက ပြန်ဖြေမှာ မဟုတ်ဘူး။
ယနေ့တွင် စူးချင်းက အခက်ခဲဆုံးသော နှစ်ထပ်ပန်းကို ထိုးချုပ်ရန် စိန်ခေါ်တော့မည် ဖြစ်သည်။ သူမက ရှောင်ချီကို နှစ်ဖက်ချည်ထိုးနည်းအတွက် လေ့လာစရာများ ရှာပေးရန် တောင်းဆိုခဲ့ပြီး ရိုးရှင်းသောအရာမှ စတင်လေ့လာကာ သူမကိုယ်တိုင် ပန်းထိုးရန် စတင်လိုက်သည်။
အချိန်ကုန်သက်သာစေရန်အတွက် စူးချင်းက အရိုးရှင်းဆုံးပုံစံကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင် ရေဝမ်းဘဲတစ်ကောင်ကို ပန်းထိုးပြီး အခြားတစ်ဖက်တွင် ခရမ်းရောင်လွင်ပြင်သစ်ခွအပွင့် အနည်းငယ်လောက် ပန်းထိုးရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ သွယ်လျသောလက်ချောင်းများက အပေါ်နှင့် အောက် ကခုန်နေပြီး သူမ၏အမူအရာက နူးညံ့သိမ်မွေ့နေကာ သူမ၏အလုပ်အပေါ်တွင် အပြည့်အဝ အာရုံစူးစိုက်နေခဲ့သည်။
အခုတော့ အေးစက်တဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ပုံရိပ်က ဘယ်မှာများလဲ?
အမဲလိုက်ရာမှ ပြန်လာသော ကျိရွှေရှန့်က ထိုမြင်ကွင်းမြင်နေရပြီး လုံးဝ အံ့အားသင့်နေခဲ့သည်။
သူမက ဒီလို နူးညံ့သိမ်မွေ့တဲ့ မိန်းမချောလေးတစ်ယောက် ဖြစ်နေမယ်လို့ သူ တစ်ခါမှ မတွေးကြည့်ဖူးဘူး။ အခု သူ့နှလုံးသားတွေ ယားယံလာပြီး သူမကို ပွေ့ဖက်နမ်းရှုံ့ချင်စိတ်တွေက တဖွားဖွား ထွက်ပေါ်လာပြီ။
"ရွှေရှန့်... မင်း ပြန်ရောက်လာပြီလား?"
ထိုအသံကြောင့် ကျိရွှေရှန့်က စူးချင်းဆီမှ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့လက်ထဲမှ သားကောင်ကို လက်လွှဲပေးရန် ပြင်ဆင်လိုက်သည်။
အဒေါ်ချိုးက ကျိရွှေရှန့်၏လက်ထဲမှ ပိန်လိန်နေသော ယုန်နှစ်ကောင်ကို ကြည့်နေပြီး စိတ်ပျက်လက်ပျက် အမူအရာကိုတော့ မပြရက်ပေ။
ရေမရှိရင် တိရိစ္ဆာန်တွေ မပြောနဲ့ လူသားတွေတောင် ဒီလိုသဲကန္တာရထဲမှာ ရှင်သန်ဖို့ ခက်ခဲတယ်ဆိုတာက သံသယဖြစ်စရာ မလိုပါဘူး။
အဒေါ်ချိုးနှင့် အဒေါ်လီတို့က စူးချင်းကို တစ်ပြိုင်တည်း ကြည့်လိုက်ကြပြန်သည်။
သူမတို့ရဲ့ဟင်းချက်လက်ရာက မကောင်းဘူး။ အရင်တုန်းကတော့ ဒီလိုသားကောင်တွေရလာရင် စူးချင်းကပဲ ချက်ပြုတ်ပေးခဲ့တာလေ။
သို့သော် ယခုအချိန်တွင် စူးချင်းက ဟင်းချက်ရန် ရည်ရွယ်ချက် မရှိပုံဖြင့် ခေါင်းငုံ့ကာ ပန်းဆက်ထိုးနေခဲ့သည်။
စူးချင်းက ဒီနေ့ အရမ်းကို ပုံမှန် မဟုတ်ဘူး ဖြစ်နေတာပဲ....
"ငါတို့ဘာသာ လုပ်ကြရအောင်!"
စူးချင်းကို အကြာကြီး ကြည့်နေပြီးနောက် အဒေါ်လီက အဒေါ်ချိုးကို လှမ်းပြောလိုက်သည်။ သူမတို့လည်း စူးချင်းထံမှ အများကြီး သင်ယူခဲ့ပြီးပြီဟု တွေးလိုက်သောကြောင့် ထိုသို့ ပြောလိုက်ခြင်းပင်။
နှစ်ယောက်သား ဆားခဲများကို ကြိတ်ချေကာ အဆင့်သင့် ကိုယ်တွယ်ထားသော ယုန်များကို ဆားဖြင့် နှယ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့ကို မီးပေါ်တွင် ကင်လိုက်ခြင်းက အတော်ကို ရိုးရှင်းလွန်းလှသည်။
ကောင်းကင်ကြီးက တစတစ ပိုမှောင်လာပြီး ယုန်ကင်နံ့က ဝံပုလွေများကို စွဲဆောင်နိုင်ခဲ့သည်။ ကျိရွှေရှန့်က သူ့လေးကို ဆွဲတင်ပြီး မြှားများကို ပစ်လွှတ်လိုက်သည်။ မိန်းကလေးများကလည်း သူမတို့၏ဒူးလေးများကို ကိုင်ကာ ဝံပုလွေများနှင့် တိုက်ပွဲတွင် ပါဝင်လာကြသည်။ ကျုံးယုံကတော့ ပို၍ပင် ရဲရင့်သူဖြစ်ပြီး သူ့၏သံတူကြီးဖြင့် တစ်ကောင်ချင်းဆီ လိုက်ရိုက်နေခဲ့သည်။ ချွီတာ့နှင့် အခြားသူများကတော့ တိုက်ပွဲပေါင်း ရာနှင့်ချီ ဖြတ်သန်းခဲ့ဖူးသော စစ်သည်ဟောင်းကြီးများ ဖြစ်ကြပြီး ထိုဝံပုလွေများကို ကိုင်တွယ်ရန်က သူတို့အတွက် လွယ်ကူလွန်းလှသည်။
ကျိရွှေရှန့်နှင့် တခြားသူများ ဝံပုလွေများကို သတ်ပြီး ပြန်ရောက်လာချိန်တွင် စူးချင်းတစ်ယောက် မီးပုံ ရှေ့တွင် ထိုင်နေပြီး အရေးကြီးဆုံးအရာကို ကိုင်တွယ်နေသလို ပန်းထိုးနေသည်ကို တွေ့လိုက်ရသည်။
ကျိရွှေရှန့်က စူးချင်း၏နံဘေးသို့ လျှောက်သွားလိုက်ပြီး သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သို့သော် စူးချင်းက သူ့ကို မော့တောင် မကြည့်ခဲ့ပေ။ သူမ၏လက်များက အပ်ကိုသာ အလျင်အမြန် ထိန်းချုပ်နေဆဲဖြစ်ပြီး သူမ၏မျက်လုံးများက စူးစိုက်မှု အပြည့်ဖြင့် လေးနက်နေလေသည်။
ကျိရွှေရှန့်က သူမ၏အာရုံကို ဆွဲဆောင်ရန် စကားပြောဖို့ ပြန်လိုက်သော်လည်း ကံမကောင်းစွာဖြင့် စူးချင်းက အာရုံစူးစိုက်လွန်းနေပြီး သူ့၏စကားသံက သူမအတွက် အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူက စကားမပြောရဲတော့ပေ။
ထို့နောက် ကျိရွှေရှန့်က မတ်တပ်ထရပ်လိုက်ပြီး ယနေ့ညအတွက် ကင်းတာဝန်များ ခွဲဝေပေးလိုက်သည်။ ချွီတာ့နှင့် အခြားသူများ ပူးပေါင်းလာပြီးနောက်တွင် ကျိရွှေရှန့်အတွက် ကင်းတာဝန်က ပို၍ လျော့နည်းလာခဲ့သည်။
ကျုံးယုံက ကျိရွှေရှန့်ထံသို့ ရောက်လာပြီး သူ့ကို သိုင်းကွက်အသစ်များ ထပ်သင်ပေးရန် တောင်းဆိုနေပြန်သည်။ ကျိရွှေရှန့်က ကျုံးဘုံအား သူ သိထားသမျှ တူသိုင်းကွက်များကို သင်ထားပေးပြီးပြီ ဖြစ်သောကြောင့် ဓားပညာကိုသာ သင်ပေးနိုင်တော့မည် ဖြစ်သည်။
သို့သော်လည်း ကျုံးယုံက ဓားရှည်များကို မကြိုက်ဘဲ ထိုလက်နက်က ကလေးများ ကစားရန်သာ အသုံးပြုသင့်သည်ဟု ထင်မြင်နေခဲ့သည်။
ကျိရှောင်ယင်က စူးချင်းနံဘေးတွင် ငြိမ်သက်စွာ ထိုင်နေကာ စူးချင်း ပန်းထိုးနေသည်ကို ကြည့်နေခဲ့သည်။ သူမက သူမ၏အစ်မ အအေးမမိစေရန် မီးပုံထဲသို့ သစ်ကိုင်းများ အဆက်မပြတ် ထပ်ဖြည့်ပေးနေခဲ့သည်။
စူးချင်းက သူမ၏စွမ်းရည်တိုးတက်မှုကိုပင် ကြည့်ရှုရန် အချိန် မရှိဘဲ နှစ်ဖက်ပန်းထိုးခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ နောက်ဆုံးတွင် သန်းခေါင်မတိုင်မီ သူမ၏ပန်းထိုးခြင်းကို အပြီးသတ် နိုင်ခဲ့သည်။ ထို့နောက် သူမ၏မျက်လုံးရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမ၏ချုပ်လုပ်မှုစွမ်းရည်က အဆင့်တက်သွားခဲ့သည်။ ထိုမှသာ စူးချင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏ခါးက နာနေကာ သူမ၏လည်ပင်းက တောင့်တင်းနေကြောင်း သူမ သိလိုက်ရသည်။
[အဆင့်တက်သွားတဲ့ Host ကို ဂုဏ်ပြုပါတယ်။ ချုပ်လုပ်မှုစွမ်းရည်ကို အဆင့် ၅ အထိ မြှင့်တင်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ရုပ်ခွန်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေ အားလုံးက အဆင့် ၃၅ ကို ရောက်ရှိသွားပါပြီ]
“ငါ ဆု လိုချင်တယ်...”
(T/N: စူးချင်းရဲ့ Level ကလေ ရှေ့အခန်းမှာလဲ ၃၅ ဒီမှာလဲ ၃၅ ပဲ စနစ်ကပဲ level တစ်ခု ခိုးတာလား? စာရေးသူ မှားရေးတာလားတော့ ကိုယ်လည်း မသိတော့ဘူး)