တောင်တန်းများအတွင်းမှ ရှာဖွေတွေ့ရှိမှု
Vol. 14 Ch. 209
ဤတစ်ကြိမ်တွင် စူးချင်းက ဆုယူရန် အခွင့်အရေးကို လက်လွှတ်မခံတော့ပေ။
သူမ အခု ဆုအတွက် မတောင်းဆိုဘဲ နောက်မှ တောင်းဆိုရင် စနစ်က သူမကို အခက်အခဲ ဖြစ်အောင်လုပ်မှာ သေချာတယ်။
[Host ဆုက ထုတ်ယူပြီးပါပြီ။ ထပ်တောင်းလို့ မရတော့ဘူး]
စနစ်က ဒီလောက် အရှက်မဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? ဒီနေ့ သူမ တောင်းဆိုခဲ့တဲ့ ပလပ်စတစ်ဖလင်တွေကို ကြိုတင်ဆုလာဘ်လို့ ပြောနေတာလား?
"နင်က ငါ နင့်ကို ဖောက်ခွဲပစ်လိုက်တာမျိုး ဖြစ်စေချင်တာလား?"
စူးချင်း၏အသံက ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း စနစ်ကို ကြောက်ရွံ့စေခဲ့သည်။
သူမက တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့သူပဲ။ သူမက သူမတစ်ယောက်တည်းပျက်ဆီးခံဖို့ထက် ဒီစနစ်ကလေးကိုပါ ဖျက်ဆီးပြီး အတူတူသေဖို့ ရွေးချယ်မှာ သေချာတယ်။
[Host က ဘာဆု လိုချင်လဲ?]
စနစ်က ကြောက်လန့်တကြားဖြင့် ကမန်းကတန်း ပြန်မေးလိုက်သည်။
"ရေ"
စူးချင်းက တခြားဘာမှ မလိုချင်တော့ပေ။
စားစရာ မရှိရင်တောင် ချက်ချင်း သေမှာ မဟုတ်ဘူး။ ရေ မရှိရင်တော့ လူတွေက တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။
[Host သဲတွင်းထဲမှာ မြှုပ်ထားတဲ့ ထည့်စရာတွေကို ဖြည့်ဖို့ပဲ ကူညီပေးနိုင်မယ်]
စနစ်က စူးချင်းကို ဘာမှ ထပ်မပေးချင်သောကြောင့် ညှိုနှိုင်းလိုက်သည်။ စူးချင်းက မတ်တပ်ထရပ်ပြီး ကျိရွှေရှန့်ကို လှမ်းခေါ်ကာ အိုးကြီးလေးလုံးအား ကုန်းစောင်း၏အနောက်ဘက်သို့ ရွှေ့ခိုင်းလိုက်သည်။ ထို့နောက် သူမက ထိုအိုးများကို မြုပ်ရန်အတွက် ဧရာမတွင်းကြီးလေးခုကိုလည်း တူးခိုင်းလိုက်သေးသည်။
နောက်ဆုံးတွင် စနစ်က သူ့၏ Host က သူ့ထက် အရှက်ကင်းမဲ့သည်ကို နားလည်သွားသော်လည်း ဘာမှမတက်နိုင်တော့ပေ။
ဒီလိုမျိုး အရေထူတဲ့ Host ဆီမှာ တာဝန်ထမ်းဆောင်ဖို့ ဘယ်သူက သူ့ကို တောင်းဆိုခဲ့လို့လဲ?
ထိုညတွင် နွေးနွေးထွေးထွေးဖြစ်အောင် အားလုံး စုဝေးနေခဲ့ကြပြီး ကင်းလှည့်နေသူများက မီးပုံများကို စောင့်ကြည့်ပေးခဲ့သည်။ ထို့ကြောင့် ညသန်းခေါင်တွင် မီးငြိမ်းသွားမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ယုန်နှစ်ကောင်မှ ရရှိသော အသားအနည်းငယ်က စားရန် မလုံလောက်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့က ဝံပုလွေတစ်ဒါဇင်ကျော်ကို သတ်ခဲ့သောကြောင့် ဝံပုလွေအသားကို ကင်စားနိုင်ခဲ့သည်။ အရသာက ဆိုးဝါးသော်လည်း ရွေးချယ်ပိုင်ခွင့် မရှိပေ။ ငတ်ပြီး မသေသေးသရွေ့တော့ အဆင်ပြေသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။
စူးချင်းက အိပ်မပျော်သောကြောင့် စောင်ပါးပါးလေး တစ်ထည်ကို အမြန်ချုပ်ကာ ဘောလုံးများကဲ့သို့ ကွေးနေသော ကျိရှောင်ယင်နှင့် အမျိုးသမီးလီတို့ကို လွမ်းခြုံပေးလိုက်သည်။
သူမတို့က အမေနှင့် သမီးကဲ့သို့ ဖြစ်နေပြီး အမျိုးသမီးလီက ကျိရှောင်ယင်ကို ပွေ့ဖက်ပေးထားကာ ကျိရှောင်ယင် နွေးထွေးစေရန် သူမ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားခဲ့သည်။ သူမက ကျိရှောင်ယင်ကို သူမ၏သားထက်ပင် ပိုချစ်ပုံရသည်။
မနက်မိုးလင်းပြီး မျက်လုံးများ ဖွင့်လိုက်ကြချိန်တွင် သူတို့အားလုံး ပထမဆုံး လုပ်သည့်အရာက ရေ ရှိ မရှိ ကြည့်ရန်သာ ဖြစ်သည်။
ချုံပုတ်များ၏အောက်တွင် ချထားသည့် ပန်းကန်လုံးများတွင် ရေများ ပြည့်နေသည်ကို မြင်လိုက်ရချိန်တွင် အားလုံးက ဝမ်းသာသွားကြပြီး ကောင်းကင်က သူတို့ကို ကယ်တင်ရန် စူးချင်းကို စေလွှတ်လိုက်သည်ဟုပင် ခံစားနေကြရသည်။ ဆင်ခြေလျှော အနောက်ဘက်ရှိ တွင်းကြီးထဲတွင်လည်း ရေများ ပြည့်နေစေရန် သူတို့အားလုံး မျှော်လင့်နေကြသည်။
သို့သော်လည်း စူးချင်းက ကျိရွှေရှန့်နှင့် တခြားသူများကို ထိုနေရာသို့ မသွားခိုင်းခဲ့ပေ။ သူမက သူမတစ်ယောက်တည်း လျှောစောက်၏အနောက်ဘက်သို့ သွားကာ ပလပ်စတစ်ဖလင်ပေါ်တွင် ကပ်နေသော သဲများကို တွန်းဖယ်လိုက်သည်။ ထို့နောက် ပလတ်စတစ်ဖလင်ကို မကြည့်လိုက်ရာ တွင်းထဲမှ သံအိုးကြီးများထဲတွင် ရေများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။
စနစ်က စကားတည်သားပဲ။
စူးချင်းက ကျင်းတစ်ဒါဇင်ကျော်၏အပေါ်မှ ပလတ်စတစ်ဖလင်များကို ဖယ်ရှားလိုက်ပြီး ကျိရွှေရှန့်နှင့် အခြားသူများကို ရေလာ ယူရန် လှမ်းခေါ်လိုက်သည်။
ထည့်စရာများအားလုံး ရေပြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အားလုံးက နှစ်သစ်ကူးကဲ့သို့ ဆူညံပွက်လောရိုက်အောင် ခုန်ပေါက်နေကြသည်။
ရေကို လွယ်လွယ်ဖြင့် မရနိုင်ကြောင်းသိနေသောကြောင့် လူတိုင်းက ရေကို မဖြုန်းတီးကြတော့ပေ။ သူတို့က မျက်နှာသစ်ရန်ပင် မစဉ်းစားဘဲ လမ်းတွင် သောက်ရန်သာ သယ်သွားချင်ကြပြီး ဝါးကျဥ်တောက်နှင့် ရေအိတ်များထဲသို့ ရေဖြည့်နေကြသည်။
စူးချင်းကတော့ ရေနွေးအိုးကြီးတစ်လုံး ကျိုလိုက်သည်။ ရာသီဥတုက အေးလွန်းသောကြောင့် သူမ၏ခန္ဓာကိုယ်က ရေအေးကို မသောက်နိုင်တော့ပေ။ သူမက ရေကို ပွက်ပွက်ဆူအောင် ကျိုပြီးနောက် တစ်နာရီ သို့မဟုတ် နှစ်နာရီကြာအောင် အအေးခံပြီးမှ သူမ၏ဝါးကျဥ်တောက်များထဲသို့ ရေဖြည့်လိုက်သည်။
ရေရှိလာပြီ ဖြစ်သောကြောင့် သူတို့ ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။ စူးချင်းနှင့် အမျိုးသမီးလီတို့က အစာခြောက်သုံးအိုးနှင့် ယာဂုအိုးကြီးတစ်အိုး ချက်ပြုတ်ခဲ့ကြသည်။ သူတို့အားလုံး ဝလင်အောင်စားသောက်ပြီးလျှင် ကျန်နေသည့်ရိက္ခာခြောက်များကို လမ်းခရီးအတွက် ယူသွားနိုင်မည် ဖြစ်သည်။
သူတို့အားလုံး အားရှိအောင် စားသောက်ပြီးနောက်တွင် ခရီးဆက်ခဲ့ကြရပြန်သည်။ သူတို့က သက်တော်စောင့်အလံကို မဖယ်ရှားဝံ့ကြသေးပေ။ နန်းတွင်းမှ တပ်များက လမ်းပေါ်တွင် ကြုံရာကျပန်းဖမ်းဆီးခြင်းမျိုး မရှိတော့သော်လည်း သူတို့က အုပ်စုလိုက်ကြီးဖြစ်နေပြီး လက်နက်များကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့က အန္တရာယ်ကို ကြိုတွေးထားရပြီး မည်သည့်အတွက်မျှ မစွန့်စားရဲပေ။
အဖွဲ့ထဲမှ လူတစ်ဝက်လောက်က ဝါဂွမ်းဖိနပ်နှင့် ဝါဂွမ်းဖြည့်အင်္ကျီများ ၀တ်ဆင်ထားသော်လည်း ကျန်တစ်ဝက်ကတော့ ဝါဂွမ်းအင်္ကျီများ မဝတ်နိုင်သေးပေ။ သူတို့က သူတို့အိတ်ထဲမှ အဝတ်များအားလုံးကို ထုတ်ယူပြီး အထပ်ထပ် ဝတ်ဆင်ထားကြသော်လည်း သာမာန်အင်္ကျီဆယ်လွှာက ဝါဂွမ်းတစ်လွှာလောက် မကောင်းသောကြောင့် မြောက်ဘက်၏လေအေးဒဏ်ကို မခံနိုင်ကြသေးပေ။
လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တွေးတောထားကြသည်။ အအေးဒဏ်ကို အံ့တုနိုင်ရန်အတွက် ဝါဂွမ်းအဝတ်အထည်ကို ဝတ်ထားသူများက လှည်း၏အပြင်ဘက်တွင် ထိုင်ကြပြီး ဝါဂွမ်းမပါသော အဝတ်အစားများကို ဝတ်ဆင်ထားသည့်သူများက နွေးထွေးမှု ရရှိစေရန် အလယ်တွင် ထိုင်ကြရသည်။
ဝါဂွမ်းဖိနပ်များကို ချုပ်ရသည်က နှေးကွေးလွန်းသောကြောင့် စူးချင်းက အလျော့အတင်း လုပ်ရန် စဉ်းစားခဲ့သည်။ သူမက မိန်းခလေးများကို ဦးဆောင်ပြီး ဝါဂွမ်းခြေအိတ်ရှည်များ ပြုလုပ်ခဲ့သည်။ ထိုခြေအိတ်ရှည်များက သာမန်ထက် ပိုရှည်သောကြောင့် ခြေကျင်းဝတ်အပေါ်တစ်ပိုင်းအထိ ဖုံးအုပ်ပေးနိုင်သည်။ ဖိနပ်များ ချုပ်ရသည့်ထက် ပိုမြန်ပြီး နွေးထွေးမှုကလည်း ဝါဂွမ်းဖိနပ်များထက် မနိမ့်ကျပေ။
လူတိုင်း၏ဖိနပ်များက ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး အသစ်ဖြစ်သောကြောင့် ဖိနပ်အသစ်ချုပ်ရန်လည်း မလိုအပ်သေးပေ။ ထို့ကြောင့် ခြေအိတ်ရှည်များ ပြုလုပ်ပြီး ဝတ်ဆင်ကာ ဖိနပ်များ ထပ်၀တ်လိုက်ရုံသာ ရှိသည်။
စူးချင်းက ဝါဂွမ်းခြေအိတ်တစ်စုံ ဖန်တီးလိုက်ပြီး လူတိုင်း မြင်နိုင်စေရန် ဝတ်ဆင်ထားလိုက်သည်။ သူမက ၎င်းတို့ကို သူမ၏ခြေဖဝါးအရွယ်အစားအတိုင်း ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ခြေအိတ်အပေါ်တွင် ဖိနပ်များ ထပ်ဝတ်ရခြင်းက အနည်းငယ် ကြပ်နေသည်ဟု ခံစားရသော်လည်း အလွန်အကျွံတော့ မဟုတ်ပေ။ ဖိနပ်များက ပျော့ပျောင်းပြီး အလွယ်တကူ ချဲ့နိုင်သောကြောင့် ဝတ်ထားလျှင်ပင် လှုပ်ရှားမှုကို မနှောင့်နှေးစေခဲ့ပေ။
"အဲ့ဒါက အရမ်း ကောင်းတယ်။ ဝတ်ထားရင် ခြေဖဝါးတွေ မအေးတော့ဘူး"
မိန်းကလေးများက စူးချင်း ဝတ်ထားသော ခြေအိတ်ရှည်များကို မြင်သွားပြီး အလွန်ကောင်းသည်ဟု ခံစားနေကြရသည်။ ဝါဂွမ်းဘောင်းဘီများ မပါဘဲ ဝါဂွမ်းဖိနပ်များကိုသာ ၀တ်ဆင်ထားလျှင် လေအေးက သူမတို့၏ဘောင်းဘီများထဲသို့ တိုးဝင်လာမည် ဖြစ်သသည်။
ထိုခြေအိတ်ရှည်များ ပြုလုပ်ခြင်းဖြင့် စူးချင်း၏ချုပ်လုပ်ခြင်းစွမ်းရည်က အဆင့်ငယ်လေးတစ်ဆင့် တိုးလာခဲ့သည်။ သို့သော်လည်း နောက်တစ်ဆင့်သို့ တက်နိုင်ရန် အဆင့်ငယ်လေး ကိုးခုစာ လိုနေသေးသည်။ အဆင့်ပိုမြင့်လာလေလေ၊ အတွေ့အကြုံများ ပိုလိုလေလေ ဖြစ်နေသောကြောင့် သူမအတွက် အဆင့်တက်ရန် ခက်ခဲလာပြီ ဖြစ်သည်။ အတွေ့အကြုံရမှတ်များ ရရှိရန် နှေးကွေးလာခြင်းက ဘားတန်းလေးတစ်ခုစာကိုပင် ရက်အနည်းငယ်ကြာအောင် ရွှေ့နိုင်စေမည်မဟုတ်ပေ။
ယခုနှစ်က မိုးခေါင်မှု ပြင်းထန်သောနှစ်ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းရှိ တောစပ်များထဲမှ မြက်ပင်များနှင့် သစ်ပင်များက ညှိုးနွမ်းပြီး ကြွေကျနေပြီ ဖြစ်သည်။ တောရိုင်းဟင်းသီးဟင်းရွက်များလည်း ရှားပါးနေပြီး ဟင်းသီးဟင်းရွက်နှင့်ဆေးပင်များ စုဆောင်းခြင်းအတွက် အဆင့်တက်ရန်က တွားသွားနေသော လိပ်သကဲ့သို့ နှေးကွေးလွန်းလှသည်။
ထို့ကြောင့် စူးချင်းက အမဲလိုက်ရန် အာရုံကျသွားခဲ့သည်။ နက်ရှိုင်းသော တောင်တန်းများနှင့် တောအုပ်များထဲတွင် သားကောင်များ အများအပြား ရှိနေဆဲဖြစ်သောကြောင့် အမဲလိုက်ခြင်းစွမ်းရည်ကို အဆင့်မြှင့်တင်ရန်က လွယ်ကူပေလိမ့်မည်။
နှစ်ရက်ဆက်တိုက် ခရီးဆက်ခဲ့ပြီးနောက် လှည်းပေါ်တွင် ထိုင်နေကြသောလူများက မပင်ပန်းသော်လည်း မြင်းများက အစာနှင့် ရေ မရှိသဖြင့် မခံနိုင်တော့ဘဲ လူများတင်ထားသည့်လှည်းများကို မဆွဲနိုင်တော့ပေ။ ဝူလူတောင်သို့ ရောက်ရှိလာချိန်တွင် မြင်းများက လမ်းပင်မလျှောက်နိုင်ကြတော့ပေ။ အားနည်းသောမြင်းအချို့က အလွန် မောပန်းနွမ်းနယ်နေပြီး ပါးစပ်မှ အဖြူရောင်အမြှုပ်များ ထွက်လာကာ လမ်းပေါ်တွင် လဲကျသွားကြသည်။
လူများကလည်း စူးချင်းနှင့် အဒေါ်များ ပြုတ်လုပ်ထားသော ရိက္ခာခြောက်များကို လမ်းတွင် စားခဲ့ကြပြီး ကုန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ စားစရာ ထပ်မရှာနိုင်လျှင် လူတိုင်း ဗိုက်ဆာနေတော့မည် ဖြစ်သည်။
ကျိရွှေရှန့်က အားလုံးကို လှည်းပေါ်မှ ဆင်းစေပြီး ကျန်နေသည့် ရေများကို မြင်းများအား တိုက်စေခဲ့သည်။
“ယောက်ျားလေးတွေက အမဲလိုက်ဖို့ တောင်ပေါ်ကို သွားမယ်၊ မိန်းခလေးတွေက မြင်းတွေကို အစာကျွေးဖို့ မြက်သွားရိတ် ရမယ်”
အားလုံး မောပန်းနွမ်းနယ်နေသည်ကို မြင်လိုက်သောကြောင့် ကျိရွှေရှန့်က သက်ကြီးရွယ်အိုများနှင့် ကလေးများကို အနားယူခွင့်ပေးလိုက်သည်။ မိန်းခလေးများက မြင်းစာ အတွက် မြက်သွားရိတ်ကြပြီး လူငယ်တချို့က အမဲလိုက်ရန် တောင်ပေါ်သို့ တက်သွားကြသည်။
"ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"
စူးချင်းက ကျိရွှေရှန့်၏နံဘေးသို့ ရောက်ရှိလာပြီး အရှေ့မြောက်ဘက်ရှိ သစ်တောကြီးများထဲတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိကြောင်းနှင့် အန္တရာယ်များကြောင်း ပြောပြနေခဲ့သည်။ ကျိရွှေရှန့်က စူးချင်း စွန့်စားသွားလာမည်ကို မလိုလားသောကြောင့် သူမကို တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ချင်းအာ... မင်းက မိန်းကလေးတွေနဲ့ လိုက်သွားသင့်တယ်! သူ(မ)တို့အနားမှာ မင်းမရှိရင် ကိုယ် စိတ်ပူရတယ်"
စူးချင်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး မိန်းကလေးများက သူမကို စိတ်အားထက်သန်စွာ ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုသို့ စိတ်ပူသည်က ကျိရွှေရှန့်တစ်ယောက်တည်း မဟုတ်ဘဲ သူမလည်း အလားတူ ပူပန်ရသည်သာ ဖြစ်သည်။
“ကောင်းပြီလေ”
စူးချင်းက ကျိရွှေ့ရှန့်၏အကြံပေးချက်ကို လက်ခံလိုက်ပြီး မိန်းကလေးများကို အမဲလိုက်ရင်း မြက်ရိတ်ရန် ခေါ်သွားခဲ့သည်။
"အစ်မ"
ကျိရှောင်ယင်က သူမ၏ ချစ်လှစွာသော ဒူးလေးကို ယူလာပြီး စူးချင်း၏နံဘေးသို့ ပြေးလာခဲ့သည်။ သူမ၏မျက်လုံးများက ကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ တောက်ပနေပြီး သူမ၏ငယ်ရွယ်မှုကြောင့် သူမက စိုးရိမ်သောက၏အရသာကို မခံစားတက်သေးပေ။
ကျိရှောင်ယင်၏ပင်ကိုစရိုက်က ကလေးတစ်ယောက်နှင့် ဆင်တူပြီး မည်မျှပင် ခက်ခဲနေပါစေ သူမက ရှာကြံပြီး ပျော်အောင်နေကာ ကျေနပ်နေမည့်သူ ဖြစ်သည်။
"သွားကြရအောင်။ မင်းတို့ရဲ့ခြင်းတောင်းတွေလည်း ယူလာခဲ့ကြဦး"
စူးချင်းက ကျိရှောင်ယင်၏ ဘာကိုမှ ပူပန်မနေဘဲ အကောင်းမြင်တက်သော စရိုက်ကို အားကျနေခဲ့သည်။ သူမက မိန်းခလေးများ၏ စိတ်အားထက်သန်သော မျက်လုံးများကို တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်ပြီး သူမ၏တောင်းကို ကျောပေါ်တင်လိုက်သည်။
လူသူကင်းမဲ့သည့် နက်ရှိုင်းသော တောတောင်များကို ဖြတ်လျှောက်ရသည်က မလွယ်ကူလှပေ။ နွယ်ပင်များက လမ်းကို ပိတ်ဆို့ထားသည်။ ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်နှင့် အခြားအမျိုးသားများက သူမတို့အတွက် လမ်းဖွင့်ပေးရန် ဓားရှည်များကို အသုံးပြုနေကြသည်။
စူးချင်းက ရှောင်ချီကို အကူအညီတောင်းကာ ဤတောင်ပေါ်တွင် အနှစ်တစ်ထောင်အရွယ် လင်ဇီး ရှိ၊ မရှိ စစ်ဆေးခိုင်းလိုက်သည်။ ရှောင်ချီက မီးခိုးရောင် ဖန်သားပြင်ကို ကြည့်ကာ စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။
"သခင်၊ ဒီတောင်ကြီးက ဝိညာဉ်စွမ်းအင် မရှိဘူး၊ ဒါကြောင့် အနှစ်တစ်ထောင်ရှိတဲ့လင်ဇီးက ဒီမှာ မပေါက်နိုင်ဘူး"
ထို့ကြောင့် စူးချင်းက လင်ဇီး ရှာဖွေရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်လည်း သူမ အလွန်စိုးရိမ်နေခဲ့သည်။ တစ်နှစ်က အချိန်ကြာမြင့်သည်ဟု ထင်ရသော်လည်း နွေဦးနှင့် ဆောင်းဦး ရာသီကိုသာ ဖြတ်ကျော်ရမည် ဖြစ်သည်။
“အစ်မ အပေါ့သွားချင်တယ်၊ လိုက်ပို့ပေးလို့ ရမလား?"
ကျိရှောင်ယင်က သူမ၏ဗိုက်ကို ဆုပ်ကိုင်ရင်း စူးချင်း၏ဘေးသို့ ရောက်လာကာ ရှုံတွနေသော မျက်နှာဖြင့် မေးလိုက်သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး အားလုံးကို ထိုနေရာတွင် စောင့်နေရန် အမိန့်ပေးကာ ကျိရှောင်ယင်ကို ကျောက်ဆောင်တစ်ခု၏အနောက်သို့ ခေါ်သွားခဲ့သည်။ ကျိရှောင်ယင်က ထိုကျောက်ဆောင်၏နောက်မှ လှိုဏ်ဂူတစ်ခုကို တွေ့သွားပြီး ထိုနေရာ၌ အပေါ့အပါး စွန့်ခြင်းက လုံခြုံသည်ဟု တွေးကာ ဂူထဲသို့ ပြေးဝင်သွားခဲ့သည်။ သူမ လှိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် သူမ ကျောက်တုံးကြီးကို ခလုတ်တိုက်ကာ လဲကြသွားမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
"ဒါက ဘာကျောက်တုံးကြီးလဲ? ဘာလို့ ဒီလောက်မည်းမှောင်နေရတာလဲ?"