← Chapters

အမှောင်ခုံရုံး၏ ရောက်ရှိလာမှု

Vol. 6 Ch. 566

အမှောင်ခုံရုံး၏ ရောက်ရှိလာမှု

Vol. 6 Ch. 566

လီရှင်းရုနှင့် ရစ်ချက်တို့ အကြားမှ ကိစ္စကို ချန်းဖန် အနေဖြင့် အထူးတလှယ် စိတ်ဝင်စားခြင်းမျိုး မရှိခဲ့ချေ။ သို့သော်လည်း သူ့ကိုပါ ဆွဲသွင်းလိုက်ခြင်းကား ခြားနားသော ကိစ္စ ဖြစ်သွားပြီ ဖြစ်သည်။

ချန်းဖန်က ဝိုင်ခွက်ကို အနည်းငယ် ယမ်းရင်း ရစ်ချက်အား ကြည့်လိုက်၏။

ဥရောပ ယူနီယံသည် တောင်းပန်ခြင်း ပါတီဟု ဆိုကာ သူ့အား ဖိတ်ကြားခဲ့သည်။ ဤသို့ ဆိုလျှင် သူတို့ အနေဖြင့် မည်သည့် လွဲမှားမှုမျှ မရှိအောင် စီစဉ်ထားသင့်သည်။

ယခုကဲ့သို့ ပြဿနာကြီး တစ်ခု ပေါ်ပေါက်လာခြင်းက ဥရောပ ယူနီယံ၏ တာဝန်သာ ဖြစ်သည်။ ထို့ကြောင့် ချန်းဖန်က ရစ်ချက်ကို မသတ်ပေးပဲ ဥရောပ ယူနီယံ မည်သို့ ဖြေရှင်းမှုကိုသာ စောင့်ကြည့်နေသေးခြင်း ဖြစ်သည်။

"ထူးဆန်းတယ် ... အာရှသားတွေက ဘာလို့ WYN ကို ရောက်နေတာလဲ ... သူတို့က တရုတ် မိသားစုကြီးတွေက လူငယ်တွေလား ..."

"ဟိုတရုတ် မိန်းကလေးက ဥရောပ ဖျော်ဖြေရေး ကုမ္ပဏီ အတွက် အလုပ်လုပ်ပေးနေတဲ့ အာရှစတား တစ်ယောက် ဖြစ်မယ် ထင်တယ် ... ကြည့်ရတာ သူက ရစ်ချက်ကို ငြင်းလိုက်ပုံ ရတယ်"

"သနားစရာ ကောင်မလေးပဲ ... ရစ်ချက်ရဲ့ တေမွန် မိသားစု အကြောင်းကို သူမသိဘူးလား ..."

လူတိုင်းက လီရှင်းရုတို့ကို ကြည့်ရင်း ခေါင်းခါမိကြသည်။

သို့သော်လည်း အချို့ကမူ ချန်းဖန်ကိုသာ စိတ်ဝင်တစား စူးစမ်း နေကြသည်။

သူတို့သည် ချန်းဖန်ကို တစ်နေရာရာ၌ တွေ့မြင်ဖူး သလို ခံစားနေကြရသည်။ သို့သော်လည်း အတိအကျကိုမူ သူတို့ မမှတ်မိကြချေ။

"ဒီတော့ ... မင်းက ငါတို့ကို ဒီနေရာက ထွက်သွား စေချင်တာပေါ့ ..."

ချန်းဖန်က ဝိုင်ကို တစ်ကြိုက်မော့ကာ သောက်ရင်း မေးလိုက်၏။

နာတာရှာက လက်ကိုပိုက်ရင်း အေးဆေးသော အမူအရာ ရှိသည်။ သူမကား ရစ်ချက်၏ စကားကို အမှု့ထားပုံ မရချေ။

တစ်ချိန်တည်း၌ အိုလက်သည်လည်း တည်ငြိမ်စွာဖြင့် ထိုင်နေဆဲ ဖြစ်၏။

သူသည် ရစ်ချက် ကဲ့သို့ မထင်မရှား ပိုးမွှား တစ်ကောင်ဖြင့် ဖက်၍ မငြင်းလိုနေချေ။ အကယ်၍ သူ၏ သည်းခံနိုင်စွမ်းသာ ကုန်ဆုံးသွားပါက ထိုပိုးမွှားကို ထ၍ သတ်ပစ်လိုက်မည် ဖြစ်သည်။

"ဒါပေါ့ ... ဒီ ပါတီက ကမ္ဘာကျော် ဆယ်လီတွေနဲ့ မိသားစုကြီးတွေက လူတွေကိုပဲ ကြိုဆိုတယ် ... ဒီပါတီပွဲကို အာရှသား ထဲက တစ်ယောက်ပဲ ဖိတ်ကြားခံရတယ်တဲ့ ... အဲဒီ တစ်ယောက်က မင်းတို့ အထဲက မဟုတ်ဘူး ဆိုတာတော့ သေချာတယ် ..."

ရစ်ချက်က ပြုံးရင်း ဆိုလိုက်၏။

သူသိရသလောက် ယခု ပါတီ ကျင်းပရသည့် အကြောင်းရင်းမှာ အာရှလူမျိုး ပညာရှင် တစ်ယောက် အတွက် ဖြစ်သည်။

ကောလာဟလများ အရ ဆိုလျှင် ထိုအာရှလူမျိုး ပညာရှင်သည် မြေထဲပင်လယ်၌ ဥရောပ ယူနီယံ၏ ရေတပ်များကို ဖျက်ဆီးခဲ့သူဟု ဆိုကြသည်။ ထိုပညာရှင် အကြောင်း အသေးစိတ် အကြောင်းအရာများကိုမူ ရစ်ချက် မသိရချေ။

"မင်းပြောတဲ့ အာရှသားက ငါလေ ..."

ချန်းဖန်က ဝိုင်ခွက်ကို ထပ်ဖြည့်ရင်း အေးဆေးစွာ ဆိုလိုက်၏။

"မင်းလား ..."

ရစ်ချက်က ချန်းဖန်ကို လက်ညှိုးထိုးရင်း အော်ဟစ် ရယ်မောလိုက်၏။

ချန်းဖန်၏ ထိုင်ခုံ နောက်၌ ရပ်နေသော လီရှင်းရု တစ်ယောက်မှာမူ သူမကိုယ် သူမ တည်ငြိမ်အောင် မနည်း ကြိုးစားနေရ၏။

တေမွန် မိသားစုသည် ဩစတြီးယား၏ အဓိက မိသားစုကြီး တစ်ခု ဖြစ်ကြောင်း သူမ ကောင်းစွာ သိသည်။ ထို့အတူ ချန်းဖန်သည်လည်း လျှို့ဝှက် ဆန်းကြယ်သည့် စစ်တပ်မှ လူတစ်ယောက် ဖြစ်သည်။

သူသည် အစီအရင်များ၊ ကျိန်စာများကို တတ်ကျွမ်းပြီး လူတစ်ယောက်ကို စိတ်ကူးဖြင့်ပင် သတ်နိုင်ကြောင်းမှာ သူမ ကိုယ်တိုင် တွေ့ရှိခဲ့ပြီးသော အရာ ဖြစ်သည်။

"ဒီနေရာက တရုတ် မဟုတ်ဘူး ... မစ္စတာချန်းသာ ရစ်ချက်ကို သတ်ပစ်လိုက်ရင် ပြဿနာပဲ ..."

လီရှင်းရုမှာ ချန်းဖန် စိတ်လိုက်မာန်ပါ မလုပ်ရန် ကြိတ်ကာ ဆုတောင်း နေမိတော့သည်။

"ငါတို့ ဧည့်သည်က အရှေ့တိုင်းရဲ့ မစ္စတာ ချန်းပေ့ရွှမ်းတဲ့ ... ငါသိသလောက် သူက အရမ်း ချောမောတဲ့ လူတစ်ယောက်တဲ့ ... မင်းလို တရုတ် အစုတ်ပလုတ်က မစ္စတာ ချန်းပေ့ရွှမ်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."

ရစ်ချက်က ချန်းဖန်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ချန်းပေ့ရွှမ်း ..."

ရစ်ချက်၏ နှုတ်မှ ထွက်ပေါ်လာသည့် ချန်းပေ့ရွှမ်း ဆိုသော နာမည်က လီရှင်းရုကို ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။ "ချန်းပေ့ရွှမ်း" ဆိုသည်က ချန်းဖန်၏ အမည်တစ်ခု ဖြစ်ကြောင်း သူမ ကောင်းစွာ သိ၏။

ထိုစဉ်မှာပင် ကြေညာသံ တစ်ခု ထွက်ပေါ် လာသည်။

"ကြွရောက်လာကြတဲ့ လူကြီးမင်းများ ခင်ဗျာ ... WYN နိုင်ငံတကာ စင်တာကနေ ကြိုဆိုပါတယ် ... ကဲ ကျုပ်တို့ရဲ့ အထူး ဧည့်သည် မစ္စတာ ချန်းပေ့ရွှမ်း အတွက် ဂုဏ်ပြု လက်ခုပ်သံတွေ ချီးမြှင့်ပေးပါဦး ..."

ချားလ်က ချန်းဖန် ရှိရာဆီသို့ ညွှန်ပြလိုက်သည်နှင့် စပေါ့လိုက် (ဆလိုက်) မီးများက ချန်းဖန် ရှိရာဆီသို့ ကျရောက် လာသည်။

"သူ ... သူက ချန်းပေ့ရွှမ်းလား ..."

စပေါ့လိုက် မီးများ အလယ်ရှိ ချန်းဖန်ကို ကြည့်ရင်း ရစ်ချက်၏ မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ် သွား၏။

ဒါရိုက်တာ စတန် အပါအဝင် များစွာသော လူများကလည်း ချန်းဖန်အား အံ့အားသင့်စွာ ကြည့်နေမိကြသည်။

ဒဏ္ဍာရီလာ ချန်းပေ့ရွှမ်း ဆိုသော ပုဂ္ဂိုလ်ကြီးမှာ ယခုကဲ့သို့ မထင်မရှား ကောင်လေး ဖြစ်နေမည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ကျောသို့ ပစ်ရင်း ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက ရစ်ချက်အား တစ်ချက် ကြည့်ကာ ဆိုလိုက်သည်။

"ငါသူ့ကို မတွေ့ချင်တော့ဘူး ..."

"ကောင်းပါပြီ ..."

ဥရောပ ယူနီယံ၏ အကြီးအကဲများက ရိုသေစွာ ခေါင်းညိတ် လိုက်ကြ၏။ သူတို့သည် ချန်းဖန် ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ကာ မည်သို့ ဆောင်ရွက်ရမည်ကို သဘောပေါက် ကြသည်။

ယခု အချိန်၌ ရစ်ချက်၏ မျက်နှာသည်ကား လီရှင်းရု ထက်ပင် ပို၍ ဖြူရော် နေခဲ့ပြီ ဖြစ်သည်။

တေမွန် မိသားစုတွင် ဥရောပ ယူနီယံ၏ အမိန့်ကို ဆန့်ကျင်ရန် အခွင့်အရေး မရှိချေ။ သူတို့က ဥရောက ယူနီယံ ဆီသို့ ရစ်ချက်ကို လိုလိုချင်ချင် လွှဲပေးမည်မှာ သေချာသည်။

"မစ္စတာ ချန်း ... တွေ့ရတာ တကယ်ပဲ ဂုဏ်ယူ မိပါတယ် ..."

ချားလ်က ချန်းဖန်နှင့် လက်ချင်းဆွဲ၍ နှုတ်ဆက် လိုက်သည်။ သူကား ချန်းဖန်ကို ဆက်ဆံရာ၌ မရိုမသေ ပြုမိမည် စိုးရိမ်သည့် အလား အလွန် သတိထားနေ၏။

လီရှင်းရုကား မြင်ရသမျှကို ငေးကြောင်ကာ လိုက်ကြည့်နေခဲ့သည်။ သူမသည် ချန်းဖန်၏ အဆင့်အတန်းကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

"မစ္စတာ ချားလ်က ဩစတြီးယားရဲ့ လက်ထောက် ဝန်ကြီးချုပ်ဟောင်း ဖြစ်သလို WYNရဲ့ ပိုင်ရှင် ... နောက်ပြီး ဝစ်မိသားစုရဲ့ ခေါင်းဆောင် ... ဒါပေမဲ့ မစ္စတာ ချားလ်က ဘာလို့ မစ္စတာချန်းကို အရမ်း လေးစားနေရတာလဲ ..."

လီရှင်းရုမှာ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

ဥရောပ၏ အကြီးအကဲ များကပင်လျှင် ချန်းဖန်ကို တော်ဝင် ပုဂ္ဂိုလ် တစ်ယောက် အလား တရိုတသေ လက်ဆွဲ၍ မျက်နှာချိုသွေး နေကြသည်။ ထိုအရာက အဘယ်ကြောင့်နည်း။

"ဘာကြောင့်လဲ ဆိုတော့ ... သူက ချန်းပေ့ရွှမ်း ဖြစ်နေလို့ပေါ့ ..."

အိုလက်က လေးစားမှုများ ပြည့်နေသော လေသံဖြင့် အဖြေပေးလိုက်၏။

လက်ရှိ ကမ္ဘာ၌ ချန်းပေ့ရွှမ်းသည် နိုင်ငံကြီး တစ်ခုကိုပင် ကိုယ်စားပြုနိုင်သည်။ ဥရောပ နိုင်ငံများပင်လျှင် နျူကလိယကို မသုံးပဲ သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

အိုလက်၏ အဖြေကြောင့် လီရှင်းရုမှာ တစ်ခဏမျှ ဆွံ့အသွားမိသည်။ ထို့နောက် သူမ၏ မျက်လုံးများက ရတနာသိုက်ကို တွေ့ရသည့် အလား တလက်လက် တောက်ပ လာခဲ့တော့၏။

***

WYN နိုင်ငံတကာ စင်တာ၌ ဥရော့ ယူနီယံ အကြီးအကဲများနှင့် တွေ့ဆုံပြီးနောက် ချန်းဖန်သည် ဩစတြီးယားတွင်ပင် ရက်အနည်းငယ် ဆက်လက် နေထိုင်ရာ ဥရော ထိပ်တန်း မိသားစုများမှ လူများဖြင့် တွေ့ဆုံခဲ့သည်။

တစ်နေ့ ...

ချန်းဖန်သည် ကြီးမား ခမ်းနားသော ခြံဝင်းကြီး တစ်ခု အတွင်း၌ နေထိုင်ရာ လီရှင်းရုနှင့် အပျင်းပြေ စကားပြောနေချိန်၌ နာတာရှာက သူစောင့်မျှော်နေသော သတင်းကို ယူဆောင်၍ ရောက်လာခဲ့၏။

ထိုသတင်းကား ... "အမှောင်မြို့စားနဲ့ သူ့ရဲ့ လူတွေ စပြီး လှုပ်ရှားလာပြီ" ဟူ၍။

အမှောင်မြို့စား။

သူသည် အင်္ဂလန် အမှောင်ခုံရုံး၏ ခုံသမာဓိ ငါးယောက် အနက်မှ တစ်ယောက် ဖြစ်သည်။ သူသည် ဥရောပ အမှောင် ကမ္ဘာ၏ အုပ်စိုးသူ ဟောင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်ပိုင်းက အမှောင်မြို့စား၏ ပေါ်ထွက်လာမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။

သို့သော်လည်း ယခု တစ်ကြိမ်တွင်မူ သူတစ်ယောက်တည်း မဟုတ်တော့ချေ။ အခြား ခုံသမာဓိ လေးယောက်ပါ ပါဝင်နေ၏။

"တစ္ဆေမြို့စား ရေဗန်စီ"

"သွေးမူးမတ် ကလော့ဒီ"

"စစ်နတ်ဘုရား ဘား"

"သေခြင်းနတ်ဆိုး အင်ဒရီနို"

အမှောင်ခုံရုံး၏ ခုံသမာဓိ ငါးယောက်ကား တစ်ပြိုက်နက် ပေါ်ထွက်လာချေပြီ ဖြစ်သည်။

သူတို့ တစ်ယောက်ချင်း စီသည် အမှောင်ခုံရုံး မတည်ထောင်ခင် ရာစုနှစ်များကပင် အလွန် နာမည်ကြီးခဲ့သည့် တန်ခိုးရှင်များ ဖြစ်ကြသည်။

တစ်ခေတ် တစ်ခါက သူတို့ ငါးယောက်၏ လက်အောက်၌ ဥရောပ တစ်ခုလုံး ခစားခဲ့ရသည်။ ခရစ်ယာန် ဘုရားကျောင်း ပင်လျှင် သူတို့ ငါးယောက်ကို ခုခံ တိုက်ခိုက်နိုင်သည် အထိ မသန်မာခဲ့ချေ။

"အမှောင်ခုံရုံးက တိတ်ဆိတ်နေတာ ရာစုနှစ်နဲ့ ချီနေပြီ ... အခု ဘာလို့ သူတို့က ရုတ်တရက် ပြန်ပေါ်လာရတာလဲ ... ခရစ်ယာန် ဘုရားကျောင်းက ပြန်ပြီး လှုပ်ရှား လာလို့များလား ..."

တစ်ယောက်က မေးသည်။

"အမှောင်ခုံရုံးက တဖြည်းဖြည်း အင်အား ကြီးထွားလာတဲ့ အမေရိကကြောင့် အင်္ဂလန်မှာပဲ ပုန်းနေခဲ့တာ ... အခု ရုတ်တရက် ပြန်ပြီး ပေါ်ထွက်လာတယ် ဆိုတော့ ကြီးမားတဲ့ အကြောင်းပြချက် တစ်ခုခု ရှိရမယ် ... ကမ္ဘာရဲ့ အင်အား အကြီးဆုံး ခွန်းလွန် အဖွဲ့နဲ့ ရင်ဆိုင်ဖို့ များလား ..."

အစီအရင် ပညာရှင် လူအိုကြီးက ခန့်မှန်းသည်။

"ခင်ဗျားတို့ ချန်းပေ့ရွှမ်းနဲ့ မြောက်ပိုင်းချုံးဂိုဏ်းကို မေ့နေကြတာလား ..."

အခြား တစ်ယောက်က ဝင်ထောက်သည်။

မှန်ပေသည်။

ချန်းပေ့ရွှမ်းသည် ယခု နှစ်များ အတွင်း အလွန် ကျော်ကြားလာသည့် တန်ခိုးရှင် ဖြစ်သည်။ သူသည် ဥရောပ တန်ခိုးရှင်များကို အနိုင်တိုက်ခဲ့သည့် အပြင် ဥရောပ ယူနီယံကို လက်နက် ချစေခဲ့သည်။

ထို့အပြင် ပထမ တစ်ကြိမ် အမှောင် မြို့စား ပြန်လည် ပေါ်ထွက်လာခြင်း ကလည်း ချန်းပေ့ရွှမ်းနှင့် ကြီးမားစွာ ပတ်သက် နေသည်။

"အမှောင်ခုံရုံးမှာ ခုံသမာဓိ ငါးယောက် အပြင် အဖွဲ့ဝင်တွေ အများကြီး ရှိသေးတယ် ... သူတို့ အထဲက တစ်ယောက်ချင်းစီက နာမည် မကြီးပေမဲ့ အမှောင်သတ်မှတ်ဝင် ပညာရှင်တွေလောက် အစွမ်းထက်တယ် ..."

အမှောင်ခုံရုံးသာ အစွမ်း မထက်လျှင် ခရစ်ယာန် ဘုရားကျောင်းကို မည်သို့ ဆန့်ကျင် တိုက်ခိုက်နိုင်မည်နည်း။

ခရစ်ယာန် ဘုရားကျောင်းသည် နှစ်ထောင်ချီ တည်တံ့ခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သူတို့၏ ခေတ်အဆက်အဆက် တန်ခိုးရှင် အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်ချေ။

ကောင်းကင်သခင်ဂိုဏ်း၊ နဂါးခန်းမ စသည့် ဂိုဏ်းအဖွဲ့များပင်လျှင် ခရစ်ယာန် ဘုရားကျောင်းနှင့် ယှဉ်ပါက မှေးမှိန်ရသည်။

"ချန်းပေ့ရွှမ်းတော့ ဒုက္ခရောက်ပြီ ... အမှောင် ခုံရုံးက သူ့နောက်ကို လိုက်နေတာ ..."

များစွာသော လူများကား ချန်းဖန် အတွက် စိတ်မကောင်းစွာဖြင့် ခေါင်းခါ နေမိကြတော့သည်။

***

အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် နှစ်ရက်အကြာ၌ အမှောင်ခုံရုံးက ချန်းဖန်ထံသို့ မက်ဆေ့ တစ်ခု ပို့သည်။

ထိုမက်ဆေ့တွင် ချန်းဖန်ကို လန်ဒန်သို့ လာရောက်ကာ သွေးမိစ္ဆာကို သတ်ရသည့် အကြောင်းရင်းကို ရှင်းပြရန် ပါရှိသည်။

သို့သော်လည်း ရိုင်းစိုင်းသည့် သူတို့၏ ဖိတ်ခေါ်မှုက ချန်းဖန်က တိုက်ရိုက်ပင် ငြင်းဆန်ခဲ့သည်။

ဒုတိယ အကြိမ်အဖြစ် အမှောင်ခုံရုံးက ချန်းဖန် ဆီသို့ "အမိန့်ပေး" စာ ထပ်ပို့သည်။ ထိုအမိန့်ပေးစာတွင် ချန်းဖန်ကို သူတို့နှင့် ချက်ချင်း လာတွေ့ရန် ညွှန်ကြားထားသည်။

သို့သော်လည်း ချန်းဖန်က သူတို့၏ အမိန့်ကို ထပ်မံ ငြင်းဆန်ခဲ့သည်။

အမှောင်ခုံရုံး၏ လူများ၏ စိတ်ရှည်ခြင်းများကား တဖြည်းဖြည်း ကုန်ဆုံးလာပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က အတွေ့အကြုံ ရင့်ကျက်သော အဖွဲ့ တစ်ဖွဲ့ကို ချန်းဖန်ထံသို့ စေလွှတ်ကာ ဖိတ်ခေါ်စေသည်။

သို့သော်လည်း နောက်တစ်နေ့ နံနက်၌ ချန်းဖန် နေထိုင်ရာ ခြံရှေ့၌ အလောင်း ဆယ့်သုံးလောင်း ပြန့်ကြဲနေသည်ကို တွေ့ရသည်။ ကောလာဟလများ အရ ထိုအလောင်း ဆယ့်သုံးလောင်းမှာ အမှောင်ခုံရုံ၏ တန်ခိုးရှင် တစ်ပိုင်း ပညာရှင်များဟု သိရသည်။

ထိုအရာကား အမှောင်ခုံရုံးကို အတိအလင်း စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင်။

ထိုနေ့တွင်ပင် အမှောင်ခုံရုံးက ချန်းဖန်ကို တွေ့ရာ၌ သတ်ရန် သတ်မိန့် ထုတ်သည်။

ထိုအကြောင်းအရာက တစ်ခဏချင်းတွင်ပင် တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုအား သိမ်းကြုံးယူ သွားတော့၏။

***

All Chapters