မော့ချန် (အပိုင်း ၂)
Vol. 15 Ch. 225
လမ်းတစ်လျှောက်တွင် စူးချင်းနှင့် ကျိရွှေရှန့်တို့က ပြိုကျနေသော အိမ်များစွာကို တွေ့လိုက်ရပြီး ခြံဝင်းအတော်များများက အစွန့်ပစ်ခံထားရပုံပေါ်သည်။ အိမ်များ၏ပြတင်းပေါက်များတွင်လည်း အပေါက်ကြီး၊ အပေါက်ငယ်များ ရှိနေပြီး လေနှင့်မိုးဒဏ်ကို မကာကွယ်ပေးနိုင်တော့ပေ။ လေပြင်းတိုက်ခတ်ချိန်တွင် တံခါးများ၏ တကျီကျီ မြည်သံက လူတိုင်း၏နားထဲသို့ တိုးဝင်လာပြီး အိမ်များထဲမှ အမှောင်ထုကိုလည်း မြင်နေရသောကြောင့် ပို၍ပင် ကြောက်စရာ ကောင်းနေခဲ့သည်။
"အစ်မ ဒီမြို့က ဘာလို့ ဒီလောက် လူသူကင်းမဲ့နေရတာလဲ?"
ကျိရှောင်ယင်က စူးချင်းကို အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။ မော့ချန်က ဤလမ်းတစ်လျှောက် အပျက်အဆီးအများဆုံးမြို့ ဖြစ်ပြီး ဤမြို့ အသက်ကင်းမဲ့နေသည်ဟု သူမ ခံစားနေရသည်။
စူးချင်းက လွတ်နေသော အိမ်များကို တစ်ချက်ကြည့်လိုက်ပြီး ကျိရှောင်ယင်ကို ပြန်ဖြေလိုက်သည်။
“ဒီနေရာက နယ်စပ်ဖြစ်နေပြီး တာ့ထန်နဲ့လည်း နီးကပ်လွန်းတယ်။ စစ်ပွဲတွေ ကြုံလာတော့ အရပ်သားတွေက သူတို့ရဲ့ရန်ကို ကြောက်လန့်ပြီး ထွက်ပြေးသွားကြတာ ထင်တယ်”
“အာ... နယ်စပ်မှာ စစ်သည်တွေ မရှိဘူးလား? သူတို့က ဘာလို့ ပြည်သူတွေကို မကာကွယ်ပေးကြတာလဲ?”
ကျိရှောင်ယင်က မျက်မှောင်ကြုတ်လိုက်ပြီး စူးချင်းကို ထပ်မေးလိုက်သည်။
သူမတို့ ကျင့်ရှီလျိုမြောင်ကို ရောက်ရင်လည်း ဒီလိုပဲ ဖြစ်နေမှာလား? သူမတို့ ဒီကို ရောက်အောင် တလမ်းလုံး ပင်ပင်ပန်းပန်းလာခဲ့ပြီးမှ အကြောက်တရားနဲ့ အသက်ရှင်နေရဦးမှာလား?
“တာ့ထန်လူမျိုးတွေက ရက်စက်ကြမ်းကြုတ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တက်တယ်လို့ ပြောကြတယ်။ အခုအချိန်မှာ တာ့ရှားပြည်ထောင်ရဲ့ စစ်သည်သားတွေအားလုံးက လူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လုယူချင်နေတာပဲ ရှိပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို လုံးဝ ဂရုမစိုက်တဲ့ သူတွေပဲ”
ကျိရွှေရှန့်၏မျက်လုံးများက အေးစက်သွားပြန်သည်။
သူ့အဖေက နယ်စပ်မှာ တပ်စွဲထားတဲ့အချိန်တုန်းက ပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင်စားသောက်နိုင်ခဲ့ကြတယ်။ အနက်ရောင် မြေဆီလွှာတွေ ပြည့်ဝနေတဲ့အပြင် တာ့ထန်တွေကလည်း သူတို့ကို လုံးဝ မနှောင့်ယှက်ဝံ့ကြဘူး။
အခု အခြေအနေက တူပေမယ့်၊ လူတွေက မတူတော့ဘူး။ သူ့အဖေကလည်း မရှိတော့ဘူး၊ အဲဒီတော့ ဒီတာထ့န်တွေမှာ ဘာမှ စိုးရိမ်စရာမရှိတော့ဘူး။ သူတို့က တာ့ရှားရဲ့ပြည်သူတွေကို လုယက်သတ်ဖြတ်ပြီး မီးရှို့နေကြတယ်။
ကျိရှောင်ယင်က ဒေါသထွက်လွန်းသောကြောင့် သူမ၏ပါးစပ်ကို ဖွင့်ကာ ကျိန်ဆဲနေတော့သည်။
“အသုံးမကျတဲ့ ဧကရာဇ်... ကိုယ့်လူမျိုးကိုတောင် မကာကွယ်နိုင်ဘူး၊ အဲ့လိုလူက ရာထူးကနေ မြန်မြန်ဆင်းပေးပြီး အရည်အချင်းရှိတဲ့သူတစ်ယောက်ကို အစားထိုးသင့်တယ်”
သူ့၏ညီမလေးက အလွန် အတင့်ရဲနေပြီး လမ်းပေါ်တွင်ပင် ဧကရာဇ်အား ဝေဖန်စော်ကားနေသည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်၏မျက်နှာက မည်းမှောင်သွားပြီး သူညီမလေးကို အသံတိုးတိုးဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
"ရှောင်ယင်... မင်းရဲ့ စကားနဲ့ အပြုအမူတွေကို သတိထားစမ်း"
အစ်ကိုဖြစ်သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံလိုက်ရမှ ကျိရှောင်ယင်က သူမ စကားမှားပြောမိခဲ့ကြောင်း နားလည်သွားခဲ့သည်။ သူမက သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ထပ်မကျိန်ဆဲရဲတော့ပေ။ သို့သော်လည်း သူမက သူမကိုယ်သူမ မထိန်းနိုင်သေးဘဲ သူမ၏စိတ်ထဲမှ နောက်ထပ်အကြိမ်ပေါင်းများစွာ ထပ်ကျိန်ဆဲနေခဲ့သည်။
ခွေးဧကရာဇ်၊ အသုံးမကျတဲ့ ဧကရာဇ်...
ကျိရွှေရှန့်နှင့် စူးချင်းတို့နှစ်ယောက်လုံးက မြို့ထဲတွင် အကြာကြီး မနေသင့်ဟု ခံစားမိနေကြပြီး စားစရာဝယ်ပြီးသည်နှင့် ဤနေရာမှ မြန်မြန် ထွက်ခွာရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
“တာ့ထန်တွေ ရောက်လာပြီ။ အားလုံးပြေးကြ! မြန်မြန်ပြေးကြ”
တစ်စုံတစ်ယောက်က မြို့အပြင်ဘက်မှ ပြေးဝင်လာပြီး အော်ဟစ်လာသောကြောင့် လူသွားလူလာကျဲပါးသော လမ်းများတွင် ချက်ချင်း လူသူကင်းမဲ့သွားခဲ့သည်။ ဈေးဆိုင်များက တံခါးများကို အမြန်ပိတ်သွားကြပြီး လမ်းသွားလမ်းလာများက အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းပေါ်၌ ကျိရွှေရှန့်တို့ ငါးယောက်နှင့် လှည်းသုံးစီးသာ ကျန်နေခဲ့တော့သည်။
တာ့ရှားပြည်ထောင်မှ စစ်သည်တော်အဖွဲ့တစ်ဖွဲ့က သူတို့ကို ကျော်ဖြတ်ကာ မြို့တံခါးဆီသို့ ဦးတည် ထွက်ခွာသွားပြီး ထိုစစ်သည်များအားလုံးတွင် လေးနက်သော အမူအရာနှင့် ပြတ်သားသောအကြည့်များ ရှိနေကာ သူတို့က သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြပုံပေါ်သည်။
“အစ်မစူးချင်း၊ ကျွန်မတို့ ဘာလုပ်သင့်လဲ?"
ကျန်းယွိရန်က စူးချင်းကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ဒုက္ခမဖြစ်စေရန်အတွက် သူမတို့က မြို့ထဲသို့ မည်သည့်လက်နက်မှ ယူဆောင်လာခြင်း မရှိဘဲ သူမတို့၏ဒူးလေးများအားလုံးကို လှည်းပေါ်တွင် ချန်ထားခဲ့ကြသည်။
“ခြံတစ်ခြံကို ရှာပြီး အခြေအနေကို အရင်ကြည့်ရအောင်”
သူမတို့ ဒီကို ရောက်နေပြီဆိုတော့ အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားရတော့မှာပဲ။ အခု ပြန်မထွက်နိုင်မှတော့ ပုန်းခိုစရာနေရာကို အရင်ရှာရမယ်။
ကျိရွှေရှန့်က ရှေ့မှ ဦးဆောင်ကာ လမ်းတစ်လျှောက်ကို အရင် စူးစမ်းနေပြီး ကျယ်ဝန်းသောခြံဝင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ကြသည်။ ထိုခြံ၏ ခြံတံခါးက ပြိုကျနေပြီး ပြတင်းတံခါးများကလည်း ရိုက်ချိုးခံထားရကာ တခြားအိမ်အလွတ်များထက် ပိုအခြေအနေဆိုးနေခဲ့သည်။
သို့သော်လည်း ထိုခြံဝင်း၏အားသာချက်က လှည်းများဝင်ရန် လုံလောက်နေခြင်း ဖြစ်ပြီး ဝင်းနံရံများကလည်း အတော်အတန် မြင့်မားနေခဲ့သည်။ နံရံများ၏အပေါ်ပိုင်းများ ချွန်ထက်သော ကျောက်များကို စီတန်းထားပြီး ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲစေသည်။ သူတို့က ခြံတံခါးကို စောင့်ရန်သာ လိုအပ်သည်။
"စူးချင်း၊ မင်း သူတို့နဲ့ အတူနေခဲ့ဦး။ ကိုယ် အခြေအနေကို စစ်ဆေးဖို့ မြို့တံခါးကို သွားကြည့်ဦးမယ်”
ကျိရွှေရှန့်က သူ့နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်ကာ အေးစက်သာ အသံဖြင့် ပြောလိုက်သည်။
တာ့ထန်တွေက မြို့ကို တိုက်ခိုက်ရင် ပြည်သူတွေ ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ ဒီနယ်စပ်က သူ့အဖေက အသက်ရှင်နေချိန်မှာ အကာအကွယ်ပေးခဲ့တဲ့နေရာပဲ။ ဒီက စစ်သည်တွေတော်တော်များများကလည်း သူ့အဖေရဲ့ လက်အောက်ငယ်သားဟောင်းတွေပဲ။
ပြည်သူတွေနဲ့ အဲ့စစ်သည်ဟောင်းကြီးတွေကို ရန်သူတွေက သတ်ဖြတ်နေမှာကို သူ ဒီအတိုင်း ထိုင်ကြည့်နေရမှာလား? ဟင့်အင်း သူ အဲ့လို မလုပ်နိုင်ဘူး။
"သတိထားနော်"
စူးချင်းက သူနှင့်အတူ လိုက်သွားချင်နေသော်လည်း သူမလိုက်သွားလျှင် ကျိရှောင်ယင်အား အကာအကွယ်ပေးမယ့်သူ မရှိမည်ကိုလည်း သူမ စိုးရိမ်နေသေးသည်။
“အင်း”
စူးချင်း၏မျက်လုံးများထဲမှ စိုးရိမ်ပုပန်မှုများကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က သူ့ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရပြီး သူက သူမကို ခေါင်းပြန်ညိတ်ပြကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
"အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီးနဲ့ လိုက်ခဲ့မယ်"
ကျုံးယုံက တိုက်ခိုက်ရခြင်းကို အနှစ်သက်ဆုံး ဖြစ်ပြီး တိုက်ပွဲဖြစ်နေကြောင်း ကြားလိုက်သည်နှင့် သူ့မျက်လုံးများက တောက်ပလာကာ ကျိရွှေရှန့်၏နောက်မှ ကပ်လိုက်သွားခဲ့သည်။
ကျိရွှေရှန့်က စူးချင်းနှင့် မိန်းခလေးများကို ကာကွယ်ရန် ကျုံးယုံကို ချန်ထားခဲ့ချင်သော်လည်း စူးချင်းက အရင် ဝင်ပြောလိုက်သည်။
"ကျွန်မတို့ကို ကာကွယ်ဖို့ ဘယ်သူ့ကိုမှ မလိုဘူး"
ကျိရွှေရှန့်ကလည်း သူမ၏အရည်အချင်းကို သိနေခဲ့သည်။ အရေးကြီးသောအခိုက်အတန့်ဖြစ်လာလျင်ပင် သူမက အဆိပ်နှင့် ဆေးမှုန့်များကို သုံးနိုင်သေးသည်။ သူမကိုယ်သူမ ကာကွယ်ရန်က ပြဿနာမဟုတ်ပေ။
ကျိရွှေရှန့်နှင့် ကျုံးယုံထွက်သွားပြီးနောက် ကျန်းယွိရန်က တံခါးဝတွင် ရပ်နေကာ သူတို့၏နောက်ကျောများကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။
ကျိရွှေရှန့်နှင့် ကျုံးယုံတို့က မြို့တံခါးဆီသို့ ပြေးသွားပြီး မြို့တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ရန်သူများ မြို့ထဲသို့ ဖောက်မဝင်လာစေရန် မြို့တံခါးကို သစ်သားတုတ်များဖြင့် ကာရံထားပြီးပြီ ဖြစ်သည်။
စစ်သည်များက အလွန်ဟောင်းနွမ်းနေသည့်စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ ချပ်ဝတ်များတွင် အဖာအထေးများ ပြည့်နေလေသည်။ စုတ်ပြတ်နေသည့်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ စိတ်အခြေအနေက အလွန်မြင့်မားပုံရပြီး ကြောက်စိတ်ဟူ၍ တစိုးတစိမျှ ရှိပုံမပေါ်ပေ။ သူတို့က မြို့ရိုး၏မျှော်စင်ပေါ်တွင် ရပ်နေကြပြီး ကျူးကျော်သူများကို ပစ်ခတ်နိုင်မည့် လေးနှင့် မြှားများကို အဆင်သင့်မြှောက်ထားကြသည်။
ကျိရွှေရှန့်နှင့် ကျုံးယုံကို မြင်လိုက်ချိန်တွင် တံခါးစောင့်တပ်သားများက လှံများဖြင့် ရွယ်ပြီး အော်ဟစ်အမိန့်ပေးလိုက်ကြသည်။
"နောက်ပြန်ဆုတ်စမ်း"
“လူကြီးမင်း၊ ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ညီလေးက သိုင်းပညာကို အသုံးပြုနိုင်ပါတယ်။ လိုအပ်တာရှိရင် ကျွန်တော်မျိူးတို့ကို ပြောပါ"
ကျိရွှေရှန့်က သူတို့ကြောင့် ထိုတပ်သားများ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် စကားမပြောခင် ကျုံးယုံကို ဆွဲခေါ်ကာ နောက်သို့ ခြေလှမ်းတစ်ဒါဇင်လောက် နောက်ပြန်ဆုတ်လိုက်သည်။
"မလိုဘူး။ မြို့တံခါးနဲ့သာ ဝေးဝေးနေကြ”
ထိုတပ်သားများက ကျိရွှေရှန့်နှင့် ကျုံးယုံကို မယုံကြပေ။
ဒီလူနှစ်ယောက်က သိုင်းပညာတစ်ကွက်နှစ်ကွက်လောက်တက်ပြီး တစ်ဘက်က ရန်သူတွေက ရက်စက်ကြမ်းကြုတ်တဲ့သူတွေလေ။ တကယ်လို့ သူတို့က တာ့ထန် ဘက်က လူတွေ ဖြစ်နေရင်လည်း သူတို့ ရင်သူနဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့အချိန်မှာ အတွင်းနဲ့အပြင် ပူးပေါင်းတိုက်ခိုက်ခံရနိုင်ပြီး အဲ့တာက အန္တရာယ်များလွန်းတယ်။
မြို့ကို ကာကွယ်နေသော မြို့စောင့်တပ်သားများက ရဲရင့်ကြသော်လည်း လူသူလက်နက်အင်အားက မလုံလောက်ပေ။ သူတို့က မြှားများကို အလျင်အမြန် ပစ်လွှတ်လိုက်ကြပြီး သူတို့၏မြှားများ ကုန်သွားချိန်တွင် တာ့ထန်များက မြို့တံခါးကို ချိုးဖျက်နေသည်အား စောင့်ကြည့်နေကြရသည်။ နောက်ပိုင်းတွင် သူတို့က အမိန့်ကို နားခံပြီး တာ့ထန်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် မြို့ရိုးပေါ်မှ ဆင်းလာခဲ့ကြသည်။
သေခြင်းတရားကို ကြောက်ရွံ့ပုံမရသည့် ထိုစစ်သည်များ၏ဟန်ပန်ကြောင့် သူတို့က တစ်ချိန်က သူ့အဖေ၏လက်အောက်ငယ်သားများ ဖြစ်ခဲ့သည်ဟု ကျိရွှေရှန့်က လေးလေးနက်နက် သံသယရှိနေခဲ့သည်။
"တစ်ခုလောက်မေးပါရစေ၊ ခင်ဗျားတို့က ရှောင်းမိသားစုစစ်တပ်ကလား?"
ကျိရွှေရှန့်က စစ်သည်များကို လှမ်းအော်မေးလိုက်သည်။
ထိုစစ်သည်များကို ဦးဆောင်နေသော ဝါရင့်စစ်သူကြီးက အသက်ငါးဆယ်လောက် ရှိပုံပေါ်ပြီး သူက အသက်ကြီးနေသော်လည်း စစ်မြင်းကြီးကို စီးနေချိန်တွင် စိတ်ဓာတ်တက်ကြွနေသေးပုံရသည်။ သူ့လက်ထဲတွင် လခြမ်းပုံဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဓား၏အလေးချိန်ကို ကြည့်လျှင်ပင် သူက ကြမ်းတမ်းသော စစ်သူကြီးတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေလေသည်။
ထိုဝါရင့်စစ်သူကြီးက နောက်သို့ လှည့်ကြည့်ကာ ကျိရွှေရှန့်ကို ကြည့်လိုက်ပြီး သူ့၏မျက်လုံးများတွင် လွမ်းဆွတ်ခြင်းနှင့် နာကျင်ခြင်းများအရိပ်ယောင်များ ပြည့်နေလေသည်။ 'ရှောင်းမိသားစုစစ်တပ်' ဟူသော စကားလုံးက သူတို့ထဲမှ လူတိုင်း၏ အရိုးများတွင် ရေးထိုးထားသော်လည်း ယခုအခါ တော်ဝင်ရုံးတော်က သူတို့၏အထောက်အထားကို ပြောင်းလဲပစ်ခဲ့ပြီး သူတို့က သာမန်မြို့စောင့်တပ်သားများ ဖြစ်နေကြပြီ ဖြစ်သည်။
"မင်း ဘယ်သူလဲ?"
ထိုစစ်သူကြီးအိုကြီးက ကျိရွှေရှန့်၏သူရဲကောင်းဆန်သော ဟန်ပန်ကို ရင်းနှီးနေသည်ဟု ခံစားမိသောကြောင့် သူ့ကို ပြန်အော်မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို ကူညီပေးချင်တယ်"
သူတို့က ရှောင်းမိသားစုစစ်တပ်မှ ဖြစ်ကြောင်း မသေချာမီတွင် ကျိရွှေရှန့်က သူ၏ မည်သည်ကို ထုတ်ဖော်ပြာဆိုဝံ့ခြင်း မရှိခဲ့ပေ။ ရှောင်းဟမ်၏သွေးသားရင်းချာများ အသက်ရှင်နေသေးကြောင်းကို ဝမ်ရှန့်ချန်နှင့် ဝမ်ယွိလင်တို့က မသိကြသေးပေ။
"မလိုပါဘူး။ ညီလေး၊ မင်း ပုန်းဖို့ လုံခြုံမယ့်နေရာတစ်ခုကို မြန်မြန်ရှာပြီး ပုန်းနေလိုက်ပါ”
ထိုစစ်သူကြီးက ခေါင်းခါကာ ငြင်းဆန်လိုက်သည်။
ရှောင်းမိသားစုစစ်တပ်က ပြည်သူတွေဆီကနေ အကာအကွယ် ယူဖို့ မဟုတ်ဘဲ ပြည်သူတွေကို အကာအကွယ်ပေးဖို့ပဲ။
ဒီနေ့ တာ့ထန်ရဲ့စစ်သည်အရေအတွက်က အရင်နေ့က စစ်သည်တွေထက် အဆပေါင်းများစွာ ပိုများလာတယ်။ အဲ့တာကြောင့် ဒီနေ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာဖွယ် ရှိတယ်။ သူတို့ ဒီစစ်မြေပြင်မှာ သုတ်သင်ခံရနိုင်ပြီး သေဆုံးသွားနိုင်တယ်ဆိုရင်တောင် သူတို့သေဆုံးသွားတဲ့အထိ ရှောင်းမိသားစုစစ်တပ်ရဲ့အမည်ကို အထိခိုက်ခံမှာ မဟုတ်ဘူး။
“စစ်သည်တွေ၊ အမိန့် နာခံကြ၊ ရန်သူတွေကို သတ်”
တာ့ထန်များက မြို့တံခါးကို ဖြိုဖျက်ကာ ဝင်လာနေသည်ကို မြင်လိုက်ရသောကြောင့် စစ်သူကြီးအိုကြီးက ကျိရွှေရှန့်နှင့် စကားပြောရန် အချိန်မရှိတော့ပေ။ သူက သူ့၏ လခြမ်းဓားကို မြှောက်ကာ တိုက်ခိုက်ရန် အားမာန်အပြည့်ဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။
ကျိရွှေရှန့်ကလည်း တာ့ထန်စစ်သည်များ ဒီရေအလား တိုးဝင်လာနေသည်ကို မြင်နေရပြီး ၎င်းတို့၏ အရေအတွက်က မြို့စောင့်များထက် အဆပေါင်းများစွာ များနေသည်ကို သဘောပေါက်သွားခဲ့သည်။
သူတို့၏လက်နက်များက အလွန်ကောင်းမွန်ပြီး သတ္တိရှိရှိ တိုက်ပွဲဝင်နိုင်ကြသည်။ မကြာမီပင် သူတို့က မြို့စောင့်တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်နေကြပြီး တိုက်ပွဲက အလွန်ပြင်းထန်နေခဲ့သည်။ မြို့စောင့်တပ်များက တညီတညွတ်တည်း ရှိကြသော်လည်း သူတို့က သုံးယောက်တစ်ယောက် ခုခံနေကြရပြီး သူတို့၏လက်နက်များနှင့် ချပ်ဝတ်များက တာ့ထန်များထက် နိမ့်ကျနေသောကြောင့် ထိုတိုက်ပွဲက သူတိုအတွက် အလွန် ကြမ်းတမ်းခက်ခဲနေခဲ့သည်။