အခန်း (၂၁၁)
Vol. 15 Ch. 211
ကျိရှောင်ယင်က သူမဆီသို့ ပြေးဝင်လာနေသည့် ကျားကြီးကို ကြည့်နေရင်း ကြောက်ရွံ့စွာဖြင့် နောက်သို့ ပြန်ဆုတ်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမကိုင်ထားသော ဒူးလေးမှ မြှားတံက လွတ်ထွက်သွားခဲ့သည်။ လေတိုးသံနှင့်အတူ မြှားက ကျားကြီး၏မျက်လုံးဆီသို့ ပျံသန်းသွားပြီး ကျားကြီး၏ နာနာကျင်ကျင် ဟိန်းဟောက်သံက သစ်ပင်ပေါ်တွင် အိပ်နေသော ဇီးကွက်ကိုပင် ထိတ်လန့်စေခဲ့သည်။ ဇီးကွက်က ကြောက်လန့်တကြားဖြင့် သူ့၏အတောင်များကို ဖြန့်ကာ ကောင်းကင်သို့ ပျံသန်းသွားပြီးမှ အောက်သို့ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ကျားကြီးက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်စွာ လူးလှိမ့်နေခဲ့သည်။ စူးချင်းက ထိုနေရာသို့ ခုန်ဝင်လာပြီး ကျားကြီး၏ ကျန်နေသည့်မျက်လုံးတစ်ဖက်ကို ထိုးဖောက်လိုက်သည်။ မျက်လုံးများ ကန်းသွားပြီ ဖြစ်သော ကျားကြီးက နာကျင်စွာ ဟိန်းဟောက်နေပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေသောကြောင့် ဖုန်မှုန့်များ လွင့်ပျံလာသည်။
စူးချင်းက ထိုအခွင့်အရေးကို အသုံးချကာ ကျားကြီး၏ဦးခေါင်းဆီသို့ လက်သီးပြင်းပြင်းတစ်ချက် ထိုးသွင်းလိုက်သည်။ ကျားကြီး၏အော်သံက ပို၍ပင် စူးရှလာပြီး စိတ်မသက်မသာ ဖြစ်လာစေသည်။ နောက်ထပ် စူးချင်း၏နှစ်သီးနှစ်ချက်လောက် ထပ်ဝင်သွားပြီးချိန်တွင် ထိုကျားကြီးက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ကျားကြီး၏ခန္ဓာကိုယ်က တဆတ်ဆတ် အကြောဆွဲနေပြီး နောက်ဆုံးထွက်သက်ကို ရှူထုတ်ရန်သာ ကျန်နေတော့ပုံရသည်။
ကျိရှောင်ယင်က ကြောင်တောင်တောင် အမူအရာဖြင့် ကျားကြီးကို မဝံ့မရဲ လှမ်းကြည့်နေခဲ့သည်။
သူမက ဒီကျားကြီးကို တိုက်ခိုက်ခဲ့တာလား? သူမက ဒီကျားကြီးကို တကဘ် ပစ်နိုင်ခဲ့တာလား?
ကျိရှောင်ယင်အတွက် ပို၍ မယုံနိုင်စရာ ဖြစ်ခဲ့ရသည်မှာ အစ်မစူးချင်းက ထိုကျားကြီးကို လက်သီးဖြင့် ထိုးသတ်လိုက်ခြင်း ဖြစ်သည်။
စူးချင်းက ရှေ့ထိုးသွားပြီး သူမ၏ဓားကို ဆွဲယမ်းလိုက်ရာ သွေးများ ဖြာထွက်လာပြီး ကျားကြီးက နောက်ဆုံးထွက်သက်ပင် မရှုနိုင်တော့ဘဲ နှစ်ကြိမ်ခန့် လှုပ်သွားပြီး ထပ်မလှုပ်နိုင်တော့ပေ။
စူးချင်းက သူမ၏အမဲလိုက်ခြင်းစွမ်းရည် အဆင့် ၀ မှ အဆင့် ၂ သို့ အဆင့်တက်သွားသည်ကို သိလိုက်ရသည်။ သူမ မျှော်လင့်ထားသည့်အတိုင်း ကျားကို အမဲလိုက်ခြင်းက သာမန်တိရစ္ဆာန်ငယ်လေးများကို အမဲလိုက်ခြင်းထက် ပိုမိုမြန်ဆန်စွာ အဆင့်တက်နိုင်ခဲ့သည်။
[ အမဲလိုက်ခြင်းစွမ်းရည်ကို အဆင့်နှစ်ဆင့် မြှင့်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်.... Host။ သင့်ရဲ့ကာယအင်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေကိုလည်း အဆင့်နှစ်ဆင့်ထပ် မြှင့်တင်လိုက်ပါပြီ၊ သင့်ရဲ့စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၃၇ အထိ တိုးလာပါပြီ။ Host အနေနဲ့ အလုပ်ကို ဆက်ပြီး ကြိုးစားသင့်ပါတယ်]
စနစ်၏ စက်ရုပ်ဆန်သော အသံက အချိန်ကိုက် ထွက်ပေါ်လာပြီး စူးချင်းက အေးစက်သော မျက်နှာဖြင့် ပြန်မေးလိုက်သည်။
“ငါ အရင်က မြွေတွေ၊ ကင်းခြေများတွေ၊ ယုန်တွေနဲ့ ဝံပုလွေတွေကို သတ်ခဲ့ဖူးတယ်။ အဲ့တုန်းက ဘာကြောင့် အဆင့်မတက်ခဲ့တာလဲ?”
[Host က အမဲလိုက်ခြင်းစွမ်းရည်ကို မဖွင့်ခဲ့တဲ့အတွက် အဲ့လုပ်ဆောင်မှုတွေက ထိရောက်မှုမရှိပါဘူး]
စနစ်၏အသံက ခြောက်ခြောက်ကပ်ကပ် ဖြစ်နေပြီး အနည်းငယ်မျှပင် အရှက်ပုံမရပေ။
အနည်းဆုံးတော့ စနစ်က သူမကို သတိပေးသင့်တယ် မဟုတ်ဘူးလား? စနစ်ကသာ သူမကို သတိပေးခဲ့ရင် အဲဒီလိုတွေ ဖြစ်ခဲ့ပါ့မလား?
“အရှက်ကို မရှိဘူး”
စူးချင်းက အေးစက်စွာ ကျိန်ဆဲလိုက်ပြီး စနစ်က သေနေသလို ဟန်ဆောင်နေကာ ဘာမှ ပြန်မပြောတော့ပေ။
“ငါ ဆုတစ်ခု လိုချင်တယ်”
စူးချင်းက စနစ်ကို စိတ်ဆိုးဒေါသထွက်ရန်ပင် ပျင်းရိသွားသောကြောင့် ဆုကိုသာ တိုက်ရိုက် တောင်းလိုက်တော့သည်။
[Host က ဘာဆု လိုချင်တာလဲ]
စနစ်က သတိထားဖြင့် ပြန်မေးလိုက်သည်။ Host က ဒေါသထွက်ပြီး ဒီစနစ်ကလေးကို ဖျက်ဆီးပစ်တော့မယ်လို့ ထင်ထားခဲ့တာ။ တော်သေးပါရဲ့... ဆုလိုချင်တယ်ပဲ ပြောလာတာ ကံကောင်းတာပဲ။
"ရေ၊ စားစရာ၊ ဝါဂွမ်း၊ အထည်"
စူးချင်းက ယဉ်ကျေးမနေဘဲ တိုက်ရိုက် တောင်းဆိုလိုက်သည်။ ဒီစနစ်က သူမရဲ့ကျွမ်းကျင်မှုအတွေ့အကြုံတွေကို လိမ်လည်လှည့်ဖြားခဲ့မှတော့ သူမကလည်း တန်အောင် ပြန်တောင်းဆိုရမှာပေါ့။
အခုအချိန်မှာ လှည်းတွေပေါ်က စားစရာတွေက ကုန်လုနီးပါး ဖြစ်နေပြီ။ နောက်မြို့ကို မရောက်ခင် သွားရမယ့် ခရီးက အရမ်းဝေးနေသေးတယ်။ သူမတို့မှာ ပိုက်ဆံ ရှိရင်တောင် ဝယ်လို့ မရနိုင်သေးဘူး။
[Host…. Host က အဆင့်နှစ်ဆင့်ပဲ တက်နိုင်ခဲ့တာပါ]
Hostက လောဘကြီးလွန်းနေသောကြောင့် စနစ်က သူမကို သတိပေးလိုက်သည်။
သူမက တစ်ခါတည်းနဲ့ ပစ္စည်းလေးခု လိုချင်နေတယ်။
"ဒါဆို ရေနဲ့ အစားအစာ"
စူးချင်းက ခဏလောက် စဉ်းစားနေပြီးမှ သူမ အလိုအပ်ဆုံး အစားအစာကို ရွေးချယ်လိုက်သည်။
[ကောင်းပြီ၊ အရှေ့က မီတာ ၅၀၀ အကွာမှာ ရေအရင်းအမြစ် ရှိတယ်။ Host က လူတွေကို ခေါ်သွားလို့ ရတယ်။ အစားအစာကိုတော့ ကိုယ်တိုင် ရှာဖွေရမယ်။ တောင်ရဲ့အနောက်ဘက်မှာ အာလူးစိုက်ခင်းတစ်ခု ရှိတယ်။ လိုချင်ရင် ကိုယ်တိုင်တူး ရမယ်]
စနစ်က စူးချင်းအတွက် အမြဲတမ်း ခက်ခဲစေခဲ့ပြီး ၎င်းက သူမအား မိမိကိုယ်ကို အားကိုးရန် အမြဲတမ်း ဆန္ဒရှိနေခဲ့သည်။
"ရတယ်... နင် နောက်တစ်ခါ ငါ့ကို ဆက်ပြီး လှည့်စားမယ်ဆိုရင် ငါ နင့်ကို ဗုံးခွဲပစ်မယ်၊ အဲ့တာကိုတော့ မှတ်ထားလိုက်"
စူးချင်း၏ အေးစက်သောအသံတွင် သတ်ဖြတ်ရိပ်များ ပြည့်နှက်နေပြီး စနစ်ကို ကြောက်လန့်သွားစေကာ စကားတစ်ခွန်းမှ မပြောရဲတော့အောင် ဟန့်တားနိုင်ခဲ့သည်။
“ကဲ သွားကြမယ်၊ စားလို့ရတာ တစ်ခုခု တွေ့လိုက်မလားလို့ အရင် သွားရှာကြည့်ကြရအောင်”
စူးချင်းက စနစ်နှင့် ဉာဏ်ကစားပွဲကို အဆုံးသတ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျိရှောင်ယင်က ကျားသေကြီး၏ဘေးတွင် ငုတ်တုတ်ထိုင်နေပြီး စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့် ကျား၏နှုတ်ခမ်းမွှေးများအား ဆွဲကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးတစ်စုံက ပျော်ရွှင်မှုကြောင့် လင်းလက်နေပြီး သူမက အကြောက်တရားကို မေ့ပျောက်ကာ ပျော်ရွှင်နေပြီ ဖြစ်သည်။
စူးချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျိရှောင်ယင်ကို လှမ်းမေးလိုက်သည်။
"မကြောက်တော့ဘူးလား?"
"ကျွန်မ မကြောက်တော့ဘူး။ ကြည့်လိုက်လေ၊ သူ့ရဲ့နှုတ်ခမ်းမွှေးကို ဆွဲနေတာတောင် သူက ကျွန်မကို ပြန်မကိုက်ရဲတော့ဘူး!"
ကျိရှောင်ယင်က ရက်စက်ကြမ်းတမ်းသည့် အမူအရာတစ်ခု လုပ်ပြနေကာ ခေါင်းခါပြနေခဲ့သည်။ သူမ၏ချစ်စဖွယ်အသွင်အပြင်က စူးချင်းကို ပို၍ သဘောကျစေခဲ့သည်။
“ကျားတွေက အသက်ပြန်ရှင်နိုင်တယ်ဆိုတာကို မင်း မကြားဖူးဘူးလား? သူတို့မှာ အသက် ကိုးသက် ရှိတယ်!”
ကျိရှောင်ယင်က အလွန်ထိတ်လန့်သွားပြီး သူမ၏လက်ကို အမြန်ပြန်ရုတ်ကာ စူးချင်းနောက်သို့ ပြေးဝင်လာခဲ့သည်။
"အစ်မ အစ်မပြောတာ တကယ်လား? ကြောင်တွေမှာ အသက်ကိုးသက်ရှိတယ်လို့ ကြားဖူးပေမယ့် ကျားတွေမှာ အသက်ကိုးသက်ရှိတယ်လို့တော့ တစ်ခါမှ မကြားဖူးဘူး”
"ငါ မင်းကို နောက်ပြောင်နေတာ"
စူးချင်းက ကျိရှောင်ယင် မျက်မှောင်ကြုတ်နေကာ စိတ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။ ထိုနောက် ကျိရှောင်ယင်က သူမဘာသာ တိုးတိုးလေး ရေရွတ်နေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက မထိန်းနိုင်ဘဲ ရယ်မောရင်း ခေါင်းခါနေခဲ့သည်။
ရှောင်ယင်က နုံအလွန်းပြီး အယုံလွယ်လွန်းတယ်။
“အစ်မ အစ်မက အရမ်းဆိုးတယ်။ အစ်မက ကျွန်မကို ခြောက်လန့်နေတာလား?"
ကျိရှောင်ယင်က စူးချင်း၏လက်ကို ရှက်ကိုးရှက်ကန်း လှမ်းပုတ်လိုက်သည်။ စူးချင်းက ပြုံးနေသော်လည်း ဘာမှ ပြန်မပြောခဲ့သော။ သူမ၏ အေးစက်သော မျက်လုံးများက မှုန်ကုပ်ကုပ် ဖြစ်မနေတော့ဘဲ အပြုံးရိပ်လေးများ စွန်းထင်းနေခဲ့သည်။
ကျိရှောင်ယင်က စိတ်လှုပ်ရှားစွာ ပြန်ထိုင်ချလိုက်ပြီး ကျား၏ခေါင်းကို ထပ်မံထိလိုက်ကာ စူးချင်းကို မော့ကြည့်လိုက်ရင်း “အစ်မ.... ဒီကျားကြီးကို ပြန်သယ်သွားဖို့ အစ်ကိုကြီး ခေါ်လိုက်မယ်”
"သူတို့ ဒီကို လာနေပြီ"
စူးချင်းက သူမတို့ဆီသို့ ပြေးလာနေသည့် ခြေသံများ ကြားနေရသည်။ သူမ၏ စိတ်စွမ်းအားကို အဆင့်မြှင့်တင်ပြီးနောက် သူမ၏အကြားအာရုံကလည်း တိုးတက်လာပြီ ဖြစ်သည်။
"စူးချင်း၊ ရှောင်ယင်"
စူးချင်း၏ စကားဆုံးသည်နှင့် စိုးရိမ်နေပုံရသည့် ကျိရွှေရှန့်၏အသံ ထွက်ပေါ်လာသည်။ ကျိရှောင်ယင်က အလျင်အမြန် မတ်တပ်ထရပ်လိုက်ပြီး သူမ၏လက်နှစ်ဖက်ဖြင့် သူမ၏ပါးစပ်ကို ကာလိုက်ကာ အစ်ကိုဖြစ်သူကို အော်ခေါ်လိုက်သည်။
"အစ်ကိုကြီး၊ အစ်မစူးချင်းနဲ့ ညီမလေးက ဒီမှာ"
မိန်းကလေးများလည်း ကျိရွှေရှန့်၊ ကျုံးယုံတို့နှင့်အတူ ပြေးလာကြသည်။ သူမတို့က ကျားဟိန်းသံနှင့် ကျိရှောင်ယင်၏အော်သံကို ကြားခဲ့ကြသော်လည်း သူမတို့က ကျားကို ရင်မဆိုင်နိုင်မှန်းသိနေသောကြောင့် ကျိရွှေရှန့်နှင့် ကျုံးယုံကို ရှာရန် ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။
"မင်းတို့တွေ အဆင်ပြေကြရဲ့လား?"
ကျိရွှေရှန့်က ကျားသေကြီးကို မြင်သွားပြီး ထိန့်လန့်တုန်လှုပ်သွားကာ သူ့၏ညီမလေးနှင့် စူးချင်းကို အစောတလျင် လှမ်းမေးလိုက်သည်။
“အဆင်ပြေပါတယ်၊ အစ်ကိုကြီး၊ ဒီမြှားကို ကြည့်။ ဒါကို ညီမလေး ပစ်ခဲ့တာ။ အစ်မစူးချင်းနဲ့ ညီမလေးက ဒီကျားကို သတ်ခဲ့တာ။ အစ်မစူးချင်းက ဒီကျားရဲ့ နောက်ထပ်မျက်လုံးကို ထိုးဖော်ပြီး ကျားကြီးရဲ့ခေါင်းကို လက်သီးနဲ့ သုံးချက်ထိုးပြီး ကျားကြီးကို သတ်ပစ်ခဲ့တယ်”
ကျိရှောင်ယင်က ရင်ဖိုစရာမြင်ကွင်းအကြောင်း သူမ၏အစ်ကိုကြီးကို ပြန်ပြောပြနေပြီး သူမ၏လှပသောမျက်လုံးလေးများက မီးရှူးမီးပန်းများကဲ့သို့ တောက်ပနေသည်။
လက်သီးသုံးချက်နဲ့ ကျားကို သတ်လိုက်တာလား?
ကျိရွှေရှန့်က စူးချင်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။
သူ့ရဲ့အနာဂတ်ဇနီးလေးက ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်နေတာလား?
ကျုံးယုံက သူ့ခေါင်းကိုသူ တစ်ချက် ကိုင်ကြည့်လိုက်ပြီး ထိုင်ချလိုက်ကာ ကျား၏ဦးခေါင်းကို တစ်ချက် ဖိကြည့်လိုက်သည်။
သူ့ရဲ့ခေါင်းက ကျားရဲ့ခေါင်းလောက် မမာဘူး ထင်တယ်။
ထို့နောက် ကျုံးယုံက စူးချင်းကို လေးလေးစားစား စိုက်ကြည့်နေခဲ့သည်။
ဆူညံသံများကြောင့် အမြန်ပြေးလာခဲ့သော ချွီတာ့နှင့် ကျန်းချမ်တို့လည်း ထိတ်လန့်နေကြပြီး သူတို့က စူးချင်းကို ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဒီလို ရဲရင့်တဲ့မိန်းခလေးကပဲ သူတို့ရဲ့သခင်လေးနဲ့ ထိုက်တန်တယ်။ သူမက သခင်လေး လက်စားနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်။
ချွီတာ့နှင့် ကျန်းချမ်တို့က ကျားကြီးကို သယ်ရန် ပြင်လိုက်ကြသော်လည်း ကျင်းလေးရာလောက် အလေးရှိသည့် ကျားသေကြီးကို ကျုံးယုံက အလွယ်တကူ ကောက်မကာ သယ်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုအရာက လူတိုင်းကို သက်ပြင်းချမိစေပြန်သည်။
ကျားအဖေက ခွေးလိုသားကို မွေးမှာ မဟုတ်ဘူး။
“အရေခွံခွာတဲ့အခါ သတိထားပါ၊ ကျားသားရေ တစ်ခုလုံးကို နဂိုအတိုင်းရရင် အရမ်းအဖိုးတန်တယ်”
သူမက ရေနှင့် အာလူးများကို ရှာဖွေရဦးမည် ဖြစ်သောကြောင့် စူးချင်းက သူတို့နှင့်အတူ ပြန်မလိုက်နိုင်သေးပေ။ ထို့ကြောင့် သူမက ကျားသားရေကို မဖျက်ဆီးရန် ကျုံးယုံအား ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် သိပါပြီ"
ကျုံးယုံက သူ့ခေါင်းကို ပြန်လှည့်လာပြီး ထုံထုံအအ ပုံစံဖြင့် ပြုံးပြရင်း ပြန်ဖြေလိုက်သည်။
သူက အရေခွံခွာတဲ့ နေရာမှာ အတော်ဆုံးဆိုတော့ လုံးဝ မပျက်စီးစေရဘူးလို့ အာမခံပေးနိုင်တယ်။
"ရွှေရှန့်၊ ရေ ရှိမလားလို့ သွားရှာကြည့်ရအောင်။ မိန်းကလေးတွေကို မြက်ရိတ်ဖို့ ဦးလေးချွီတို့နဲ့ အတူ လိုက်သွားခိုင်းလိုက်မယ်”
ကျုံးယုံက ကျားကို သယ်သွားပြီး အနားတွင် တခြားမည်သူမျှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် စူးချင်းက ကျိရွှေရှန့်ကို အကြံပေးလိုက်သည်။
သူတို့က ထောင်ဟွားဝူမှ ရွာသူရွာသားများနှင့်အတူ နေ့တိုင်းရှိနေရပြီး သူတို့ပတ်ဝန်းကျင်တွင် လူများ အမြဲရှိနေတက်သည်။ ထို့ကြောင့် သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေး တည်ဆောက်ရန် ခက်ခဲလွန်းလှသည်။
ဒီနေ့က သူတို့အတွက် ခဏတာလောက် သီးသန့်နေဖို့ အခွင့်ကောင်းရလာပြီ။
“ကောင်းပြီလေ”
ကျိရွှေရှန့်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
ဒါက သူ တွေးနေတာနဲ့ အတိအကျ တူနေတယ်လေ။ ကျားတစ်ကောင်က စားဖို့ လုံလောက်နေပြီ ဆိုတော့ အမဲလိုက်စရာလည်း မလိုတော့ဘူး။ ရေကို ရှာနိုင်ဖို့က အရေးကြီးတယ်။ နောက်ထပ် အရေးကြီးဆုံးအရာကတော့ စူးချင်းနဲ့ နှစ်ယောက်တည်း အတူရှိနိုင်လိမ့်မယ်။ သူက ဘာလို့ သဘောမတူရမှာလဲ? သူ လုံးဝ သဘောတူတယ်။
“ဦးလေးချွီ ကျေးဇူးပြုပြီး သူတို့ကို ကာကွယ်ပေးပါဦး”
ကျိရွှေရှန့်က သူတို့ ထွက်မသွားခင် ချွီတာ့ကို ညွှန်ကြားလိုက်ပြီး ချွီတာ့ကလည်း သူ့စကားကို လက်ခံပေးခဲ့သည်။
နှစ်ယောက်သား အတူတူ ထွက်လာခဲ့ကြပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် စူးချင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမမှာ ရွှေရှန့်ကို ပြောရမယ့် အရေးကြီးကိစ္စတစ်ခု ရှိနေသေးတယ်။