အခန်း (၂၁၂)
Vol. 15 Ch. 212
"ရွှေရှန့်၊ ကျွန်မနဲ့ လိုက်ခဲ့"
ကျောက်မီးသွေးတွင်း ရှိနေသည်ကို သိလိုက်ရလျှင် ကျိရွှေရှန့် အလွန်ဝမ်းသာသွားမည်ဟု ခံစားမိသောကြောင့် စူးချင်းက ကျိရှောင်ယင် ရှာတွေ့ခဲ့သည့် ကျောက်မီးသွေးတွင်း၏နေရာသို့ သူ့ကို ခေါ်သွားခဲ့သည်။
ကျိရွှေရှန့်က စူးချင်း၏နောက်မှ စူးစမ်းလိုစိတ်ဖြင့် လိုက်ပါသွားခဲ့ပြီး သူမ သူ့ကို မြင်စေချင်သည့်အရာကို သိချင်နေမိသည်။
"ရွှေရှန့်၊ ဒါကို ကြည့်။ ဒါကို ကျောက်မီးသွေးလို့ ခေါ်တယ်။ အပူရှိန် အရမ်းများပြီး အချိန်အကြာကြီး လောင်ကျွမ်းနိုင်တယ်။ ရိုးရိုးမီးသွေးတွေနဲ့ ထင်းတွေထက် အများကြီး ပိုကောင်းတယ်။ ကျွန်မတို့ ဒါတွေကို တူးလိုက်ရင် ကျွန်မတို့အတွက် မီးရဖို့ သုံးနိုင်တယ်။ ငွေရှာဖို့အတွက် တာ့ထန်ကို ရောင်းလို့လည်း ရတယ်”
စူးချင်းက ကျောက်မီးသွေးကို ကျိရွှေရှန့်အား ပြသလိုက်သည်။ ကျိရွှေရှန့်က သူမ၏လက်ထဲမှ အနက်ရောင်ကျောက်တုံးကို လှမ်းယူလိုက်သည်။ သူ့လက်က တော်တော်မည်းသွားပြီး ညစ်ပတ်သွားကို သူ တွေ့လိုက်ရပြီး သာမာန်ကျောက်တုံးများလောက် မမာကျောကြောင်း တွေ့လိုက်ရသည်။ သူ့၏ခွန်အား အနည်းငယ်ကို သုံးလိုက်ရုံဖြင့် အလွယ်တကူ ချေမွှနိုင်သောကြောင့် ဤမထူးခြားသော ကျောက်တုံးက နွေးထွေးမှု ပေးနိုင်မည်ကို သူ သံသယဖြစ်နေမိသည်။
"ဒါကို မီးရှို့လို့ ရတာလား?"
“အင်း။ ဒီည အနားယူဖို့ ဂူပေါက်တစ်ခုလောက် ရှာကြရအောင်။ ပြီးရင် နွေးနေအောင် ဘယ်လို သုံးရမလဲဆိုတာ လက်တွေ့ပြမယ်"
စူးချင်းက အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။
ဒီကျောက်မီးသွေးကို မီးဖိုချင်ရင် ရိုးရိုးမီးဖိုတစ်ခုတော့ လုပ်ရဦးမယ်၊ ဒီတောင်ပေါ်တွင် ကျောက်တုံးတွေ အများကြီး ရှိတော့ လုပ်ရတာ လွယ်ကူ လိမ့်မယ်။ ပြီးတော့ မီးပျိုးဖို့ ထင်းခြောက်နည်းနည်းလည်း လိုအပ်လိမ့်မယ်။
“အင်း” ကျိရွှေရှန့်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ဒီကျောက်တုံးကြီးကို မီးရှို့နိုင်ရင် အဲ့ဒါက တကယ်ကို ကံကောင်းခြင်းတစ်ခုပဲ။
ကျိရွှေရှန့်က စူးချင်း၏ တောက်ပနေသော မျက်လုံးလေးများကို ကြည့်လိုက်ပြီး သူမလက်ကို လှမ်းကိုင်ကာ ကျေးဇူးတင်စကား ပြောလိုက်မိသည်။
"စူးချင်း၊ မင်းက ကိုယ့်အတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ"
“ဟက်၊ အဲဒါကို ကျွန်မ ရှာတွေ့တာ မဟုတ်ဘူး။ ရှောင်ယင် ရှာတွေခဲ့တာ။ ရှောင်ယင်ကမှ ရှင့်အတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ ရှောင်ယင်က ရှင့်အတွက် သံရိုင်းတွင်းနဲ့ နဂါးသွေးကြောကိုလည်း ရှာဖွေပေးခဲ့သေးတယ်"
စူးချင်းက အပြုံးဖြင့် ငြင်းဆန်လိုက်သည်။ သူမ ရှောင်ယင်ဆီကနေ ဒီရလာဒ်တွေကို လုမယူနိုင်ပါဘူး။
“ဟုတ်သားပဲ၊ မင်း မပြောရင် ကိုယ် သတိထားမိမှာ မဟုတ်ဘူး။ ရှောင်ယင်က တကယ်ပဲ အဲ့တာတွေကို အကြိမ်ပေါင်းများစွာ ရှာတွေ့ခဲ့တာ အမှန်ပဲ။ ဒါပေမယ့် ရှောင်ယင် လုပ်ခဲ့တဲ့ အကြီးမားဆုံး ပံ့ပိုးကူညီမှုကတော့ ကံကောင်းထောက်မစွာနဲ့ မင်းကို ကယ်တင်ပေးဖို့ ကိုယ့်ကို တိုက်တွန်းခဲ့တာပဲ၊ မင်းကမှ တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်အကြီးကြီးပဲ”
ကျိရွှေရှန့်၏အနက်ရောင် မျက်လုံးများက စူးချင်း၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။
သူ့ညီမလေးက စူးချင်းကို ကယ်တင်ပေးဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့အတွက် သူ သူ့ညီမလေးကို ကျေးဇူးတင်နေမိတယ်။ မဟုတ်ရင် သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလို ဇနီးကောင်းလေး ရှိလာနိုင်မှာလဲ?
စူးချင်းက သူရဲ့ကံကောင်းစေတဲ့ကြယ်လေး ဖြစ်သလို ထောင်ဟွားဝူအဖွဲ့ကြီးတစ်ခုလုံးရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ။
“ဟုတ်တယ်၊ အဲ့တာ အမှန်ပဲ။ သူ(မ) ကျွန်မ ကယ်တင်လိုက်တာကာ အကြီးကျယ်ဆုံး အကျိုးဆောင်မှုပဲ”
စူးချင်းက နှိမ်ချခြင်း လုံးဝ မရှိပေ။ သူမက ကျိရွှေရှန့်ကို မော့ကြည့်နေပြီး သူ့ကို ပြုံးပြလိုက်သည်။ သူမ၏အနက်ရောင် မျက်လုံးလေးများက ကောင်းကင်ပေါ်မှ ကြယ်လေးများကဲ့သို့ တောက်ပနေပြီး သူမ၏မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ပျံ့နှံ့နေခဲ့သည်။ သူမက မာနကြီးသော ဒေါင်းမလေးတစ်ကောင်ကဲ့သို့ သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိနေပုံပေါ်သည်။
သူမ ရောက်ရှိလာမှုက ထောင်ဟွားဝူအဖွဲ့ကို အများကြီး အထောက်အကူဖြစ်စေခဲ့တယ်။ သူမကြောင့်သာမဟုတ်ရင် ထောင်ဟွားဝူအဖွဲ့က လူတော်တော်များများ သေဆုံးပြီးသား ဖြစ်နေလိမ့်မယ်။ ဒါကြောင့် သူမ နှိမ့်ချနေဖို့ မလိုဘူး။
ကျိရွှေရှန့်က အမျိုးသမီးငယ်လေးအား ချိုသာစွာ ပြုံးပြလိုက်ပြီး သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ သူက သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူမ၏နှုတ်ခမ်းရဲရဲလေးများ နမ်းရန် ခေါင်းငုံ့လိုက်သည်။ ထိုချိုမြိန်သောအရသာက သူ့ကို ဘယ်တော့မှ မငြီးငွေ့စေခဲ့ပေ။
စူးချင်းကလည်း သူ့ထံမှ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် အနမ်းခံရခြင်းကို သဘောကျတက်ပြီး သူမ၏နှလုံးခုန်နှုန်း မြန်ဆန်လာကာ သွေးများ ဆူပွက်လာသည့် ခံစားချက်က အံ့သြစရာကောင်းလွန်းသည်ဟု သူမ အမြဲခံစားရသည်။
"ရေ အရင်သွားရှာရအောင်"
ကျိရွှေရှန့်က သူ့ရင်ခွင်ထဲမှ အမျိုးသမီးငယ်လေးကို မလွှတ်ချင် လွှတ်ချင် လွှတ်ပေးလိုက်သည်။ ထူးဆန်းသည်မှာ လမ်းတစ်လျှောက်တွင် ရေချိုးရန် အခွင့်အရေးများစွာ မရှိခဲ့သောကြောင့် အခြားသူများ၏ ခန္ဓာကိုယ်တွင် ချဉ်နံ့များ ရှိနေသော်လည်း စူးချင်း၏ ခန္ဓာကိုယ်တွင် အမြဲတမ်း မွှေးကြိုင်သော ရနံ့လေးများ ရှိနေတက်သည်။
ကျိရွှေရှန့်က သူ့၏ခန္ဓာကိုယ်မှ ချွေးနံ့ကြောင့် စူးချင်း ငြိုငြင်သွးမည်ကို စိုးရိမ်သောကြောင့် ရေကို အရင်ရှာပြီး သူ့၏ခန္ဓာကိုယ်ကို အရင်သန့်စင်ရန် တွေးနေမိသည်။
စူးချင်းက သူ့ကို တောင်၏မြောက်ဘက်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ရေအရင်းအမြစ်က မီတာ ၅၀၀ အကွာတွင် ရှိနေပြီး မြောက်ဘက်သို့ ဦးတည်သွားရမည့်အကြောင်း စနစ်က သူမကို ပြောပြခဲ့သည်။
ကျိရွှေရှန့်က နွယ်ပင်များ စူးချင်းထံ ရောက်လာမည်ကို စိုးရိမ်နေပြီး ရုတ်တရက် ပေါ်လာသော သားရဲများက သူမအား နာကျင်စေမည်ကိုလည်း သူ ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူက သူ့၏လွမ်တောင်ကို အသုံးပြုကာ သူမရှေ့မှ လမ်းကြောင်းဖွင့်ပေးနေခဲ့သည်။ သူက ပျောက်ဆုံးသွားပြီးမှ ပြန်ရရှိလာသော လွမ်တောင်ကို အလွန်အကျွံ အသုံးပြုနေပြီး ရတနာဓား၏စွမ်းရည်ကို ဖြုန်းတီးပစ်နေခဲ့သည်။
သစ်ပင်၊ ချုံနွယ် ပိတ်ပေါင်းများ ထူထပ်နေသော တောအုပ်ကြီးကို ဖြတ်သန်းလာပြီးနောက် အောက်ခြေတွင် ပန်းကန်လုံးပုံသဏ္ဍာန်ရှိပြီး တောင်များဝန်းရံထားသည့် ကျယ်ပြန့်သော ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရသည်။ အရှေ့ဘက်ရှိ တောင်ပေါ်မှ စီးဆင်းလာသော ခပ်ကျဥ်းကျဥ်း စမ်းချောင်းလေးက တောင်၏ ခြေရင်းကို ပတ်ကာ စီးဆင်းနေပြီး ကွေ့ကောက်သော စမ်းချောင်းလေးတစ်ခု ဖြစ်လာပုံရကာ ထိုစမ်းချောင်းအောက်ခြေက ကြည်လင်နေလေသည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က စိတ်လှုပ်ရှားစွာဖြင့် ရေစပ်နားသို့ ပြေးသွားကြပြီး ရေသောက်ရန် စမ်းချောင်းဘေးတွင် ထိုင်ချလိုက်ကြသည်။ ထိုရေက ပျားရည် ရောထည့်ထားသကဲ့သို့ ချိုမြိန်နေသည်ဟု သူတို့ ခံစားနေရသည်။
"အရမ်းကို သက်တောင့်သက်သာ ဖြစ်သွားစေတယ်"
စူးချင်းက သူမ၏ မျက်နှာကို ဆေးကြောရန် စမ်းရေကို အသုံးပြုနေပြီး သူမတစ်ကိုယ်လုံး ခြောက်သွေ့ကာ ယားယံနေသလို ခံစားရသောကြောင့် ရေချိုးရန် အလွန်အမင်း ဆန္ဒရှိနေခဲ့သည်။ သူမ ရက်အနည်းငယ်ကြာအောင် ရေမချိုးခဲ့ရဘဲ မျက်နှာပင် မသစ်ခဲ့ရသောကြောင့် သူမတစ်ကိုယ်လုံး မြေဆီလွှာများ ဖုံးအုပ်ထားသလို ခံစားနေခဲ့ရသည်။
"ရွှေရှန့်၊ ပြန်သွားပြီး လူတွေ သွားခေါ်လိုက်တော့။ ကျွန်မ ရေ အရင် ချိုးထားနှင့်မယ်"
ဤစမ်းချောင်းက တောင်ပေါ်မှ စီးဆင်းနေသောစမ်းချောင်း ဖြစ်ပြီး ဆက်လက်စီးဆင်းနေသောကြောင့် သူမ ရေချိုးလျှင်ပင် ရေကို ညစ်ညမ်းစေမည် မဟုတ်ပေ။ ရေကို မြင်နေရသောကြောင့် စူးချင်းက သူမ၏ရေချိုးချင်စိတ်ကို မထိန်းနိုင်ဘဲ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပိုးကောင်များ တွားသွားနေသလို ခံစားနေရပြီ ဖြစ်သည်။
"ကိုယ် မင်းကို စောင့်နေပေးမယ်!"
နောက်ဆုံးအကြိမ်က ရေထဲတွင် စူးချင်း ရေကူးခတ်နေသည့် မြင်ကွင်းကို ပြန်သတိရသွားသောကြောင့် ကျိရွှေရှန့်က သူ့နှလုံးသားထဲမှ အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ထို့အပြင် စိုးရိမ်စိတ်တစ်ခုလည်း ဝင်လာခဲ့သည်။
စူးချင်း ဒီမှာ တစ်ယောက်တည်း ရေချိုးဖို့ အဆင်မပြေဘူး။ တစ်စုံတစ်ယောက် ရောက်လာခဲ့ရင် သူမကို ကိုယ်လုံးတီးမြင်သွားလိမ့်မယ်။
"ရှင် ချောင်းကြည့်ဖို့ ကြိုးစားနေတာလား?"
စူးချင်းက သူ့ကို သူမ၏မျက်လုံးထောင့်လေးဖြင့် ကြည့်နေကာ ပြုံးနေခဲ့သည်။ သူမ၏ လှပသော အနက်ရောင်မျက်လုံးများတွင် ဖော်မပြနိုင်သော ဆွဲဆောင်မှုများ ပြည့်နှက်နေပြီး သူမ၏မျက်လုံးထောင့်များတွင် နွေဦး၏အရိပ်အယောင်လေးများ ရှိနေခဲ့သည်။ သူမ လက်ရှိပုံစံက သူမ၏ မူလ အေးစက်သော စိတ်နေစိတ်ထားနှင့် လုံးဝ မကိုက်ညီတော့ပေ။ ထိုကဲ့သို့ ရေခဲတောင်တစ်ခုနှင့် သက်တံ တိုက်မိရာမှ ဖြစ်ပေါ်လာသော အလှက ကျိရွှေရှန့်၏နှလုံးကို အလျင်အမြန် ခုန်ပေါက်သွားစေခဲ့သည်။ ကျိရွှေရှန့်က ရှေ့သို့ လှမ်းလာပြီး စူးချင်း၏နူးညံ့ချောမွေ့သော လက်လေးကို ဆုပ်ကိုင်လိုက်သည်။ ထက်သန်တက်ကြွနေသော မီးတောက်တစ်ခုက သူ၏နက်မှောင်သောမျက်လုံးများထဲတွင် ပြင်းပြင်းထန်ထန် ကခုန်နေပြီး သူ့၏နက်ရှိုင်းသော တိုးလျလျအသံက တဖက်လူ၏နှလုံးသားကို ညှို့ယူဆွဲယူနိုင်သည့် အမွေးအတောင်လေးများကဲ့သို့ ဖြစ်နေကာ ညုတုတုအရိပ်အမြွက်များလည်း ပါဝင်နေသေးသည်။
“မင်းက ကိုယ်ရဲ့ဇနီးလေးလေ။ ကိုယ် မင်းကို ကြည့်ချင်ရင် ပွင့်ပွင့်လင်းလင်း ကြည့်လို့ ရတယ်။ ကိုယ်လည်း ရေမချိုးရတာ ကြာနေပြီ။ ဘာလို့ အတူတူ ရေမချိုးရမှာလဲ?”
"ရှင် မကောင်းတဲ့အကျင့်တွေကို သင်ထားတယ်ပေါ့"
စူးချင်းက သူ့၏မျက်ခုံးအလယ်ကို သူမ၏လက်ညှိုးလေးဖြင့် လှမ်းထောက်ထားလိုက်သည်။
တကယ်တော့ သူက သူ တစ်ယောက်တည်း ရှိနေရင် အမြဲတမ်း မျက်မှောင်ကြုတ်နေတက်ပြီး စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတယ်။
သူ့ဆီမှာ မဖြစ်မနေ ပြန်ဆပ်ရမယ့် သွေးကြွေးတွေ ရှိနေမှန်း သူမ သိနေပေမယ့် သူ မျက်မှောင်ကြုတ်နေတာကိုတော့ သူမ မမြင်ချင်ဘူး။ သူ့ရဲ့ စုကျုံနေတဲ့ မျက်မှောင်ကြုတ်ကြီးတွေ အမြဲတမ်း ပြေလျော့နေတာကို သူမ မြင်ချင်တယ်။
ကျိရွှေရှန့်က သူ့ခေါင်းကို ငုံ့ထားပြီး သူ့လက်မောင်းများထဲမှ အမျိုးသမီးလေးကို စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်တောင်လေးများက ထူထဲကာ ရှည်လျားနေပြီး အသက်ဝင်နေသော အမွေးအတောင်များကဲ့သို့ ဖြစ်နေလေသည်။ သူမ မျက်တောင်ခတ်လိုက်တိုင်း သူမ၏ချောမောလှပသော မျက်နှာလေးပေါ်တွင် အရောင်တစ်ခု ထင်ဟပ်နေသလို ခံစားရစေသည်။ လက်ရှိအချိန်တွင် သူမ၏အမြဲတမ်း အေးစက်နေသော မျက်လုံးများတွင် နှလုံးသား၏နာကျင်ခြင်းအရိပ်အယောင်တစ်ခု ထွက်ပေါ်နေခဲ့သည်။
သူမရဲ့နှလုံးသားက သူ့ကြောင့် နာကျင်နေရတာလား?
ထိုအရာက ကျိရွှေရှန့်ကို လေးလေးနက်နက် တုန်လှုပ်သွားစေခဲ့သည်။ သူက စူးချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏နားနားသို့ ကပ်ကာ တိုးတိုးလေးပြောရုံသာ တက်နိုင်တော့သည်။
"ချင်းအာက ကိုယ် လူဆိုး ဖြစ်နေတာကိုကြိုက်တာလား? ဒါမှမဟုတ် အလေးအနက်ထားတဲ့ ကိုယ်ကို သဘောကျတာလား?"
"ဖြေဖို့ ငြင်းတယ်"
စူးချင်းက ကျိရွှေရှန့်၏ မျက်လုံးများထဲမှ ညစ်တစ်တစ်အပြုံးကို စိုက်ကြည့်နေခဲ့သည်။
သူ့ရဲ့မျက်လုံးတွေမှာ ထောင့်စွန်းရှည်လေးတွေ ရှိပြီး အရမ်းလှတယ်။ သူ မပြုံးရင် သူ့မျက်လုံးတွေက ဓားလိုမျိုး စူးရှနေပေမယ့် သူ ပြုံးလိုက်တာနဲ့ သူ့မျက်လုံးတွေက အေးချမ်းသွားပြီး ကြည်လင်တောက်ပလာတယ်။ အခု သူ သူမကို ကြည့်နေတဲ့ပုံစံဆိုရင် ထောင်ပေါင်းများစွာသော နူးညံ့ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားရစေတယ်။ အဲ့တာက တစ်ဖက်လူကို သူရဲ့နူးညံ့ကြင်နာမှုမှာ နှစ်မြှုပ်စေပြီး ပြန်မရုန်းထွက်နိုင်အောင် ဖြစ်စေတယ်။
အမြဲတမ်း အေးစက်နေပြီး လွှမ်မိုးနိုင်စွမ်းရှိသော စူးချင်းက ကလေးမလေးတစ်ယောက်ကဲ့သို့ ရှက်ရွံ့နေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က ရယ်မောလိုက်သည်။ သူက သူ့စိတ်ကို မထိန်းနိုင်ဘဲ စူးချင်း၏နှာခေါင်းလေးကို သူ့လက်ညှိုးဖြင့် ပွတ်သပ်လိုက်ပြီး သူ့အသံကို တမင်တိုးထားကာ ချစ်စနိုးဖြစ်နေသည့်အသံဖြင့် “မင်း ရေသွားချိုးလိုက်ပါ။ ကိုယ် မင်းအတွက် စောင့်ကြည့်ပေးမယ်"
စူးချင်းက ထွက်ခွာသွားသော ကျိရွှေရှန့်၏ အရပ်ရှည်ရှည် ကျောပြင်ကို ကြည့်နေပြီးမှ သူမ၏အဝတ်အစားများကို ချွတ်ကာ ရေထဲသို့ ဆင်းသွားခဲ့သည်။ ရာသီဥတုက အေးလွန်းသဖြင့် ရေထဲဆင်းလိုက်သည်နှင့်တပြိုင်နက် သူမ တုန်ယင်သွားရသည်။ ကျိရွှေရှန့် နှိုးဆော်ပေးလိုက်သည့် အပူကလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
အထူးသဖြင့် အမျိုးသမီးများက အအေးဒဏ်ကို မခံနိုင်သောကြောင့် စူးချင်းက ရှောင်ချီကို နွေးထွေးစေမည့်ဆေးတစ်မျိုး လုပ်ခိုင်းလိုက်သည်။ ထိုဆေးကို သောက်ပြီးနောက် သူမ အအေးဒဏ်ကို မခံစားရတော့ပေ။
စူးချင်းက သူမကိုယ်သူမ အလျင်အမြန် သန့်စင်လိုက်ပြီး သူမ လဲဝတ်ရန် သန့်ရှင်းသော အတွင်းဝတ်ဘောင်းဘီတစ်ထည် စနစ်ထဲမှ ထုတ်ယူပေးရန် ရှောင်ချီ့ကို အကူအညီတောင်းလိုက်သည်။ အပြင်ဘက်အတွက်မူ သူမက သူမ၏ မူလအဝတ်အစားများကိုသာ ပြန်၀တ်ဆင်နိုင်ခဲ့သည်။ ထိုသို့ မဟုတ်လျှင် ကျိရွှေရှန့်၏သံသယကို နှိုးဆွမိပေလိမ့်မည်။
စူးချင်းက သူမ ချွတ်လိုက်သော အတွင်းခံအဟောင်းများကို လျှော်ဖွတ်လိုက်ပြီး စနစ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် စူးချင်းက သူမ၏ခေါင်းကို ငုံ့လိုက်ပြီး သူမ၏စိုစွတ်နေသော အနက်ရောင်ဆံပင်ကို သူမ၏လက်ချောင်းများဖြင့် ဖြီးသင်လိုက်သည်။ နေရောင်ခြည်က သူမ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး သူမကို ပို၍တောက်ပနေစေကာ လင်းလက်လှပနေစေရန် ပံ့ပိုးပေးထားခဲ့သည်။
ကျိရွှေရှန့်က တစ်ချိန်လုံး စမ်းချောင်းကို နောက်ကျောပေးထားပြီး သူ့ခေါင်းကို ပြန်မလှည့်ခဲ့ပေ။ သို့သော်လည်း သူ၏နှလုံးသားက စူးချင်းဆီသို့ ပျံသန်းရောက်ရှိနေခဲ့သည်။ ထို့ကြောင့် အသံကြားကြားချင်း သူက လှည့်ကြည့်လိုက်ပြီး ထိုလှပသော မြင်ကွင်းကို မြင်ခွင့်ရလိုက်သည်။