မလာသင့်တဲ့ အချိန်မှာ ရောက်လာမိတယ်
Vol. 15 Ch. 213
ကျိရွှေရှန့်၏ အာဒမ်ပန်းသီးက လှုပ်ရှားလာပြီး သူ့၏ဝမ်းဗိုက်အောက်ပိုင်းမှ မီးတောက်တစ်ခု တောက်လောင်လာတော့သည်။ သူက ထိုတင်းမာမှုကို သည်းမခံနိုင်ဘဲ သက်သာရာရရန် အရေးတကြီး လုပ်ဆောင်ချင်နေလေသည်။
သူက စူးချင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ချိန်တွင် စူးချင်းက သူမ၏ခေါင်းကို ပြန်လှည့်လာခဲ့သည်။ သူတို့၏မျက်လုံးများက လျှပ်စီးလက်သလို ဆုံတွေ့သွားကြပြီး စူးချင်းက ကျိရွှေရှန့်၏မျက်ဝန်းများထဲမှ ပြင်းပြသော စိတ်အားထက်သန်မှုကို မြင်လိုက်ရသည်။
ကျိရွှေရှန့်က စူးချင်း၏ဘေးသို့ လျှောက်သွားလိုက်ပြီး စူးချင်းကို တောထဲကို သယ်ဆောင်သွားရန် ပြင်ဆင်လိုက်ကာ ကောင်းကင်ကို သူတို့ဇနီးမောင်နှံအတွက် ခြုံစောင် ဖြစ်စေပြီး မြေပြင်ကို အိပ်ယာအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ချိုးယုံခန်း၏အသံကို သူ ကြားလိုက်ရသည်။
"ရွှေရှန့်"
ချိုးယုံခန်းက ချိုင့်ဝှမ်းဆီသို့ ဆက်လျှောက်လာခဲ့ပြီး စူးချင်းက ရေစိုနေသော ဆံပင်များနှင့် မတ်တပ်ရပ်နေကာ ကျိရွှေရှန့်က စူးချင်းရှေ့တွင် ရပ်နေပြီး သူက ကျိရွှေရှန့်၏နောက်ကျောကိုသာ မြင်နေရသည်။
သူတို့ နှစ်ယောက် ဘာတွေလုပ်နေလဲ? သူတို့က အချင်းချင်း တီးတိုးပြောနေကြတာလား? ငါ အချိန်မှားပြီး ရောက်လာခဲ့တာလား?
နောက်ဆုံးတွင် ချိုးယုံခန်း၏အကြည့်များက သူတို့၏အနောက်ဘက်မှ စမ်းချောင်းဆီကို ရောက်သွားပြီး သူ့မျက်လုံးများမှ ပျော်ရွှင်မှုအရိပ်အယောင်များ တောက်ပလာခဲ့သည်။
"ရေရှိတယ်"
“ဟုတ်တယ်၊ ရေ ရှိတယ်။ ရေထည့်နိုင်တဲ့ အရာမှန်သမျှ ယူလာဖို့ လူတိုင်းကို အမြန် သွားပြောပေး”
သူ့၏ဆန္ဒများကို ငြိမ်းသက်ခွင့်မရလိုက်သောကြောင့် ကျိရွှေရှန့်တစ်ယောက် အလွန် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ သူက ချိုးယုံခန်းကို စကားလှမ်းပြောလိုက်သော်လည်း သူ့၏နီမြန်းနေသော မျက်နှာ နှင့် စိတ်အားထက်သန်မှုများ ပြည့်နေသော မျက်လုံးများကို ချိုးယုံခန်း မြင်သွားမည်ကို စိုးရွံ့နေကာ နောက်သို့ ပြန်လှည့်မကြည့်ရဲခဲ့ပေ။
“ကျွန်မ ပြန်သွားပြီး သူတို့ကို ခေါ်လိုက်မယ်။ ရှင်တို့ နှစ်ယောက်က ဘယ်သူမှ ရောက်မလာသေးတာကို အခွင့်ကောင်းယူပြီး ဆောကြောသန့်စင်သင့်တယ်"
စူးချင်းက ကျိရွှေရှန့်အား ခန္ဓာကိုယ်ပူနွေးစေနိုင်သည့် ဆေးလုံးနှစ်လုံး ပေးခဲ့ပြီး ရွာသားများကို သွားပြန်ခေါ်ရန် ချိုးယုံခန်း၏ဘေးနားမှ ဖြတ်လျောက်သွားခဲ့သည်။
ချိုးယုံခန်းက စူးချင်း၏ ရေများ စိုရွှဲနေသည့် ဆံပင်များကို လှမ်းကြည့်နေခဲ့သည်။
စူးချင်းက ရေချိုးပြီးပြီလား? ရွှေရှန့်က ဒီမှာနေပြီး သူမကို စောင့်ကြည့်နေခဲ့တာလား?
ချိုးယုံခန်းက သူ အချိန်မှားပြီး ရောက်လာကြောင်း ရုတ်တရက် နားလည်သွားခဲ့သည်။
စူးချင်းက စခန်းချသည့်နေရာသို့ ပြန်ရောက်လာပြီး သံအိုးကြီးလေးလုံးအပါအဝင် ရေထည့်နိုင်သည့်အရာမှန်သမျှ ယူလာရန် လူတိုင်းကို ညွှန်ကြားလိုက်သည်။ လှည်းများ၊ ပစ္စည်းများ၊ လူအိုကြီးများ၊ အားနည်းသူများနှင့် ဖျားနာသူများကို စောင့်ရှောက်ရန် ချွီတာ့ကိုသာ ချန်ထားခဲ့ပြီး ကျန်လူများအားလုံးက ရေသယ်ရန် စူးချင်းနှင့်အတူ ချိုင့်ဝှမ်းဆီသို့ လိုက်ပါသွားကြသည်။
သူတို့ အလွန်အမင်း ရေဆာနေပြီ ဖြစ်သောကြောင့် လူတိုင်းက ရေကို အရင်သောက်ပြီးမှ ရေဖြည့်ရန် တွေးထားကြသည်။
စူးချင်းက သူတို့ကို ချိုင့်ဝှမ်းဆီသို့ ခေါ်ဆောင်လာခဲ့ချိန်တွင် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ရေချိုးပြီးသွားပြီ ဖြစ်သည်။ သူတို့က မြစ်အောက်ပိုင်းတွင်သာ ရေချိုးကြပြီး ရေကလည်း စီးဆင်းနေသောကြောင့် သောက်သုံးရေအတွက် ထိခိုက်စေခြင်း မရှိပေ။
ချိုးယုံခန်းက ထူးဆန်းသောအချက်တစ်ခုကို သတိထားခဲ့မိသည်။ ရာသီဥတုကြောင့် စမ်းချောင်းက အလွန်အေးနေသော်လည်း စူးချင်း ပေးခဲ့သည့်ဆေးကို သောက်ပြီးနောက်တွင် သူ လုံးဝ မအေးတော့သည်ကို အသေအချာ ခံစားနားလည်နိုင်ခဲ့သည်။
နှစ်ယောက်သား ရေချိုးပြီးသွားသောကြောင့် ပိုမို သန့်စင်လာကာ သူတို့၏ခန္ဓာကိုယ်တိုင် ဖုန်မှုန့်များ ဖုံးလွှမ်းနေခြင်းမရှိတော့ဘဲ သူတို့၏မျက်လုံးများက ထူးထူးခြားခြား ကြည်လင်နေခဲ့သည်။
ထိုအချိန်တွင် တခြားသူများရောက်လာကြပြီး ရေကို မြင်လိုက်သည်နှင့် လူတိုင်းက အလွန်စိတ်လှုပ်ရှားကာ စမ်းချောင်းဘေးသို့ ပြေးသွားကြပြီး ပျော်ပျော်ရွှင်ရွှင် ရေသောက်နေကြတော့သည်။
ရေကို ဝဝလင်လင် သောက်ပြီးနောက်တွင် လူတိုင်းက အသက်ပြန်ရှင်လာသော သစ်ပင်ကြီးများနှင့် ဆင်တူလာခဲ့သည်။
ရေ သောက်ပြီးနောက်တွင် ကျိရွှေရှန့်ပင် ညွှန်ကြားစရာ မလိုဘဲ လူတိုင်းက စမ်းချောင်းဘေးတွင် ထိုင်ကာ ရေခပ်နေကြပြီး ရေသိုလှောင်နိုင်မည့် အိုးခွက်များနှင့် ထည့်စရာများ အားလုံးကို ရေဖြည့်နေကြသည်။ ကျုံးယုံက ရေအပြည့်ထည့်ထားသော အိုးကြီးတစ်လုံးကို လုံးဝ အားမစိုက်ဘဲ ကောက်ထမ်းကာ ပေါ့ပေါ့ပါးပါး ပြန်ထွက်ခွာသွားခဲ့သည်။
လီတာ့နျိုကလည်း ရေအပြည့်ထည့်ထားသည့် အိုးကြီးတစ်လုံးကို ထမ်းကာ မတွန့်မဆုတ် ထွက်ခွာသွားပြန်သည်။ ကျိရွှေရှန့်က ကျန်နေသည့် အိုးနှစ်အိုးထဲမှ တစ်အိုးကို သယ်ဆောင်လာခဲ့ပြီး ချွီတာ့၏အဖွဲ့ဝင်ထဲမှ တစ်ယောက်က နောက်ဆုံးကျန်နေသည့်အိုးကို သယ်လာခဲ့သည်။
မိန်းကလေးများကလည်း ရေသယ်ရန် ဝါးကျဥ်တောက်များကို အသုံးပြုနေကြပြီး ရေအများကြီး သယ်နိုင်ရန် သူမတို့၏တောင်းများကို ကျောပေါ်တင်ကာ သယ်ဆောင်လာကြသည်။
ရေအိတ်ရှိသူများကလည်း ရေအိတ်များအပြည့် ရေဖြည့်ခဲ့ကြပြီး အားလုံးက နှစ်သစ်ကူးသဖွယ် ပျော်ရွှင်နေကြသည်။
စူးချင်းက ကျားတစ်ကောင် သတ်ပေးခဲ့ပြီး ရေကိုလည်း ရှာဖွေပေးခဲ့သည်။ မကြာသေးမီကာလများအတွင်း သူတို့အတွက် ကံကောင်းခြင်းများနှင့် ပြည့်နှက်နေခဲ့ပြီး ယနေ့ကိုလည်း ရှားရှားပါးပါး ကံကောင်းသောနေ့တစ်နေ့ အဖြစ် သတ်မှတ်နိုင်ပေသည်။
ထိုကံတရားက အလုံအလောက် ပြည့်စုံနေပြီ ဖြစ်သည်။ သူတို့အားလုံး ရေကို သယ်ဆောင်လာကြပြီး သူတို့အနားယူသည့်နေရာသို့ ပြန်ရောက်လာချိန်တွင် စူးချင်းက သူမလက်ကို ဝှေ့ယမ်းအချက်ပြလိုက်ပြီး မိန်းကလေးများကို တောင်ပေါ်သို့ ပြန်ခေါ်သွားပြန်သည်။
လူတိုင်းက စူးချင်း၏တိတ်ဆိတ်မှုကို ကျင့်သားရနေပြီ ဖြစ်သည်။ သူမနောက်သို့ လိုက်သွားလျှင် တစ်စုံတစ်ခု ရရှိနိုင်မည်ကို သိနေသောကြောင့် စူးချင်းကို မကျေမနပ် မဖြစ်ကြဘဲ အေးအေးဆေးဆေး လိုက်သွားခဲ့ကြသည်။ ခဏအကြာတွင် အာလူးစိုက်ခင်းတစ်ခုကို တွေ့လိုက်ရသည်။
ထိုအပင်က မည်ကဲ့သို့အပင်မျိုးဖြစ်သည်ကို လူတိုင်းက မသိကြပေ။ အရွက်များက ညှိုးနွမ်းနေသော်လည်း မြင်းများကို အစာကျွေးရန် အဆင်ပြေနေသေးသည်။
မိန်းကလေးများက အာလူးပင်များကို ဆွဲနှုတ်ရန် ပြေးသွားခဲ့ကြသော်လည်း ထိုအပင်က သန်မာပုံရပြီး သူမတို့ အကြိမ်ပေါင်းများစွာ ဆွဲထုတ်ပြီးနောက်တွင်ပင် နှုတ်ရန် မဖြစ်နိုင်သေးပေ။
"ဓားကို သုံးပြီး ခုတ်ကြည့်!"
ကျိရှောင်ယင်က အကြံပြုလိုက်သည်။ သူမ၏စကား ဆုံးသွားသည်နှင့် အစ်မစူးချင်းက ထိုအပင်အား အလွယ်တကူ ဆွဲနှုတ်လိုက်သည်ကို သူမ တွေ့လိုက်ရသည်။ ထိုအချိန်မှသာ အပင်၏အမြစ်များတွင် အသီးများစွာ ရှိနေမှန်း သူမ သိလိုက်ရသည်။ ၎င်းတို့က ကန်စွန်းဥနှင့် အနည်းငယ် ဆင်တူသော်လည်း ကန်စွန်းဥတော့ မဟုတ်ပေ။
ကန်စွန်းဥများက ရှည်လျားပြီး အနီရောင် ဖြစ်သော်လည်း ယခုအသီးများက ဘဲဥပုံသဏ္ဍာန်ရှိပြီး မြေဝါရောင်ဖြစ်သည်။
"အစ်မ ဒါက ဘာလဲ?"
ကျိရှောင်ယင်က စူးချင်းကို စိတ်ဝင်တစား လှမ်းမေးလိုက်သည်။
"အာလူး"
စူးချင်းက ပြန်ဖြေလိုက်ရင်း သူမ၏လက်ထဲမှ အာလူးပင်ကို မြေကြီးပေါ်သို့ ပစ်ချကာ နောက်ထပ်တစ်ပင် ဆွဲနှုတ်လိုက်သည်။ သူမ၏ကာယခွန်အားက အဆင့် ၃၇ သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အာလူးပင်ကို ဆွဲနှုတ်ရခြင်းက သူမအတွက် ကိတ်မုန့်ဖဲ့ရသလောက်သာ ဖြစ်သည်။
"စားလို့ ရလား"
စူးချင်းကို မေးမြန်းနေသော ကျိရှောင်ယင်၏မျက်လုံးများက တောက်ပပြီးရင်း တောက်ပလာခဲ့သည်။
ဒီနေ့ညရဲ့ ညစာကတော့ အရမ်းစားကောင်းမှာ သေချာတယ်။ ပထမ ကျားသား ရှိတယ်၊ အခု အာလူးတွေ ရှိတယ်။
“စားလို့ ရတယ်၊ အရမ်း အရသာရှိတယ်”
စူးချင်းက အာလူးပင်များကို ဆွဲနှုတ်ရင်း ပြန်ဖြေလိုက်သည်။ သူမက သူမ၏အလုပ်ကို လုံးဝ မနှောင့်နှေးစေခဲ့ပေ။ သို့သော်လည်း သူမ၏အတွေးထဲတွင် အာလူးအတွက် နည်းလမ်းမျိုးစုံကို တွေးထားပြီးသား ဖြစ်သည်။ သူမတို့ထံတွင် တောဝက်ဆီအချို့ ကျန်နေသေးသောကြောင့် ကျိရှောင်ယင်နှင့် ကလေးများအတွက် အာလူးတချို့ကို ကြော်ပေးရန်လည်း တွေးထားပြီး ဖြစ်သည်။
တကယ်တော့ သူမလည်း အာလူးကြော် မစားရတာ ကြာနေပြီ။ အခု သူမတို့မှာ ကျောက်မီးသွေးရှိနေတော့ အာလူးတွေကို ကင်စားလို့လည်း ရသေးတယ်။ အာလူး သုံးလေးအိုးလေး ပြုတ်ထားလိုက်ရင်လည်း မနက်ဖြန်ခရီးအတွက် ရိက္ခာအနည်းငယ် ထပ်ရနိုင်သေးတယ်။
ကျားသားတွေထဲက တစ်ဝက်ကို ချက်ပြီး ကျန်တဲ့တစ်ဝက်ကို လမ်းမှာ စားဖို့ ပြုတ်ထားရမယ်။ ကျားရိုးတွေကိုတော့ စနစ်ထဲကို ထည့်ရမယ်။ ရှောင်ချီက ကျားရိုးတွေနဲ့ ဆေးဖော်ဖို့ မစောင့်နိုင်ဖြစ်နေပြီ။
မြောက်ဘက်ကို ဦးတည်လေလေ၊ ရာသီဥတုက အေးလေလေပဲ။ အဲ့ဒါကြောင့် ဒူလာရောဂါ ဖြစ်နိုင်ချေက ပိုများလာပြီ။ ကျားရိုးတွေကို ဒူလာအတွက် လိမ်းဆေးပြုလုပ်ဖို့ အသုံးပြုနိုင်တယ်။ ကျားရိုးနဲ့ လုပ်ထားတဲ့ ဒူလာလိမ်းဆေးက နာကျင်မှုကို သက်သာစေဖိုနဲ့ လေအေးတွေကို ဖယ်ဖို့ အကောင်းဆုံးဆေးပဲ။
စူးချင်းက အာလူးပင်များကို ဆွဲနှုတ်ပေးနေပြီး ကောင်မလေးများက အာလူးပင်များမှ အာလူးများကို ဆွတ်ယူရန် သူမနောက်မှ လျှောက်လိုက်နေကြသည်။ တချို့က ဆွတ်ယူထားသော အာလူးများကို သူမတို့၏တောင်းထဲသို့ ထည့်ကာ ကျောပေါ်တင်ပြီး သယ်ဆောင်သွားကြသည်။ အလုပ်များသော်လည်း အားလုံးက ပျော်ရွှင်နေကြဆဲဖြစ်သည်။
စနစ်က တော်တော်ရက်ရောပြီး စူးချင်းအတွက် ပေးခဲ့သော အာလူးများက ၁၀၀ ကီလိုဂရမ်မှ ၂၀၀ ကီလိုဂရမ် အထိ ရှိနေခဲ့သည်။ ထိုအာလူးများ အားလုံးကို ယူသွားနိုင်လျှင် သူတို့အားလုံးအတွက် သုံးရက်မှ လေးရက်လောက်အထိ စားစာရာ အဆင်ပြေနိုင်မည် ဖြစ်သည်။
(T/N : တစ်ခါတလေ အတိုင်းအတာတွေက ရှေ့ခတ်ဖြစ်လိုက် ခုခတ်ဖြစ်လိုက်တွေ ဖြစ်နေတာက စူးချင်းတစ်ယောက်ထဲအတွေးဆိုရင် ခုခတ်ကို သုံးတာမျိုးတွေ ရှိနေလို့ပါ)
စူးချင်းနှင့် ကောင်မလေးများက အာလူးများဖြင့် ပြန်ရောက်လာကြပြီး တာ့ဟေးကို အစာကျွေးကာ ရေတိုက်နေသော ကျိရွှေရှန့်ကို တွေ့လိုက်ရသည်။ တာ့ဟေးက ရေငတ်လွန်းသောကြောင့် သူ့ခေါင်းကို ရေအိုးထဲ နှစ်ထားပြီး ခေါင်းပြန်မော့ရန် ငြင်းဆန်နေခဲ့သည်။ မြက်ပင်များကလည်း သူ့ကို မဆွဲဆောင်နိုင်တော့ပေ။
"အစ်ကိုကြီး၊ အခု အစ်မစူးချင်းက ဘာရှာတွေ့ခဲ့လဲဆိုတာ လာကြည့်ပါဦး"
ကျိရှောင်ယင်က အာလူးတောင်းတစ်တောင်းကို သယ်ထားရင်း သူမ၏အစ်ကိုကြီးဆီသို့ ပျော်ပျော်ရွှင်ရွှင် ပြေးသွားခဲ့သည်။ ကျိရွှေရှန့်က သူမ၏နောက်ကျောမှ တောင်းကို လှည့်ကြည့်လိုက်ပြီး "ဒါက ဘာလဲ?"
ကျိရွှေရှန့်က သူ့ညီမကို အပြုံးဖြင့် ပြန်မေးလိုက်သော်လည်း သူ့မျက်လုံးများက နေရောင်အောက်တွင် သူ့ဆီသို့ လျှောက်လာနေသော စူးချင်းကိုသာ ကြည့်နေခဲ့သည်။ သူ့မျက်လုံးများကလည်း နေရောင်နှင့်အပြိုင် သိသိသာသာ တောက်ပနေခဲ့သည်။
"အာလူး... အစ်မစူးချင်း ပြောတာက အရမ်းအရသာရှိတယ်တဲ့”
ကျိရှောင်ယင်က သူမ၏အစ်ကိုဖြစ်သူကို သူမ၏ခြင်းတောင်းအား ချပေးရန် အကူအညီတောင်းနေရင်း အတောမသတ်နိုင်အောင် စကားဖောင်ဖွဲ့နေပြန်သည်။
စားစရာက အရသာရှိသည်ဟု ကြားလိုက်ချိန်တွင် ရှောင်ဟူလေးနှင့် တခြားကလေးများက အပြေးရောက်လာပြီး ဝိုင်းကြည့်နေကြပြန်သည်။
“မင်းတို့ မီးအရင်မွှေးထားပြီး အာလူးတွေကို အခွံခွာထားလိုက်ကြဦး။ ငါ အပြင် ခဏ သွားဦးမယ်"
စူးချင်းက သူမ၏ခြင်းတောင်းထဲမှ အာလူးများကို သွန်ချနေရင်း ထပ်ညွှန်ကြားလိုက်သည်။ သူမက သူမ၏ တွင်းထွက်ပစ္စည်းတူးဖော်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်ရန် သွားရဦးမည် ဖြစ်သည်။ သူမက မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။
"မင်း ဘယ်သွားမလို့လဲ?"
ကျိရွှေရှန့်က စူးချင်းကို စိုးရိမ်တကြီး မေးလိုက်သော်လည်း စူးချင်းက သူ့ကို တာဝန်တစ်ခု ပြန်ပေးလိုက်သည်။
“ရှင် ဒီပုံစံအတိုင်း မီးဖိုတွေ လုပ်ပေးဦး။ မီးဖိုနှစ်လုံး ထပ်ပိုပြီး လုပ်ပေးနော်"
စူးချင်းက သစ်ကိုင်းချောက်တစ်ခုကို ကောက်ယူကာ မြေပြင်ပေါ်တွင် ရိုးရိုးမီးဖိုတစ်လုံး၏ပုံကို ဆွဲပြလိုက်သည်။ မီးခိုးခေါင်းတိုင် မရှိသောကြောင့် မီးခိုးပိုက် ပြုလုပ်ရန် ကျောက်တုံးတစ်တုံးကို အသုံးပြုပြီး မီးခိုးထွက်နိုင်မည့်လမ်းကို ဖော်ဆောင်ပေးလိုက်သည်။
သို့တိုင်အောင် ဂူထဲတွင် တံခါးပေါက်များ၊ ပြတင်းပေါက်များ ရှိမနေသောကြောင့် ထိုအရာများကို ပိတ်ထားမည် မဟုတ်ဘဲ မီးခိုးများ ပိတ်လှောင်နေမည် မဟုတ်ပေ။ မီးခိုးများက ကျောက်တုံးများ၏အက်ကြောင်းများထဲမှ ထွက်သွားမည်ဖြစ်ပြီး မီးခိုးကြောင့် ဓာတ်ငွေ့အဆိပ်သင့်ခြင်းမျိုး ဖြစ်လာမည် မဟုတ်ပေ။
ကျိရွှေရှန့်က ယန္တရားများပြုလုပ်ရာတွင် ကျွမ်းကျင်ပြီး မူလကတည်းက သူက မီးဖိုကို မည်သို့တပ်ဆင်ရမည်ကို သိရှိထားခဲ့သည်။ သူက စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ၊ ကိုယ် လုပ်ပေးမယ်"
“မိန်းကလေးတွေလည်း ရေချိုးဖို့ အချိန်တန်နေပြီ။ ရိုးရှင်းတဲ့ ရေချိုးခန်း နှစ်ခန်းလောက် ဆောက်ပေးလိုက်ဦး”
အခု သူမတို့မှာ ရေနွေးကျိုဖို့ ကျောက်မီးသွေး ရှိနေပြီ။ ကောင်မလေးတွေလည်း ရေမချိုးရတာကြာပြီဆိုတော့ ကောင်းကောင်းရေချိုးသင့်နေပြီ။
“အင်း”
ကျိရွှေရှန့်က ခေါင်းညိတ်သဘောတူလိုက်ပြီး ယာယီရေချိုးခန်း ဆောက်ရန် သုံးရမည့်ပစ္စည်းများကို စတင်စဉ်းစားနေခဲ့သည်။
ကျိရွှေရှန့် သဘောတူလိုက်သည်ကို မြင်လိုက်သည်နှင့် စူးချင်းက ပေါက်ပြားကို ယူကာ ကျောက်မီးသွေးများ တွေ့ခဲ့သည့် လှိုဏ်ဂူဆီသို့ ထွက်သွားခဲ့သည်။
"ကျုံးယုံ... မင်းရဲ့ အစ်မစူးချင်း နောက်ကို လိုက်သွားဦး"
ကျိရွှေရှန့်က စူးချင်းတစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် စူးချင်းကို ကာကွယ်ပေးရန် ကျုံးယုံကို တောင်းဆိုလိုက်သည်။
အစပိုင်းတွင် စူးချင်းက ကျုံးယုံကို မလိုက်လာရန် တားမည်ဟု တွေးလိုက်သော်လည်း သူ့လက်ထဲမှ သံတူကြီးနှစ်ချောင်းကို တွေ့လိုက်ချိန်တွင် သူမ စိတ်ပြောင်းသွားခဲ့သည်။