← Chapters

ချန်းပေ့ရွှမ်းကို သတ်ရမယ်

Vol. 6 Ch. 567

ချန်းပေ့ရွှမ်းကို သတ်ရမယ်

Vol. 6 Ch. 567

ဩစတြေးလျ မြို့တော် သီးခြား စံအိမ်ကြီး တစ်ခု ...

စံအိမ်ကြီး၏ အမည်မှာ "ဝှစ် စတယ်ရီယာ စံအိမ်" ဖြစ်သည်။ စံအိမ်တည်ရှိရာ ခြံဝင်းသည် မီတာသောင်းချီ ကျယ်ဝန်းပြီး စပျစ် ဥယျာဉ် တစ်ခုနှင့် ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းများ ပါရှိသည်။ ထိုခြံဝင်းမှ ထုတ်လုပ်သော ဝိုင်သည် ဥရောပ တော်ဝင် လူတန်းစားများ အကြား၌ အထူး ရေပန်းစားကာ ဝိုင်ထုတ်လုပ်ခြင်းမှ ရရှိသော ငွေသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ဘီလျံဂဏန်း အထိ ရှိသည်။

ဥရောပ ယူနီယံသည် တောင်းပန်သည့် လက်ဆောင် အနေဖြင့် ချန်းဖန်ကို ထိုခြံဝင်းအား ပေးအပ်ခဲ့သည်။

"ဝှစ်စတယ်ရီယာ စံအိမ်" သည် ကာလ တန်ကြေးအားဖြင့် ယူရိုငွေ ဘီလျံ ငါးဆယ်ခန့် ရှိပြီး တရုတ် ငွေကြေးဖြင့် တွက်လျှင် ယွမ်ဘီလျံ ရာချီ၍ တန်ကြေး ရှိသည်။

"အခု တစ်ယောက် ဥရောပ ယူနီယံတော့ တော်တော်လေး ထိသွားမှာပဲ ... မြေထဲပင်လယ် တပ်မ ဖျက်ဆီးခံရသလို ထောင်ချီတဲ့ စစ်သားတွေလည်း ဆုံးရှုံးခဲ့ရတယ် ... စစ်သား အသက်တွေ အတွက် ပေးရတဲ့ လျော်ကြေးကတင် ဥရောပ နိုင်ငံတွေ ဒေဝါလီ ခံရဖို့ ဖြစ်နိုင်နေပြီ ..."

ချန်းဖန်က စပျစ်ပင် တစ်ခု အောက်၌ ထိုင်ကာ သတင်းစာကို ဖတ်ရင်း ဆိုလိုက်၏။

သတင်းစာ၏ ခေါင်းကြီးပိုင်း၌ ...

"မြေထဲ ပင်လယ်၌ မုန်တိုင်း တစ်ခု ဖြစ်ပွား မြေထဲပင်လယ် ရေတပ်မ တစ်ခုလုံး မုန်တိုင်းတွင် ပျက်စီး" ဟူသော ခေါင်းစဉ်က နေရာယူထား၏။

သို့သော်လည်း IQ မြင့်သည့် လူမဆို ထိုသတင်းမှာ အတုသာ ဖြစ်ကြောင်း ကျိန်းသေ သိပေလိမ့်မည်။

မြေထဲပင်လယ်သည် ကုန်းပိတ် ပင်လယ် တစ်ခု ဖြစ်သည်။ ထိုနေရာ၌ မည်သည့် မုန်တိုင်း ရှိပါမည်နည်း။

အကယ်၍ မုန်တိုင်း ဖြစ်ခဲ့လျှင်ပင် မည်သည့် မုန်တိုင်းက တန်ထောင်ချီ အလေးချိန် ရှိသော စစ်သင်္ဘောများကို ဖျက်ဆီး နိုင်ပါမည်နည်း။

အဘယ်ကြောင့် ထိုမုန်တိုင်းက ပတ်ဝန်းကျင် နိုင်ငံများကို မရိုက်ခတ် ရသနည်း။

"အင်တာနက်ပေါ်မှာ မီဒီညာတွေ ဆိုပြီး ငြင်းခုံသံတွေ ဆူညံနေပြီ ... ကောလာဟလတွေ ကလည်း အမျိုးမျိုးပဲ ပျံ့နေပြီ ... အချို့က မြန်မာ သူတော်စင် လာပြီး တိုက်ခိုက်တာလို့ ဆိုကြတယ် ... အချို့ကတော့ မိစ္ဆာ နတ်ဆိုး တစ်ကောင် ပြန်နိုးထလာပြီး ဖျက်ဆီးတာတဲ့"

လီရှင်းရုက ဖုန်းကို စိတ်ဝင်တစား ပွတ်ရင်း ဆိုလိုက်သည်။

သူမသည် အသက်သုံးဆယ် ပြည့်လုနီးပြီ ဖြစ်သော မိန်းကလေး တစ်ယောက် ဖြစ်သည်။

သူမသည် အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်း ဘောင်းဘီကို တွဲဖက် ဝတ်ဆင်ကာ သူမ၏ သဲနာရီ ခန္ဓာကိုယ် အချိုးအစားကို ပြသထား၏။ သူမ၏ မျက်နှာတွင်မူ တန်ဖိုးကြီး မိတ်ကပ်ဖြင့် အရောင်တင်ထားရာ အလွန်အမင်း ဆွဲဆောင်မှု ရှိနေခဲ့၏။

"ငါကြားရသလောက် နင်နဲ့ နင်ရဲ့ သူဌေး ပြဿနာ ဖြစ်ကြသေးတယ် ဆို ..."

ချန်းဖန်က လီရှင်းရုကို ကြည့်ကာ မေးလိုက်သည်။

"အစပိုင်းမှာ ကျွန်မ အဆင်ပြေပါတယ် ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူဌေးနင်းက ကျွန်မကို ရုတ်တရက် ပြောပြတယ် ... ရှင်သေသွားပြီတဲ့ ... သိပ်မကြာခင်မှာပဲ သူက ကျွန်မကို သူနဲ့အတူတူ အိပ်ဖို့ ဖိအားပေးတယ် ... ကျွန်မက ငြင်းလိုက်တော့ သူက မီဒီယာကို ငွေပေးပြီး ကျွန်မ မကောင်းကြောင်း သတင်းတွေ အင်တာနက်ပေါ် တင်ခိုင်းတယ် ... အဲဒီ အဖြစ်အပျက်တွေ ပြီးတဲ့နောက် ကျွန်မလည်း ကုမ္ပဏီက ထွက်ခဲ့တော့တာပဲ ..."

လီရှင်းရုက ခေါင်းကို ငုံ့ရင်း ပြောလိုက်သည်။

"မစ္စတာချန်း ... သူဌေးနင်းက ကျွန်မ ဘဝကို ရှင့်ကို အပိုင်ပေးပြီးပြီ ... အခု ကျွန်မနဲ့ ပတ်သက်တဲ့ အကုန်လုံးကို ရှင်ပိုင်တယ် ... ကျွန်မ ရှင့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး ..."

"အင်း  ... ကောင်းတာပေါ့ ..."

ချန်းဖန်မှာ မည်သို့ ပြန်လည် ပြောရမှန်း မသိရာ ခေါင်းကိုခါ တွင်တွင်ညိတ်၍ ထောက်ခံ လိုက်ရသည်။

နင်းယွမ်ဟူသည် တစ်ချိန်က လီရှင်းရုကို ချန်းဖန်အား ပေးကမ်းခဲ့ဖူးသည်။ ချန်းဖန်သည် ထိုမိန်းကလေးမှာ သူ့ကို ယနေ့အထိ သတိရ နေမည်ဟု မထင်မှတ်ထားခဲ့ချေ။

လီရှင်းရုသည် ပါးနပ်သော မိန်းကလေး ဖြစ်သည်။ သူမသည် ချန်းဖန်ကို ခန္ဓာကိုယ်ဖြင့် ဆွဲဆောင်၍ မရကြောင်း ကောင်းစွာ သိသည်။

ထို့ကြောင့်ပင် သူမသည် သစ္စာရှိခြင်းကို လက်ကိုင်ပြု၍ ချန်းဖန်၏ ဦးစားပေးမှု ရရှိရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

"တရုတ်ကို ပြန်ရောက်ရင် နင်းယွမ်ဟူကို သွားတွေ့ရဦးမှာပဲ ..."

ချန်းဖန်က တည်ငြိမ်စွာ ဆိုရင်း သတင်းစာကို အာရုံပြန်စိုက် လိုက်၏။ သိပ်မကြာခင်မှာပင် နာတာရှာက ဝိုင်တစ်ခွက်ကို ကိုင်ရင်း ဝင်လာခဲ့သည်။

"ဗိုလ်ချုပ်ချန်း ... ဟိုလူကြီး ချားလ် ရောက်နေတယ် ..."

ခြောက်ရက်အတွင်း လီရှင်းရုသည် ချန်းဖန်နှင့်အတူ နေခဲ့ရာ ချန်းဖန်ကို လာရောက် ဂါဝရပြုသည့် လူများစွာနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ထိုအထဲတွင် ကမ္ဘာကျော် ဆယ်လီများ၊ ဩစတြီးယား အရာရှိကြီးများ၊ ဒိတ်ဒိတ်ကြဲ သူဌေးကြီးများ စသည်ဖြင့် စုံလင်လှပြီး ထိုအထဲမှ တစ်ယောက်ချင်းစီက ရစ်ချက်ထက် များစွာ ပို၍ အဆင့်အတန်း မြင့်မားကြသည်။

သူမသည် တေမွန် မိသားစု ခေါင်းဆောင်မှ လာရောက်၍ ချန်းဖန်အား တောင်းပန်သည် ကိုပင် တွေ့မြင်ခဲ့ရသည်။ သူမသည် ချန်းဖန်နှင့် ပိုမိုကြာမြင့်စွာ နေလေလေ ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းကို ပိုမို စိတ်ဝင်စားလေလေ ဖြစ်နေခဲ့တော့သည်။

"ချားလ် လား ... ဝင်ခိုင်းလိုက်လေ ..."

ချန်းဖန်က မစဉ်းစားပဲ ခွင့်ပြုလိုက်သည်။

ချားလ်သည် ချန်းဖန်ရှေ့သို့ ရောက်သည်နှင့် အချိန်မဆိုင်းတော့ပဲ သူရောက်လာရသည့် အကြောင်းရင်းကို ပြောပြလိုက်၏။

"မစ္စတာချန်း ... အနောက်တိုင်း အမှောင်ကမ္ဘာရဲ့ အမှောင်ခုံရုံးက ခင်ဗျားကို "သတ်ရန် အမိန့်" ထုတ်လိုက်ပြီ ... ခင်ဗျား အနေနဲ့ ဥရောပ ကနေ ချက်ချင်း ထွက်ခွာသင့်တယ်လို့ ကျုပ်တော့ ထင်တယ် ..."

"ဘာလို့လဲ ... ဥရောပ ယူနီယံက ငါ့ကို ဒီမှာ မနေစေချင်ဘူးလား ..."

ချန်းဖန်က သတင်းစာကို ချရင်း အနည်းငယ် ပြုံးလိုက်၏။

ချန်းဖန်၏ စကားကြောင့် ချားလ်၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။

"မစ္စတာချန်း ... ဥရောပ ယူနီယံက ခင်ဗျားနဲ့ အမှောင်ခုံရုံးကြားက ကိစ္စတွေမှာ ကြား မဝင်ချင်ဘူး ... ခင်ဗျား အနေနဲ့ ကျုပ်တို့ ပေးထားတဲ့ လက်ဆောင်တွေကို အချိန်မရွေး ပိုင်ဆိုင်နိုင်ပါတယ် ... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စစ်ပွဲကို ဥရောပမှာ မစကြဖို့တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ..."

နျူကလိယကို မသုံးပဲ ချန်းဖန်ကို မယှဉ်နိုင်ကြောင်း သဘောပေါက် သွားသည့် အချိန်မှစ၍ ဥရောပ ယူနီယံသည် ချန်းဖန်ကို တတ်နိုင်သမျှ လေးစားမှု ပြသခဲ့သည်။ သို့သော်လည်း အမှောင်ခုံရုံး၏ ပြန်လည် ထွက်ပေါ်လာမှုက ဥရောပ ယူနီယံကို သဘောထား ပြောင်းလဲစေပုံ ရ၏။

အမှောင်ခုံရုံးသည် အလွန်ပင် အင်အား ကြီးမားကာ ခုံသမာဓိ ငါးဦးသည်လည်း ဂန္ထဝင် အမှောင် သခင်ကြီးများ အဖြစ် ထင်ရှားသည်။

ချန်းဖန်သည် အမှောင်ခုံရုံးနှင့် တိုက်ခိုက်ရမည် ဖြစ်ရာ အသက်ရှင်သန်ရန် အခွင့်အရေး ရှိမည် မဟုတ်တော့ ဟု ဥရောပ ယူနီယံက တွေးနေပုံ ရသည်။ ထို့ကြောင့် သူတို့က ချန်းဖန် အပေါ် လေးစားမှု မရှိတော့ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ဒေါသထွက်ခြင်း မရှိချေ။ သူက အေးဆေးစွာပြုံးရင်း ချားလ် အား ကြည့်လိုက်သည်။

"ငါပြန်ဖို့ သင့်တော်တဲ့ အချိန်ကျရင် ပြန်မှာပါ ... အဲဒီအတွက် မင်းတို့ဘက်က စိတ်ပူပေးဖို့ မလိုဘူး ... နောက်ပြီး ငါနဲ့ အမှောင်ခုံရုံးကြားက ကိစ္စကလည်း ငါရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ ... မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး ... စစ်ပွဲကို ဥရောပမှာ မဖြစ်စေချင်ရင် အမှောင်ခုံရုံးကို ဥရောပ ကနေ အရင် ထွက်ခွာဖို့ ပြောလိုက် ..."

"ခင်ဗျား ..."

ချားလ်မှာ ဒေါသ ထွက်သွားပုံ ရ၏။ သို့သော်လည်း သူ၏ အရှေ့တွင် ရှိနေသူမှာ မည်သူ ဖြစ်ကြောင်း သဘောပေါက် သည်နှင့် ချက်ချင်းပင် ပြန်လည် ငြိမ်ကျ သွားသည်။

"ကျုပ်ကတော့ သတိပေးစရာ ရှိတာ ပေးပြီးသွားပြီ ... လုပ်တာ မလုပ်တာက ခင်ဗျားရဲ့ သဘောပဲ ... နှုတ်ဆက်ပါတယ်"

ချားလ်က ချက်ချင်းပင် ပြန်လည် ထွက်ခွာသွားသည်။

"ဗိုလ်ချုပ်ချန်း ... အဲဒီလူက လေးစားမှု မရှိဘူး ... ဥရောပ ယူနီယံရဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတတွေတောင် ရှင့်ကို အဲလို ပြောရဲတာ မဟုတ်ဘူး ..."

နာတာရှာက မျက်မှောင်ကြုတ်ရင်း မကျေမနပ် ဆိုလိုက်၏။

"ဒါပေမဲ့ ဗိုလ်ချုပ်ချန်း ... မာရှယ်ရဲ့ ပြောစကား အရဆို အမှောင်ခုံရုံးရဲ့ "သတ်ရန်" ဆိုတဲ့ အမိန့်က သူတို့ရဲ့ သမိုင်းမှာ ခုနစ်ကြိမ်ပဲ ထုတ်ခဲ့ဖူးတယ်တဲ့ ... ခုနစ်ကြိမ် စလုံးလည်း အောင်မြင်ခဲ့တယ် ... အဲဒီ အထဲမှာ အရှေ့တိုင်းက တန်ခိုးရှင် တစ်ယောက်လည်း ပါတယ် ..."

နာတာရှာမှာ ချန်းဖန် အတွက် စိတ်ပူနေပုံ ရသည်။

"စိတ်မပူနဲ့ ... ပုစ္ဆာတိုင်းမှာ ဖြေရှင်းလို့ရတဲ့ အဖြေရှိတယ် ... သွေးရော ကြွက်လေးတွေက ငါ့အတွက် ပြဿနာ မဟုတ်ဘူး ..."

ချန်းဖန်ကမူ ထိုအတွက် အလေးအနက် ထားခြင်း မရှိချေ။

ချန်းဖန်၊ နာတာရှာတို့၏ စကားများကို နားထောင်ရင်း လီရှင်းရု တစ်ယောက်ကား နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ အမှောင်ခုံရုံး၊ သေမျိုး နတ်ဘုရား၊ သတ်ရန် အမိန့် ထိုစကားလုံးများကို သူမ ဘဝ၌ တစ်ကြိမ်မျှပင် မကြားဖူးခဲ့ချေ။

နောက်ရက်များ အတွင်း၌ ထူးဆန်းစွာပင် ချန်းဖန်ဆီသို့ မည်သူမျှ လာရောက်ကာ ဂါရဝ ပြုခြင်း မရှိတော့ချေ။

လူတိုင်းကား ကြောက်လန့် နေကြပုံပေါ်သည်။ သူတို့သည် ပြဿနာ အတွင်းသို့ ဝင်ပါမိမည်ကို စိုးရိမ်သည့် အလား ချန်းဖန် နေထိုင်ရာ ခြံဝင်းကြီး ရှေ့၌ပင် ဖြတ်လျှောက်ကြခြင်း မရှိတော့ချေ။

လီရှင်းရုကို သူတို့၏ ရုပ်ရှင်များ၌ ပါဝင်ရန် ကမ်းလှမ်းခဲ့သော ဒါရိုက်တာ များပင်လျှင် ရုတ်တရက် အဆက်အသွယ် ဖြတ်သွားကြသည်။ ထိုအချက်က လီရှင်းရုအား စိတ်မသက်မသာ ဖြစ်စေ၏။

"သန်ရန် အမိန့်က ဘာလဲ ... လူတိုင်းက အဲဒါကို ကြောက်နေကြတဲ့ ပုံပဲ ... မစ္စတာချန်း ဒီပြဿနာကနေ လွတ်မြောက်နိုင်ပါ့မလား ..."

လက်ရှိတွင် သူမသည် ချန်းဖန်နှင့် တစ်လှေတည်း စီးနေသူ ဖြစ်သည်။ ထို့ကြောင့် သူမ စိတ်ပူသည်မှာ သဘာဝသာ ဖြစ်သည်။

***

ထိုအချိန် မြေအောက် လောက၏ အင်တာနက် ဖိုရမ်များတွင် ...

"အမှောင်ခုံရုံးက သတ်ရန် အမိန့်ကို ခုနစ်ကြိမ်ပဲ ထုတ်ခဲ့ဖူးတယ်တဲ့ ..."

"ပထမဆုံး တစ်ကြိမ်က လွန်ခဲ့တဲ့ ရာစုနှစ် သုံးခုလောက်တုန်းက စပိန်ရဲ့ ကာဒီနယ် အန်တိုနီယိုကို သတ်ဖို့ ထုတ်တာ ... အဲဒီတုန်းက အန်တိုနီယိုက ခရစ်ယာန် ဘုရားကျောင်းရဲ့ ပညာရှင် တစ်ယောက်ပေါ့ ... သူက ရှေးဟောင်း သူတော်စင် ဝင်စားတဲ့လူ ဖြစ်ပြီးတော့ နတ်ဘုရား ခန္ဓာကိုယ်လည်း ရရှိထားသေးတယ် ... ဒါပေမဲ့ အမှောင်ခုံရုံးရဲ့ ခုံသမာဓိတွေ ဝိုင်းတိုက်ခိုက်မှု အောက်မှာ သူကျဆုံးခဲ့တယ် ..."

"နောက်တစ်ကြိမ်က လွန်ခဲ့တဲ့ နှစ် နှစ်ရာ့ ခုနစ်ဆယ်က ထုတ်ခဲ့တာ ... သူတို့ရဲ့ သားကောင်က သမန်းဝံပုလွေ အဖွဲ့အစည်းရဲ့ နောက်ဆုံး စစ်ဝံပုလွေ ..."

"  ... "

"ပဉ္စမ အကြိမ်က ဒုတိယ ဘိန်းစစ်ပွဲ အတွင်းမှာ ဖြစ်ခဲ့တာ ... သူတို့ရဲ့ ပစ်မှတ်က အရှေ့တိုင်း တရုတ် ချင်မင်းဆက်ရဲ့ စောင့်ရှောက်သူ ဖြစ်တဲ့ ဓမ္မရာဇာ ... ဓမ္မရာဇာက လွန်ခဲ့တဲ့ နှစ်ငါးရာ အတွင်း အစွမ်း အထက်ဆုံးလို့ သတ်မှတ်ထားတဲ့ ဗုဒ္ဓလမ်းစဉ် လျှောက်တဲ့ ပုဂ္ဂိုလ် တစ်ဦးပေါ့ ... သူအသတ်ခံရပြီးတဲ့ နောက်မှာ အမှောင်ခုံရုံးကို ယှဉ်နိုင်တဲ့ တန်ခိုးရှင် အရှေ့တိုင်းမှာ ပေါ်ထွက် မလာတော့တာပဲ ..."

"ဆဋ္ဌမ အကြိမ်က ..."

"သတ္တမ အကြိမ်က ..."

ဖိုရမ်၌ တစ်ယောက်က အမှောင်ခုံရုံး၏ သမိုင်းကြောင်း တစ်လျှောက် သတ်ရန် အမိန့်ထုတ်ခံရသည့် ပညာရှင်များ စာရင်းကို ရှာဖွေကာ တင်ပြသည်။

လူများစွာမှာ ထိုအကြောင်းအရာများကို သိရသည်နှင့် ဆွံ့အ ကုန်ကြသည်။

စပိန်ကာဒီနယ် အန်တိုနီယိုသည် သတ်မှတ်ခံထား ရသည့် သူတော်စင် ဖြစ်သည်။ သူသည် မွေးဖွားလာစဉ်ကပင် လက်နှင့် ခြေထောက်၌ မြင့်မြတ်သည့် အမှတ်အသား ခုနစ်ခု ပါရှိခဲ့သည်။

ထိုသတင်းကို ကြားသည်နှင့် ပုပ်ရဟန်းမင်းက သူ့အား "သူတော်စင် အန်တိုနီယို" ဘွဲ့ ပေးကာ မွေးစားခဲ့သည်။ သို့တိုင်အောင် သူသည် အမှောင်ခုံရုံး၏ လက်အောက်၌ အသတ်ခံ ခဲ့ရသည်။

စစ်ဝံပုလွေ ဆိုလျှင် ပိုမို ကြောက်မက်ဖွယ် ကောင်းသေးသည်။ သူသည် သမန်း ဝံပုလွေများကို ဆိုက်ဘေးရီးယားတွင် စုစည်းခဲ့ကာ သူ့ကိုယ်သူ ဘုရင် အဖြစ် ကြေညာခဲ့သည်။ သို့တိုင်အောင် သူသည် အမှောင်ခုံရုံး၏ ခံသမာဓိများ ဝိုင်းဝန်း တိုက်ခိုက်မှုတွင် ကျရှုံးခဲ့ရသည်။

အမှောင်ခုံရုံးမှ "သတ်ရန်" အမိန့် ထုတ်ခံရသူတိုင်းမှာ တစ်ခေတ် တစ်ယောက် ထူးချွန်လွန်းသော လူများ ဖြစ်ကြသည်။ သို့သော်လည်း အမှောင်ခုံရုံးသည် သူတို့၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။

"အမှောင်ခုံရုံးက အရမ်း ကြောက်ဖို့ ကောင်းတယ် ... သူတို့ကို အမှောင်သခင်ကြီးလို့ ခေါ်တာ မထူးဆန်းဘူးပဲ ..."

မိုးသစ်တော စစ်သည် တစ်ယောက်က ရေးသည်။

"အဲဒါက အနောက်တိုင်း နိုင်ငံတွေ ကမ္ဘာကို နယ်ချဲ့ နိုင်ခဲ့တဲ့ အကြောင်းရင်းမျာလား ..."

မြောက်အာဖရိက၏ ပညာရှင် တစ်ယောက်က စိတ်ဝင်တစား မေးသည်။

"တန်ခိုးရှင် အဆင့်တွေက နေရာတိုင်းမှာ ရှိတယ် ... ဒါပေမဲ့ အနောက်တိုင်းမှာက ခရစ်ယာန် ဘုရားကျောင်းနဲ့ အမှောင်ခုံရုံး ဆိုတဲ့ အဓိက အဖွဲ့အစည်းကြီး နှစ်ခု ရှိနေတယ် ... အဲဒီ တစ်ဖွဲ့ချင်းစီရဲ့ အင်အားက ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်း မဆိုထက် သာတယ် ..."

တစ်ယောက်က ပြန်ရေးသည်။

အမေရိကန်နှင့် ရုရှားတို့ နျူကလိယကို မပိုင်ဆိုင်ခင်က အမှောင်ခုံရုံးနှင့် ခရစ်ယာန် ဘုရားကျောင်းတို့သည် ကမ္ဘာအား လွှမ်းမိုးနိုင်ခဲ့သည်။

ထိုစဉ်က တရုတ်၊ ကိုရီးယား စသည့် အရှေ့တိုင်း၏ နိုင်ငံများတွင် တန်ခိုးရှင်များ ရှိသည် ဆိုသော်လည်း ထိုအဖွဲ့အစည်း နှစ်ခု၏ တန်ခိုးရှင် အင်အားနှင့် မည်သို့မျှ မယှဉ်သာ ခဲ့ချေ။

"အခု အမှောင်ခုံရုံးက သတ်ရန် အမိန့် ထုတ်လိုက်ပြန်ပြီ ... ဆိုတော့ ချန်းပေ့ရွှမ်း မသေမချင်း သူတို့ ရပ်တော့မှာ မဟုတ်ဘူး ..."

များစွာသော လူများက ခေါင်းခါမိကြသည်။

"စစ်ပွဲက ကမ္ဘာရဲ့ လွှမ်းမိုးသူ အစစ်အမှန်ကို ဆုံးဖြတ်ပေးလိမ့်မယ် ... ချန်းပေ့ရွှမ်းရဲ့ မြောက်ပိုင်းချုံးဂိုဏ်းလား ... အမှောင် သခင်ကြီးတွေရဲ့ အမှောင်ခုံရုံးလား ... အရှေ့တိုင်းလား ... အနောက်တိုင်းလား ... စိတ်ဝင်စား စရာပဲ ..."

မစ္စတာ လေ့လာသူက ဆွေးနွေးဝိုင်းကို မေးခွန်းဖြင့် အဆုံးသတ် လိုက်တော့၏။

***

All Chapters