← Chapters

ဒီကောင်လေးက သူ့ဇနီးကို ဘယ်လို အလိုလိုက်ရမယ်ဆိုတာ သိသားပဲ

Vol. 15 Ch. 216

ဒီကောင်လေးက သူ့ဇနီးကို ဘယ်လို အလိုလိုက်ရမယ်ဆိုတာ သိသားပဲ

Vol. 15 Ch. 216

စူးချင်းက မိန်းကလေးများ အခွံခွာပြီး ရေဆေးထားသော အာလူးများကို လှီးဖြတ်လိုက်သည်။ သူမ၏ ဓားစွမ်းရည်က အလွန်ကောင်းမွန်ပြီး ပါးပါးလေးနှင့် အညီအညာ လှီးဖြတ်ထားသော အာလူးပြားလေးများ အမြန်အဆန် ကျဆင်းလာကာ မကြာခင်မှာပင် အင်တုံကြီးတစ်ခု ပြည့်သွားခဲ့သည်။

သူမတို့အဖွဲ့တွင် လူက များလွန်းနေပြီး သူမက လူတိုင်းကို မြည်းစမ်းစေချင်သောကြောင့် ထိုကဲ့သို့ အများကြီးလှီးရန်မှတပါး သူမ ဘာမှ မတက်နိုင်ပေ။ ထို့အပြင် သူမ၏ဟင်းချက်ကျွမ်းကျင်မှုက အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အဆင့်တစ်ဆယ်ရောက်ရန် နှစ်ဆင့် ကွာဝေးနေသေးသည်။ အဆင့်ပိုမြင့်လေလေ အဆင့်တက်ရန် ခက်ခဲလေလေဖြစ်လာသောကြောင့် ဟင်းလျာအသစ်များ ဖန်တီးခြင်းဖြင့် အတွေ့အကြုံရမှတ်များ စုဆောင်းရမည် ဖြစ်သည်။

သူမ ယခင်က ထုတ်ယူထားသော တောဝက်ဆီနှင့် သန့်စင်ထားသော အသားဆီအချို့ ရှိနေသေးသည်။ စူးချင်းက ထိုဆီများအားလုံးကို အိုးကြီးထဲသို့ လောင်းထည့်လိုက်သည်။ အဖြူရောင် ဆီအနှစ်များက သံပူအိုးထဲတွင် ဆီအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားပြီး စူးချင်းက အာလူးချပ်များ မထည့်မှီ ဆီပူလာသည်အထိ စောင့်နေခဲ့သည်။

ဆီက ရမ်းလွန်းသော်လည်း အားလူးများအားလုံး တစ်ခါတည်းလောင်းနိုင်သည်အထိတော့ မလုံလောက်ပေ။ စူးချင်းက အာလူးကြော်အိုးကြီးတစ်လုံးစီ လေးကြိမ်ခွဲကြော်ရန် ဆုံးဖြတ်လိုက်သည်။

အာလူးများကို ကြော်ပြီးသည်နှင့်တပြိုင်နက် စူးချင်းက အာလူးကြော်များပေါ်သို့ အိမ်လုပ် အစပ်မှုန့်များနှင့် လတ်ဆတ်သောဟင်းအနှစ်များ ဖြူးချလိုက်သည်။ သူမက ဟင်းခတ်အမွှေးအကြိုင်များစွာ ဝယ်ယူခဲ့သောကြောင့် တစ်ခုခု လိုအပ်လျှင် လှည်းပေါ်သို့ သွားယူနိုင်ပြီး ရှောင်ချီ့ဆီမှ တောင်းရန် မလိုအပ်တော့ပေ။

ရွှေညိုရောင်သန်းနေသော ကြွပ်ကြွပ်ရွရွ အာလူးကြော်များက စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ထုတ်လွှတ်ပေးနေပြီး ကလေးငယ်များကို သားရည်ယိုစေခဲ့သည်။ သူတို့က စူးချင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြပြီး အစ်မစူးချင်းက သူတို့အတွက် စားစရာပေးမည့်အချိန်ကို စောင့်မျှော်နေကြသည်။

စူးချင်းက သူတို့ကို ပြန်သွားခိုင်းပြီး ပန်းကန်လုံးတစ်လုံးစီ ပြန်ယူခိုင်းလိုက်သည်။ ထို့ကြောင့် သူမက သူတို့တစ်ယောက်စီအတွက် အာလူးကြော်တစ်ပန်းကန်လုံးစာ ထည့်ပေးလိုက်သည်။ ကလေးများက အလွန်ပျော်ရွှင်နေကြပြီး ကြွပ်ကြွပ်ရွရွနှင့် မွှေးကြိုင်သော အာလူးကြော်များကို အပြိုင်အဆိုင် လာယူနေကြသည်။ သူတို့အားလုံးက သူတို့၏အာလူးကြော်က အကောင်းဆုံးဟု ပြောနေကြပြီး အော်ဟစ်ရယ်မောနေကြသည်။

စူးချင်းက ကျိရှောင်ယင်နှင့် အမျိုးသမီးလီအတွက်လည်း ပန်းကန်လုံးတစ်လုံးစာ ထည့်ပေးလိုက်သည်။ ထို့နောက် သူမက ချင်ဖုန်းဆီသို့ ပန်းကန်လုံးတစ်လုံးစာ ပို့ပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက သူမရဲ့အမည်ခံအဖေ ဖြစ်နေတာကြောင့် သားသမီး ဝတ္တရားကျေပွန်ရဦးမယ်လေ။

"စူးချင်း မင်းရဲ့လက်ရာက တကယ် ကောင်းတယ်"

ကာလ‌ဒေသနှင့် လိုက်လျောညီထွေနေတက်သော ချင်ဖုန်းက ယခင်ကလောက် တသီးတသန့် မဖြစ်တော့ပေ။ သူက တူကိုပင် မသုံးတော့ဘဲ အာလူးကြော်ကို သူ့လက်ဖြင့် ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဝါးလိုက်သည်နှင့် တပြိုင်နက် တကျွတ်ကျွတ်သံ ထွက်လာပြီး သရေစာကဲ့သို့သော အရသာကို အနည်းငယ် ခံစားလိုက်ရသော်လည်း ဆား၊ အစပ်အရသာနှင့် အနံ့တို့ကြောင့် သရေစာထက် ပိုအရသာရှိနေသည်။

ပထမ တစ်အိုးစာကို ခွဲဝေပေးပြီးနောက် စူးချင်းက ဒုတိယအိုးကို စကြော်လိုက်သည်။ လူတိုင်းက သူတို့၏မျက်လုံးတစ်စုံကို ကျယ်ကျယ်ဖွင့်ထားပြီး သူမကို စိတ်အားထက်သန်စွာ ကြည့်နေကြသောကြောင့် သူမကို ဖော်မပြနိုင်သော ကျေနပ်မှုနှင့် အလုပ်ပြီးမြောက်သောခံစားမှုကို ပေးစွမ်းနိုင်ခဲ့သည်။

နောက်ဆုံးတစ်အိုးကို ကြော်ပြီးသွားချိန်တွင် စူးချင်းက ကျိရွှေရှန့်နှင့် ချွီတာ့တို့အဖွဲ့အတွက် အာလူးကြော်အများအပြား ခွဲဝေပေးလိုက်သည်။ ကျိရွှေရှန့်၏မျက်လုံးများက စူးချင်း၏အလုပ်များနေသော ပုံရိပ်လေးကိုသာ လိုက်ကြည့်နေခဲ့သည်။ သူမ၏ကြိုးစားအားထုတ်မှုကို မြင်နေရသောကြောင့် သူ့နှလုံးသားက နာကျင်နေရပြီး သူက ထိုအာလူးကြော်များကို လက်ခံရန် ငြင်းဆန်နေခဲ့သည်။ သူက အာလူးကြော်များကို သူမဆီသို့ တွန်းပို့လိုက်ပြီး သူမကို အရင် စားခိုင်းလိုက်သည်။

ချင်ဖုန်းက သူ့မြေးကို ပြုံးပြုံးကြီး ကြည့်နေလေသည်။

နောက်ဆုံးတော့ ဒီကောင်လေးက သူ့ဇနီးကို ဘယ်လို ချစ်ပေးရမယ်ဆိုတာ သိသွားပြီပဲ။

လူတိုင်းက စူးချင်း၏ဟင်းချက်ကျွမ်းကျင်မှုအတွက် ချီးကျူးနေခဲ့ကြသည်။ အာလူးကြော် တစ်ပန်းကန်မျှသာ စားခဲ့ရသော်လည်း သူတို့အတွက် ခံတွင်းမြိန်စေပြီး အလွန်ပျော်ရွှင်စေခဲ့သည်။

မွှေးရနံ့များ သင်းပျံ့နေသော တောင်တက်လမ်းပေါ်သို့ အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။

ထိုအဖွဲ့က အကျဉ်းသားများကို စောင့်ကြပ်ပေးသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ အမျိုးသားအကျဉ်းသားများကို သံကြိုးများ ချည်နှောင်ကာ သံခြေချင်းများ တပ်ထားသော်လည်း အမျိုးသမီးအကျဉ်းသားများကိုတော့ သံခြေချင်းများ မတပ်ထားပေ။ ထိုအရာများက လေးလံခြင်း မရှိသည့်တိုင် လမ်းလျှောက်ရန် ခက်ခဲနေသေးသည်။

အကျဉ်းသားအားလုံးက အလွန်ပိန်လိမ်နေကြပြီး အရိုးများဖုံးအုပ်ထားသည့် အရေပြားအလွှာသာရှိတော့သည်။ သူတို့၏ မျက်လုံးများက နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး ပါးပြင်များတွင်လည်း အသားကင်းစင်နေပြီ ဖြစ်သည်။ သူတို့က ဆာလောင်ခြင်းနှင့် ပင်ပန်းခြင်းကို ခံစားနေရပြီး အသားရနံ့ကို ရလိုက်သည့်အချိန်တွင် သူတို့၏မျက်လုံးများမှ ကြောက်စရာကောင်းသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ သူတို့၏မျက်လုံးများက အလွန်ဆာလောင်မွတ်သိပ်နေသော သားရဲများ၏မျက်လုံးကဲ့သို့ ဖြစ်နေပြီး အစာစားလိုစိတ်ပြင်းပြကာ အသက်ရှင်ရန် စိတ်အားထက်သန်မှုကြောင့် မျက်လုံးများထဲမှ အလင်းရောင်များ ထွက်နေကြခြင်း ဖြစ်သည်။

သူတို့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း အဝတ်ဟုပင် မခေါ်နိုင်တော့ပေ။ သူတို့၏သိက္ခာကို ဖုံးကွယ်ထားရုံ အဝတ်စုတ်နှစ်ပိုင်းမျှသာ ရှိနေတော့သည်။ ပြည်နှင်ဒဏ်ပေးခံရ၍ ထွက်ခွာလာရသည့်လမ်းပေါ်တွင် သူတို့၏ခြေထောက်များမှ ဖိနပ်များ မရှိတော့သည်မှာလည်း ကြာလှပြီ ဖြစ်သည်။ သူတို့၏ ခြေဗလာများက အနက်ရောင်များ ဖြစ်နေပြီ ဖြစ်ကာ သွေးများပင် ဖုံးလွှမ်းနေခဲ့သည်။

အမျိုးသားအကျဉ်းသားများ၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာ အမျိုးမျိုး ရှိနေကြပြီး ထိုကြာပွတ်ရာများက အဟောင်းနှင့် အသစ် တလှည့်စီ ဖြစ်နေကာ တုန်လှုပ် ချောက်ချားစရာ ဖြစ်နေလေသည်။

အစောင့်အဖြစ် လိုက်ပါလာသည့် ရဲမက်များအနေဖြင့် အလွန်ပိန်လှီနေသည် မဟုတ်သော်လည်း သိပ်တော့ အခေုအနေ မကောင်းလှပေ။ သူတို့လည်း အပြင်းအထန် ရေဓာတ်ခမ်းခြောက်နေပြီး နှုတ်ခမ်းများ ခြောက်သွေ့အက်ကွဲကာ သွေးထွက်နေသည့် အက်ကွဲရာများ ရှိနေခဲ့သည်။ သူတို့၏ ရဲမက်ဝတ်စုံများတွင်လည်း ဖုံအလိမ်းလိမ်း ကပ်နေပြီး သူတို့၏ ကျောပေါ်တွင် အိတ်တစ်လုံးစီ တင်ဆောင်ကာ လက်ထဲတွင် ကြာပွတ်နှင့် ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ ထို့အပြင် သူတို့၏လက်တွန်းလှည်းများပေါ်တွင် အိုးခွက်ပန်းကန်များ၊ အိပ်ယာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာကြသည်။

ရဲမက်တစ်ဒါဇင်ကျော်နှင့် အကျဉ်းသား နှစ်ဆယ်ကျော်ရှိနေပြီး အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်နေကာ သူတို့က မည်သည့်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကိုတော့ မသိနိုင်ပေ။

ကနဦးတွင် အကျဉ်းသား ၇၀ ကျော်ကို စောင့်ကြပ်ခဲ့ကြသော်လည်း ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အစာရေစာ ငတ်မွတ်ခြင်းတို့ကြောင့် သေဆုံးသူများ ရှိခဲ့ပြီး အချို့ကတော့ ရောဂါဖြင့် သေဆုံးသွားကာ သေဆုံးသူက ၄၀ ကျော်ခဲ့သည်။ လက်ရှိအချိန်တွင် ရဲမက်များက ကျန်ရှိသော အကျဉ်းသားများ ဆက်လက် သေဆုံးမည်ကို လက်မခံနိုင်တော့ပေ။ ထိုသို့သေဆုံးသွားလျှင် သူတို့၏တာဝန်အတွက် သတင်းပြန်ပို့နိုင်မည် မဟုတ်တော့ပေ။

ကျိရွှေရှန့်တို့အဖွဲ့က အသားပြုတ်နေသည်ကို မြင်လိုက်သောအခါ ရဲမက်များ၏ မျက်လုံးများက တောက်ပလာသည်။ သူတို့လည်း လမ်းတလျှောက် ကောင်းကောင်း မစားခဲ့ကြရဘဲ တောထဲတွင် ဤမျှလောက် မွှေးကြိုင်သောအသားများ ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ခရိုင်မြို့လေးများတွင် ရှိနေပါက ဤရဲမက်များက လူကြီးမင်းဟု အခေါ်ခံရနိုင်ပြီး သူတို့စားချင်သော အစားအစာကို ဈေးသည်များက လက်နှစ်ဘက်ဖြင့် ရိုရိုသေသေ ဆက်သရမည် ဖြစ်သည်။ သို့ရာတွင် ဤတောထဲ၌ လူအမျိူးအစားပေါင်းများစွာ ရှိနေတက်ပြီး ဓားကိုင်ထားသော သိုင်းလောကသားများ အပြင် ဓားပြများလည်း ရှိနေသောကြောင့် ရဲမက်များက မောက်မောက်မာမာ မပြုမှုရဲကြပေ။

ထို့ကြောင့် ရဲမက်ခေါင်းဆောင်က လှည့်ပတ်စူးစမ်းနေပြီး ဤလူများကြားတွင် ကျိရွှေရှန့်က ညွှန်ကြားချက်ပေးသူဟု ခံစားမိသောကြောင့် သူ့ဆီသို့ တိုက်ရိုက် ရောက်လာခဲ့သည်။

ကျိရွှေရှန့်ကလည်း ထိုရဲမက်များ ပေါ်လာပြီးကတည်းက သတိဖြင့် စောင့်ကြည့်နေခဲ့သည်။ ချိုးယုံခန်းကလည်း စူးချင်းထံမှ ကျောက်မီးသွေးအားလုံးကို ဖုံးအုပ်ထားရန် အကြံထွက်ပေါ်လာသည့်အတွက် ဝမ်းမြောက်နေမိသည်။ ထိုသို့မဟုတ်လျှင် ဤအရာရှိများက ကျောက်မီးသွေးများကို မြင်သွားပြီး ဒုက္ခဖြစ်စေလိမ့်မည် ဖြစ်သည်။

“ဒီက ညီလေး ကျေးဇူးပြုပြီး...”

ရဲမက်ခေါင်းဆောင်က ကျိရွှေရှန့်ကို ယဉ်ယဥ်ကျေးကျေး လက်သီးအုပ် နှုတ်ဆက်လိုက်သည်။

"လူကြီးမင်း လာပါ"

ကျိရွှေရှန့်ကလည်း လက်သီးအုပ်ပြီး ပြန်နှုတ်ဆက်ပြန်လိုက်သည်။ သူက ဘာမှ မမေးသေးဘဲ ရဲမက်က သူ့၏ရည်ရွယ်ချက်ကို ရှင်းပြမည်အား စောင့်နေခဲ့သည်။

"ဟင်းချက်ဖို့ ရေကို ဘယ်က ရတာလဲ? ငါတို့ ရေမသောက်တာ သုံးရက်ရှိပြီ”

ရဲမက်ခေါင်းဆောင်က သူ့ပါးစပ်ထဲမှ တံတွေးကို မျိုချလိုက်ပြီး မွှေးကြိုင်သော အသားအိုးကြီးကို မကြည့်ရဲသေးဘဲ ရေအတွက်သာ မေးမြန်းလိုက်သည်။

“ဒီကနေ အရှေ့တောင်ဘက်ကို ဦးတည်သွားလိုက်ရင် ချိုင့်ဝှမ်းတစ်ခုရဲ့အောက်ခြေကို ရောက်လိမ့်မယ်၊ အဲ့မှာ ရေရှိတယ်”

သူက ရေရနိုင်မည့်နေရာကို မေးမြန်းရန် ရောက်လာခြင်းဖြစ်ပြီး ကျိရွှေရှန့်ကလည်း အဆုံးမဲ့စီးဆင်းနေသည့် စမ်း‌ချောင်းကို ဖုံးကွယ်ထားရန် မရည်ရွယ်ပေ။

"ကျေးဇူးတင်ပါတယ် ညီလေး။ ငါတို့လည်း လမ်းတလျှောက် ဗိုက်ဆာနေတော့ မင်းတို့ဆီကနေ အစားအစာ ဝယ်ချင်တယ်ဆိုရင် ရမလား?”

ကျိရွှေရှန့်က စကားပြောဆိုရ လွယ်ကူသည်ကို မြင်သွားချိန်တွင် ရဲမက်ခေါင်းဆောင်က သူ့၏အဓိကပန်းတိုင်ကို ထုတ်ပြောလာခဲ့သည်။

သူက 'လိုချင်တယ်' ဟူသော စကားလုံးအစား 'ဝယ်ချင်တယ်' ဟူသော စကားကိုသာ သုံးနှုန်းခဲ့သည်။

တကယ်တော့ ဒီဝေးလံခေါင်သီတဲ့ အရပ်မှာ ပိုက်ဆံနဲ့တောင် ဘာမှ မဝယ်နိုင်တာကို သူတို့ ဝီရိယစိုက်ထုတ်ထားတဲ့ အစားအစာတွေကို ဘယ်သူက အလကား ပေးမှာလဲ?

ထို့အပြင် ရဲမက်ခေါင်းဆောင်က သွေးစွန်းနေသော ကျားအရေခွံကို မြင်သွားပြီး ချက်ခြင်း ထိတ်လန့်သွားခဲ့သည်။

ဒီလူတွေက ကျားကိုတောင် သတ်နိုင်တယ်။ သူတို့ရဲ့ရဲမက်ဆယ်ယောက်ကျော်လောက်နဲ့ ဒီလူတွေကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ?

“ကျွန်တော်တို့က စီးပွားရေး မလုပ်ချင်ဘူး။ ကျွန်တော်တို့အတွက် စားစရာတွေရဖို့ ခက်ခဲနေတာလေ၊ ဒါပေမယ့် တာဝန်ထမ်းဆောင်နေတဲ့သူတွေက တောင်းဆိုတဲ့အတွက် ဘာမှ မပေးနိုင်တာတော့ မဟုတ်ပါဘူး။ အာလူးနဲ့ ကျားသားတွေ ရောင်းပေးပါ့မယ်။ ကျားသားတစ်ပိုင်းအတွက် လျန်နှစ်ဆယ်၊ အာလူးနှစ်လုံးကို ငွေတစ်လျန်"

ကျိရွှေရှန့်က ​​ခက်ခဲတဲ့ အနေအထားတွင် ရှိနေဟန်ဆောင်ကာ မတန်တဆ ဈေးကို တောင်းဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် ရဲမက်ခေါင်းဆောင်၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။

သူတို့ကိုယ်သူတို့ မည်းညစ်တယ်လို့ ထင်နေကြပေမယ့် ဒီကောင်လေးက သူတို့ထက်တောင် ပိုမည်းညစ်နေသေးတယ်။

ဒါပေမယ့်လည်း မဝယ်လို့လဲ မဖြစ်တော့ဘူး၊ သူတို့ လမ်းလျှောက်နေရင်း ဆာလောင်လွန်းလို့ တုန်ယင်နေပြီ။ မစားရရင် ဗိုက်ဆာလွန်းလို့ ပိုမောပန်းစေတယ်။

သူ အသားကို ဝယ်ချင်ပေမယ့် ရင်ထဲကလည်း နာကျင်နေသေးတယ်။ ဒီပြည်နှင်ဒဏ်အပေးခံထားရတဲ့ လူတွေဆီကနေ သူ ဝီရိယစိုက်ထုတ်ပြီး ညှစ်ယူထားတဲ့ငွေတွေကို ပြန်ပေးရမှာတော့ ကြေကွဲဖွယ်ရာပဲ။

"ဒါဆို ကျားသားနှစ်ပိုင်း ပေးပါ"

ရဲမက်ခေါင်းဆောင်က အားသာချက်နှင့် အားနည်းချက်များကို ချိန်ဆလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

ငွေလျန်နှစ်ဆယ်ဆိုပေမယ့် ဒါကကျားသားလေ။ မြို့ထဲက သူဌေးတွေတောင် ပိုက်ဆံရှိလို့ ကျားသား စားရတာ မဟုတ်ဘူးဆိုတော့ အရမ်းတော့ မဆုံးရှုံးပါဘူး။

အာလူးတွေက အရမ်းကြီးပုံမပေါ်ပေမယ့် နှစ်လုံးကို ငွေတစ်လျန် ပေးရမယ်။ အဲ့တာကတော့ သေလောက်အောင် စျေးကြီးလွန်းတယ်။

ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ရဲမက်ရှေ့သို့ ဖြန့်ပြလိုက်သည်။

ကျားသား မပေးခင် ပိုက်ဆံအရင် ‌တောင်းလိုက်ခြင်းပင်။

သူရှေ့မှလူက မယဉ်ကျေးသည်ကို မြင်နေရသောကြောင့် ရဲမက်ခေါင်းဆောင်အဖို့ ငွေပြန်ယူရုံမှတပါး ရွေးစရာ မရှိတော့ပေ။

ကျားသားတစ်ပိုင်းအတွက် လျန်နှစ်ဆယ် ကုန်ကျကြောင်း ကြားသိရသောအခါ ရဲမက်များ၏နှလုံးသားများ ကိုက်ခဲနာကျင်သွားပြီး ငွေကို မကျေမနပ် ထုတ်ပေးလိုက်ကြသည်။

အကျဉ်းသားအားလုံး၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်ရိပ်များ ရှိနေပြီး သူတို့၏မျက်နှာများကလည်း မီးခိုးရောင်သန်းနေကြသည်။ ရဲမက်များက သူတို့ကို လျန်နှစ်ဆယ်တန် ကျားသားကို မကျွေးမည်မှာ သေချာနေသည်။ သူတို့က အသားကို အနံ့ခံနေရပြီး ဆာလောင်နေရမည် ဖြစ်သောကြောင့် ကံကောင်းသည်လား ကံဆိုးသည်လားပင် မသိနိုင်တော့ပေ။

သခင်ကြီးချင်က အကျဉ်းသားတစ်ဦးကို ဆက်တိုက် ကြည့်နေခဲ့ပြီး သူ ကြည့်လေလေ ရင်းနှီးသည်ဟု ခံစားရလေလေ ဖြစ်လာခဲ့သည်။

All Chapters