အရမ်းကို စွမ်းဆောင်ရည်ရှိတဲ့ အထောက်အကူတစ်ခု ဖြစ်လိမ့်မယ်
Vol. 15 Ch. 217
ထိုလူမှာ အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူ့ထံတွင် လှပသာ မုတ်ဆိတ်မွှေး သုံးသွယ် ရှိခဲ့ဖူးသော်လည်း ယခုအခါ ထိုမုတ်ဆိတ်မွေးများအားလုံးက တုံးတိဖြစ်နေပြီ ဖြစ်သည်။ လူကလည်း အရိုးစုကဲ့သို့ ပိန်လှီနေသော်လည်း သူ့မျက်လုံးများက အခြားအကျဉ်းသားများကဲ့သို့ စိတ်ဓာတ်ကျနေခြင်းမျိုး မရှိပေ။ သူ့၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားခိုင်ခံသည့် သူတစ်ယောက်၏ပုံရိပ်ကို မြင်နိုင်ပြီး သူက စိတ်ဓာတ်မာကျောမှန်းသိသာနေသည်။
ချင်ဖုန်းက သူ့၏မျက်ဝန်းမှ အကြည့်များကြောင့် သူ့ကို မှတ်မိသွားခြင်း ဖြစ်သည်။
ဒါက သာသနာရေးဌာနက လက်ထောက်ဝန်ကြီး ရှင်းရူဟိုင် မဟုတ်ဘူးလား?
ဒီရှင်းရူဟိုင်က ပါရမီရှင်တစ်ဦးအနေနဲ့ မွေးဖွားလာခဲ့ပြီး စာပေရော သိုင်းပညာပါကျွမ်းကျင်တဲ့ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ ပြီးတော့ သူက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ချစ်မြတ်နိုးတဲ့ ဖြောင့်မတ်တဲ့ အရာရှိတစ်ဦးလည်း ဖြစ်ခဲ့ဖူးတယ်။ သူက ဘယ်တော့မှ လာဘ်ပေးလာဘ်ယူ မလုပ်ခဲ့ဘူး။ နောက်ဆုံးတော့ သူက ဝန်ကြီးချုပ်ဝမ်ဆီမှာ လက်အောက်ခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတယ်။ ဒီတခေါက်ကရော ဘာကြောင့် ပြည်နှင်ဒဏ်အပေးခံရပြန်တာလဲ?
ရဲမက်ခေါင်းဆောင်က ပိုက်ဆံပြန်ယူလာပြီး ကျိရွှေရှန့်ကို ပေးလိုက်သည်။ ကျိရွှေရှန့်က အိုးထဲမှ လူကြီးတစ်ယောက်၏လက်ဖဝါးအရွယ်ခန့် ကျားသားနှစ်တုံးကို ထုတ်ယူကာ သစ်ရွက်များဖြင့် ထုပ်လိုက်ပြီး ရဲမက်ခေါင်းဆောင်ကို ပြန်ပေးလိုက်သည်။
အသားက အရမ်းနည်းသည်ဟု ရဲမက်ခေါင်းဆောင်က ခံစားနေရသည်။ ဒီလောက်အသားလေးနှစ်ပိုင်းအတွက် ငွေလျန်လေးဆယ်လား?
သို့သော်လည်း သူ့မျက်နှာတွင် ဒေါသထွက်နေသည့် အရိပ်အယောင်ကို မပြရဲပေ။ ယင်းအစား သူက ကျိရွှေရှန့်နှင့် ယဉ်ယဥ်ကျေးကျေး ဆွေးနွေးရန် ကြိုးစားလိုက်သည်။
“ညီလေး၊ ငါတို့မှာ လူတွေအများကြီးရှိတယ်။ ငါတို့အတွက် ပိုကြီးတဲ့ အသားနှစ်တုံး ပေးလို့ ရမလား?"
ကျိရွှေရှန့်က အိုးထဲက အသားများကို ဇွန်းဖြင့် ခပ်ကာ သူ့ကို ပြလိုက်ပြီး “လူကြီးမင်း၊ အားလုံးက ဒီလောက်ပဲ ကြီးတယ်”
အမှန်တကယ်တွင် ထိုအသားများကို လှီးဖြတ်ခဲ့သူက သူကိုယ်တိုင် ဖြစ်သည်။ ထိုအချိန်တုန်းက စူးချင်းက အမြဲတမ်း အသားများကို အရွယ်တူ လှီးဖြတ်ခဲ့သည်ကို သူ တွေးမိသောကြောင့် သူက စူးချင်းထက် မညံ့စေရန် အသားများအားလုံးကို အရွယ်တူဖြစ်အောင် လှီးထားခြင်း ဖြစ်သည်။
ရဲမက်ခေါင်းဆောင်က သူ့လည်ပင်းကို ဆန့်လိုက်ပြီး အိုးထဲသို့ အချိန်အတော်ကြာ ဂရုတစိုက် လှမ်းကြည့်နေလေသည်။
ဟုတ်ပါ့၊ အိုးထဲက အသားတုံးတွေအားလုံးက အရွယ်အစား တူတူပဲ။
"ဒါဆို... ငါတို့ကို ဟင်းရည်နည်းနည်းလောက် ပေးလို့ရမလား? အဲဒီအကျဉ်းသားတွေကလည်း မစားရရင် ငတ်သေတော့မယ်။ ကျောင်းဆောင် ခုနှစ်ဆောင် ဆောက်တာထက် အသက်တစ်သက်ကို ကယ်တင်တာက ပိုကောင်းပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါဦး"
“လူကြီးမင်းက ဒီလိုပြောနေမှတော့ ဇလုံတစ်လုံးစာလောက် ပေးလိုက်ပါ” ချင်ဖုန်းက သူတို့နားသို့ လျှောက်လာရင်း ဝင်ပြောလိုက်သည်။
ချင်ဖုန်းက ရှင်းရူဟိုင်အတွက် စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။ သူတို့က တူညီတဲ့ မင်းဆက်မှာ အရာရှိတွေ ဖြစ်ခဲ့ကြပြီး ရှင်းရူဟိုင်က ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူတစ်ယောက် ဆိုတာကို သူ သိထားခဲ့တယ်။ သူက ရှင်းရူဟိုင်ရဲ့ဖြောင့်မတ်တဲ့စရိုက်နဲ့ အသိပညာတွေကို သဘောကျတယ်။
ဒီလူကို သူ့မြေးအတွက် အသုံးချနိုင်ရင် အရမ်းကို အစွမ်းထက်ပြီး အသုံးဝင်တဲ့ အထောက်အကူ တစ်ခု ဖြစ်လာမှာ သေချာတယ်။
“ကောင်းပါပြီ”
ကျိရွှေရှန့်က သူ့အဖိုး၏ ကမ်းလှမ်းချက်ကြောင့် ကူညီပေးရန် လက်ခံလိုက်သည်။ ရဲမက်ခါင်းဆောင်က အလွန်ပျော်ရွှင်သွားခဲ့သည်။
အသားဟင်းရည်ရရင် အဲ့ဒိရာဇဝတ်သားတွေက လမ်းမှာ ငတ်သေတော့မှာ မဟုတ်ဘူး။ ပြီးတော့ သူနဲ့ သူ့လူတွေကလည်း ဟင်းရည်ဝေစု ရနိုင်သေးတယ်။
ကျိရွှေရှန့်က သူ့အတွက် ဟင်းရည်ကို ချက်ချင်း မပေးလိုက်ပေ။ သူတို့က ရေနည်းနည်းဖြင့် ပြုတ်ထားသောကြောင့် သောက်ရန်အတွက်ဆိုလျှင် ဟင်းရည်က အနည်းငယ် ငန်နေမည် ဖြစ်သည်။ ထို့ကြောင့် သူက အသားအားလုံးကို ဖယ်ထုတ်လိုက်ပြီး ဟင်းအိုးထဲသို့ ရေတစ်ပုံး လောင်းထည့်ကာ ဆူပွတ်အောင် ပြန်တည်ထားပြီးမှ သူတို့အတွက်ဟင်းရည် ခပ်ထည့်ပေးလိုက်သည်။
ဟင်းရည် ရလာသည်ကို မြင်သည်နှင့် ရဲမက်များက လှည်းပေါ်မှ ပန်းကန်လုံးများကို အလျင်အမြန် ယူကာ ဟင်းရည်ထည့်ပြီး မော့သောက်နေကြတယ်။ ပြည်နှင်ဒဏ်အပေးခံရသူများက သူတို့ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် လှမ်းကြည့်နေကြသည်။
ရဲမက်များက သူတို့အတွက် ဟင်းရည် တောင်းပေးရလောက်အောင် ကြင်နာသွားပြီဟု သူတို့ ထင်ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် သူတို့ကိုယ်တိုင်အတွက် ဟင်းရည်တောင်းရန် သူတို့၏အမည်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ရဲမက်များက ပြည်နှင်ဒဏ်အပေးခံရသူများကို အစာအငတ်ထားရဲခြင်း မရှိပေ။ အထူးသဖြင့် ရှင်းရူဟိုင်ဖြစ်ပြီး သူက ကျင့်ရှီလျိုမြောင်သို့ မဖြစ်မနေ ခေါ်ဆောင်သွားရမည့် ရာဇဝတ်သားတစ်ဦး ဖြစ်သည်။
ဘယ်သူမဆို သေလို့ရပေမယ့် သူကတော့ အသက်ရှင်မှဖြစ်မယ်။
ရဲမက်များက ကျန်ဟင်းရည်တစ်ဝက်ကို ပြည်နှင်ဒဏ်အပေးခံရသူများထံ ယူဆောင်လာပြီး ဟင်းရည်ယူရန် ပန်ကန်းလုံးကိုင်ရင်း တန်းစီစေကာ တစ်ယောက်ကို ဇွန်းတစ်ဝက်စီသာ ထည့်ပေးလိုက်ကြသည်။
အကျဉ်းသားများက ဟင်းရည်ပူပူလေးကို တစ်ငုံစီ ဖြည်းဖြည်းချင်း သောက်နေကြပြီး ဤကမ္ဘာပေါ်မှ အရသာအရှိဆုံး အစားအစာကို စားလိုက်ရသလို ခံစားလိုက်ရသည်။ ဤပူပူနွေးနွေးဟင်းရည်ကြောင့် သူတို့၏ အေးခဲနေသော ခန္ဓာကိုယ်များ အနည်းငယ် နွေးထွေးလာသလို ခံစားကြခဲ့ရသည်။
စူးချင်းက သူမ၏ကုသိုလ်ကောင်းမှု အမှတ်များ တဖြည်းဖြည်း တိုးလာနေသည်ကို မြင်နေရသည်။ ဒီသေခါနီးလူတွေအတွက်တော့ ဒီဟင်းရည်ကို သောက်လိုက်ရတာက သူတို့ရဲ့အသက်ကို ကယ်တင်လို်ကတာနဲ့ အတူတူပဲ၊ အဲ့တာကြောင့် သူမရဲ့ကုသိုလ် အမှတ်တွေ တိုးလာတာ ဖြစ်နိုင်တယ်။
လက်ရှိတွင် သူမတို့ပြုတ်ထားသော အသားပြုတ်ရည် အိုးတစ်ဝက်ကျော် ကျန်နေသေးသည့်အတွက် စူးချင်းက ဟင်းရည်တစ်ဇလုံစာ ထပ်ထည့်လိုက်ပြီး လီတာ့နျိုကို သွားပို့ခိုင်းလိုက်သည်။
အသားပြုတ်ရည် နောက်တစ်ဇလုံ ယူလာပေးသည်ကို တွေ့လိုက်သောအခါ ရဲမက်များက အလွန်ဝမ်းသာသွားကြပြီး သူတို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေကြသည်။
အခု နောက်တစ်ပန်ကန် ထပ်သောက်လို့ရပြီလေ။
ရှင်းရူဟိုင်၏အလှည့်သို့ ရောက်သောအခါ ရဲမက်များက သူ့၏ပန်းကန်လုံးကို အပြည့်ဖြည့်ပေးလိုက်ကြသည်။ ရှင်းရူဟိုင်က ကျိရွှေရှန့်တို့အဖွဲ့ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ကျေးဇူးတင်စကားဆိုကာ သူ့ပါးစပ်နှင့်အပြည့် မော့သောက်လိုက်သည်။ ပူပူနွေးနွေးဟင်းရည်က သူ့ဗိုက်ထဲသို့ ဝင်သွားပြီး သူ့၏အတွင်းအင်္ဂါများ နွေးထွေးလာသလို ခံစားလိုက်ရသည်။
ချင်ဖုန်းက သူ့ဆီသို့ လျှောက်သွားလိုက်ပြီး အာလူးပြုတ်တစ်လုံး ပေးလိုက်သည်။ ရဲမက်များအားလုံးက ချင်ဖုန်းကို ဖော်မပြသော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး ချင်ဖုန်းက အဆောတလျင် ရှင်းပြလိုက်သည်။
“လူကြီးမင်း၊ ဒီအဘိုးကြီးက အရင်တုန်းက ဒီအမျိုးသားဆီကနေ အစားအစာ လက်ခံခဲ့ဖူးပါတယ်။ ဒီနေ့ အဲ့ဒီတနပ်စာအတွက် ပြန်ဆပ်ချင် လို့ပါ”
ရှင်းရူဟိုင်က ချင်ဖုန်းကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်သည်။
သူ ဒီလူ့ကို ဘယ်တုန်းက ပေးကမ်းခဲ့ဖူးတာလဲ? သူ မမှတ်မိတော့ဘူး။ ဒါပမေယ့် သူက ဒီလိုမျိုးတွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးတာကြောင့် သူ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။
ရဲမက်များက ထိုအာလူးပြုတ်ကို ကြည့်နေပြီး ရင်ထဲတွင် နင့်နေကြသည်။
သူတို့လည်း ဒီလိုအစားအစာမျိုးကို ပထမဆုံးမြင်ဖူးတာပဲ။ ရွှေဝါရောင်ရှိပြီး အနံ့က တော်တော်မွှေးတယ်။ အသားလောက် အရသာ ရှိမှာ မဟုတ်ပေမယ့် အရသာကောင်းမှာတော့ သေချာတယ်။
ရှင်းရူဟိုင်က အာလူးပြုတ်ကို လှမ်းယူလိုက်ပြီး ချင်ဖုန်း၏လက်သီးအုပ်ကာ ကျေးဇူးတင်လိုက်သည်။
“ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျေးဇူးတင်ပါတယ်... ကျေးဇူးရှင်ကြီး"
"ရပါတယ်... ဒါက ဘာမှ မဟုတ်ပါဘူး"
ချင်ဖုန်းက နောက်ပြန်ဆုတ်လိုက်ပြီး ရှင်းရူဟိုင်၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖုံးလွှမ်းနေသည်ကိုပါ သိသွားခဲ့သည်။
ကမ္ဘာပေါ်က လှပတဲ့ ဆောင်းပါးတွေ အများကြီးကို ရေးသားခဲ့တဲ့ သူရဲ့လက်ချောင်းတွေက ညှင်းပန်းနှိပ်ဆက်တဲ့ ကရိယာတွေနဲ့ အနှိပ်စက်ခံရလို့ ပုံပျက်သွားခဲ့ပြီ။ လေးလံတဲ့ သံခြေကျင်းတွေကြောင့် ရှင်းရူဟိုင်တစ်ယောက် ခေါင်းတောင် မမော့နိုင်တော့ဘူး။
ချင်ဖုန်းက သူ့အပေါ် စာနာစိတ်များ ဖြစ်ပေါ်နေပြီး မကူညီနိုင်သည့်အတွက်လည်း စိတ်မကောင်း ဖြစ်နေရသည်။
အမှန်တော့ သူ့မြေးနဲ့ စူးချင်းသာ သူ့ကို မကယ်တင်ခဲ့ဘူးဆိုရင် သူလည်း အခုဆို ခေါင်းဖြတ်ခံရနေရပြီလား? ဒါမှမဟုတ် ရှင်းရူဟိုင်လိုပဲ အဆုံးသတ်သွားရမှာလား? သစ္စာဖောက်က အာဏာရှိနေပြီး ဧကရာဇ်က အရည်အချင်း မရှိတာကြာင့် သစ္စာစောင့်သိတဲ့ လက်အောက်ငယ်သားတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူး။
ရှင်းရူဟိုင်က သူ့ခြေထောက်ပေါ်ရှိ လေးလံသောသံခြေချင်းများကို ဆွဲမလိုက်ပြီး မြေပြင်ပေါ်တွင် အားမရှိတော့သလို ထိုင်နေသော ဇနီးဖြစ်သူ၏ နံဘေးသို့ လှမ်းသွားလိုက်သည်။ သူက ချင်ဖုန်း ပေးခဲ့သော အာလူးပြုတ်ကို စားရန် ဆန္ဒမရှိဘဲ သူ့မိန်းမနှင့် ကလေးများအတွက် ချန်ထားပေးချင်နေပုံရသည်။
ထိုအပြုအမူကို မြင်သွားသော ရဲမက်များ၏မျက်ခုံးများက ပင့်တက်သွားခဲ့သည်။ သူတို့က ထိုနေရာသို့ သွားပြီး အာလူးပြုတ်ကို ပြန်လုယူချင်နေသော်လည်း ကျိရွှေရှန့်နှင့် အခြားလူများက စောင့်ကြည့်နေကြသည်။ ထို့ကြောင့် သူတို့ မည်မျှပင် အရှက်မဲ့စေကာမူ ဟန်ဆောင်နေကြရသည်။
“မင်းတို့ ဟင်းရည် သောက်ပြီးပြီ ဆိုရင် ရေယူဖို့ ငါနဲ့ လိုက်ခဲ့ကြ"
ရဲမက်များက ဟင်းရည်တစ်ဝက်ကို သူတို့အတွက် ချန်ထားခဲ့ပြီး ကျန်တစ်ဝက်ကို အကျဉ်းသားများအား ဝေပေးလိုက်သည်။ သူတို့ ဟင်းရည်သောက်ပြီးချိန်တွင် အကျဉ်းသားများကို ဘဲများကဲ့သို့ မောင်းသွားပြီး ရေသွားယူရန် ထွက်သွားကြသည်။
အမျိုးသားများက ရေသွားယူရန် မောင်းထုတ်ခံရပြီး အမျိုးသမီးနှင့် ကလေးများကို စောင့်ကြည့်ရန် ရဲမက်နှစ်ဦး ကျန်နေခဲ့သည်။ အမှန်တကယ်တွင် သူတို့ကို စောင့်ကြည့်နေစရာ မလိုတော့ပေ။ သူတို့ကို ပြေးခွင့်ပေးလျှင်ပင် သူတို့ထံ၌ ပြေးစရာ ခွန်အားမရှိတော့ပေ။ ရှင်းရူဟိုင်က သူ့၏ထူးခြားသော အခြေအနေကြောင့် အကာအကွယ် အပေးခံထားရပြီး ထိုနေရာတွင် အနားယူရန် ကျန်နေခွင့်ရခဲ့သည်။
ယနေ့က အံ့သြစရာ ကောင်းသောနေ့ တစ်နေ့ ဖြစ်နေပြီး ချင်ဖုန်းက ထိုလူအား အာလူးပြုတ်ပေးပြီးနောက် သူမ၏ကုသိုလ်ကောင်းမှုက အလျင်အမြန် တိုးလာသည်ကို စူးချင်း မြင်လိုက်ရသည်။ သူမ၏ကုသိုလ်ကောင်းမှုက အဆင့်ရှစ်သို့ ရောက်လုနီးပါးဖြစ်နေသော်ကြောင့် အဆင့်တက်ရန် ခက်ခဲနေပြီး အမှတ်များ တိုးလာခြင်းက အလွန်နှေးကွေးနေခဲ့သည်။ ယခုကဲ့သို့ အစိတ်သေးနှစ်ခုစာ ချက်ခြင်းထိုးတက်လာခြင်းမျိုးကို မြင်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
သူတို့ကို ဟင်းရည် နှစ်ဇလုံစာ ပေးလိုက်သောကြောင့် တစ်ဇလုံသာတော့ ကျန်တော့ပြီး ထောင်ဟွားဝူမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်တစ်ဦးစီက ပန်းကန်လုံးတစ်ဝက်စီသာ ရကြတော့သည်။ ဟင်းရည်များ ပေးလိုက်ရသည်ကို နှမြောနေကြသော်လည်း ပြည်နှင်ဒဏ်အပေးခံရသည့်သူများက မည်မျှ သနားစရာကောင်းသည်ကို မြင်နေရသောကြောင့် မည်သူကမျှ ဘာမှ မပြောခဲ့ကြပေ။
စူးချင်းက လူအရေအတွက်အတိုင်း ပြုတ်ထားသော ကျားသားများကို လှီးဖြတ်ပေးလိုက်သည်။ လူတစ်ဦးစီတွင် အသားတစ်ပိုင်း၊ အာလူးပြုတ်နှစ်လုံးနှင့် ဟင်းရည်ပန်းကန်တစ်ဝက်စီ ရရှိကြသည်။ ဤသည်မှာ လက်ရှိရက်အနည်းငယ်အတွင်း သူတို့စားခဲ့သမျှထဲမှ အကောင်းဆုံး အစားအစာဖြစ်သည်။
စူးချင်းက ပါဝင်ပစ္စည်းများကို လုံလုံလောက်လောက် သုံးထားသောကြောင့် အရသာက ကောင်းမွန်နေသည်။ ကျားသားက အရမ်းမနူးညံ့ဘဲ ဝါးရန် လိုအပ်သော်လည်း များများဝါးလေလေ ပိုမွှေးလေလေဖြစ်သည်။ အာလူးပြတ်များက နူးညံ့ပျော့ပျောင်းပြီး အသားပြုတ်ရည်ဖြင့် မျောချပါကာ သွားမရှိသော အဘိုးအိုကြီးများပင် စားနိုင်လောက်သည်။
ပြည်နှင်ဒဏ်အပေးခံရသည့်သူများထဲမှ အမျိုးသမီးများနှင့် ကလေးများက သူတို့ အသားများနှင့် အာလူးပြုတ်များ စားနေကြသည်ကို ကြည့်နေကြပြီး သားရေများ ကျနေကြသည်။ သူတို့၏ မျက်လုံးများတွင် စားချင်စိတ်များ ပြည့်နှက်နေလေသည်။
ရှင်းရူဟိုင်၏ဇနီးက ခင်ပွန်းသည်ဆီမှ ရရှိခဲ့သော အာလူးပြုတ်ကို သူမ၏ကလေးနှစ်ယောက်အား ခွဲဝေပေးလိုက်သည်။ သနားစရာကောင်းသော ကလေးနှစ်ယောက်က မိဘများနှင့်အတူ ဒုက္ခခံနေကြရပြီး နဂိုက ဖွံ့ဖွံ့ထွားထွားကလေးများက ပိန်ပိန်သေးသေးလေးများ ဖြစ်သွားကာ သနားစရာကောင်းနေတော့သည်။
ကလေးနှစ်ယောက်က အာလူးခြမ်းလေးများကို ယူလိုက်သော်လည်းပြီး သူတို့ဘာသာ မစားရက်ကြဘဲ သူတို့မိဘများ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ကြသည်။
"အဖေနဲ့ အမေလည်း စားပါ"
ချင်ဖုန်းက စိတ်မကောင်း ဖြစ်သွားပြီး သူ၏ဝေစု အာလူးနှစ်လုံးကို စိုက်ကြည့်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ အသားတွေ ရှိနေတာပဲလေ။ ဒီအာလူးပြုတ်နှစ်လုံးကို မစားရယုံနဲ့ သူလည်း ချက်ချင်း ငတ်သေမှာ မဟုတ်ပါဘူး။
ချင်ဖုန်း ထပ်ရောက်လာသည်ကို မြင်သောအခါ ရဲမက်များက အဘိုးကြီး၏ရင်ဘတ်ကို သံမဏိဓားဖြင့် ဖိကာ တားဆီးထားလိုက်သည်။