အရမ်းကို စွမ်းဆောင်ရည်ရှိတဲ့ အထောက်အကူတစ်ခု ဖြစ်လိမ့်မယ်
Vol. 15 Ch. 218
"နောက်ပြန်ဆုတ်စမ်း"
ရဲမက်နှစ်ယောက်က ချင်ဖုန်းကို အော်ဟစ်လိုက်ကြသည်။ သူတို့က သူ့အဘိုးအား ဓားသုံးကာ အတင်းအကြပ် တားဆီးနေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က မည်းမှောင်သောအမူအရာဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ ကျိရွှေရှန့်တစ်ယောက် မည်းမှောင်သောမျက်နှာဖြင့် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရချိန်တွင် ရဲမက်နှစ်ယောက်က တုန်လှုပ်သွားကြပြီး "မင်းက ဘာလုပ်ချင်လို့လဲ?"
ကျိရွှေရှန့်က ထိုလူနှစ်ယောက်နှင့် တိုက်ခိုက်မည်ကို ချင်ဖုန်း စိုးရိမ်နေပြီး သူက ကမန်းကတမ်း ဦးညွှတ်ရင်း ဝင်ပြောလိုက်သည်။
"လူကြီးမင်း၊ ကျွန်တော်မျိုးက ကလေးတွေကို သနားလို့ စားစရာလေး ပေးချင်တာပါ"
"ဘာတွေ သနားစရာရှိလို့လဲ? သူတို့အားလုံးက ရာဇ၀တ်သားတွေပဲ။ သူတို့ကို ဘာမှ ပေးခွင့်မရှိဘူး”
ရဲမက်နှစ်ယောက် ချင်ဖုန်း၏ နှိမ်ချသော သဘောထားကို မြင်သွားပြီး ပို၍ပင် မောက်မာလာသည်။
ဒီအာလူးတွေက အနံ့အရမ်းမွှေးတယ်။ ဒီနိမ့်ကျတဲ့တောသားတွေက သူတို့ကို ကျတော့ အလကားမပေးဘဲ နှစ်လုံးကို ငွေတစ်လျန်နဲ့ ရောင်းတယ်။ ဒါပေမယ့် သူတို့က ရှင်းရူဟိုင်နဲ့ သူ့မိသားစုကိုတော့ အလကား ပေးတယ်ပေါ့။ ဒါက သူတို့ကို အရမ်းစိတ်ပျက်စေတယ်။ သူတို့က သူတို့မပျော်ရင် သူမကို ဒုက္ခပေးချင်တယ်လေ။
“လူကြီးမင်း၊ အကျဉ်းသားတွေ ငတ်ပြီး သေကုန်ရင် လူကြီးမင်းတို့လည်း အပြစ်ပေးခံရမှာ မဟုတ်ဘူးလား?"
ချင်ဖုန်းက ဒေါသထွက်နေပြီ ဖြစ်သည်။
သူသာ အရင်တတုန်းကလို အရာရှိဖြစ်နေသေးရင် ဒီနှစ်ကောင်က အထုပ်ပိုက်ပြီး အိမ်ပြန်နေရလောက်ပြီ။ ဒါပေမယ့် ယခုတော့ သူလုပ်နိုင်တာက ဘာမှ မရှိဘူး။ အဲ့တော့ သူတို့ကို စိတ်ရှည်ရှည်နဲ့ ချော့မော့ဖို့ပဲ တက်နိုင်တော့တယ်။
"ခွေးကောင်၊ မင်းက သေချင်နေတာလား?"
ရဲမက်နှစ်ဦးက လုံးဝ အလျော့မပေးခဲ့ပေ။ ကျိရွှေရှန့်က သူတို့နှင့် အဓိပ္ပါယ်မဲ့ပြောဆိုရန် စိတ်မ၀င်စားဘဲ သူတို့၏ ဓားများကို တိုက်ရိုက် တွန်းဖယ်လိုက်သည်။ သူက သူ့လက်ထဲမှ အာလူးများအပြင် သူ့အဘိုး၏လက်တွင် ကိုင်ထားသည့် အာလူးများကိုပါ ရှင်းရူဟိုင်၏မိသားစုဆီသို့ လှမ်းပေးလိုက်သည်။
ရဲမက်နှစ်ယောက်က သူတို့ရှေ့မှ သန်မာထွားကျိုင်းသည့်လူ၏ တင်းမာသော ဟန်ပန်ကြောင့် ထိတ်လန့်သွားကြသည်။
အခု တခြားရဲမက်တွေက ရေသွားယူဖို့ အကျဥ်းသားတွေကို ဦးဆောင်ခေါ်သွားတော့ သူတို့ နှစ်ယောက်ပဲ ကျန်တယ်။ တကယ်လို့ တိုက်ခိုက်ကြရင် သူတို့ပဲ ဒုက္ခရောက်မှာ။
သို့သော်လည်း သူတို့က သူတို့ကိုယ်သူတို့ အင်အားကြီးဟန်ဆောင်ကာ အရှုံးမပေးချင်ကြသေးပေ။ သူတို့က သူတို့၏ သတ္တိကို စုစည်းပြီး ကျိရွှေရှန့်ကို အော်ဟစ်လိုက်ကြသည်။
“အဲဒီမှာ ရပ်နေစမ်း”
ကျိရွှေရှန့်က သူတို့၏စကားကို မကြားသလို ပြုမူနေပြီး ရှင်းရူဟိုင်တို့မိသားစုဆီသို့ လျှောက်သွားကာ အာလူးလေးလုံးကို ရှင်းရူဟိုင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဤမျှ စိတ်ပျက်စရာကောင်းသော အနေအထားသို့ ကျရောက်နေသော်လည်း ရှင်းရူဟိုင်၏သူ့မျက်လုံးထဲတွင် မတုန်မလှုပ် ဖြစ်နေသည့်အမူအရာများ ရှိနေသေးသည်။ ကျိရွှေရှန့်က သူ့ကို သဘောကျသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စားပါ။ ကျုပ် စောင့်ကြည့်ပေးမယ်။ ဘယ်သူမှ လာမလုစေရဘူး”
"ကျေးဇူးတင်ပါတယ် လူကြီးမင်း"
ရှင်းရူဟိုင်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူစိမ်းတစ်ယောက်က သူတို့မိသားစုအတွက် ရဲမက်တွေကို ဆန့်ကျင်ပေးနေတယ်။ ဒီလိုလူသူကင်းမဲ့တဲ့ အရပ်မှာ အစားအစာတလုပ်ကတောင် အသက်ကို ကယ်တင်ပေးနိုင်တယ်လို့ ဆိုရမယ်၊ အဲ့တာကြောင့် သူ့ရှေ့ကလူကို ကြီးမြတ်တဲ့ ကျေးဇူးရှင်လို့ပြောရင် အဲ့တာက ချဲ့ကားပြောဆိုတာ မဟုတ်ပါဘူး။
ရဲမက်များက လာရောက်လုယူမည်ကို စိုးရိမ်သဖြင့် လေးယောက်သား ဝံပုလွေမိသားစုကဲ့သို့ အာလူးများကို သည်းကြီးမည်ကြီး စားလိုက်ကြသည်။ အသားပြုတ်ရည် သောက်ထားရပြီး အာလူးကိုပါ ထပ်စားလိုက်ရသောကြောင့် သူတို့မိသားစုတစ်ခုလုံး အသက်ရှင်နေသေးသလို ခံစားလိုက်ကြရသည်။ သူတို့က ကျိရွှေရှန့်နှင့်ချင်ဖုန်းတို့ကို ကျေးဇူးတင်သောအကြည့်များဖြင့် ကြည့်နေကြသည်။
ရဲမက်နှစ်ဦးက အာလူးနံ့ကြောင့် သားရေကျနေသော်လည်း လာလုယူရန်တော့ မဝံ့ရဲကြပေ။
ရှီးချန်တစ်ဝက်(တစ်နာရီ)ခန့်ကြာပြီးနောက် ရဲမက်ခေါင်းဆောင်က အမျိုးသားအကျဉ်းသားများကို ခေါ်ဆောင်ကာ အခြားရဲမက်များနှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူတို့၏ရေအိတ်များတွင် ရေများ ပြည့်နေပြီး သူတို့က မြစ်ကမ်းဘေး၌ ရေကို ဝအောင်သောက်ခဲ့ကြပြီး မျက်နှာကိုပါ ဆေးကြောလာခဲ့ကြသည်။ ရေက အေးလွန်းသောကြောင့် ရေချိုးရန်တော့ သတ္တိမရှိကြပေ။
ရဲမက်ခေါင်းဆောင် ပြန်ရောက်လာချိန်တွင် ဒေါသထိန်းထားရသော ရဲမက်နှစ်ယောက်က ပုံကြီးချဲ့ နှိုးဆော်ရန် ရဲမက်ခေါင်းဆောင်ဆီသို့ ပြေးသွားလိုက်ကြသည်။
“သူတို့က ကျွန်တော်တို့ကို အာလူးတစ်လုံး ကြေးဒင်္ဂါး ၅၀၀ နဲ့ ရောင်းတယ်၊ ဒါပေမယ့် ရှင်းရူဟိုင်ကိုတော့ အလကားပေးတယ်။ ဒီလူတွေက ရှင်းရူဟိုင်နဲ့ ဆက်ဆံရေးတစ်ခုခု ရှိတယ်လို့ ကျွန်တော်တို့ တွေးမိတယ်။ သူတို့က အကျဉ်းသားတွေကို လုယူချင်နေတာလည်း ဖြစ်နိုင်တယ်”
ရဲမက်ခေါင်းဆောင်က ကျိရွှေရှန့်နှင့် တခြားသူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စားသောက်ပြီးသည်နှင့် သူတို့က ရေထည့်နိုင်မည့် ထည့်စရာကို ယူကာ ရေသွားခပ်နေကြသည်။ အမျိုးသမီးများက ပန်းကန်နှင့် အိုးများကို ဆေးကြောပြီး လှည်းပေါ်သို့ ပြန်တင်နေကြသည်။ ဓားကိုင်ထားသော သက်တော်စောင့် အနည်းငယ်မှ လွဲ၍ ကျန်သူများက သာမန်လူများကဲ့သို့ ဖြစ်နေကြသည်။
“ပြသနာ မဖြစ်စေနဲ့။ သူတို့က လူတွေ အများကြီးပဲ၊ တိုက်ခိုက်ကြရင် ငါတို့ပဲ ဒုက္ခရောက်လိမ့်မယ်”
ကျိရွှေရှန့်နှင့် သူ့၏လူများက အကျဉ်းသားများကို လုယူရန် ရည်ရွယ်မရှိကြောင်း သိသာနေသောကြောင့် ရဲမက်ခေါင်းဆောင်က သူ့လက်အောက်ငယ်သားများကို စိတ်အေးအေးထားရန် သတိပေးလိုက်သည်။
ယခု ကောင်းကင်က တောက်ပနေပြီး ဤလူများက ညဘက်တွင် မကောင်းဆိုးဝါးများ မဖြစ်သွားနိုင်ဘူးဟုတော့ အာမခံရန် ခက်ခဲ့သောကြောင့် နောက်ထပ်ဒုက္ခမဖြစ်စေရန် ရဲမက်ခေါင်းဆောင်က ဤနေရာတွင် ကြာကြာမနေရဲတော့ပေ။ သူက အနားယူရန်ပင် မတွေးနိုင်တော့ဘဲ အကျဉ်းသားများအားလုံးကို ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ ပါးစပ်ဖြင့် အော်နေသည်က အသုံးမဝင်သောကြောင့် သူတို့က အကျဉ်းသားများကို ကြာပွတ်ဖြင့် တိုက်ရိုက် နေကြပြန်သည်။
အဲ့လိုမှ မဟုတ်ရင် ဘယ်သူမှ ထလာကြမှာ မဟုတ်ဘူး။
ပြည်နှင်ဒဏ်အပေးခံရသူများက ဆဲဆိုခံနေရသည့်အပြင် သိုးများကဲ့သို့ ကြာပွတ်ဖြင့် အရိုက်ခံနေကြရသည်။ သူတို့ မထွက်ခွာခင်တွင် ရှင်းရူဟိုင်က ချင်ဖုန်းနှင့် ကျိရွှေရှန့်ကို လက်သီးအုပ်ကာ ကျေးဇူးလှမ်းတင်လိုက်သေးသည်။
အခွင့်အရေး ရရင် ဒီတစ်နပ်စာရဲ့ကျေးဇူးကို ပြန်ဆပ်ပါ့မယ်။
ကျိရွှေရှန့်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး လက်ဟန်ဖြင့် အရိုအသေ ပြန်ပေးလိုက်ပြီး သူတို့ မောင်းထုတ်ခံနေရသည်ကို ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။
"အဖိုး၊ သူက ဘယ်သူလဲ?"
လူတိုင်းက အဝေးသို့ ထွက်သွားပြီးချိန်တွင် ကျိရွှေရှန့်က ချင်ဖုန်းကို မေးမြန်းလိုက်သည်။
“ရှင်းရူဟိုင်... လူမူရေးရာဝန်ကြီးဌာနက လက်ထောက်ဝန်ကြီး... ဖြောင့်မှန်ပြီး အသိပညာ ဗဟုသုတ ကြွယ်ဝတယ်။ သူက ရည်မှန်းချက်ကြီးပြီး ရိုးသားတယ်။ ရှားရှားပါးပါး သန့်ရှင်းတဲ့ အရာရှိတစ်ယောက်ပေါ့။ မင်း ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ချင်ရင် ဒီလူက မင်းအတွက် အထောက်အကူကောင်း ဖြစ်လာလိမ့်မယ်"
ချင်ဖုန်းက သူ့မြေး၏ရည်မှန်းချက်ကို သိထားပြီး ဖြစ်သည်။ သူ့မြေးက ကလဲ့စားချေခြင်းအပြင် အခြားကြီးမားသောအရာတစ်ခုခုကိုလည်း လုပ်ချင်နေခဲ့သည်။ ထိုအရာကို လုပ်ဆောင်ချင်လျှင် ငွေအမြောက်အများ လိုအပ်ရုံသာမက အရည်အချင်းရှိသည့်လူများလည်း လိုအပ်သည်။
ရွှေဒင်္ဂါးတစ်ထောင်ရဖို့ လွယ်ပေမယ့် လက်အောက်ငယ်သားတစ်ယောက်ရဖို့တော့ ခက်ခဲပါတယ်။ အဲ့တာအပြင် လက်အောက်ငယ်သားကောင်းကို ရွေးချယ်နိုင်မှ တိုင်းပြည်က အေးချမ်းသာယာနိုင်လိမ့်မယ်။
“အဲဒီရဲမက်တွေက တော်တော် ရက်စက်ပုံရတယ်။ သူတို့ရဲ့မိသားစုကို လျှို့ဝှက်ကာကွယ်ပေးဖို့ ဦးလေးချွီနဲ့ တခြားသူတွေကို လိုက်သွားခိုင်းလိုက်မယ်”
ကျိရွှေရှန့်က ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီလို အလားအလာရှိပြီး အရည်အချင်းရှိတဲ့ လူတွေကို ဖမ်းဆုပ်ထားရမယ်။ အဲ့လို မဟုတ်ဘဲ ကျင့်ရှီလျိုမြောင်ရောက်တဲ့အထိ စောင့်နေရင် ဒီရဲမက်တွေ ညှဉ်းပန်းနှိပ်စက်လို့ သူ့အသက်တောင် ကျန်နိုင်မှာ မဟုတ်တော့ဘူး။
တကယ်လို့ သူက ရှင်းရူဟိုင်ရဲ့မိသားစုဝင်တွေကို သေစေပြီးမှ အဲ့အကျပ်အတည်းကနေ သွားကယ်တင်မယ်ဆိုရင်လည်း ဒီလူက သူ့အပေါ် အကြွင်းမဲ့သစ္စာရှိမှာ မဟုတ်တော့ဘူး။
“ဒါလည်း ကောင်းတယ်။ မဟုတ်ရင် ကျင့်ရှီလျိုမြောင် မရောက်ခင် ဒီရဲမက်က သူ့ကိုသတ်လိုက်မှာကို ငါ ကြောက်တယ်”
ချင်ဖုန်းကလည်း ထိုအရာက အကြံကောင်းတစ်ခုဟု ခံစားနေရသည်။ ချွီတာ့က အေးဆေးတည်ငြိမ်ပြီး ကမောက်ကမ မပြုမူတတ်သောကြောင့် ရှင်းရူဟိုင်၏မိသားစုကို လျှို့ဝှက်ကာကွယ်ထားရန် အသင့်တော်ဆုံးသူ ဖြစ်သည်။
ကျိရွှေရှန့်က သူ့အဖိုး၏ ဆွေးနွေးမှုအပြီးတွင် ရှင်းရူဟိုင်ကို ကာကွယ်ပေးရန် ချွီတာ့ကို သွားရောက် တောင်းဆိုလိုက်ပြီး ချွီတာ့က စကားတစခွန်းပင် ပြန်မငြင်းဘဲ လက်ခံသဘောတူလိုက်သည်။
လူတိုင်းက သစ္စာစောင့်သိတဲ့ အရာရှိတွေနဲ့ ဝတ္တရားကျေပွန်တဲ့ သားသမီးတွေကို လေးစားကြတယ်လေ။ သူတို့ရဲ့ စစ်သူကြီးကလည်း အဲ့ဒိသစ္စာမရှိတဲ့လူဆီမှာ အသတ်ခံခဲ့ရတာလေ။ ရှင်းရူဟိုင်က သူ့တို့ရဲ့သခင်လေးကို ကူညီပေးနိုင်မယ်ရင် သူတို့ကလည်း သူ့ကို ကောင်းကောင်း ကာကွယ်ပေးမှာပါပဲ။
ချွီတာ့က ကျန်းချမ်နှင့် အခြားလက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ရှင်းရူဟိုင်တို့နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
ချွီတာ့နှင့် အခြားသူများက ရှင်းရူဟိုင်တို့ကို ကာကွယ်ပေးမည် ဖြစ်သောကြောင့် ကျိရွှေရှန့်က စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ချွီတာ့တို့အဖွဲ့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးမှ ချိုးယုံခန်းနှင့် ဆွေးနွေးရန်ကိစ္စများအတွက် ချိုးယုံခန်းကို သွားရှာလိုက်သည်။
အချိန်က ညနေစောင်းနေပြီ ဖြစ်ကာ သူတို့ အလျင်စလို ထွက်ခွာလျှင်ပင် ညမမှောင်ခင် ဤတောင်တန်းမှ ထွက်နိုင်ကြမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ ရေရှိရာအရပ်နှင့် ဝေးကွာသွားနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ဤနေရာမှာ စခန်းချပြီး အနားယူခြင်းက ပိုကောင်းမည်ဟု တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ နောက်နေ့ နံနက် စောစောတွင် ပြန်ထွက်ခွာရန်ပါ အချိန်သတ်မှတ်လိုက်သည်။
ယနေ့ည ဤနေရာတွင် တစ်ည အနားယူရန် ဆုံးဖြတ်လိုက်သောကြောင့် လေနှင့်မိုးဒဏ်ကို ခံနိုင်ရည်ရှိမည့် နေရာကို ထပ်ရှာရပြန်သည်။ ကျိရွှေရှန့်က လီတာ့နျိုကို ခေါ်ဆောင်ကာ နေရာရှာရန် ထွက်ခွာသွားသည်။ ကျုံးယုံက သူတို့နောက်သို့ လိုက်ချင်နေသော်လည်း စူးချင်းတို့ကို ကာကွယ်ပေးရန် နောက်တွင် နေခဲ့ရမည်ဟု ကျိရွှေရှန့်က သူ့ကို အမိန့်ပေးလိုက်သည်။
နေ့ခင်းဘက်တွင် ဘာမှ လုပ်စရာမရှိသောကြောင့် စူးချင်းက သူမ နောက်ထပ် သားကောင် လိုက်ရှာရန် တောင်ပေါ်သို့ တက်နိုင်လျှင်ကောင်းမည်လားဟု တွေးတောနေခဲ့သည်။
သားကောင်ကြီး ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ တစ်ကောင်ဖမ်းမိလိုက်တာနဲ့ အဆင့်တက်သွားလိမ့်မယ်။
ပြီးတော့ တစ်ချိန်တည်းမှာပဲ အရေးပေါ်အခြေအနေတွေအတွက် ရှောင်ချီရဲ့ ဆေးပင်သိုလှောင်ခန်းကို ဖြည့်ဆည်းပေးဖို့ ဆေးပင်တွေလည်း ရှာနိုင်လိမ့်မယ်။
ရှောင်ချီကတော့ စနစ်ထဲတွင် ကျားရိုးများ သိမ်းဆည်းရင်း အလုပ်များနေလေသည်။ ဤကဲ့သို့ ကောင်းမွန်သော ကျားရိုးများက အထက်တန်းစား ဖြစ်သောကြောင့် သူမက သူမ၏သခင် ငွေရှာရာတွင် ကူညီနိုင်ရန် ၎င်းတို့ကို မှန်မှန်ကန်ကန် သိမ်းဆည်းရန် စီမံခန့်ခွဲ နေခြင်း ဖြစ်သည်။
စူးချင်းက သူမ၏ဆေးသိုလှောင်ရုံကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးချင်နေကြောင်း ကြားလိုက်ရသဖြင့် ရှောင်ချီက ကျေနပ်သွားပြန်သည်။
တကယ်တော့ သခင်နဲ့အတူ ဆေးပင်ရှာဖို့ လိုက်သွားချင်တယ်။ စနစ်ထဲမှာ တစ်ချိန်လုံးနေရတာက အရမ်းပျင်းစရာကောင်းတယ်။ သခင်ရဲ့ဘဝက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
စူးချင်းက တောင်ပေါ်သို့ တက်မည်ဟု ပြောလိုက်ချိန်တွင် လီရွှန်းအာ၊ ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က သူမတို့၏ဒူးလေးများကို ကိုင်ကာ လိုက်လာကြပြန်သည်။
ခြင်းတောင်းများအားလုံးကို ကျောက်မီးသွေး ထည့်ရန် အသုံးပြုလိုက်သောကြောင့် သူမတို့တွင် ထည့်စရာ မရှိတော့ပေ။ တစ်ခုခုကို သယ်ဆောင်ချင်လျှင် အဆင်မပြေသည့်အပြင် စူးချင်းကလည်း သူမ၏ရက်လုပ်မှုစွမ်းရည်ကို မြှင့်တင်လိုသောကြောင့် သူမ၏မျက်စီရှေ့မှ မိုးမခအကိုင်းအခက်များကို ခုတ်ချလိုက်သည်။ အချိန်တိုအတွင်းမှာပင် မိန်းကလေးများက ခိုင်ခံ့သော ခြင်းတောင်းလေးခုကို ပြုလုပ်ကာ သူမတို့၏ကျောပေါ်တွင် တင်ထားပြီး ဖြစ်သည်။
ကျုံးယုံက မြက်ခြောက်တစ်ပင်ကို ကိုက်ဝါးနေရင်း ပျင်းတိပျင်းတွဲ အမူအရာဖြင့် သူမတို့ကို ကြည့်နေခဲ့သည်။
ခြင်းတောင်းတွေ ရက်တာ အရမ်း ပျင်းစရာကောင်းတယ်။ အမဲလိုက်ရတာကမှ ပိုကောင်းဦးမယ်။
သူ လိုချင်တာက ရောက်လာပြီလား?
သူတို့ အမဲလိုက်ခါနီးတွင် မြက်ခင်းပြင်မှ လှုပ်ရှားသံအချို့ကို ကြားလိုက်ရသည်။ ကျုံးယုံ၏ နားရွက်ကြီးက ရုတ်တရက် ထောင်မတ်သွားပြီး သူ့မျက်လုံးများက မြက်ခင်းပြင်ကို စိုက်ကြည့်နေခဲ့သည်။ တောင်ပေါ်ရှိ မြက်ပင်၊ ပေါင်းပင်များက လူတစ်ယောက်၏ ဒူးလောက်အထိ မြင့်မားသောကြောင့် ကျားတစ်ကောင် ပုန်းနေလျှင်ပင် ပြဿနာ မရှိနိုင်ပေ။