အခန်း (၂၂၆)
Vol. 16 Ch. 226
မည်သို့ပင်ဆိုစေကာမူ စစ်သည်တစ်ဦးတစ်ယောက်ကမျှ တုန်လှုပ်နေခြင်းမရှိဘဲ သေခြင်းတရားကို ရင်ဆိုင်ရန်အဆင်သင့်ဖြစ်နေပုံရသည်။
"သူတို့ကို သတ်"
ကျိရွှေရှန့်က ကျုံးယုံကို ရှေ့သို့တိုးရန် အော်ဟစ်အမိန့်ပေးလိုက်သည်။ သူထံတွင် မည်သည့်လက်နက်မျှ မရှိသော်လည်း ကျိရွှေရန့်က မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ဓားတစ်ချောင်းကို ကောက်ယူပြီး တစ်ဖက်မှ ရန်သူများကို ချေမှုန်းရန် တာ့ထန်တပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ကျိရွှေရှန့်က အလွန်ရဲရင့်နေပြီး သူက သူ့လက်ကို မြှောက်ကာ အသီးအရွက်များကို ခုတ်သလိုမျိုး သူ့ဓားကို လွှဲယမ်းနေခဲ့သည်။ သူ့ကို ရင်ဆိုင်လိုက်ရသည့် တာ့ထန်စစ်သည်များက သူ့ကို ကြောက်လန့်သွားကြပြီး သူ့နှင့် ထိပ်တိုက်ရင်မဆိုင်ရရန် နောက်သို့ ပြန်ဆုတ်ပြီး ရှောင်ရှားရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း သူတို့၏နောက်မှ အားမာန်အပြည့်ဖြင့် ချီတက်လာသော သူတို့၏စစ်သည်များနှင့် ဝင်တိုက်မိပြီး ၎င်းတို့၏ကိုယ်ပိုင်ဓားများအောက်တွင် သရဲတစ္ဆေများဖြစ်လာမည်ဟုတော့ မမျှော်လင့်ထားကြပေ။
ကျိရွှေရှန့်၏သတ်ဖြတ်ခြင်းရောင်ဝါက ရန်သူများ၏စိတ်ဓာတ်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ သူက လူဆယ်ချီ၊ ရာချီကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေပြီး စစ်မြေပြင်၏အခြေအနေကို ချက်ချင်း ပြောင်းလဲပစ်ခဲ့သည်။
ကျိရွှေရှန့်ကိုယ်တိုင်ကလည်း များများတိုက်ခိုက်လေလေ ပိုရဲရင့်လာလေလေ ဖြစ်လာခဲ့သည်။
သူရဲ့ဖခင်က ဒီစစ်မြေပြင်မှာ ကျူးကျော်သူတွေကို ချေမှုန်းခဲ့ပြီး အခု သူက သူ့အဖေ တိုက်ပွဲဝင်ခဲ့တဲ့မြေမှာ သူ့အဖေနဲ့အတူ တိုက်ပွဲဝင်နေသလို သူ ခံစားနေရတယ်။ အဲ့ဒါကြောင့် သူ့ရဲ့စိတ်ခံစားမှုတွေက ပိုပြင်းထန်လာပြီး ပိုရဲရင့်လသလို ရန်သူတွေကို သတ်ဖို့ ပိုပြီး စိတ်အားထက်သန်လာခဲ့တယ်။
ကျုံးယုံကလည်း တိုက်ပွဲတွင် ပါဝင်ရန် စိတ်အားထက်သန်နေပြီး သူ့၏မျက်လုံးများကို ပြူးထားကာ သူ့အစ်ကိုကြီး၏အမိန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူ့အစ်ကိုကြီး၏အမိန့်ကို ကြားလိုက်သည်နှင့်တပြိုင်နက် သူက သူ စောစောကတည်းက ရည်မှန်းထားသော ပစ်မှတ်ဆီသို့ အမြန်ပြေးသွားလိုက်သည်။ ထိုလူက သူနှင့်တူညီသော လက်နက်ကို အသုံးပြုသူ ဖြစ်ပြီး သူ ကိုင်ထားသည်က သံတူတစ်စုံ ဖြစ်နေလေသည်။
ကျုံးယုံတစ်ယောက် အရှိန်ပြင်းပြင်းဖြင့် အတင်းတိုးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် တစ်ဖက်လူက သူ့ကို တူဖြင့် လှမ်းရိုက်လိုက်သည်။ အစပိုင်းတွင် သူက သူ့၏ သံတူကြီးနှစ်ချောင်းကို ခွန်အားအပြည့် အသုံးပြုလိုက်လျှင် ကျုံးယုံ၏အသက်ကို ယူနိုင်မည်ဟု တွက်ဆထားခဲ့သည်။ သို့သော်လည်း ကျုံးယုံက သူ့ကို လုံးဝ မရှောင်ဘဲ သူ့ဆီသို့ တည့်တည့်ကြီး တိုးဝင်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
သံတူကြီးက သူ့ပေါ်သို့ ပြုတ်ကျလာချိန်တွင် ကျုံးယုံက တစ်ဖက်သို့ လှည့်လိုက်ပြီး သံတူကြီး၏လက်ကိုင်ကို ကိုင်ထားသည့် တစ်ဖက်လူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူက သူ့၏အင်အားကို အလွန်အကျွံ သုံးထားပြီး တစ်ဖက်လူ၏လက်မောင်းကိုပါ ပြင်းပြင်းထန်ထန် ချိုးချလိုက်ပြီး မြင်းပေါ်မှ တွန်းချလိုက်သည်။
တာ့ထန်စစ်သည်က နာနာကျင်ကျင်ဖြင့် အော်ဟစ်လိုက်သည်။
“အား”
ဖောင်း!
သူ၏အော်သံ မဆုံးခင်မှာပင် ကျုံးယုံက သူ့ခေါင်းကို သံတူဖြင့် လှမ်းရိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဦးနှောက်ဖြူဖြူများနှင့် သွေးနီနီများက နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။ တာ့ထန်စစ်သည်က မြေပြင်ပေါ်သို့ တအိအိ လဲပြိုကျသွားခဲ့သည်။ သူကိုယ်တိုင် သူ၏သံတူကြီးအောက်တွင် အသက်ပျောက်ရလိမ့်မည်ဟု သူ တစ်ခါမှ အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။
ကျုံးယုံက စူးချင်းထံမှ ‘ထိုက်တောင်ကို ဖြိုဖျက်ခြင်း’အား သင်ယူခဲ့ပြီး ပြီးပြည့်စုံအောင် လေ့ကျင့်ထားပြီးပြီ ဖြစ်သည်။ ယခုတစ်ကြိမ် စမ်းသုံးကြည့်လိုက်ရာ သူ့၏လှုပ်ရှားမှုများက ပို၍ ထိရောက်လာသည်ဟု သူ ခံစားနေရသည်။ သင့်လျော်သောလက်နက်ကို ကိုင်ဆောင်ထားသည့် ကျုံးယုံက သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော သေမင်းနတ်ဘုရားနှင့်ဆင်တူနေပြီး သူက တာ့ထန်တပ်သားများထဲသို့ ပြေးဝင်ကာ ဦးခေါင်းခွံများကို တန်းစီရိုက်ခွဲနေခဲ့သည်။
အမြဲတမ်း ရက်စက်ကြမ်းကြုတ်လေ့ရှိသော တာ့ထန်များပင်လျှင် သူ့ကို ကြောက်လန့်နေကြသည်။ သူက ရက်စက်လွန်းပြီး ကြောက်စရာကောင်းသည့်အပြင် သူ့၏အရပ်နှင့် ခွန်အားက အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်ခဲ့သည်။ ကျုံးယုံက ဦးခေါင်းများကို မကြိုက်သူနှင့်တူနေပြီး ဦးခေါင်းများကို ခွဲချေနေသောကြောင့် မည်သူမျှ သူ့အနားသို့ မကပ်ရဲကြတော့ပေ။
သူတို့နှစ်ယောက် ပူးပေါင်းလိုက်ခြင်းက မြို့စောင့်တပ်သားများအပေါ် သက်ရောက်နေသည့် ဖိအားကို သိသိသာသာ လျော့ကျသွားစေပြီး သူတို့၏တိုက်ပွဲဝင်စိတ်ကလည်း ချက်ချင်း မြင့်တက်လာခဲ့သည်။
ဝါရင့်စစ်သူကြီးက အခြေအနေကို အခွင့်ကောင်းယူကာ အမိန့်ပေးလိုက်သည်။
“သူတို့ကို သတ်၊ သူတို့ ဘယ်တော့မှ ပြန်မလာနိုင်တော့တာ သေချာပါစေ”
အချိန်အတိုင်းအတာတစ်ခုအထိ မော့ချန်အတွက် ခုခံကာကွယ်ပေးခဲ့သည့် လူများ၏ စိတ်ဓာတ်များက အလွန် တိုးတက်ခဲ့ပြီး သူတို့၏အော်ဟစ်မာန်သွင်းသံများက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေကြသည်။ ရှောင်းမိသားစုစစ်တပ်က ထိုတာ့ထန်စစ်သည်များကို ဖက်ထုပ်ထုပ်သည့် အရွက်ကဲ့သို့ ဝန်းရဲကာ တိုက်ခိုက်ချေမှုန်းနေကြသည်။
ဤလူများက ဝံပုလွေများ၊ ကျားများနှင့် တူနေကြောင်း တာ့ထန်စစ်သည်များက ထိတ်လန့်တကြား နားလည်လိုက်ရသည်။
ခေါင်းကို အရိုက်ခံရတဲ့ သူကလည်း သေတယ်။ ရှေ့တန်းကနေ အရှိန်အဟုန်အပြည့်နဲ့ တိုးဝင်သွားတဲ့သူတွေကလည်း သေတယ်။ ဘယ်သူမှ အသက်မရှင်နိုင်ကြဘူး။ နောက်ဆုံးတော့ သူတို့ရဲ့ဘဝတွေက ပိုအရေးကြီးတာကြောင့် သူတို့ ပြန်လှည့်ပြီး ထွက်ပြေးဖို့ပဲ တက်နိုင်တော့မယ်။
‘ရှုံးနိမ့်သောစစ်တပ်က ပြိုကျနေသောတောင်နှင့် ဆင်တူသည်’ ဟူသော ဆိုရိုးစကား ရှိပြီး အားမာန်အပြည့်အဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင် အလွယ်တကူ သေနိုင်မည် မဟုတ်ပေ။ စစ်တိုက်လိုစိတ် မရှိဘဲ အသက်ဘေးကို ကြောက်ရွံ့ကာ ထွက်ပြေးလျှင် လွယ်လွယ်နှင့် အသတ်ခံရမည် ဖြစ်သည်။ ထိုအရာက စစ်ပွဲ၏ထုံးစံသာ ဖြစ်သည်။
ထိုတာ့ထန်စစ်သည်များအားလုံးကို သတ်ပြီးနောက်မှသာ စစ်သူကြီးက ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် အချိန်ရသွားခဲ့သည်။ ကျိရွှေရှန့်နှင့် ကျုံးယုံတို့၏ မျက်နှာများနှင့် ခန္ဓာကိုယ်များတွင် သွေးများ ပေကျံနေပြီး အောက်သို့ပင် စီးကျနေကာ စစ်သူကြီးအိုကြီးနှင့် သူ့၏တခြားစစ်သည်များတွင်လည်း သွေးများ စွန်းထင်းနေသည်။
ထိုတိုက်ပွဲကြောင့် ကျိရွှေရှန့်က စစ်မြေပြင်၏အခြေအနေကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ခဲ့သည်။
အလွယ်တကူ ရောက်ရှိလာနိုင်တဲ့ သေခြင်းတရားရယ် သွေးစွန်းနေတဲ့ စစ်ဝတ်စုံတွေရယ်က အပြောသက်သက်တင်မကပါဘူး။
စစ်သူကြီးအိုကြီးက မြင်းပေါ်မှ ဆင်းလာပြီး ဇက်ကြိုးများကို ပစ်ချလိုက်ကာ လက်သီးအုပ်လိုက်ပြီး ကျိရွှေရှန့်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
“ညီလေး၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
"ရပါတယ်၊ ခင်ဗျားတို့က တိုင်းပြည်ကို ကာကွယ်ပေးနေတာပဲ၊ ဒါကြောင့် တိုင်းတပါးက ကျူးကျော်သူတွေကို တွန်းလှန်ဖို့ ကျွန်တော်တို့က ကူညီပေးသင့်ပါတယ်"
ကျိရွှေရှန့်က ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။
သူရှေ့က လူကြီးက တစ်ချိန်က သူ့အဖေရဲ့လက်အောက်ငယ်သားဟောင်း ဖြစ်ခဲ့ဖူးသလို အခု အသက်ကြီးလာတာတောင်မှ ပြည်သူတွေကို အကာအကွယ်ပေးနေတုန်းပဲ။
"ညီလေး၊ မင်း နာမည်ဘယ်လိုခေါ်လဲ။ စစ်တပ်မှာ တာဝန် ထမ်းဆောင်ဖို့ ဆန္ဒရှိလား?”
စစ်သူကြီးအိုကြီးက ကျိရွှေရှန့်နှင့် ကျုံးယုံကို စစ်တပ်ထဲသို့ ခေါ်ယူချင်နေခဲ့သည်။ ကျိရွှေရှန့်က သူ၏စုတ်ပြဲနေသော စစ်ဝတ်စုံနှင့် စစ်သည်များ၏ စုတ်ပြဲနေသော စစ်ဝတ်စုံများ၊ အက်ကွဲကျိုးပဲ့နေသော သံမဏိဓားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကျိရွှေရှန့်က စစ်သူကြီးအိုကြီး၏ ပိန်လှီနွမ်းလျနေသော မျက်နှာကို တစ်ချက်ပြန်ကြည့်ကာ ပြုံးပြလိုက်ပြီးမှ အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
“ဒီလို နန်းတွင်းနဲ့ တော်ဝင်ရုံးတော်ကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ခင်ဗျား ထင်နေသေးတာလား?”
ကျိရွှေရှန့်၏ ပုန်ကန်သော စကားကြောင့် စစ်သူကြီးအိုကြီးက ထိတ်လန့်သွားပြီး သူ့၏မုတ်ဆိတ်မွေးကို ပွတ်ကာ ကျိရွှေရှန့်ကို ပြန်စိုက်ကြည့်နေခဲ့သည်။
"ညီလေး မင်းရဲ့စကားတွေက သစ္စာဖောက်နေတယ်ဆိုတာ မင်း သိလား?"
ကျိရွှေရှန့်က စစ်သူကြီးအိုကြီးကို တမင်တကာ ရန်စလိုက်ပြီး ထိုလူ၏စူးရှသော မျက်လုံးများကို စိုက်ကြည့်နေရင်း ရယ်မောလျက် "ဟား ဟား ဒါဆို စစ်သူကြီးက ကျွန်တော်ကို ဖမ်းပြီး အကျိုးကျေးဇူးတွေ ခံစားလို့ရတယ်လေ!"
စစ်သူကြီးအိုကြီးက သူ့မျက်ခုံးကို ပင့်ထားပြီး ကျိရွှေရှန့်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမျ သူ့၏မျက်လုံးထဲမှ ရင်းနှီးသော ခံစားချက်များကို ရှာတွေ့သွားခဲ့သည်။
ပြတ်သားမှုတွေ.... ရဲရင့်မူတွေ....အကြောက်အလန့်ကင်းမဲ့မူတွေ....
"ညီလေး မင်းရဲ့နာမည်ကို ပြောပြလို့ရမလား?"
စစ်သူကြီးအိုကြီးက သူ့၏လေသံကို လျော့ချလိုက်ပြီး ကျိရွှေရှန့်ကို ညင်ညင်သာသာ အသံဖြင့် ထပ်မေးလိုက်သည်။
"ကျွန်တော်ရဲ့မျိုးရိုးနာမည်က ရှောင်းဖြစ်ပြီး နာမည်က ကျဲယွိ"
ကျိရွှေရှန့်က စစ်သူကြီးအိုကြီး၏ မျက်လုံးများကို စိုက်ကြည့်နေရင်း သူ့၏နာမည်ကို တစ်လုံးချင်း ဖြည်းညှင်းစွာ ပြောပြလိုက်သည်။ ၁၆ နှစ်ကြာ မသုံးခဲ့ရသော ဤအမည်ကို သူ ပြောပြီးသည်နှင့် သူ့နှလုံးသားမှ ခံစားချက်များကလည်း ခုန်ပေါက်ထွက်လာခဲ့သည်။
နောက်ဆုံးတော့ သူရဲ့နာမည်အရင်းကို ပြန်သုံးနိုင်ခဲ့ပြီ...
ကျိရွှေရှန့် ပြောလိုက်သည့် နာမည်ကို ကြားလိုက်သည်နှင့် စစ်သူကြီးအိုကြီး၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သူက ကျိရွှေရှန့်ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။
ဒီလူငယ်လေးရဲ့အကြည့်တွေကို အရမ်းရင်းနှီးနေတာက အံ့သြစရာ မရှိတော့ဘူးပဲ။
“သခင်လေး၊ ဒီလူကြီးရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ”
စစ်သူကြီးအိုကြီးက သူ့၏ဒူးတစ်ဖက်ကို မြေပြင်ပေါ်သို့ ထောက်ချလိုက်ပြီး မုဆိုးထိုင်ထိုင်ကာ သူ့၏လက်သီးဆုပ်ပေါ် လက်ဝါးတစ်ဖက်အုပ်ထားရင်း အလေးအနက် အရိုအသေပေးလိုက်သည်။ သူ့၏မျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီး သူ့၏အမူအရာက ပျောက်ဆုံးသွားသော သူ့၏မိသားစုကို ပြန်ရှာတွေ့သွားသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
နောက်ဆုံးတော့ သူတို့ဘာသာ တိုက်ခိုက်ရတော့မှာ မဟုတ်ဘူး။ စစ်သူကြီးရှောင်းရဲ့မျိုးဆက်က ပြန်ရောက်ရှိလာပြီး သခင်လေးက ရှောင်းမိသားစုစစ်တပ် ပြန်အသက်သွင်းနိုင်လိမ့်မယ်။
“ဦးလေး၊ ထပါ”
ကျိရွှေရှန့်က သူ့၏လက်နှစ်ဖက်စလုံးဖြင့် စစ်သူကြီးအိုကြီးကို အမြန် ထူမပေးလိုက်သည်။
" ဦးလေး နာမည်ဘယ်လိုခေါ်လဲ?"
"ဒီလူကြီးက ချန်ယွိပါ၊ စစ်သူကြီးရှောင်းရဲ့လက်အောက်မှာ ရှေ့တန်းစစ်သူကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်"
ချန်ယွိက သူ့နာမည်ကို အမြန်သတင်းပို့လိုက်သည်။ သူက ရှောင်းသားစုစစ်တပ်မှ အဆင့်မြင့်အရာရှိတစ်ဦး မဟုတ်ခဲ့သော်လည်း သူက တိုက်ပွဲဝင်ရာတွင် အမြဲဦးဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ရှောင်းဟမ် အသက်ရှင်နေစဥ်အချိန်က သူ့ကို အလွန်အမင်း တန်ဖိုးထား ဆက်ဆံပေးခဲ့သည်။
"ဦးလေးချန်"
ကျိရွှေရှန့်က ချန်ယွိကို သူ့လက်နှစ်ဘက်ဖြင့် ပွေ့ဖက်လိုက်သည်။
ဒီအဘိုးအိုက ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေရမယ့်အချိန်ကို ရောက်နေပြီ၊ ဒါပေမယ့် သူကတော့ ပြည်တွေအတွက် သူ့အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေဆဲပဲ။
သူက သူ့အရွယ်ကို မေ့ထားပြီး ပြည်သူတွေကို ကာကွယ်ဖို့ နယ်ခြားကို ကြပ်မတ်ပေးနေတုန်းပဲ။
ချန်ယွိက သူ့မျက်လုံးများထဲမှာ မျက်ရည်များကို သုတ်လိုက်ပြီး ကျိရွှေရှန့်ကို သူ့စခန်းသို့ လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်သည်။
“သခင်လေး၊ စကားစမြည်ပြောဖို့ စခန်းကို လိုက်ခဲ့ပါ”
“ကျွန်တော့်မှာ အဖော်တွေ ရှိသေးတယ်။ သူတို့ကို အရင်သွားခေါ်လိုက်ဦးမယ်"
ကျိရွှေရှန့်ကလည်း ဤနေရာ၏အခြေအနေကို သိချင်နေခဲ့သည်။
မော့ချန်က ဘာကြောင့် ဒီလောက် လူသူကင်းမဲ့နေရတာလဲ? တာ့ထန်စစ်သည်တွေက မတော်တဆ လာတိုက်ခိုက်ကြတာလား? ဒါမှမဟုတ် မကြာခဏ နှောင့်ယှက်နေကြတာလား?
ချန်ယွိက လက်သီးအုပ်လိုက်ပြီး "ကောင်းပါပြီ၊ ဒီလူကြီးက သခင်လေးကို ကြိုဆိုဖို့ စခန်းကို အရင်ပြန်သွားနှင့်ပါ့မယ်"
တာ့ထန်မှ ရာပေါင်းများစွာသော တပ်သားများ၏ အလောင်းများကို ရှင်းလင်းရဦးမည်ဖြစ်သည်။ သူတို့၏စစ်တပ်က အလွန်ဆင်းရဲပြီး တော်ဝင်ရုံးတော်က သူတို့အား ရိက္ခာပေးဆောင်ခြင်း သို့မဟုတ် သူတို့၏လက်နက်များကို ဖြည့်စွက်ပေးခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် သူတို့က တာ့ထန်စစ်သည်များကို တိုက်ခိုက်ပြီးသည်နှင့် သူတို့ ဆက်လက်ရှင်သန်နိုင်ရန် ၎င်းတို့၏လက်နက်များနှင့် ငွေများကို သိမ်းပိုက်ကြရသည်။
ထိုအေကြာင်းကို တွေးမိတိုင်း ချန်ယွိတစ်ယောက် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်လာတက်သည်။
သူက တိုင်းပြည်ကို ကာကွယ်ပေးနေပေမယ့် ဧကရာဇ်နဲ့ ဝမ်မိသားစုက သူ့နောက်ကျောက လှေခါးကို ဆွဲထုတ်ပြီး သူ့နောက်ကျောကို ဓားနဲ့ထိုးကြတယ်။
ကျိရွှေရှန့်ကလည်း ထိုစစ်သည်များ တာ့ထန်စစ်သည်များ၏အလောင်းများမှ ငွေများ လိုက်လံ ရှာဖွေသိမ်းဆည်းနေသည်ကို မြင်နေရသည်။
ဒါမြင်ကွင်းက ဘာလို့များ ဒီလောက်ရင်းနှီးနေရတာလဲ? ဘယ်လိုသခင်ကများ ဒီလိုလက်အောက်ငယ်သားတွေကို ဦးဆောင်နိုင်မှာလဲ? သူတို့က အတူတူ မရှိခဲ့ကြပေမယ့် လုပ်ဆောင်မှုတွေကတော့ အတိအကျ တူနေတုန်းပဲ။
သူတို့လည်းပဲ ဝမ်မိသားစုစစ်တပ်က တပ်သားတွေ၊ ဓားပြတွေနဲ့ သူတို့သတ်ခဲ့တဲ့ ရဲမက်တွေဆီက ရရှိလာတဲ့ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို မှီခိုအားထားပြီး ခရီးဆက်ခဲ့ရတာ မဟုတ်ဘူးလား?
ကျိရွှေရှန့်က စူးချင်းနှင့် ကျိရှောင်ယင်တို့ ပုန်းအောင်းနေသည့် ခြံဝင်းဆီသို့ ပြန်သွားခဲ့ပြီး သူမတို့ မရှိတော့သည်ကို တွေ့လိုက်ရသည်။
မြင်းများကို အိမ်ထဲတွင် ချည်နှောင်ထားပြီး လှည်းများကို အိမ်နောက်ဘေးတွင် ဝှက်ထားခဲ့ကာ လူများက ထွက်သွားကြပုံပေါ်သည်။
"စူးချင်း? ရှောင်ယင်? မင်းတို့ ဘယ်မှာလဲ?"
ကျိရွှေရှန့်က အလွန်စိုးရိမ်သွားပြီး မြေအောက်ခန်းပါမကျန် တအိမ်လုံး ဇောက်ထိုးလှန်မတက် ရှာဖွေခဲ့သော်လည်း ထိုလူသုံးယောက်၏ခြေရာလက်ရာများကိုပင် မတွေ့တော့ပေ။