ပျောက်သွားပြီ
Vol. 16 Ch. 227
ကျိရွှေရှန့်က အလွန်စိတ်ပူနေခဲ့သည်။ စူးချင်းက အလွန်အစွမ်းထက်သောကြောင့် သူမတို့ အန္တရာယ်မဖြစ်နိုင်သည်ကို သူ သိနေသော်လည်း စိုးရွံ့နေမိသေးသည်။
ဒီဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာသွားရရင် ဘဝတစ်ခုလုံးစာလည်း ဖြစ်သွားနိုင်သေးတယ်လေ။
စူးချင်း၊ ရှောင်ယင် နဲ့ ကျန်းယွိရန်တို့က ဘယ်ကို ရောက်သွားတာလဲ?
လွန်ခဲ့သော အခိုက်အတန့်တွင်....
မိန်းကလေးသုံးယောက်ကလည်း ကျိရွှေရှန့်နှင့် ကျုံးယုံတို့ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။ မြို့တံခါး၏အပြင်ဘက်မှ ပြင်းထန်သောတိုက်ပွဲသံများကို ကြားလိုက်ရချိန်တွင် စူးချင်းနှင့် ကျိရှောင်ယင်တို့က ကျိရွှေရှန့်အတွက် စိုးရိမ်နေခဲ့ကြပြီး ကျန်းယွိရန်ကလည်း ကျုံးယုံအတွက် စိတ်ပူနေခဲ့သည်။ ထို့ကြောင့် သူမတို့သုံးယောက်စလုံး ထိုခြံထဲတွင် ဆက်မနေနိုင်ကြတော့ပေ။
"အစ်မစူးချင်း၊ ဘာတွေဖြစ်နေလဲဆိုတာကို သွားကြည့်ရအောင်"
ကျန်းယွိရန်က စူးချင်းထံမှ ညွှန်ကြားချက် တောင်းခံလိုက်သည်။ စူးချင်းထံမှ ကိုယ်ခံပညာကို အချိန်အတော်ကြာ သင်ယူပြီးနောက် သူမနှင့် ကျိရှောင်ယင်တို့က ရန်သူများနှင့် ခဏတာ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။
အနည်းဆုံးတော့ သူမတို့က အကာအကွယ် လိုအပ်နေတဲ့ အားနည်းတဲ့ အမျိုးသမီးလေးတွေ မဟုတ်တော့ဘူး။
“ကောင်းပြီလေ”
စူးချင်းကလည်း သဘောတူလိုက်သည်။
သူမတို့က တိုက်ပွဲမှာ ပါဝင်မှာ မဟုတ်ဘဲ ကြည့်ရုံလေးပဲ သွားကြည့်မှာပါ။ ခြံဝင်းထဲမှာ ပုန်းနေတာနဲ့ လမ်းကြားထဲမှာ ပုန်းအောင်းရင်း သွားကြည့်တာရဲ့ကြားမှာ ကွာခြားချက်ရယ်လို့ မရှိနိုင်ဘူးလေ။
တစ်ဖက်ကနေ ကြည့်ရင် လမ်းကြားကတောင် ပို အန္တရယ်ကင်းသေးတယ်။ လမ်းကြားမှာဆိုရင် အိမ်ထဲမှာ ထိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေရတာနဲ့မတူဘဲ ရန်သူရောက်လာတာကို မြင်တာနဲ့ ချက်ချင်း ဆုတ်ခွာဖို့ လမ်းရှိနေသေးတယ်လေ။
ထို့ကြောင့် စူးချင်းက သူမတို့ မထွက်ခွာမီ လှည်းကို ဖြုတ်လိုက်ပြီး မြင်းများကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။ မြင်းများကို ချည်နှောင်ပြီးနောက် လှည်းများကို အိမ်အနောက်ဘက်သို့ ဆွဲသွားလိုက်သည်။ အပြင်ဘက်မှ ကြည့်လိုက်လျှင် စွန့်ပစ်ထားသော ခြံဝင်းတစ်ခုလိုသာ ဖြစ်နေမှ သူမက စိတ်ချလက်ချ ဖြစ်သွားခဲ့သည်။
ထိုအရာများအားလုံးကို လုပ်ပြီးမှ မိန်းကလေးလေးသုံးယောက်က ခြံကျဉ်းလေးထဲမှ အေးအေးဆေးဆေး ထွက်သွားခဲ့ကြသည်။ သူမတို့က လမ်းမကြီးပေါ်သို့ မတက်ရဲဘဲ လမ်းကြားများမှတဆင့် မြို့တံခါးဆီသို့ လျှောက်သွားလိုက်ကြသည်။ သူမတို့ မြို့တံခါးသို့ ရောက်လာချိန်တွင် ကျိရွှေရှန့်နှင့် ကျုံးယုံတို့က သူမတို့ကို ပြန်သွားရှာရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
တာ့ရှားပြည်ထောင်၏ စစ်တပ်က တာ့ထန်စစ်သည်များအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ကို သူမတို့ တွေ့လိုက်ရပြီး တာ့ရှားပြည်ထောင်မှ စစ်သည်များက တာ့ထန်စစ်သည်များ၏ အလောင်းများကို တစ်လောင်းပြီး တစ်လောင်း ရှာဖွေနေခဲ့ကြသည်။ ပိုက်ဆံများ ရှာတွေ့လျှင် အိတ်ကပ်ထဲသို့ ထည့်လိုက်ကြပြီး နောက်အလောင်းကို ထပ်ရှာနေကြပြန်သည်။
တာ့ထန်မှ စစ်သည်အချို့၏ချည်အင်္ကျီများနှင့် သားရေဖိနပ်ရှည်များကို ကျွမ်းကျွမ်းကျင်ကျင် ချွတ်ယူနေသည့် စစ်သည်အချို့ပင် ရှိနေသေးသည်။ သူတို့က တာ့ထန်လူမျိုးများဝတ်ဆင်ထားသော တိရိစ္ဆာန်အရေခွံများကိုပင် ချွတ်ယူနေကြပြီး အတွင်းခံဘောင်းဘီကိုပင် အနံ့ မကြိုက်သောကြောင့် ချန်ထားပုံပေါ်ပြီး မဟုတ်လျှင် အတွင်းခံဘောင်းဘီကိုပါ ချွတ်ယူကြပေလိမ့်မည်။
ကျိရှောင်ယင်က ထိုမြင်ကွင်းကို ကြည့်နေရင်း ရင်းနှီးနေသည်ဟု ခံစားလိုက်ရာကာ စူးချင်းကို တိုးတိုးလေး လှမ်းပြောလိုက်သည်။
“အစ်မ၊ တာ့ရှားပြည်ထောင်ရဲ့စစ်တပ်က ဒီလောက်တောင် ဆင်းရဲနေတာလား? သူတို့က ဘာလို့ ကျွန်မတို့ထက်တောင် ပိုပြီး ရမ်းကာနေရတာလဲ?"
စူးချင်းက သူတို့၏စုတ်ပြတ်နေသော စစ်တပ်ဝတ်စုံများကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“တာ့ရှားပြည်ထောင်ရဲ့စစ်တပ်က မဆင်းရဲဘူး၊ ဒါပေမယ့် သူတို့ကတော့ ဆင်းရဲတယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ လစာနဲ့ စစ်တပ်ရိက္ခာတွေကို ဖြတ်ယူထားလိုက်တာ ဖြစ်နိုင်တယ်။ သူတို့ကို ကြည့်လိုက်။ သူတို့အားလုံး တစ်လွှာပဲ ဝတ်ထားကြတယ်။ အခုက အေးခဲတဲ့ရာသီ ရောက်ခါနီးနေပြီ။ ဂွမ်းချည်သား အဝတ်တွေ မရှိရင် သူတို့ အေးခဲပြီး သေသွားလိမ့်မယ်”
"ဒီခွေးဧကရာဇ်က မိုက်မဲပြီး အရည်အချင်းမပြည့်မီဘူး၊ သူက သူ့လူတွေကိုတောင် သေဆုံးစေတယ်။ ဒီလိုဘုရင်အတွက် တိုင်းပြည်ကို ကာကွယ်ပေးဖို့ ဒီစစ်သည်တွေရဲ့ အသက်ကို စွန့်စားထိုက်လို့လား?”
ကျိရှောင်ယင်က ဒေါသထွက်လွန်းသောကြောင့် သူမ၏မျက်နှာပင် နီရဲလာပြီး သူမက တော်ဝင်ရုံးတော်နှင့် ဧကရာဇ်ကို ဒေါသတကြီး ကြိမ်းမောင်းနေခဲ့သည်။
သူမက ဧကရာဇ်၏ကျေးကျွန် မဟုတ်သောကြောင့် မည်သူမည်ဝါက သူမ၏စကားကို ကြားသွားသည်ဖြစ်စေ သူမ၏စကားအတွက် စိုးရိမ်နေစရာ မလိုပေ။
တာ့ရှားပြည်ထောင်မှ လူအများစုက ပဒေသရာဇ်စနစ်၏ကျေးကျွန်များ ဖြစ်ကြသည်။ သူတို့က မျက်စိစုံမှိတ် သစ္စာရှိကြပြီး နန်းတော်ကို ရိုသေလေးစားကာ ဧကရာဇ်မင်းမြတ်၏စကားများကို ရွှေကဲ့သို့ မှတ်ယူကြသည်။ ဧကရာဇ်မင်းမြတ်၏ အလိုတော်အတိုင်း အသက်ရှင်ပြီး ဧကရာဇ်မင်းမြတ်၏ အလိုတော်အတိုင်း သေကြလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် အခု သူတို့က သာမန်ပြည်သူတွေကို ကာကွယ်ပေးနေတယ်"
စူးချင်းက ဆင်းရဲသော်လည်း အရိုးသန်မာသော ဤစစ်သည်များကို သဘောကျနေခဲ့သည်။
တော်ဝင်ရုံးတော်က သူတို့အတွက် ရိက္ခာနဲ့ လစာ မပေးရင်တောင်မှ သူတို့က မြို့ကို ခုခံကာကွယ်ဖို့ သူတို့အသက်ကို စွန့်လွှတ်ဖို့တောင် ဆန္ဒရှိနေကြသေးတယ်။ ဖြစ်နိုင်တာကတော့ သူတို့က ပြည်သူတွေအတွက် တွေးပေးခဲ့တာ ဖြစ်ရမယ်။
"အစ်ကိုကြီးကျိ နဲ့ အစ်ကိုကြီကျုံးကို မတွေ့ဘူး"
ကျန်းယွိရန်က ခြေဖျားထောက် ရပ်နေကာ ထိုစစ်သည်များကို လှမ်းကြည့်ရန် သူမ၏လည်ပင်းကို ဆန့်ထုတ်ထားခဲ့သည်။ ကျုံးယုံ၏ အရပ်မြင့်သောကြောင့် သူ မည်သည့်နေရာ၌ရှိစေကာမူ လူအုပ်ထဲတွင် အထင်အရှား ပေါ်လွင်နေတက်သည်။ အဝေးမှပင် သူ့ကို လှမ်းမြင်နိုင်မည် ဖြစ်သည်။
ယခု သူ့ကို မတွေ့ရသောကြောင့် ကျန်းယွိရန်က သူ အန္တရာယ်တစ်ခုခု ကြုံတွေ့နေမည်ကို စိုးရိမ်နေပြီး မြေပြင်ပေါ်ရှိ လူသေအလောင်းများကို လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း ကျိရွှေရှန့်နှင့် ကျုံးယုံတို့ကို မတွေ့ခဲ့ရပေ။ မြေပြင်ပေါ်တွငင် လဲကျနေသော တာ့ထန်စစ်သည်များကတော့ အသက်ရှင်နေသေးလျှင်ပင် အသတ်ခံနေကြရသည်။ အချို့သော စစ်သည်များက သူတို့ကို ဂရုတစိုက် ဓားဖြင့် ထပ်ထိုးပြီးမှ အလောင်းများကို စတင်ရှာဖွေကြသည်။
တာ့ရှားပြည်ထောင်၏စစ်သည်များဘက်တွင်လည်း ဒဏ်ရာရနေသော စစ်သည်အများအပြားရှိနေပြီး တစ်ချို့က သူတို့ အနားယူနိုင်ရန် ကူညီပေးနေကြသည်။ ချန်ယွိ၏စစ်တပ်တွင် သမားတော်များနှင့် ဆေးဝါးများ ချို့တဲ့နေပြီး စစ်သည်များ၏ ဒဏ်ရာများကိုသာ ပတ်တီးသာ ပတ်ထားပေးနိုင်ခဲ့သည်။
"ငါ သူတို့အတွက် ဆေးသွား ပေးလိုက်မယ်"
စူးချင်းက ဒဏ်ရာအပြင်းအထန်စွာ ရရှိထားသူများရှိနေကြောင်း မြင်နေရပြီး သူတို့က ပြင်းထန်သော အခြေအနေတွင်ရှိနေသည်ကို နားလည်နေခဲ့သည်။
သူမသာ သူတို့ကို မကယ်တင်ရင် သူတို့က သေခြင်းတရားကို စောင့်မျှော်နေရုံပဲ တက်နိုင်လိမ့်မယ်။
ပြီးတော့ သူမရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ ကုသိုလ်အမှတ်တွေက ရပ်တန့်နေခဲ့တယ်။ သူတို့တွေက တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့သူတွေဆိုတော့ သူတို့ကို ကုသပေးလိုက်တာနဲ့ သူမရဲ့ဆေးပညာကျွမ်းကျင်မှုက တိုးတက်လာလိမ့်မယ်။
စူးချင်းက ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ဖြတ်သလို အခွင့်အရေးရနိုင်ရန် ထိုလူများကို ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မတို့လည်း အစ်မနဲ့လိုက်ခဲ့မယ်"
ကျိရှောင်ယင်က မူလကတည်းက ကြင်နာတတ်သော မိန်းကလေးဖြစ်ပြီး ထိုစစ်သည်များ ဒုက္ခရောက်နေသည်ကို မြင်နေရသောကြောင့် သူမက မကူညီနိုင်ဘဲ မနေနိုင်ခဲ့ပေ။
သူမနဲ့ ကျန်းယွိရန်တို့က အဲ့စစ်သည်တွေကို ဆေးမကုပေးနိုင်ပေမယ့် သူတို့ရဲ့ဒဏ်ရာတွေကို ပတ်တီးစည်းပေးတာလောက်တော့ ကူညီပေးနိုင်သေးတယ်။
မိန်းကလေးသုံးယောက် ချန်ယွိရှေ့တွင် ပေါ်လာသည်နှင့် တပြိုင်နက် စစ်သည်များက သူမတို့ကို လှံများဖြင့် ရွယ်ထားလိုက်ကြသည်။
"မင်းတို့က ဘယ်သူတွေလဲ?"
“စစ်သူကြီး၊ ကျွန်တော်က သမားတော်ပါ။ ခုနသွေးရောင်လွမ်းတဲ့တိုက်ပွဲမှာ စစ်သည်တွေ ဒဏ်ရာ အပြင်းအထန်ရနေတာကို တွေ့လိုက်ရတယ်၊ အဲ့တာကြောင့် ကျွန်တော် တက်နိုင်သလောက် ကုသပေးချင် လို့ပါ”
စူးချင်းက လက်သီးအုပ်လိုက်ပြီး ချန်ယွိကို မျက်နှာမူကာ ပြန်ဖြေလိုက်သည်။ သူမက ယောက်ျားအသွင်ဆောင်ထာသောကြောင့် ယောက်ျားအသံကိုသာ အသုံးပြုခဲ့သည်။
"မင်းတို့ကို သိပ်မရင်းနှီးဘူး"
ချန်ယွိက သူမတို့ကို လွယ်လွယ်ကူကူ မယုံသေးဘဲ သတိအနေအထားဖြင့် ထပ်မေးလိုက်သည်။
တကယ်လို့ ဒီလူတွေက တာ့ထန်ရဲ့သူလျှိုတွေ ဖြစ်နေခဲ့ရင် ဒဏ်ရာရစစ်သည်တွေကို သူတို့လက်ထဲ လွှဲပြောင်းပေးမိတဲ့ အကျိုးဆက်က တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။ ပြီးတော့ တာ့ထန်ပြည်ထောင်က သူလျှိုတွေကလည်း ဒီမြို့ကို မကြာခဏ ဝင်ထွက်သွားလာနေတက်တယ်။
ချန်ယွိက သူ့ရှေ့က လူငယ်လေးသုံးယောက်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
သူတို့က အရပ်မရှည်သလို အရမ်းလည်း ပိန်ကြတယ်။ ပြီးတော့ သူတို့မှာ သိမ်မွေ့တဲ့ အသွင်အပြင်တွေလည်း ရှိတယ်။ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်အရတေ့ သူတို့က တာ့ထန်ကလူတွေ မဟုတ်တာတော့ သေချာတယ်။ တာ့ထန်တွေမှာ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာ မရှိဘဲ သူတို့ရဲ့မျက်နှာတွေက ချိုင့်ဝင်နေတဲ့အပြင် ဒီလို သိမ်မွေ့တဲ့ အသွင်အပြင်မျိုးတွေလည်း မဟုတ်ကြဘူး။
ပြီးတော့ ဒီသုံးယောက်က ယောက်ျားလေးတွေနဲ့ မတူဘဲ ယောက်ျားအသွင်ဆောင်ထားတဲ့ မိန်းကလေးတွေနဲ့ ပိုတူတယ်။
ချန်ယွိ၏မျက်လုံးများက စူးရှလွန်းပြီး သူတို့သည် ယောက်ျားအသွင်ဆောင်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသွားခဲ့သည်။
“ကျွန်တော်တို့က ဒီမြို့ကို ဖြတ်သွားရုံပါပဲ။ လမ်းခရီးအတွက် ရိက္ခာတွေဝယ်ဖို့ မြို့ထဲကို လာခဲ့ပေမယ့် တာ့ထန်တွေ ရောက်လာလို့ မော့ချန်ထဲမှာ ပိတ်မိနေတာပါ။ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ စစ်သူကြီးနဲ့ ရဲမက်တွေကို တွေ့နေရပြီး ကျွန်တော်က ဆေးပညာကို သိနေလို့ ကူညီဖို့ ရောက်လာတာပါ”
စူးချင်းက စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေခဲ့သည်။
ဒီလူအိုကြီးက အသက်ကြီးနေပေမယ့် တိုင်းပြည်အတွက် တိုက်ပွဲဝင်နေသေးတာကို သူမ သဘောကျတယ်။ အဲ့လိုမှ မဟုတ်ရင် သူမရဲ့ ဒေါသတွေအရ သူ့ကို ဒီလို ရှည်ရှည်ဝေးဝေးစကားတွေ ပြန်ပြောနေမှာ မဟုတ်ဘူး။ သူမ လှည့်ပြီး ပြန်ထွက်သွားတာ ကြာနေလောက်ပြီ။
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
ချန်ယွိက စူးချင်း၏ ကြည်လင်သော မျက်လုံးများကို ထပ်ကြည့်လိုက်ပြန်သည်။ သူမ၏အကြည့်များက ပွင့်ပွင့်လင်းလင်းရှိပြီး ယုတ်မာသောအကြံအစည်များ မရှိသော်လည်း ရေခဲကဲ့သို့ အေးစက်နေသဖြင့် လူတိုင်းအား သူမ၏မောက်မာမှုနှင့် အေးစက်မှုကို ခံစားလာရစေခဲ့သည်။
ဒီလိုလူတွေအားလုံးက အရည်အချင်း ရှိကြတယ်။ အနည်းဆုံးတော့ သူ တွေ့ဖူးတဲ့လူတွေအားလုံးက ဒီလိုပဲ။ သူ့ရှေ့က ကောင်မလေးက ငယ်သေးပေမယ့် သူမက လျှော့တွက်လို့ရတဲ့သူတော့ မဟုတ်နိုင်ဘူး။
ချန်ယွိ ခွင့်ပြုချက်လိုက်သည်နှင့် စူးချင်းက ဒဏ်ရာရသူများကို ကယ်တင်ရန် သူမ၏အင်္ကျီလက်များကို ချက်ချင်း လိပ်တင်လိုက်သည်။
စူးချင်းက အပြင်းအထန် ဒဏ်ရာရသူများကို ကုသပေးရန် အထူးရွေးချယ်ခဲ့ပြီး ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က ဒဏ်ရာရခဲ့သည့် စစ်သည်များအား ဆေးထည့်ကာ ပတ်တီးစည်းပေးနေကြသည်။ သူမတို့သုံးဦးက သူမတို့ ကျွမ်းကျင်ရာအလိုက် တာဝန်ကိုယ်စီ ယူထားကြပြီး သူမတို့၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှသည်။
အပေါ်ယံဒဏ်ရာရသူများက ဆေးလိမ်းပြီးနောက် သူတို့၏ဒဏ်ရာများပေါ်မှ အေးမြသောခံစားမှုကို ခံစားလိုက်ရပြီး အသည်းခိုက်စေသော နာကျင်မှုများက ချက်ချင်း သက်သာသွားခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရရှိထားသည့်သူများအတွက်ကတော့ ဆေးလိမ်းပေးခြင်းနှင့် ပတ်တီးစည်းပေးခြင်းကဲ့သို့ ရိုးရှင်းသော ကုသမှုများနှင့် မလုံလောက်တော့ပေ။ ဒဏ်ရာများက နက်နေလျှင် မဖြစ်မနေ ပြန်ချုပ်ရမည် ဖြစ်သည်။
စူးချင်းက ထိုဒဏ်ရာအပြင်းအထန်ရရှိထားသည့်သူများ သွေးထွက်လွန်ကာ မသေဆုံးစေရန် သွေးတိတ်ဆေးကို အရင် တိုက်ထားခဲ့သည်။ ထို့နောက် သူမက ချန်ယွိကို ရှာကာ ထိုဒဏ်ရာအပြင်းအထန်ရရှိထားသည့်သူများကို လက်ညှိုးထိုးပြလိုက်ပြီး “သူတို့အတွက် ခွဲစိတ်မှုလိုတယ်။ ဒီပတ်ဝန်းကျင်က ခွဲစိတ်ဖို့ မသင့်တော်ပါဘူး။ သူတို့ရဲ့ဒဏ်ရာတွေကို ချုပ်ဖို့ သန့်ရှင်းတဲ့နေရာတစ်ခု လိုတယ်”
ချန်ယွိက သူမတို့ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး ထိုမိန်းကလေးများက ပတ်တီးစည်းရာတွင် အလွန်ကျွမ်းကျင်လှကြောင်း သူ သဘောပေါက်သွားခဲ့သည်။ ထိုအပြင် ဒဏ်ရာများအတွက် သူမတို့ သုံးနေသောဆေးများကလည်း အရမ်းထိရောက်ကြောင်း နားလည်လာသောကြောင့် သူမတို့က သမားတော်များ ဖြစ်နိုင်သည်ဟု ယုံကြည်လာခဲ့သည်။
ထို့ကြောင့် သူက စူးချင်း၏အကြံပြုချက်ကို လက်ခံခဲ့သည်။
သူ့ရဲ့ညီအစ်ကိုတွေကို ကယ်တင်နိုင်ပါရဲ့နဲ့ မကယ်တင်ပဲ ဒီအတိုင်းထိုင်ကြည့်နေတာမျိုးကိုတော့ သူ မလုပ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?
“ငါတို့ စခန်းကို သွားမလား? အဲဒီမှာ နေရာ ကျယ်တယ်"
"ဝေးလား?"
စူးချင်းက ချန်ယွိကို ပြန်မေးလိုက်သည်။
ဒီစစ်သည်တွေရဲ့ ဒဏ်ရာတွေက ပြင်းထန်တဲ့ အခြေအနေကို ရောက်နေပြီ။ သူတို့ကို အဝေးကို ရွှေ့လိုက်တာနဲ့ သူတို့ရဲ့ဒဏ်ရာတွေက ပိုဆိုးလာလိမ့်မယ်..
အရေးအကြီးဆုံးက ဒီနေရာမှာ ခွဲစိတ်ကိရိယာတွေ ဘယ်လို ထုတ်ယူရမလဲ?