← Chapters

အဲ့လိုတွေ ဖြစ်ခဲ့တယ်ပေါ့

Vol. 16 Ch. 228

အဲ့လိုတွေ ဖြစ်ခဲ့တယ်ပေါ့

Vol. 16 Ch. 228

“မြို့ရဲ့အနောက်ဘက်မှာ ရှိတယ်၊ သိပ်တော့ မဝေးပါဘူး”

ချန်ယွိက ပြန်ပြောလိုက်သော်လည်း သူ့အသံတွင် ယုံကြည်မှုများမပါဝင်သောကြောင့် သိပ်တော့ မနီးပုံရသည်။

တော်ဝင်ရုံးတော်က အ‌ကြောင်းပြချက်မရှိလျှင် မြို့စောင့်တပ်များ မြို့ထဲသို့ ဝင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသောကြောင့် သူတို့အားလုံးက မြို့ပြင်တွင် တပ်စွဲထားကြသည်။ ယခုအခါ သူတို့က မြို့၏အရှေ့ဘက်သို့ ရောက်ရှိနေကြပြီး အနောက်တံခါးသို့ ရောက်ရန် လမ်းမအရှည်ကြီးကို ဖြတ်ကျော်ရမည်ဖြစ်သောကြောင့် နီးသည်ဟုတော့ မယူဆနိုင်ပေ။

"ဒါဆိုရင် ဒီလို လုပ်ရမလား? ကျွန်တော်ရဲ့ခွဲစိတ်ကိရိယာတွေ လှည်းပေါ်မှာ ကျန်နေခဲ့တယ်။ လှည်းက ဒီအနီးနားက စွန့်ပစ်ထားတဲ့ ခြံဝင်းတစ်ခုထဲတွင် ရှိနေတယ်ဆိုတော့ ကျွန်တော်တို့နောက်ကို လိုက်ဖို့ လူတွေ ထည့်ပေးလိုက်ပါ၊ လှည်းတွေကို ပြန်သွားယူပြီးရင် ဒဏ်ရာရနေတဲ့လူတွေကို လှည်းပေါ်တင်သွားလို့ရပြီ”

စူးချင်းက ချန်ယွိကို အကြံပေးလိုက်သည်။ ချန်ယွိထံတွင် မြင်းတစ်ကောင်သာရှိပြီး လှည်းမရှိသောကြောင့် ထိုစစ်သည်များကို သယ်ရန် ထိုမြင်းကိုသာ အားကိုးနိုင်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မြင်း၏အရှိန်ကိုလည်း နှေးကွေးစေပြီး ဒဏ်ရာရထားသူများ၏ ဒဏ်ရာများကို အလွယ်တကူ ထိခိုက်စေနိုင်သည်။ သူတို့ကို လှည်းဖြင့် သယ်ဆောင်သွားပါက ထိခိုက်မှု နည်းသွားနိုင်ပေသည်။

“ကောင်းပြီလေ”

ချန်ယွိက ချက်ချင်း သဘောတူလိုက်ပြီး သူမတို့နောက်သို့ လိုက်ပြီး လှည်းသွားယူရန် စစ်သည်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ဒီနေ့ သူတို့က အစပိုင်းကတည်းက အသေခံရန် ဆုံးဖြတ်ထားကြပြီးပြီ။ သူတို့ရဲ့ကံတွေက ဒီလောက်ကောင်းလိမ့်မယ်လို့ သူတို့ လုံးတ မမျှော်လင့်ထားခဲ့ဘူး။ ပထမဦးဆုံး သူတို့ကို ကယ်တင်ပေးဖို့ သူတို့ရဲ့သခင်လေးနဲ့ ရဲရင့်တဲ့ စစ်သည်တော်တစ်ဦးကို တွေ့ဆုံခွင့်ရခဲ့တယ်။ ဒဏ်ရာရနေတဲ့သူတွေကို ကုသပေးမယ့်သူ မရှိမှာကို စိုးရိမ်နေတဲ့အချိန်မှာ နောက်ထပ် မိန်းကလေးသုံးယောက် ရောက်လာပြီး သူတို့ကို ကယ်တင်ပေးခဲ့ပြန်တယ်။ ဒီနေ့က ကံကောင်းတဲ့နေ့လို့ ထင်ရပြီး ကောင်းကင်ကတောင် သူတို့ကို ကူညီပေးနေတယ်လို့ ထင်နေရတယ်။

စစ်ပွဲအတွင်းတွင် ကျိရွှေရှန့်က ချန်ယွိကို ကူညီပေးခဲ့ကြောင်း စူးချင်းက မသိသေးပေ။ သူမက ဒဏ်ရာရသူများကို ပတ်တီးဆက်စည်းပေးနိုင်ရန် ကျန်းယွိရန်ကို ခေါ်ထားလိုက်ပြီး ကျိရှောင်ယင်အား စစ်သည်နှစ်ဦးကို ခေါ်သွားခိုင်းလိုက်သည်။

ချန်ယွိ၏လက်မောင်းတွင်လည်း ဒဏ်ရာရထားပြီး စူးချင်းက သူ့ကို ပတ်တီးစည်းပေးချင်သော်လည်း သူက ငြင်းဆန်ခဲ့သည်။

“သူတို့ကို အရင် ကုသပေးလိုက်ပါ။ ငါက အဆင်ပြေပါတယ်"

ချန်ယွိက ထိုဆေး၏အဖိုးတန်ပုံကို နားလည်နိုင်ပြီး ထိုဆေးကောင်းကို သူ့၏ညီအစ်ကိုများအတွက် ချန်ထားပေးချင်နေခဲ့သည်။

ထို့ကြောင့်လည်း သူ၏ညီအစ်ကိုများက သူ့နောက်သို့ လိုက်ပါခဲ့ပြီး အသက်အန္တရာယ်ကိုမမူပဲ စွန့်စားခဲ့ကြခြင်း ဖြစ်သည်။ ရှောင်းမိသားစုစစ်တပ်မှ စစ်သူကြီးများက သူတို့၏စစ်သည်များကို ချစ်ခင်မြတ်နိုးကြပြီး ညီအစ်ကိုများကဲ့သို့ ဆက်ဆံလေ့ရှိကြသည်။

စူးချင်း ဒဏ်ရာရသူများကို ကုသပေးနေစဉ်တွင် တာ့ရှားပြည်ထောင်မှ စစ်သည်များက တာ့ထန်စစ်သည်များ၏ ရုပ်အလောင်းများကို မြို့ပြင်သို့ စတင် သယ်ဆောင်နေပြီ ဖြစ်သည်။

ရာသီဥတု အေးနေသောကြောင့် ထိုအလောင်းများက ချက်ချင်း မပုပ်နိုင်သော်လည်း မြို့ထဲတွင် ဒီအတိုင်း ပစ်ထားခဲ့ရန် မဖြစ်နိုင်ပေ။ တွင်းကြီးတစ်တွင်း တူးကာ မြှုပ်နှံရမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် ထုံးတစ်လွှာ ဖြူးပေးသင့်သည်။ ထိုသို့ မလုပ်လျှင် ပုပ်ပွလာမည့်အလောင်းများက နောက်နှစ်၏နွေဦးရာသီတွင် ပလိပ်ရောဂါကို မြန်မြန်ဆန်ဆန် သယ်ဆောင်လာတော့မည် ဖြစ်သည်။

သို့သော် သူတို့ထံတွင် ထုံးမရှိတော့သောကြောင့် ထိုအလောင်းများကို ရေနှင့် ဝေးနိုင်သမျှ ဝေးအောင်သာ မြှုပ်နှံကြရသည်။

ကျိရှောင်ယင်က စစ်သည်နှစ်ယောက်ကို ခေါ်ကာ ခြံဝင်းဆီသို့ ပြန်သွားခဲ့ပြီး ကျိရွှေရှန့်တစ်ယောက် ခြံပြင်သို့ အလောတကြီး ထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။

လှည်းသုံးစီးကို ပြန်လည် တပ်ဆင်ထားပြီးကာ ကျိရွှေရှန့်က စူးချင်းနှင့် သူ့ညီမကို လိုက်ရှာနေချိန်တွင် ကျုံးယုံက လှည်းများကို စောင့်ရန် ထိုခြံဝင်းတွင် နေရစ်ခဲ့ရမည် ဖြစ်သည်။

“အစ်ကိုကြီး”

ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို ဝမ်းသာအားရ အော်ခေါ်လိုက်သော်လည်း သူမ၏အစ်ကိုကြီးက သူမကို ဒေါသထွက်နေသော မျက်နှာမည်းကြီးဖြင့် ကြည့်စိုက်ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ ကျိရှောင်ယင်က အလွန်ကြောက်လန့်သွားပြီး သူမ၏မျက်နှာပေါ်မှ အပြုံးပင် အေးခဲသွားခဲ့သည်။

"ဒီမှာ စောင့်နေဖို့ မင်းတို့ကို ငါ မပြောခဲ့ဘူးလား?"

ကျိရွှေရှန့်က သူ့ညီမလေးကို ဒေါသတကြီး လှမ်းမေးလိုက်သည်။

သူ စိတ်ပူနေမယ်ဆိုတာ မသိကြဘူးလား?

"ညီမလေးတို့က အစ်ကိုကြီးကို စိတ်ပူနေခဲ့တာ"

ကျိရှောင်ယင်က အစ်ကိုဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကို မကျေမနပ် ဖြစ်နေသော်လည်း အစ်ကိုဖြစ်သူ ဒေါသထွက်နေချိန်တွင် သူမ ကြောက်ရွံ့နေဆဲ ဖြစ်သည်။ သူမက သူမ၏ခေါင်းကို ငုံ့ထားပြီး တိုးတိုးလေး ရေရွတ်လိုက်ခြင်း ဖြစ်သည်။

“သခင်လေး”

စစ်သည်နှစ်ယောက်က ကျိရွှေရှန့်ကို မှတ်မိနေပြီး ဒူးထောက်ကာ လက်သီးအုပ်ရင်း သူ့ကို သခင်လးဟု နှုတ်ဆက်လိုက်သည်။

ကျိရှောင်ယင်၏ မျက်လုံးဝိုင်းဝိုင်းများက ပို၍ပင် ပြူးကျယ်လာခဲ့သည်။ သူမ၏ပါးစပ်လေးက “၀” ပုံသဏ္ဍာန် ပွင့်သွားပြီး သူမ၏အစ်ကိုကြီးကို အထိတ်တလန့် စိုက်ကြည့်နေလေသည်။

ဘာတွေဖြစ်နေတာလဲ? ဒီစစ်သည်တွေက သူမရဲ့အစ်ကိုကြီးကို ဘာကြောင့် သခင်လေးလို့ ခေါ်နေတာလဲ?

“ထပါ။ ငါ့ ညီမလေးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်”

ကျိရွှေရှန့်က သူ့ညီမလေး၏ စိတ်ရှုပ်နေပုံရသော သံသယမျက်ဝန်းများကို လျစ်လျူရှုလိုက်ပြီး စစ်သည်နှစ်ယောက်ကို ထူပေးရန် လှမ်းသွားခဲ့သည်။

သူတို့က တိုက်ပွဲဝင်ပြီးစ ပင်ပန်းနေတာလေ။

“သခင်လေး၊ ကျွန်တော်တို့က လှည်းတွေ ယူဖို့ မိန်းမပျိုလေးနဲ့အတူ ဒီကို လိုက်လာခဲ့တာပါ”

စစ်သည်နှစ်ယောက်က သူတို့ကို ဆေးကုပေးခဲ့သူက သူတို့သခင်လး၏ညီမငယ်လေး ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသော်လည်း အမြန် ဝင်ပြောပေးလိုက်သည်။ ကျိရှောင်ယင်က ယောက်ျားလေးဝတ်စုံ ဝတ်ဆင်ထားသောကြောင့် သူတို့က သူမကို ယောက်ျားလေးတစ်ယောက်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ?"

ကျိရွှေရှန့်က သူ့ညီမလေးကို ပြန်မေးလိုက်သည်။ ကျိရှောင်ယင်က သူမ၏လက်ကို သူမ၏နောက်ကျောသို့ ပို့လိုက်ပြီး ရင်ကို မတ်ကာ အစ်ကိုဖြစ်သူကို ဂုဏ်ယူစွာ ပြန်ကြည့်လိုက်သည်။

“ညီမလေးတို့က ဒဏ်ရာရသူတွေကို ကူညီဖို့ သွားခဲ့ကြတယ်။ အစ်မစူးချင်းက ဒဏ်ရာရသူတွေကို ခွဲစိတ်ရမယ်၊ အဲ့တာကြောင့် အစ်မက သူတို့ကို သယ်ဖို့ လှည်းတွေ ပြန်ယူခိုင်းလိုက်တယ်”

အဲ့လိုတွေ ဖြစ်ခဲ့တယ်ပေါ့...

ကျိရွှေရှန့်က အချိန်မဖြုန်းတော့ဘဲ ကျုံးယုံကို ခေါ်ကာ လှည်းသုံးစီးလုံးကို ခြံပြင်သို့ အမြန် ပြန်ထုတ်လိုက်ပြီး မြို့တံခါးဆီသို့ မောင်းနှင်လာခဲ့သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့က တစ်ဖွဲ့တည်း ဖြစ်နေမည်ဟု ချန်ယွိက ဘယ်တုန်းကမှ မမျှော်လင့်ထားသောကြောင့် သူက အလွန်အကျွံစိတ်လှုပ်ရှားနေခဲ့သည်။

စစ်သူကြီးရှောင်းက သူတို့ကို ကောင်းကင်ဘုံကနေ ကောင်းချီးပေးနေပြီး သူတို့ကို ကယ်တင်ပေးဖို့ သူတို့ရဲ့သခင်လေးကို စေလွှတ်ပေးခဲ့တယ်။

စူးချင်းက ဒဏ်ရာရသူများကို ခွဲစိတ်ကုသပေးရန်အတွက် ထိုခြံကျဉ်းလေးဆီသို့သာ ပြန်ခေါ်လာခဲ့သည်။ ကျိရွှေရှန့်က ထောင်ဟွားဝူမှ ရွာသူရွာသားများအတွက် စိုးရိမ်နေခဲ့သည်။ တာ့ထန်မှ စစ်သည်များက မော့ချန်ကို အကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့ကြပြီး တာ့ရှားမှ လူများကို တွေ့လျှင်လည်း သူတို့က သတ်ပစ်ကြမည်ပင် ဖြစ်သည်။

"စူးချင်း၊ ကျုံးယုံနဲ့ ကိုယ် ရွာသားတွေကို ပြန်သွားကြည့်ဦးမယ်။ ကိုယ် သူတို့ကို မြို့ထဲကို ခေါ်လာပြီး ဒီညကို ဒီမှာပဲ နားခိုင်းလိုက်တော့မယ်”

သူတို့၏နယ်မြေသို့ ရေက်လာပြီ ဖြစ်သောကြောင့် အလွန် သတိထားနေစရာ မလိုတော့ပေ။ ကျိရွှေရှန့်က ယနေ့ညတွင် အမိုးအကာမဲ့သော နေရာတွင် မအိပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့လူများအားလုံး အနားယူနိုင်ရန် မြို့ထဲသို့ ခေါ်လာမည် ဖြစ်ပြီး စွန့်ပစ်ထားသော အိမ်များစွာ ရှိနေသောကြောင့် လူတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ကြမည်ဟု သူ တွေးထားခဲ့သည်။

ကျိရွှေရှန့်၏အဖွဲ့တွင် သူ့၏ရဲဘက်ဟောင်းများအပါအဝင် ရာနှင့်ချီသောလူများ ရှိနေသေးသည်ကို သိလိုက်ချိန်တွင် ချန်ယွိက အလွန်ကျေနပ်နေခဲ့သည်။ သူက ချွီတာ့နှင့် ကျန်းချမ်အပါအဝင် ညီအစ်ကိုဟောင်းများကို တွေ့ရန် မစောင့်နိုင်ဖြစ်နေပြီး သူတို့အားလုံးနှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောချင်နေပြီ ဖြစ်သည်။

ကျိရွှေရှန့်နှင့် ကျုံးယုံတို့က လူခေါ်ရန် ပြန်သွားကြပြီး စူးချင်းက မိန်းကလေးနှစ်ယောက်ကို ခေါ်ကာ သန့်ရှင်းရေးလုပ်ရန် ပြန်လာခဲ့ကြသည်။ တစ်အိမ်လုံးတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်မှာ ကြာပြီဖြစ်သောကြောင့် သန့်ရှင်းရေးလုပ်ပြီးမှသာ ဒဏ်ရာရနေသူများကိုသာ လက်ခံနိုင်မည် ဖြစ်သည်။

စစ်သည်များက ဒဏ်ရာရနေသူများကို လှည်းပေါ်တင်လာပြီး ခြံကျဉ်းလေးဆီသို့ ခေါ်ဆောင်လာကြသည်။ စူးချင်းနှင့် မိန်းကလေးနှစ်ယောက်က သူတို့အတွက် အခန်းများ ပြင်ဆင်ပေးထားခဲ့သည်။

အိမ်နောက်ဖေးရှိ ရေတွင်းမှ ရေယူနိုင်သည်။ အမှန်တကယ်တွင် ရေတွင်းက ရေခန်ူခြောက်နေပြီ ဖြစ်သော်လည်း စူးချင်းက စနစ်ကို ရေတွင်းအား ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခဲ့သည်။

ဒါက သူမ အဆင့်တက်မှုအတွက် ဆုလာဘ်ပဲလေ။ သူမ စနစ်ဆီကနေ တောင်းဖို့ အကြွေးကျန်နေတာ။ အခုက အဲဒါကို တောင်းရမယ့်အချိန်ပဲ။

စူးချင်းက စနစ်ထံမှ ရေအတွက်သာမကဘဲ အစားအစာလည်း ထပ်တောင်းခဲ့သေးသည်။ သူမက အဆင့်သုံးဆင့် တိုးမြှင့်နိုင်ခဲ့သောကြောင့် ဆုနှစ်ဆု တောင်းရန်ကျန်နေသေးသည်ကို အသုံးချကာ အစားအစာ ထက်တောင်းလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် စနစ်က သူမအတွက် ဆုတစ်ခု အကြွေးတင်နေဆဲဖြစ်ကာ သူမက နောင်တွင် တောင်းရန် ချန်ထားလိုက်ပြီး အလျင်စလို ထပ်မတောင်းတော့ပေ။

စနစ်က သဘောတူမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

မဟုတ်ရင် Host ရဲ့ ဒေါသကြောင့် ဒီစနစ်လေး ပေါက်ကွဲသွားလိမ့်မယ်။

စူးချင်းက အစားအသောက်များကို မြေအောက်ခန်းထဲတွင် ထားခိုင်းလိုက်သည်။ ဤအိမ်ပိုင်ရှင်က ချမ်းသာသောမိသားစုမှ ဖြစ်နိုင်ပြီး မြေအောက်ခန်းက အလွန်နက်သောကြောင့် ကျင်းရာဂဏန်းလောက် သိုလှောင်ထားရန် ပြဿနာမရှိပေ။

စူးချင်းက မြေအောက်ခန်းကို ဖြည့်ပေးရန် တောင်းဆိုလိုက်သောကြောင့် စနစ်က မျက်ရည်ကျနေရင်း ဖြည့်ပေးလိုက်ရသည်။

"အစ်မစူးချင်း၊ အစ်မ ဒါတွေကို‌ ဘယ်မှာ သိမ်းထားတာလဲ?"

ကျိရှောင်ယင်က စူးရှတောက်ပသော ခွဲစိတ်ဓားဖြင့် အခန်းထဲသို့ ဝင်လာသော စူးချင်းကို တွေ့သွားပြီး စူးစူးရဲရဲ စိုက်ကြည့်နေကာ စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။

လှည်းပေါ်တွင် ခြင်းတောင်းတစ်လုံး ရှိပေမယ့် အဲ့ခြင်းကအလွတ်ကြီးလေ။ အစ်မစူးချင်းက ဒီဓားသေးသေးလေးတွေကို အဲ့ခြင်းထဲမှာ ထည့်မထားခဲ့ဘူးမလား? ပြီးတော့ ခုနက အစ်မစူးချင်းက ဆေးသုံးခါလောက် ထုတ်ပေးခဲ့ပြီး အိတ်ကြီးတစ်လုံးစာလောက်ရှိတယ်။ အဲ့တာတွေကို ဘယ်နားမှာ သိမ်းထားခဲ့တာလဲ?

“ဒါက လျှို့ဝှက်ချက်ပဲ၊ မမေးနဲ့"

စူးချင်းက ကျိရှောင်ယင်ကို မလိမ်ချင်ပေ။ လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ထိန်းသိမ်းထားလျှင် အကောင်းဆုံး ဖြစ်နိုင်သည်ကို တွေးမိသောကြောင့် သူမက သူမ၏အသံကို လျှော့ချလိုက်ပြီး ကျိရှောင်ယင်ကို ထပ်ပြောလိုက်သည်။

"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောပြလို့ မရဘူး"

ရှေးခေတ်က လူများက အယူသီးကြပြီး ကျိရှောင်ယင်က မသေမျိုးနတ်ဘုရားများကို ချက်ခြင်း စဉ်းစားမိသွားခဲ့သည်။

ဟွမ်တာ့ရှန်း နှင့် ဟူရှန်းတို့ကတောင် ဆေးတွေလာပေးတဲ့သူ ဖြစ်နိုင်တယ်။

(T/N: ဟွမ်တာ့ရှန်း တရုတ်နဲ့ ဟောင်ကောင်မှာ ရေပန်းစားတဲ့ တာအိုနတ်ဘုရားလို့ တော့ wiki မှာတွေ့တယ်၊ ဟောင်ကောင်ဘက်မှာကျတော့ မူလဇစ်မြစ် ဆေးနတ်ဘုရားလို့ ယုံကြည်ကြပြီး ဂုဏ်ပြုတဲ့အနေနဲ့ အခမဲ့ ဆေးပေးခန်းတွေ ဖွင့်ကြတယ်ပြောတယ်

ဟူရှန်းကတော့ တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာ အထူးရေပန်းစားတဲ့ နတ်ဘုရားကို ရည်ညွှန်းပါတယ်၊ မြေခွေးဝိညာဉ်/မြေခွေးနတ်ဘုရားလို့လည်း အယုံအကြည်ရှိကြတယ်)

ကျိရှောင်ယင်က အလွန်ကြောက်လန့်သွားပြီး သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“ကျွန်မ မမေးတော့ဘူး”

“မင်းတို့ နှစ်ယောက် ရေတစ်ပုံးသွားယူပေးဦး။ ပြီးရင် တံခါးနားမှာ စောင့်နေပေး။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့"

စူးချင်းက ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့ကို အပြင်ဘက်သို့ လွှတ်လိုက်ပြီး သူမ တစ်ယောက်တည်းသာ ဒဏ်ရာရနေသူများကို ခွဲစိတ်ကုသပေးရန် ထိုအခန်းထဲတွင် နေရစ်ခဲ့သည်။

ထိုလူများအားလုံးက ဒဏ်ရာ အပြင်းအထန် ရရှိထားကြပြီး သူတို့ထဲမှ တစ်ယောက်၏ခါးတွင် အူများတွဲလောင်းကျနေပြီး သွေးများ ရွှဲနစ်နေခဲ့သည်။ တခြားတစ်ယောက်က ဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေသည်အထိ ဓားဖြင့် ထိုးဖောက်ခံထားရသည်။

ထိုဒဏ်ရာရထားသူများက သတိလစ်နေပြီ ဖြစ်ကာ နောက်ဆုံးထွက်သက်ကို ရင်ဆိုင်နေကြရပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။

စူးချင်းက သူတို့ နာကျင်မှုကြောင့် ရုန်းကုန်ပြီး ပို၍ ဒဏ်ရာပြင်းလာမည်ကို စိုးရိမ်သောကြောင့် သူတို့၏ပါးစပ်ထဲသို့ ဆေးမှုန့်များ လောင်းထည့်လိုက်သည်။

မိန်းခလေးများက ရေယူလာပေးပြီး လူနာကို တိုက်ထားသော မေ့ဆေးလည်း အရှိန်ရလာချိန်တွင်စူးချင်းက သူမ၏ ခွဲစိတ်ကုသမှုကို စတင်လိုက်သည်။ သူမ၏ ဆေးပညာကျွမ်းကျင်မှုက အဆင့်ရှစ်သို့ ရောက်ရှိနေပြီးဖြစ်သောကြောင့် သူမကို မည်သူမျှ သင်ပြပေးစရာမလိုတော့ဘဲ သူမကိုယ်တိုင် ခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့သည်။ စူးချင်းက လူနာ၏အူများကို သန့်စင်ပေးပြီး အစာအိမ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ရောဂါပိုးမကူးစက်စေရန် ဝမ်းဗိုက်အတွင်းရှိ သွေးများကို သန့်စင်ပေးပြီးမှ ၎င်းတို့ကို အလွှာပြီးတစ်လွှာ ပြန်ချုပ်ပေးလိုက်သည်။

ဒဏ်ရာရထားသူများက အိပ်ပျော်နေသကဲ့သို့ မလှုပ်မယှက် လဲလျောင်းနေကြပြီ သူမ၏ခွဲစိတ်မှုပြီးသွားသောအခါတွင် စူးချင်းက သူတို့၏ပါးစပ်ထဲသို့ သွေးအားတိုးစေမည့်ဆေးများ ထပ်လောင်းထည့်ပေးလိုက်သည်။ သိပ်မကြာခင် သူတို့ ပြန်နိုးလာကြသည်။

စူးချင်းက ဒဏ်ရာရထားသည့်သူများကို ခွဲစိတ်ကုသပေးနေစဉ် ကျိရွှေရှန့်က ကျုံးယုံနှင့်အတူ ရွာသားများ စောင့်ဆိုင်းနေသည့်မြို့ပြင်ဘက်သို့ ပြန်သွားခဲ့သည်။ ဓားခုတ်သံများ၊ အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် ကလေးငယ်များ၏ အော်ငိုသံများကို အဝေးမှပင် ကြားနေရသည်။

All Chapters