ထပ်တူညီသောနှလုံးသားများ
Vol. 16 Ch. 230
ကျိရွှေရှန့်၏အတွေးများကလည်း စူးချင်းအတွေးနှင့် အတူတူ ဖြစ်နေခဲ့သည်။
နယ်စပ်ဒေသမှာက လွင်ပြင်တွေ အရမ်းများတာကြောင့် တာထန့်စစ်သည်တွေက အဘက်ဘက်ကနေ ထိုးစစ်ဆင်လာရန် သူတို့ ခုခံကာကွယ်နိုင်မှာ မဟုတ်တော့ဘူး။
ဒီနေ့ ထောင်ဟွားဝူအဖွဲ့ တိုက်ခိုက်ခံရတဲ့ နမူနာကို ကြည့်လိုက်ရင် သူ စိုးရိမ်နေသလို ဖြစ်ခဲ့တာ အမှန်ပဲ။ တာ့ထန်တွေက အရမ်းပါးနပ်လွန်းပြီး အနောက်ဘက်ကနေ ရွာသားတွေကို ခိုးဝင်တိုက်ခိုက်ခဲ့တာကြောင့် ဦးလေးချွီနဲ့ ဦးလေးကျန်းတို့ ဗျာများခဲ့ရတယ်။ ဒီလိုတိုက်ပွဲမျိုးက ကြောက်စရာကောင်းလွန်းတယ်။
"ကောင်းပြီလေ၊ ကျွန်မတို့ မော့ချန်မှာ နေပြီး အဆုံးအထိ အသက်စွန့်ခုခံကာကွယ်မယ်လို့ ဆုံးဖြတ်လိုက်ရင် သေချာတဲ့ အစီအစဉ်တစ်ခုတော့ လုပ်ထားရမယ်"
စူးချင်းက ဆက်နေရန် မကန့်ကွက်ခဲ့သော်လည်း သူမက တာ့ထန်စစ်သည်များနှင့် တစ်သက်လုံး တိုက်ခိုက်နေရမည့်အခြေအနေကိုတော့ မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူမက ရောက်လာသမျှလူများအားလုံးကို တစ်ခါတည်း သတ်ပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
ထိုအရာက သူမ စစ်နတ်ဘုရားဖြစ်ခဲ့စဉ်က သူမ၏အပြုအမူသာဖြစ်သည်။ သူမက သူမ၏ရန်သူများကို ဘယ်တော့မှ သနားကြင်နာတက်သူ မဟုတ်ဘဲ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကာကွယ်ရန် သူတို့အားလုံးကို သတ်ပစ်လေ့ရှိသည်။
“ကိုယ်လည်း အဲ့လို ထင်တယ်။ ကိုယ်တို့ လေးနဲ့ မြှားတွေ များများ ပြင်ဆင်ထားရမယ်၊ တာ့ထန်စစ်သည်တွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့အပေါ် စေတနာထားနေလို့ မဖြစ်ဘူး။ ဖြေင့်မတ်တဲ့ ကိုယ်ကျင့်တရားတွေလည်း မလိုအပ်ဘူး။ ကိုယ်တို့ အဆိပ်ပြင်းပြင်း သုတ်ထားတဲ့မြှားတွေကို သုံးရလိမ့်မယ်”
ဘေးတစ်စောင်း မြင်နေရသော ကျိရွှေရှန့်၏မျက်နှာတွင် ခက်ထန်ပြတ်သားသော အရိပ်အယောင်များ ရှိနေပြီး သူ့မျက်လုံးများတွင် အသဲထဲစိမ့်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ သူ၏ ပါးလွှာသော နှုတ်ခမ်းများက အေးစက်မှန်းသိသာနေအောင် တွန်းကွေးနေပြီး သူ၏ အရိုးများထဲမှ ထွက်လာပုံရသည် အရာရာကို လွှမ်းမိုးနိုင်သော ရောင်ဝါက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားခဲ့သည်။
“ကောင်းပြီလေ ကျွန်မ အဆိပ်မြှားတွေ လုပ်ပေးမယ်”
စူးချင်းက ကျိရွှေရှန့်၏ထိုပုံစံကို မကြောက်ရုံသာမက ထိုအစား သူမက သူ့ကို ပို၍ သဘောကျလာခဲ့သည်။
တကယ်တမ်း စစ်ပွဲတွေ ဖြစ်လာရင် သူတော်စင်နှလုံးသား ရှိတယ်လို့ ပြောတဲ့သူတွေက ပိုကြောက်ဖို့ကောင်းတယ်။ သူတို့ကမှ အားလုံးကို ကရုဏာမထားဘဲ အစုလိုက်အပြုံလိုက်သတ်ပစ်မယ့်သူတွေပဲ၊ ပြီးရင် သူတို့က မလွဲသာလို့ သတ်ရတာပါ၊ သူတို့ ဝင်မပါရင် ကောင်းကင်ကနေ သူတို့ကို အပြစ်ပေးတဲ့ မိုးကြိုးတွေ ကျလာမှာကို ကြောက်လို့ပါလို့ ပြောကြလိမ့်မယ်။ သူတို့က ရက်စက်သလောက် သူတို့ကိုယ်သူတို့ အပြစ်ကင်းတဲ့သူတော်စင်လို့ သတ်မှတ်နိုင်အောင် လွတ်လမ်းကိုလည်း ရှာထားကြသေးတယ်။
"မင်း ဘာဆေးတွေ လိုလဲ? ဒီမြို့ထဲမှာ ဆေးဆိုင်တစ်ဆိုင်ရှိတာကို ကိုယ် တွေ့ခဲ့တယ်။ မင်း အဲ့မှာ သွားဝယ်လို့ရတယ်"
ချန်ယွိက မြို့တွင်းရှိ သာမန်လူများထံမှ လုယက်ယူငင်ခြင်းထက် ငတ်သေရန်သာ ရွေးချယ်ခဲ့သူ ဖြစ်သည်။ ဤသည်မှာ ရှောင်းမိသားစုစစ်တပ်မှ ကြွင်းကျန်ရစ်ခဲ့သော အစဉ်အလာကောင်းတစ်ခုလည်း ဖြစ်သည်။
ကျိရွှေရှန့်ကလည်း အလားတူ ဖြစ်ပြီး သူက အများပြည်သူတို့၏ ဥစ္စာပစ္စည်းများကို လုယက်ယူငင်မည် မဟုတ်ပေ။
“အင်း၊ နောက်မှ စာရင်း ရေးပေးမယ်။ ဒဏ်ရာအတွက် ဆေးဝါးတချို့လည်း ကြိုပြင်ထားဖို့ လိုလိမ့်တယ်။ စစ်ပွဲဖြစ်လာရင် ဆေးဝါးတွေ အများကြီး လိုလာလိမ့်မယ်”
စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူမက ဆေးများကို လေထဲမှ အမြဲထုတ်ယူနေခဲ့ပြီး ကျိရှောင်ယင်ကပင် တစ်ခုခုမှားနေပြီကို သတိပြုမိနေပြီ ဖြစ်သည်။ အလွန်ဥာဏ်ကောင်းသော ကျိရွှေရှန့်က သူမကို သံသယမဝင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
“အင်း”
ကျိရွှေရှန့်က စူးချင်းကို တရှိုက်မက်မက် စိုက်ကြည့်နေပြီး သူ၏သန်မာသော လက်များက စူးချင်း၏ သွယ်လျသော လက်မောင်းလေးများကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ ကြည်လင်ပြတ်သားသော အနက်ရောင်မျက်လုံးများက ရေခဲတုံးများကဲ့သို့ အေးစက်နေပြီး အန္တရာယ်မည်မျှပင် ကြုံတွေ့ရပါစေ သူမက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပုံရသည်။
သူမက ပင်လယ်ကိုပင် တည်ငြိမ်စေသော မှော်အပ်တစ်ချောင်းနှင့် ဆင်တူလှပြီး သူ့၏ စိုးရိမ်ပူပန် စိတ်များကို လျှော့ကျအောင် ပြုလုပ်ပေးနိုင်သူ ဖြစ်သည်။
စူးချင်းက ကျိရွှေရှန့်၏အနက်ရောင် မျက်လုံးများကို ပြန်မော့ကြည့်နေပြီး ခိုင်မာသော လေသံဖြင့် သူ့ကို ထပ်ပြောလိုက်သည်။
“ရှင် လုပ်ချင်တာကို လုပ်လို့ ရပါတယ်”
ဒီလူက သူ့မိသားစုရဲ့ရန်ကြွေးအတွက် မုန်းတီးမှုတွေနဲ့ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်။ အဲ့တာတွေက သူ့ကို ဖိစီးနေတာ တော်တော်ကြာနေပြီ။ သူမ သူ့အတွက် လုပ်ပေးနိုင်တာက သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့နဲ့ သူ့နဲ့ ဘေးချင်းယှဥ်ပြီး တိုက်ခိုက်ပေးဖို့ပါပဲ။
"ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က စူးချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမကို တယုတယ ပွေ့ဖက်ထားလိုက်သည်။ စူးချင်း၏စကားများကြောင့် သူ့ရင်ထဲမှ လေးလံမှုများက သူရဲကောင်းဆန်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို အားမာန်အပြည့်ဖြင့် တက်ကြွသွားစေခဲ့သည်။
စူးချင်းက သူ၏နွေးထွေးသော ရင်ခွင်ကို မှီထားလိုက်ပြီး သူ့၏ပြင်းထန်သော နှလုံးခုန်သံကို ခံစားနားဆင်နေခဲ့သည်။ ကျိရွှေရှန့်က စူးချင်း၏ဆံပင်လေးများကို နမ်းလိုက်ပြီး သူမ၏နား နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် အရင်သွားလိုက်မယ်"
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကြားထဲမှ ပြန်ရုန်းထွက်လိုက်သည်။ သူတို့၏ ဤထွေးပွေ့မှုက အာရုံထွေပြားခြင်း မရှိဘဲ အပြန်အလှန် လေးမြတ်မှုကို ပြသချင်းသာ ဖြစ်သည်။
ကျိရွှေရှန့် အိမ်ထဲမှ ပြန်ထွက်ခွာခါနီးတွင် ကျိရှောင်ယင်၏ အံ့သြတုန်လှုပ်နေသောအသံကို ကြားလိုက်ရသည်။
"အစ်မစူးချင်း၊ မြေအောက်ခန်းထဲမှာ စားစရာတွေ အများကြီးရှိတယ်"
သူ့ညီမလေး၏အော်သံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်တစ်ယောက် တခဏတာမျှ မှင်သက်သွားခဲ့ရသည်။
ခုန သူ မြေအောက်ခန်းအပါအဝင် အိမ်ရဲ့အတွင်းနဲ့ အပြင်အားလုံးကို ရှာဖွေခဲ့တာ မဟုတ်ဘူးလား? အစားအသောက်တွေက ဘယ်ကနေ ရောက်လာတာလဲ?
စူးချင်းက မြေအောက်ခန်းထဲတွင် စားစရာရှိနေမှန်း သိထားပြီးဖြစ်သောကြောင့် အမူအရာပင် မပြောင်းဘဲ အေးအေးဆေးဆေး အပြင်သို့ ထွက်လာခဲ့သည်။
ကျိရှောင်ယင်က ဆန်လက်တစ်ဆုပ်စာ ကိုင်ဆောင်ထားပြီး သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းကို စိတ်လှုပ်ရှားစွာ ပြသနေခဲ့သည်။
“ဆန်က ကြိတ်ခွဲပြီးသားတွေ... ပြီးတော့ အရမ်း သန့်စင်ပြီး အရမ်းကောင်းတယ်။ ဒီည ညီမလေးတို့ ဆန်ယာဂု ကျိုစားလို့ ရပြီ”
ကြည်လင်ရှင်းသန့်နေသော ဆန်စေ့များက အလင်းရောင်ဖျော့ဖျော့အောက်တွင် တဖျပ်ဖျပ် တောက်ပနေသည်။ ကျိရွှေရှန့်က သူ့မျက်လုံးများကိုပင် သူ မယုံနိုင်ဖြစ်နေပြီး မြေအောက်ခန်းဆီသို့ လျှောက်သွားကာ စစ်ဆေးရန် ထိုင်ချလိုက်လေသည်။ မြေအောက်ခန်းတစ်ခုလုံး ဆန်ချောများဖြင့် အမှန်တကယ် ပြည့်လျှံနေလေသည်။
"ကျွန်မ ယာဂု သွားကျိုလိုက်မယ်"
စူးချင်းက မြေအောက်ခန်းရှေ့တွင် ငုတ်တုတ်ထိုင်နေကာ မယုံကြည်နိုင်သည့်အမူအရာဖြင့် ဆန်များကို ပွတ်ကြည့်နေသော ကျိရွှေရှန့်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်များက အပြုံးတစ်ခု မသိမသာ ဖြစ်ပေါ်လာသည်အထိ ကွေးညွတ်သွားခဲ့သည်။ ထို့နောက်တွင်မူ ဒဏ်ရာရနေသူများအနေဖြင့် အာဟာရရှိသည့် တစ်ခုခု စားနိုင်ရန် လိုအပ်နေသောကြောင့် သူတို့အတွက် ယာဂုကျိုပေးရန် စီစဉ်လိုက်သည်။
ထောင်ဟွားဝူမှ ရွာသူရွာသားများလည်း လမ်းတစ်လျှောက်လုံး လမ်းလျှောက်ခဲ့ကြရပြီး ပင်ပန်းနွမ်းနယ်ကာ ဆာလောင်နေပြီ ဖြစ်သည်။ တိုက်ခိုက်ချင်လျှင်ပင် အင်အားရှိရန် လိုအပ်သောကြောင့် ယခုအချိန်တွင် အစားအစာက အရေးအကြီးဆုံး ဖြစ်နေပြန်သည်။
“ဒီဆန်ကောင်းတွေကို ဆန်လုံးညိုတွေနဲ့ လဲလှယ်ဖို့ လီတာ့နျိုနဲ့ တခြားသူတွေကို ခေါ်သွားလိုက်မယ်။ ဆန်ကောင်း တစ်ရှီကို ဆန်လုံးညိုနှစ်ရှီနဲ့ လဲလှယ်နိုင်လောက်တယ်။ ကိုယ်တို့အဖွဲ့မှာ နောက်ထပ် လူနှစ်ရာ လောက် ပိုလာပြီ ဆိုတော့ ကိုယ်တို့ ချွေတာရမယ်”
ချန်ယွိနဲ့ စကားပြောတုန်းက မြို့စောင့်တပ်သားတွေမှာ စားစရာ မရှိတာကြောင့် လူတိုင်း အမဲလိုက်ရပြီး အဲ့အမဲကောင်တွေကို အားကိုးစားသောက်နေရတာကို သူ သိထားပြီးပြီ။
အခု သူတို့မှာ စားစရာ ရှိနေတော့ အဲ့တပ်သားတွေ အစာငတ်နေတာကို မကြည့်ရက်ပါဘူး။ စားဖို့ မလုံလောက်ရင် ဘယ်လို တိုက်ခိုက်နိုင်ကြမှာလဲ?
“ကောင်းပြီလေ”
စူးချင်းက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း မြို့ထဲမှ စပါးဆိုင်ကပင် ထိုဆန်ကောင်းများအား လက်မခံနိုင်မည်ကို သူမ စိုးရွံ့နေမိသည်။
သူမတို့ လက်ရှိနေထိုင်သည့် အိမ်တွင် ခန်နှင့် ချိတ်ဆက်ထားသည့် မီးဖိုတစ်ခု ရှိသည်။ မီးခိုးခေါင်းတိုင်က ခေါင်မိုးပေါ်တွင် ရှိနေသောကြောင့် မီးခိုးငွေ့ကြောင့် အဆိပ်သင့်မည်ကို စိုးရိမ်စရာ မလိုပေ။ ထို့ကြောင့် စူးချင်းက စိတ်ချလက်ချဖြင့် မီးမွှေးကာ ကျောက်မီးသွေးများကို မီးဖိုထဲသို့ ပစ်ထည့်နိုင်ခဲ့သည်။
သို့သော်လည်း ဤအိမ်၏ပိုင်ရှိင်မိသားစုက သူတို့ထွက်ခွာသွားချိန်တွင် အရာအားလုံးကို ယူဆောင်သွားခဲ့ပုံရပြီး မီးဖိုရှိသော်လည်း အိုး မရှိပေ။ ကျိရွှေရှန့်က လှည်းများဆီသို့ သွားကာ သူတို့ယူလာခဲ့သော အိုးကြီးလေးလုံးကို သွားယူလာခဲ့ရသည်။ ဤမျှများပြားသော အိမ်အလွတ်များတွင် မီးဖိုတစ်လုံးတည်းရှိရန်က လုံးဝ မဖြစ်နိုင်ပေ။
ထောင်ဟွားဝူမှ ရွာသူရွာသားများက မြို့စောင့်တပ်သားများ၏အကူအညီဖြင့် သူတို့ နေထိုင်မည့်အိမ်များဆီသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ အားလုံးက အိမ်များကို သန့်ရှင်းရေးလုပ်ခြင်း၊ ကြမ်းပြင်များ သန့်ရှင်းရေးလုပ်ခြင်းများဖြင့် အလုပ်များနေကြပြီး သူတို့ နောက်တစ်ကြိမ် ပြန်မထွက်တော့ဘဲ ဤနေရာတွင် အေးအေးချမ်းချမ်းနှင့် ရောင့်ရဲစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် မျှော်လင့်နေမိကြသည်။
သူမတို့ နေထိုင်မည့်အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လီရွှမ်းအာက ထမင်းကူချက်ရန် ရောက်လာခဲ့သည်။ စူးချင်းက အိမ်နောက်ဖေးသို့ ရေနှစ်ပုံးခန့် သွားသယ်နေပြီး သူမကို မီးကြည့်ခိုင်းထားခဲ့သည်။
လမ်းတစ်လျှောက်တွင် စားစရာ သာမက ရေလည်း ပြတ်လပ်သွားခဲ့သည်။ ဤခြံဝင်းထဲတွင် ရေရှိမှန်း သိနေသောကြောင့် မိသားစုတိုင်းက ရေလာယူကြပြီး ခဏအကြာတွင် သူမတို့၏ခြံဝင်းလေးထဲ၌ လူများ ပြည့်နေခဲ့သည်။ ထိုကြောင့် မူလက လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းက စပါးဆိုင်၏တံခါးကို သွားခေါက်နေကြပြီး စပါးဆိုင်၏တာဝန်ခံက ဘေးကင်းကြောင်း အတည်ပြုပြီးမှသာ တံခါးကို အဟသေးသေးလေး ဖွင့်ပေးခဲ့သည်။
“ဆိုင်ရှင်၊ ငါတို့က မင်းတို့ရဲ့ဆန်လုံးညိုတွေကို ငါတို့ရဲ့ဆန်ကောင်းနဲ့ လဲလှယ်ချင်တယ်။ မင်းတို့ ဘယ်လို လဲလှယ်ပေးနိုင်မလဲ?"
ကျိရွှေရှန့်က ယဉ်ယဥ်ကျေးကျေးဖြင့် လက်သီးအုပ်ကာ ဆိုင်တာဝန်ခံကို လှမ်းမေးလိုက်သည်။
“ကျွန်တော်တို့ဆိုင်မှာ စားစရာ သိပ်မကျန်တော့ဘူး။ ပြီးတော့ ခင်ဗျားတို့ရဲ့ဆန်ကောင်းတွေကို လက်ခံဖို့လည်း မတက်နိုင်ပါဘူး"
ဆိုင်ရှင်က ခါးသီးသော မျက်နှာဖြင့် ခေါင်းယမ်းလိုက်သည်။ ဆိုင်မှာ ကျန်နေတဲ့ စပါးတွေကို ရောင်းပြီးရင် သူတို့က ငွေကို ယူပြီး ထွက်သွားဖို့ စီစဥ်ထားပြီးပြီ။
ဘာလို့ စပါးတွေကို သူနဲ့အတူ မယူသွားတာလဲဆိုတာကတော့ အဲ့စပါးတွေကို မကာကွယ်နိုင်ဘဲ လုရက်ခံရမှာကို သူ ကြိုသိနေလို့ပါ။
"ဒါဆို စားစရာ ဘယ်လောက်ကျန်သေးလဲ? ငါတို့ အကုန်ဝယ်မယ်"
စားစရာ သိပ်မကျန်တော့ဘူးဟု ကြားလိုက်ရချိန်တွင် ကျိရွှေရှန့် ထိုစားစရာများအာလုံးကို ဝယ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ကျိရွှေရှန့်က စားစရာများအားလုံး ဝယ်ချင်ကြောင်း ကြားလိုက်ရသောကြောင့် ဆိုင်တာဝန်ခံကလည်း တော်တော်လေး ပျော်သွားခဲ့သည်။ သူ ကျေနပ်နေသော်လည်း စျေးနှုန်းကိုတောင် အနည်းငယ်လေးမျှ မလျှော့ပေးနိုင်ခဲ့ပေ။
ကျိရွှေရှန့်က ထိုစပါးဆိုင်မှ နောက်ထပ် စပါး ရှီ၂၀၀ခန့် ဝယ်ယူခဲ့သည်။ ဤပမာဏက သူတို့အဖွဲ့ လဝက်ခန့်စားသောက်ရန် လုံလောက်ပေလိမ့်မည်။
သူတို့က ထိုစပါးဆိုင်ရှိ ဆားအားလုံးနှင့် ပဲမျိုးစုံတို့ကိုလည်း ဝယ်ယူခဲ့သည်။ ပဲများကို ကြော်ပြီးလျှင် ကင်းစောင့်နေသော စစ်သည်များ ဆာလောင်မှု ပြေပျောက်စေရန် သူတို့၏ အိတ်ကပ်ထဲသို့ ထည့်ပေးနိုင်မည် ဖြစ်သည်။
ဆားဓာတ်မရှိလျှင် ခွန်အားများ ဆုံးရှုံးနိုင်သောကြောင့် ဆားကိုလည်း စားသုံးရမည် ဖြစ်သည်။
အစားအသောက်များ အကုန်ဝယ်ယူပြီးချိန်တွင် မြင့်တက်နေသော စျေးနှုန်းများကြောင့် သူတို့ထံတွင် ပိုက်ဆံအနည်းငယ်သာ ကျန်နေတော့သည်။
ဒါပေမယ့် အဲ့ဒါက အရေးမကြီးဘူး။ တာ့ထန်စစ်သည်တွေက သူတို့ကို ပိုက်ဆံ လာပို့ပေးလိမ့်မယ်။
ကျိရွှေရှန့်တို့က စပါးများနှင့်အတူ ပြန်ရောက်လာခဲ့သည်။ အဒေါ်ချိုးနှင့် အဒေါ်လီတို့က ယာဂုအိုးကြီးသုံးအိုး ကျိုကာ အစေ့အဆန်ကြမ်းများဖြင့် အစာခြောက်တစ်အိုး ပေါင်းလိုက်ကြပြီး တိုက်ပွဲဝင်ခဲ့ရသော စစ်သည်များက ဝဝလင်လင် စားနိုင်ရန် အစားအစာကို ရရှိသွားခဲ့ကြသည်။
စူးချင်းက သန့်စင်သောဆန်များ ယာဂုကျိုလိုက်ပြီး ဒဏ်ရာရနေသူများကို စားနိုင်ရန် အခန်းထဲသို့ ယူသွားခိုင်းလိုက်သည်။ သူမက ညစာစားရန် ချင်ဖုန်းနှင့် အမျိုးသမီးလီကို သွားရှာလိုက်သည်။
လူတိုင်းက ထိုအစားအစာတစ်နပ်အတွက် အလွန်ကျေနပ်နေကြသည်။ ပူပူနွေးနွေး အစားအစာကို စားနေရင်း ထိုစစ်သည်များ၏မျက်လုံးများက နီရဲလာကြသည်။
သူတို့ လူရိုင်းတွေလို အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရပြီး နောက်ဆုံးတော့ ကောင်းကောင်းစားနိုင်ခဲ့ပြီ။
ဝလင်အောင် စားသောက်ပြီးနောက်တွင် တိုက်ပွဲအတွက် ပြင်ဆင်ကြရပြန်မည် ဖြစ်သည်။ ကျိရွှေရှန့်က သူ့လူများကို စားပြီးလျှင် အပြင်ထွက်ပြီး ဝါးရှာရန် အမိန့်ပေးခဲ့သော်လည်း မြောက်ဘက်တွင် ဝါးမရှိသည်ကို သူ မေ့သွားခဲ့သည်။
"သတင်းပို့ပါတယ်၊ တာ့ထန်စစ်သည်တွေ လာနေပြီ..."