← Chapters

ဝိုင်းရံခံခြင်း

Vol. 16 Ch. 231

ဝိုင်းရံခံခြင်း

Vol. 16 Ch. 231

မြို့အစောင့်တပ်သားများက အပြေးအလွှား သတင်းပို့လာကြသည်။ တာထန့်စစ်သည်များ ထပ်ရောက်လာပြီး လက်စားပြန်ချေမည်ကို သူတို့ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ဤမျှလောက် မြန်မြန်ရောက်လာမည်ဟုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ထို့ကြောင့် လူတိုင်း၏အမူအရာက လေးနက်သွားခဲ့သည်။

စစ်သည်များက စားဖို့ပင် ဂရုမစိုက်နိုင်တော့ဘဲ သူတို့အားလုံး၏လက်ထဲမှ စားစရာများကို ပြန်ချကာ လက်နက်များကို ကောက်ယူပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

ချန်ယွိကလည်း အော်ဟစ်အမိန့်ပေးနေပြီ ဖြစ်သည်။

“ကျောက်တုံးတွေနဲ့ သစ်သားတုံးတွေ ပြင်ဆင်ကြ”

လူတို့က မြို့တံခါးကို စောင့်ကြပ်ရန် ထွက်ခွာသွားကြပြီး စူးချင်းက မိန်းကလေးများအား သန့်စင်ခန်းဆီသို့ ခေါ်ဆောင်သွားကာ ယမ်းစိမ်းတူးရန် ပြင်ဆင်လိုက်သည်။ သူမက သူမ၏ကိုယ်ပိုင်အနက်ရောင်ယမ်းမှုန့် ပြုလုပ်ချင်နေခဲ့သည်။

တာ့ထန်စစ်သည်တွေက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့လူတွေ မှန်သမျှ သူမရဲ့ဖောက်ခွဲရေးပစ္စည်းတွေကို မကျော်လွှားနိုင်ပါဘူး။

အနက်ရောင်ယမ်းမှုန့်အတွက်အချိုးက ယမ်းစိမ်းတစ်ဆ၊ ဆာလဖာနှစ်ဆနှင့် မီးသွေးသုံးဆ ဖြစ်သည်။ ယခုအချိန်တွင် စူးချင်းအတွက် အနက်ရောင်ယမ်းမှုန့်များ အလွန်အကျွံပြုလုပ်ရန် မလိုအပ်သေးပေ။ သူမက တာ့ထန်စစ်သည်များကို ခြိမ်းခြောက်နိုင်သာ တွေးထားပြီး မော့ချန်မှလူများအတွက် သူတို့ အသက်ရှူရန် အချိန်တစ်ခု ရှာပေးနိုင်ရန် ပြင်ဆင်ရမည် ဖြစ်သည်။

ယမ်းစိမ်းကို ခြစ်ယူပြီးနောက် ဆာလဖာရနိုင်ရန် လိုအပ်နေသေးသည်။ အချိန်ကုန်သက်သာစေရန်အတွက် စူးချင်းက ဆာလဖာကို စနစ်ဆီမှ တောင်းဆိုလိုက်သည်။

စနစ်က သူမကို မပေးချင်ဘဲ လှည့်စားချင်နေသေးသော်လည်း စူးချင်းက ထိုကောက်ကျစ်သောစနစ်ကို အလျှော့မပေးခဲ့ပေ။ သူမက သူမ လိုအပ်သည့် ပမာဏကို ပြောလိုက်ပြီး ဆာလဖာနှစ်ဗူး ပေးရန် ခပ်တင်းတင်း တောင်းဆိုလိုက်သည်။ စူးချင်းက သူမ၏စကားအတိုင်း လုပ်တက်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိထားသောကြောင့် စနစ်က သူမ၏စကားကို နာခံရုံသာ တက်နိုင်ခဲ့သည်။

ထို့နောက်တွင် မီးသွေးကို မီးရှို့ပြီး အမှုန့်ဖြစ်အောင် ထောင်းရဦးမည် ဖြစ်သောကြောင့် အချိန်လိုအပ်နေသေးသည်။

စူးချင်းက ထိုအချိန်ကို ဖောက်ခွဲပစ္စည်းများပြုလုပ်ရန် အသုံးချခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများအတွက် သူမတို့နှင့်အတူ ယူဆောင်လာသော ဝါးကျဥ်တောက်များကို အသုံးချကာ ဖောက်ခွဲရေးပစ္စည်းအဖြစ် ဖန်တီးနေရသည်။ သူတို့အားလုံး ဖြတ်သွားကြသည်။ ထိုဝါးကျဥ်တောက်များကို ၁၅ စင်တီမီတာ အပိုင်းပိုင်းလေးများ ဖြစ်အောင် ပိုင်းဖြတ်လိုက်ပြီး ဝါးကျဥ်တောက်တစ်ခုစီမှ အပိုင်းခြောက်ပိုင်း ရရှိခဲ့သည်။ ဖြတ်ထားသော ဝါးနှစ်တုံးကို ပြွန်သေးသေးလေးတစ်ခုအဖြစ် ပေါင်းစပ်လိုက်ပြီး ထိုဝါးပြွန်၏ အဆုံးတစ်ဖက်ကို ပိတ်ဆို့ကာ အတွင်းသို့ အနက်ရောင်ယမ်းမှုန့်များကို သိပ်ထည့်လိုက်သည်။ မီးစာအတွက် တစ်နေရာစာသာ ချန်ထားပြီး ရိုးရှင်းသော ထိုဖောက်ခွဲပစ္စည်းကို ကြိုးဖြင့် ချည်နှောင်လိုက်သည်။

မိန်းကလေးများက ကူညီပေးချင်နေသော်လည်း သူမတို့ မတတ်နိုင်သည့်အတွက် အားလုံးက ဂရုတစိုက် လေ့လာနေကြသည်။ စူးချင်း တစ်ခု ပြီးသွားချိန်တွင် မိန်းခလေးများက စပြီး ကူညီပေးကြပြီး သူမတို့က ယမ်းမှုန့်များကို ကူဖြည့်ပေးကြပြီး စူးချင်းကို ဖောက်ခွဲရေပစ္စည်းဖြစ်အောင် ဖန်တီးနေခဲ့ကြသည်။ မည်သူကမျှ စကားမပြောကြဘဲ သူမတို့အားလုံး အလေးအနက်ထားကာ လုပ်ဆောင်နေခဲ့ကြသည်။

ပစ္စည်းများ၏ကန့်သတ်နှင့် အချိန်၏အကန့်အသတ်ကြောင့် စူးချင်းက ဝါးပြွန်ခြောက်ခုပါသော ဖောက်ခွဲရေးကိရိယာ နှစ်တွဲကိုသာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ဤအရာက လုံလောက်နေပြီ ဖြစ်ပြီး ဤဖောက်ခွဲရေးပစ္စည်းနှစ်တွဲကပင် တာ့ထန်စစ်သည်များကို ခြိမ်းခြောက်ဟန့်တားနိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။

စူးချင်းက ဖောက်ခွဲရေးကိရိယာနှစ်တွဲကို ယူဆောင်ကာ မြို့၏အရှေ့ဘက် တံခါးဆီသို့ တည့်တည့် ဦးတည်ပြေးသွားလိုက်သည်။ မိန်းကလေးများက သူမတို့၏ဒူးလေးများကို ကိုင်ဆောင်ကာ စူးချင်းနောက်မှ အနီးကပ် ပြေးလိုက်နေကြသည်။ ခွန်အားကြီးသော အမျိုးသမီးတစ်ခုက ဤတိတ်ဆိတ်ဆိတ်ငြိမ်သော လမ်းပေါ်တွင် ထူးခြားသောရှုခင်းတစ်ခု ဖြစ်လာစေခဲ့သည်။

စူးချင်းက မြို့တံခါးသို့ ရောက်သွားချိန်တွင် တာ့ထန်စစ်သည်များက ကျုံးပေါ်သို့ လှေကားများချထားပြီးနေပြီ ဖြစ်သည်။ ရဲရင့်ပြီး ကျွမ်းကျင်လှသော တာ့ထန်စစ်သည်များက လှေကားများပေါ်မှ အလျင်အမြန် တက်လှမ်းကာ မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ မြို့တံခါးဆီသို့ ပြေးလာနေကြသည်။

ကျိရွှေရှန့်နှင့် စစ်သည်များက မြို့ရိုးပေါ်၌ အသင့်ပြင်ထားသော သစ်သားတုံးများနှင့် ကျောက်တုံးများကို ပစ်ချနေကြသည်။

ကျုံးယုံနှင့် ထောင်ဟွားဝူမှ ယောကျာ်းလေးများက သစ်တုံးများကို မြို့ရိုးဆီသို့ သယ်ဆောင်ပေးနေကြသည်။ ဤအရာများက စွန့်ပစ်ထားသော အိမ်များမှ ထုပ်တန်းများ ဖြစ်ကြသည်။

သူတို့ထံတွင် အခြားနည်းလမ်းလမ်း မရှိတော့ပေ။ မော့ချန်၏ အရင်းအမြစ်က အမှန်တကယ် အကန့်အသတ် ရှိနေပြီး နည်းပါးလွန်းလှသည်။ ပြည်ပရန်သူများကို အရင်တွန်းလှန်တိုက်ခိုက်ပြီး ရန်သူများကို အနိုင်ယူပြီးမှသာ ပြည်သူများအတွက် အိမ်များကို ပြန်ဆောက်ပေးရတော့မည် ဖြစ်သည်။

သစ်တုံးများနှင့် ကျောက်တုံးများက မိုးရွာသကဲ့သို့ ကျဆင်းနေသော်လည်း ဒီရေကဲ့သို့ ပြေးဝင်လာနေသည့် တာ့ထန်စစ်သည်များကို မတားဆီးနိုင်ခဲ့ပေ။ သူတို့က သစ်လုံးရှည်ကြီးများကို ထမ်းထားကြပြီး မြို့တံခါးကို ပြင်းပြင်းထန်ထန် တွန်းတိုက်နေကြသည်။ တာ့ထန်စစ်သည်တစ်ယောက် လဲကျသွားလျှင် ဒုတိယလူက ထိုနေရာသို့ ချက်ချင်း အစားထိုး ဝင်‌ရောက်နေကြသည်။

တာ့ထန်တပ်ဖွဲ့ကို ဦးဆောင်သူ စစ်သူကြီးနှစ်ဦးက ဓားမောက်ရှည်ကြီးများကို ကိုင်ထားပြီး အနောက်ဘက်မှ ကွပ်ကဲအမိန့်ပေးနေကြသည်။ မြို့တံခါးက တစ်ချပ်ဖွင့်သွားပြီ ဖြစ်ကာ နောက်ထပ် ထိုကဲ့သို့ ပြင်းထန်သော တွန်းတိုက်မှုကို ခံနိုင်မည့်ပုံ မပေါ်တော့ပေ။ မြို့တံခါး ပြိုကျလုနီးနီး ဖြစ်​​နေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က ​​မြို့ရိုးပေါ်မှ ဆင်းလာပြီး ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်​ဆင်​လိုက်သည်​။

ထိုအခိုက်အတန့်တွင် စူးချင်းက ကောင်မလေးများနှင့်အတူ အပြေးရောက်လာခဲ့သည်။ ကျိရွှေရှန့်က သူမတို့အတွက် စိတ်ပူပြီး မြို့ရိုးပေါ်မှ အမြန် ပြေးဆင်းသွားကာ "စူးချင်း၊ မင်းတို့ မြန်မြန် ပြန်သွားကြတော့၊ ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲ ဆင်နွှဲရတော့မယ်”

"ရတယ်၊ ဘာမှ မဖြစ်ဘူး"

စူးချင်းက သူမလက်ထဲမှ ဖောက်ခွဲရေးပစ္စည်းကို ကျိရွှေရှန့်အား မြှောက်ပြလိုက်သည်။

"ဒီမှာ ကျွန်မတို့ လုပ်ထားတာ"

"ဒါက ဘာလဲ?"

ကျိရွှေရှန့်အတွက်လည်း ထိုအရာကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ သူက ဝါးကို မြင်ဖူးသော်လည်း ဝါးများကို ထိုသို့ တွဲထားခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“သူတို့ကို သေရွာ ပို့ပေးနိုင်တဲ့ ရတနာ”

စူးချင်းက မိန်းကလေးများကို မြို့တံတိုင်းပေါ်သို့ ခေါ်ဆောင်သွားနေပြီး သူမ၏လှပသော မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လင်းလက်နေခဲ့သည်။ ထိုအချိန်တွင် မြို့တံခါးက အတွန်းဖွင့်ခံလိုက်ရသောကြောင့် ကျိရွှေရှန့်တစ်ယောက် စူးချင်းနှင့် စကားပြောရန် အချိန်မရှိတော့ဘဲ မြို့တံခါးကို စောင့်ကြပ်နေသော ချန်ယွိကို ကူညီပေးရန် သူ့လူများနှင့်အတူ မြို့ရိုးအောက်သို့ ပြေးဆင်းသွားတော့သည်။

စူးချင်းက မြို့ရိုးပေါ်ကို တက်သွားခဲ့ပြီး တာ့ထန်တပ်သားများက မြို့တွင်းသို့ အပြေးအလွှား ဝင်ရောက်နေရင်း တံတား၏ကြိုးများအား ဖြတ်တောက်နေသည်ကို တွေ့လိုက်ရသည်။

မြို့ကို ကာကွယ်ပေးထားသည့် ကျုံး၏တံတားက ပြုတ်ကျသွားချိန်တွင် တာ့ထန်စစ်သည်များက အစည်းပြေသွားသော ဝါးများကဲ့သို့ မြို့တွင်းသို့ ထိုးဖောက် ဝင်ရောက်နေကြသည်။ သူတို့အော်သံများက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေပြီး သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်ပုံရသည်။ သို့ရာတွင် မြို့တံခါးများ မကျယ်ဘဲ ကျိရွှေရှန့်နှင့် အခြားသူများက ရန်သူများကို သတ်ဖြတ်ရန် မြို့တံခါးများကို ပိတ်ဆို့ထားကြသည်။ ထို့ကြောင့် သူတို့ အလျင်စလို မဝင်နိုင်သေးဘဲ မြို့တံခါး၏အပြင်ဘက်တွင် စုဝေးနေကြသည်။

"တာ့ထန်စစ်သည်တွေက အများကြီးပဲ"

မိန်းကလေးများအတွက် ထိုကဲ့သို့ တိုက်ပွဲပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ပြီး သူမတို့ မကြောက်ပါဟု ပြောလျှင် လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။ သူမတို့၏အောက်မှ မြို့ရိုးအောက်တွင် မည်းမှောင်နေသည့်လူစုလူဝေးကြီး ရှိနေပြီး ထိုတာ့ထန်စစ်သည်များအားလုံးက အရပ်ရှည်ကာ သန်မာကြသည်။ သူတို့၏မျက်နှာများကလည်း စူးချင်းသတ်ခဲ့သော ဝက်ဝံနက်ကြီးကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။

ထို့အပြင် လူသားများ၏နှလုံးသားကို ကိုက်စားတက်သည်ဟူသော တာ့ထန်များ၏ အကြောင်းများကို သူမတို့ ကြားဖူးခဲ့သောကြောင့် ယခု ကြောက်စရာကောင်းသော အဖြစ်အပျက်က မိန်းကလေးများကို အလွန်ကြောက်လန့်စေပြီး သူမတို့၏မျက်နှာလေးများ ဖြူဖျော့လာကြသည်။

တာ့ထန်စစ်သည်များ စုဝေးနေကြသည်ကို မြင်လိုက်သည်နှင့် စူးချင်းက သူမ သတ်ရမည့်ပမာဏ လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။ သူမက မီးစာတိုင်တစ်ခုကို ထုတ်ကာ ဖောက်ခွဲရေးပစ္စည်းကို မီးညှိလိုက်ပြီး တာ့ထန်စစ်သည်များ အထူထပ်ဆုံးနေရာသို့ ပစ်ချလိုက်သည်။

ယခုလက်ရှိတွင် သူမ၏စစ်နတ်ဘုရား စွမ်းရည်က အဆင့် ၄၃ သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူမ၏ခွန်အားက အလွန်ကောင်းနေပြီ ဖြစ်သည်။ ဖောက်ခွဲရေးပစ္စည်းက လေသံနှင့်အတူ ကောင်းကင်မှ ပြုတ်ကျပြီး မီးပွားများ ပျံ့လွင့်လာကာ မကြာမီ တဟုန်းဟုန်း တောက် စတင်လောင်တော့သည်။

တာ့ထန်စစ်သည်များက ၎င်းကို မြို့ရိုးပေါ်မှ ပစ်ချသောကျောက်တုံးဟု ထင်ကာ ရှောင်တိမ်းခဲ့သော်လည်း သူတို့က ခြေတစ်လှမ်းနောက်ကျနေသေးသည်။ ထိုဖောက်ခွဲရေးပစ္စည်းက မြေပြင်ပေါ်သို့ လဲကျသည်နှင့်တပြိုင်နက် ထပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ တာ့ထန်စစ်သည်များကို သွေးသံတရဲရဲဖြစ်အောင် တွန်းကန်ထုတ်လိုက်ပြီး အလောင်းကောင်များက နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။

စူးချင်းက ဒုတိယမြောက် ဖောက်ခွဲရေးပစ္စည်းကို အလျင်စလို မီးညှိရန် မတွေးထားခဲ့ပေ။ သူမက တာ့ထန်စစ်သည်များ ပြန်စုဝေးသည့်အချိန်အထိ စောင့်နေခဲ့သည်။ ထိုမှသာ ဖောက်ခွဲရေးပစ္စည်းက ပြင်းအားပိုများပြီး လူများစွာကို သတ်ပစ်နိုင်မည် ဖြစ်သည်။

ကျိရွှေရှန့်နှင့် အခြားသူများက မြို့ထဲသို့ ဝင်လာသည့် တာ့ထန်စစ်သည်များကို အပြင်းအထန် တွန်းလှန်တိုက်ခိုက်နေပြီး ပေါက်ကွဲသံကို ကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်ကြချိန်တွင် မြို့ရိုးအပြင်ဘက်ရှိ တာ့ထန်စစ်သည်များကို ကောင်းကင်ယံသို့ ပျံတက်သွားပြီး ခဏအကြာတွင် မြေပြင်၌ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖုံးလွှမ်းသွားသည်ကို သူတို့ တွေ့လိုက်ကြရသည်။

တာ့ထန်စစ်သည်များကို ဦးဆောင်နေသော စစ်သူကြီးနှစ်ဦးကလည်း ထိုကဲ့သို့ ပြင်းထန်သော လက်နက်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။ ထိုပေါက်ကွဲမှုကြောင့် သူတို့၏စစ်သည်များထဲမှ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး တချို့လည်း ဒဏ်ရာရကာ ပြန်မထနိုင်ကြတော့ပေ။ အသေအပျောက် များလွန်းပြီး စွမ်းအားက သစ်သားတုံးများနှင့် ကျောက်တုံးများထက် အဆပေါင်းများစွာ ပိုကြီးမားနေခဲ့သည်။

"ဝူးလား...ဝူးလား...တက်.... တက်”

အနောက်မှ စစ်သူကြီးနှစ်ဦးက မြို့ကို ဆက်လက်တိုက်ခိုက်ရန် ကြောက်စရာကောင်းသော အသံများဖြင့် အမိန့်ပေးနေသောကြောင့် တာ့ထန်စစ်သည်များက နောက်မဆုတ်နိုင်ဘဲ ဆက်လက်တိုက်ခိုက်ရန်သာ ရှေ့သို့ ချီတက်နေကြရသည်။

မိန်းကလေးများက စူးချင်း၏လက်ထဲမှ ဖောက်ခွဲရေးပစ္စည်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။

ဒါရှိနေရင် သူမတို့က တာ့ထန်စစ်သည်တွေကို မကြောက်တော့ဘူး။

"အစ်မစူးချင်း"

ကျိရှောင်ယင်က သူမ၏ဒူးလေးကို မြို့ရိုးအောက်ရှိ တာ့ထန်စစ်သည်များထံသို့ ချိန်ရွယ်ထားရင်း “ပစ်ရတော့မလား?"

စူးချင်းက မိန်းကလေးများ မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် သူမတို့အား အဆိပ်လူးမြှားခေါင်းများကို မပေးဝံ့ခဲ့ပေ။ ထို့ကြောင့် ကျိရှောင်ယင်၏လက်ထဲမှ မြှားများက အဆိပ်မရှိပေ။

"ပစ်!"

စူးချင်း၏အနက်ရောင်မျက်လုံးများက သစ်စေးကဲ့သို့ မည်းနက်နေပြီး အောက်ဘက်တွင် စုရုံးနေသည့် တာ့ထန်တပ်သားများကို ကြည့်နေရင်း သူမ၏ မျက်လုံးများတွင် အေးစက်သည့် ရောင်စုံအလင်းတန်းများ တောက်ပနေခဲ့သည်။

သူတို့က သေဖို့ မကြောက်မှတော့ သူမကို ရက်စက်တယ်လို့ မပြောကြနဲ့တော့။

တာ့ထန်စစ်သည်တွေ တစ်ဖန်စုဝေးပြီး ရှေ့သို့ ချီတက်နေသည်ကို မြင်လိုက်သည်နှင့် စူးချင်းက သူမလက်ထဲမှ ဖောက်ခွဲရေးပစ္စည်းကို မီးညှိပြီး ထပ်ပစ်ချလိုက်သည်။

"ရှောင်ကြ၊ ရှောင်ကြ။"

တာ့ထန်စစ်သူကြီးနှစ်ယောက်က စူးချင်း ပစ်ချလိုက်သည်ကို မြင်သည်နှင့် မြို့ရိုးအောက်ရှိ စစ်သည်များကို အလျင်စလို အော်ဟစ်အမိန့်ပေးလိုက်သည်။ သို့သော်လည်း သူတို့၏ခြေလှမ်းများက နောက်ကျလွန်းနေပြီး ပေါက်ကွဲမှု၏စွမ်းအားက ကြီးမားလွန်းလှသည်။ ဤတကြိမ်တွင် မြေပြင်ပင် လှုပ်ခါသွားပြီး တောင်များပင် လှုပ်ရှားသွားကာ မြို့ရိုးအောက်ခြေတစ်ခုလုံးတွင် ထူထဲသော မီးခိုးများ လျှံထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် စူးချင်းက သူမ၏ ဖောက်ခွဲရေးပစ္စည်းကို ခပ်ဝေးဝေးသို့ ပစ်ချလိုက်ခြင်း ဖြစ်ပြီး စစ်သူကြီးနှစ်ဦးနှင့် မီတာတစ်ဒါဇင်ခန့်သာ ကွာဝေးသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ် လေလှိုင်းလုံးကြီးများက သူတို့ကို မြင်းပေါ်မှ ပြုတ်ကျသွားစေခဲ့သည်။

သူတို့ အောက်သို့ကျသွားစဥ် မိုးပေါ်မှ ပြန်လွင့်ကျသော စစ်သည်များ၏ ရုပ်အလောင်းများက မိုးရွာသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်နှင့်မျက်နှာများပေါ်သို့ ဖုံးလွမ်းလာပြန်သည်။ သူတို့ ပြန်ထလာချိန်တွင် သူတို့၏ခန္ဓာကိုယ်၌ သူတို့လူမျိုးများ၏ အသွေးအသားဖြင့် ဖုံးလွှမ်းနေပြီး ဝမ်းနည်းကြေကွဲဖွယ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

စူးချင်းက ဖောက်ခွဲရေးပစ္စည်းနှစ်ခုဖြင့် လူရာပေါင်းများစွာအား သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသော မော့ချန်၏မြို့စောင့်တပ်သားများက ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့သည်။ ကျိရွှေရှန့်နှင့် ကျုံးယုံတို့ကလည်း မြို့ထဲသို့ ပြေးဝင်လာနေသည့် တာ့ထန်စစ်သည်များကို မလွတ်တန်း သတ်ပစ်နေခဲ့ကြသည်။

တာ့ထန်စစ်သူကြီးများက မြေပြင်ပေါ်မှ ပြန်ထလာကြပြီး သူတို့၏ညီအစ်ကိုပေါင်းများစွာ အဆက်မပြတ် အသတ်ခံနေရသည်ကို မြင်နေရသောကြောင့် သူတို့က ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ သူတို့က မြင်းပေါ်ကို တဖန်ပြန်တက်ကာ သူ၏တပ်များကို မြို့ထဲသို့ ဝင်စေရန် အမိန့်ထပ်ပေးလိုက်သည်။

"အစ်မ၊ ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ? ဖောက်ခွဲရေးပစ္စည်းတွေက မကျန်တော့ဘူး..."

All Chapters