သူမနဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခြင်း
Vol. 16 Ch. 232
တာ့ထန်စစ်သည်များ နောက်တစ်ဖန်ပြည်လည်စုစည်းလာသည်ကို မြင်နေရသောကြောင့် ကျိရှောင်ယင်က စူးချင်းကို လှမ်းမေးလိုက်သည်။ သူမတို့ ပစ်နေသည့် မြှားတိုလေးများက တာ့ထန်စစ်သည်များကို သတ်ပစ်ရန် မလုံလောက်အောင် မခိုင်ခံ့ဘဲ မြှားများ ဖြုန်းတီးနေရုံသာ ဖြစ်နေခဲ့သည်။
စူးချင်း လုံးဝ အမူအရာမပြောင်းဘဲ သူမကို ကျိရွှေရှန့် ပေးထားခဲ့သည့် လေးကို ထုတ်ယူလိုက်သည်။ သူမ၏ မြှားကျည်တောက်များထဲမှ မြှားများအားလုံးက အဆိပ်ဖြင့် သုတ်လိမ်းထားပြီးသား ဖြစ်သည်။
သူမက တာ့ထန်စစ်တပ်၏စစ်သူကြီးကို ဦးတည်ကာ သူမ၏လေးကို ချိန်ရွယ်လိုက်သည်။
ရန်သူကို ဖမ်းမိဖို့ဆိုရင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ်။
တိမ်တိုက်ကို ဖောက်ဝင်နိုင်လောက်မည်ဟု ထင်ရလောက်အောင် အားပြင်းလှသည့် မြှားတံက လေကို ထိုးဖောက်ကာ အရှေ့သို့ ပြေးထွက်သွားခဲ့သည်။ အောက်ဘက်ရှိ တာ့ထန်စစ်သူကြီးက လေတိုးသံကို ကြားသွားပြီး ရှောင်တိမ်းရန် ပြင်ဆင်လိုက်သော်လည်း သူ့ပတ်ဝန်းကျင်တွင် တာ့ထန်စစ်သည်များ ရှိနေသဖြင့် ရှေ့၊ နောက်၊ ဘယ်ညာ၊ ပုန်းစရာ နေရာမရှိပေ။ မြှားက သူ့၏ရင်ဘတ်မှ ချပ်ဝတ်ကိုပင် ထိုးဖောက်သွားခဲ့ပြီး သူ့နှလုံးဆီသို့ တိုးဝင်လာသောကြောင့် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ သူ့၏ခြေလက်များက တစ်ဆတ်ဆတ် တုန်လာပြီး သူ့တစ်ကိုယ်လုံး တွန့်လိမ်လာကာ ပါးစပ်ထဲမှ အဖြူရောင်အမြုပ်များ ထွက်ကျလာသည်။ သူ့မျက်နှာကလည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် မည်းနက်သွားခဲ့သည်။
“အဆိပ် ရှိတယ်”
တခြားစစ်သူကြီးတစ်ယောက်က သူ့၏ရဲဘော်ရဲဘက် ပစ်သတ်ခံလိုက်ရသည်ကို မြင်လိုက်သောကြောင့် ကြောက်လန့်တကြား ဖြစ်သွားပြီး သူ့၏စစ်သည်များကို သတိထားရန် အော်ပြောလိုက်သည်။ ထို့နောက် သူ မြို့ရိုးပေါ်သို့ မော့ကြည့်လိုက်ရာ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က လေးကို ကိုင်ကာ သူ့ကို မြှားဖြင့် ချိန်ရွယ်နေသည်ကို တွေ့လိုက်ရပြီး ရုတ်တရက် သူ့၏ဦးရေပြားပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ထိုလူငယ်လေး၏အကြည့်များက သူ့အသက်ကို နှုတ်ယူရန် ရောက်ရှိလာသည့် ငရဲဘုရင်၏မျက်ဝန်းများကဲ့သို့ အေးခဲနေလေသည်။ ထိုစစ်သူကြီးက ကြောက်လန့်သွားပြီး နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားချင်လာခဲ့သည်။ သူက အမှန်တကယ်ပင် နောက်ဆုတ်သွားခဲ့ပြီး သူ့မြင်းကို စီးကာ မြို့ပြင်ဘက်ရှိ ကာကွယ်ရေး တံတားအပြင်ဘက်အထိ ဘေးကင်းသော နေရာသို့ ဆုတ်သွားရန် ကြိုးစားလိုက်သည်။
သို့သော် သူက စူးချင်း၏မြှားလောက် မမြန်နိုင်သေးဘဲ မြှားက လေကို တိုးကာ ရောက်ရှိလာသောကြောင့် တာ့ထန်စစ်သူကြီးက အလွန်ထိတ်လန့်သွားပြီး မြင်း၏ဝမ်းဗိုက်အောက်သို့ လှည့်ချလိုက်ပြီး ပုန်းနေလိုက်သည်။
ထိုကဲ့သို့ ခြေနင်းကွင်းအောက်တွင် ပုန်းအောင်းခြင်းက သူ၏အဆုံးစွန်သော ကျွမ်းကျင်မှုဖြစ်ပြီး ၎င်းက သူ၏ခွေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း သူက မြင်း၏ဝမ်းဗိုက်အောက်မှ လုံးဝ မထွက်ရဲတော့ဘဲ မြို့၏ကာကွယ်ရေး တံတားအထိ ရောက်အောင် ပြေးသွားပြီးမှသာ ပြန်ထွက်လာရဲတော့သည်။
“ရှေ့ကို တက်ကြစမ်း၊ အဲဒီမြို့ရိုးပေါ်က လူငယ်ကို ရအောင်ဖမ်းခဲ့ကြ”
စစ်သူကြီးက အလွန်ဒေါသထွက်နေပြီး စူးချင်းကို အရှင်လတ်လတ် ဖမ်းဆီးရန် သူ့စစ်သည်များအား အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုအစွမ်းထက်လှသောအရာက မည်သည့်အရာဖြစ်နေသည်ကို သူ သိချင်နေမိသည်။
စူးချင်းက သူမ၏လေးကြိုးကို ထပ်မံ ဆွဲတင်လိုက်ပြီး တပ်မှူးကို ချိန်ရွယ်လိုက်သည်။ သို့သော်လည်း သူမ ထိုအကွာအဝေးအထိ မပစ်နိုင်တော့ကြောင်း သေချာသွားသောကြောင့် သူမက လေးကို ပြန်ချလိုက်ပြီး ထိုလေးကို ကိုင်ကာ မြို့ရိုးအောက်သို့ ပြေးဆင်းသွားတော့သည်။
"အစ်မ"
ကျိရှောင်ယင်နှင့် အခြားမိန်းကလေး အနည်းငယ်က သူမနောက်သို့ ကမန်းကတန်း ပြေးလိုက်သွားကြသည်။ သူမတို့က စူးချင်းထံမှ လူသတ်နည်းများစွာကို သင်ယူခဲ့ကြသော်လည်း သာမန်လူများကိုသာ တိုက်ခိုက်ဖူးကြပြီး ယခု သူမတို့ ရင်ဆိုင်နေရသည်က ရက်စက်ကြမ်းကြုတ်သော တာ့ထန်လူမျိုးများ ဖြစ်နေခဲ့သည်။ သူမတို့က သိုင်းပညာအနည်းငယ်သာ တက်မြောက်ကြပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် မလုံလောက်ပေ။
“အဲ့မှာပဲ နေခဲ့၊ လုံးဝ ဆင်းမလာနဲ့”
စူးချင်းက နောက်သို့ပင် လှည့်မကြည့်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။ ပြေးလိုက်လာသော မိန်းကလေးအနည်းငယ်က သူမတို့၏ ခြေလှမ်းများကို အမြန် ပြန်ဆုတ်လိုက်ပြီး အောက်ဘက်တိုက်ပွဲကို စောင့်ကြည့်ရင်း မြို့ရိုးပေါ်တွင် စိုးရိမ်တကြီး ရပ်နေခဲ့ကြသည်။
စူးချင်းက မြို့ရိုးပေါ်မှ ဆင်းလာပြီး ချန်ယွိဆီမှ မြင်းတစ်ကောင် တောင်းနေခဲ့သည်။ ချန်ယွိက ရန်သူများကို သတ်ဖြတ်နေပြီး စူးချင်းက မြင်းတစ်ကောင် တောင်းလိုက်သည်ကို ကြားလိုက်သောကြောင့် သူက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"သခင်မလေး၊ ဘာလို့ မြင်းတစ်ကောင်လိုချင်တာလဲ?"
သူမက ထွက်ပြေးချင်နေတာ ဖြစ်နိုင်လား? ဒါပေမယ့် အပြင်မှာ တာ့ထန်စစ်သည်တွေ အများကြီး ရှိတယ်လေ။ သူမ ဘယ်ကို ပြေးနိုင်မှာလဲ?
"သူတို့ရဲ့တပ်မှူးကို သွားသတ်မလို့"
စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း ချန်ယွိကတော့ မှင်သက်သွားခဲ့သည်။
ဒီမိန်းကလေးက ကြွားလုံးထုတ်နေတာလား?
တာ့ထန်စစ်သည်တွေက အပြင်ဘက်မှာ ရှိနေပြီး အနက်ရောင်လူစုလူဝေးက အကန့်အသတ်တောင် မရှိဘဲ အဆုံးမဲ့ ဖြစ်နေတာလေ။ သူတို့လို ယောက်ျားကြီးတွေတောင် ရှေ့ကို တက်ပြီး ရန်သူကို သတ်ဖို့ ခက်ခဲနေပြီ၊ ဒါပေမယ့် သူမက ရန်သူ့ဘက်က တပ်မှူးကို သတ်ဖို့ တစ်ယောက်တည်း ပြေးထွက်ချင်နေတာလား?
"မရဘူး၊ အရမ်းအန္တရာယ်များတယ်"
ချန်ယွိက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
ဒီမှာ ယောက်ျားတွေ အများကြီးရှိတယ်လေ။ မိန်းခလေးတစ်ယောက်ကို ဘယ်လို စွန့်စားခိုင်းရမှာလဲ?
အဲ့ဒါအပြင် သူမက နတ်ဆေးသမားတော်လေ၊ ဒဏ်ရာရစစ်သည်တွေက သူမကို လိုအပ်နေတာကြောင့် သူမကို ဘာမှ ဖြစ်ခွင့်မပြုနိုင်ဘူး။
စူးချင်းကလည်း ရှင်းပြရချင်းကို ကြိုက်တက်သူ မဟုတ်ပေ။ သူမက မြို့ရိုးအနီးရှိ မြင်းချည်တိုင်များတွင် ချည်ထားသောမြင်းများကို တွေ့သွားပြီး မြင်းတစ်ကောင်ကို ကြိုးဖြည်ကာ ခုန်တက်သွားတော့သည်။
"လမ်းဖယ်ပေးကြ"
စူးချင်းက လမ်းကို ပိတ်ဆို့နေသည့် စစ်သည်များကို လှမ်းအော်လိုက်သည်။ သူမက သူမလက်ထဲက လေးဖြင့် မြင်း၏ကျောကို ရိုက်လိုက်ပြီး မြင်းက နာကျင်စွာ မတ်တပ်ထရပ်ကာ အကြာကြီး ဟီနေခဲ့သည်။ ရှေ့မှ စစ်သည်များက မသိစိတ်ဖြင့် သူမအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
စူးချင်း မြို့တံခါးဆီသို့ ထွက်ခွာသွားသည်ကို ချန်ယွိက စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။
အပြင်ဘက်မှာ တာ့ထန်စစ်သည်တွေ အများကြီး ရှိနေပြီး သူမ ထွက်သွားတာနဲ့ သေခြင်းတရားက သူမကို စောင့်ကြိုနေလိမ့်မယ်။ ဒီကောင်မလေးက ဘာလို့ ဒီလောက် ရဲတင်းနေရတာလဲ? သူမက သေမှာ မကြောက်ဘူးလား?
ကျိရွှေရှန့်က စူးချင်းတစ်ယောက် မြင်းကို အပြင်းနှင်ပြီး မြို့ပြင်ဆီသို့ လာနေသည်ကို မြင်နေရသည်။ သူက သူမ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူက သူ့၏ရှေ့ပြေးမြင်းဖြင့် အမြန် ရောက်လာကာ စူးချင်းအတွက် မြို့တံခါးရှေ့မှ ရန်သူများကို စတင်အမဲလိုက်တော့သည်။
ကျိရွှေရှန့်က သူ့လက်ထဲမှ ဓါးနှစ်လက်ဖြင့် ဘယ်ညာ လွှဲယမ်းနေပြီး စူးချင်းက လေးကိုသာ ကိုင်ထားခဲ့သည်။ တစ်စုံတစ်ယောက်က သူမ၏လမ်းကို ပိတ်ဆို့ထားလျှင် သူမက မြှားဖြင့် ပစ်သတ်ပေလိမ့်သည်။ သူတို့နှစ်ယောက်က ရဲရင့်လွန်းပြီး မြင်းများ၏အရှိန်ကလည်း အလွန်မြန်လွန်းသောကြောင့် တာ့ထန်စစ်သည်များက အလိုလို ရှောင်တိမ်းကာ သူတို့အတွက် လမ်းဖွင့်ပေးမိသွားကြသည်။
တာ့ထန်စစ်သူကြီးက စူးချင်း သူ့ဆီသို့ ပြေးလာနေသည်ကို မြင်သွားပြီး သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက သူ၏ဓားမောက်ကို မြှောက်ကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
လုံလောက်သော အကွာအဝေးသို့ ရောက်လာသည်နှင့် စူးချင်းက သူမ၏လေးကြိုးကို ဆွဲတင်လိုက်ပြီး ထိုစစ်သူကြီး၏ဦးခေါင်းဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ မြှားက လေတိုးသ့နျင့်အတူ ရောက်ရှိလာပြီး ထိုစစ်သူကြီးက အလွန်တုန်လှုပ်ချောက်ချားစွာဖြင့် သူ့၏ဓားမောက်ရှည်ကို အလောတကြီး ပင့်မြှောက်ကာ မြှားကို ခုတ်ချလိုက်သည်။
သို့သော် စူးချင်း၏ဒုတိယမြောက်မြှားဖြင့် သူ့ကို ထပ်မံပစ်ခတ်ခဲ့သည်။ ထိုစစ်သူကြီးက ပထမမြှားကို ပိတ်ဆို့နိုင်ခဲ့သေည်လည်း ဒုတိယမြှားကို ရှောင်တိမ်းရန် မတက်နိုင်ခဲ့ပေ။ သူ့ဦးခေါင်းပေါ်ရှိ သံခမောက်က အပေါက်ဖြစ်သွားပြီး သူ့၏ရဲဘော်ရဲဖက်ကဲ့သို့ပင် အဆိပ်သင့်ကာ သေဆုံးသွားခဲ့သည်။
ခေါင်းဆောင်မရှိတော့သည့် ကျန်တာ့ထန်တပ်သားများက ပရမ်းပတာဖြစ်သွားကြသည်။ သူတို့က တိုက်ခိုက်ရမည်လား? သို့မဟုတ် နောက်ဆုတ်ရမည်လားပင် မသိတော့ဘဲ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ဖြစ်သွားကြတော့သည်။
စူးချင်းက အောက်သို့ ငုံ့လိုက်ပြီး တာ့ထန်စစ်သည်တစ်ယောက်၏ဓားမောက်ရှည်ကို လုယူလိုက်သည်။ သူမက သူမ၏ killing mode ကို စဖွင့်ပြီး သူမ၏မြင်းကို လှည့်ပတ်နေကာ သူမ သွားနေသည့်လမ်းတစ်လျှောက် တွေ့သမျှရန်သူများကို သတ်ဖြတ်နေပြီး သွေးခင်းလမ်းတစ်ခု ဖန်တီးနေခဲ့သည်။
ကျိရွှေရှန့်က သူမ၏အနားတွင် အနီးကပ်လိုက်ပါနေပြီး သူမနှင့်အတူ ဘေးချင်းယှဥ်ကာ တိုက်ခိုက်နေခဲ့သည်။
သူတို့နှစ်ယောက် မည်မျှသတ္တိရှိပြီး ရဲရင့်သည်ကို မြင်နေရခြင်းက မြို့စောင့်တပ်သားများ၏စိတ်ဓာတ်များကို မြှင့်တက်လာစေခဲ့သည်။ သူတို့က ဒီရေအလား မြို့ပြင်ဘက်သို့ ပြေးထွက်လာကြသည်။ ကျုံးယုံက သူအကြိုက်ဆုံးကစားနည်းကို ထပ်မံ စတင်ခဲ့သည်။ သူက သူ့၏သံတူကြီးနှစ်ချောင်းကို မြှောက်တင်ကာ တာတာစစ်သည်များ၏ ဦးခေါင်းများကို ရိုက်ခွဲနေရင်း လမ်းကြောင်းဖွင့်ပေးနေခဲ့သည်။
သူတို့နောက်မှ ချွီတာ့နှင့် တခြားသူများကလည်း ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ သူတို့အားလုံးက စစ်မြေပြင်တွင် အချိန်အတော်ကြာအောင် နေခဲ့ပြီးမှ စစ်မြေပြင်နှင့် ကင်းကွာနေသူများ ဖြစ်ကြသည်။ ယခု စစ်မြေပြင်သို့ ပြန်ရောက်လာသည့်နှင့်တပြိုင်နက် သူတို့၏သွေးများက ပြန်လည်ဆူပွက်လာခဲ့သည်။ ချန်ယွိကလည်း အားမာန်အပြည့်ဖြင့် ရှေ့တိုးနေပြီး သူ့သွားလေရာတိုင်းတွင် သူ့၏လခြမ်းဓားသွားက တာ့ထန်စစ်သည်များ၏ ဦးခေါင်းများကို ဖယ်ရှားပစ်နေခဲ့သည်။
မူလက စိတ်ဓာတ်ပြင်းထန်လွန်းပြီး အာမာန်အပြည့်ဖြင့် ချီတက်လာသော တာ့ထန်စစ်သည်များက သူတို့ခေါင်းဆောင်များ ကျဆုံးသွားသည်ကို မြင်ခဲ့ရသည့်အပြင် သေမင်းနတ်ဘုရားများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်သူကြီးများနှင့် ရင်ဆိုင်နိုင်ရသောကြောင့် မြို့ကို တိုက်ခိုက်လိုသည့် ဆန္ဒများ ပျောက်ဆုံးသွားပြီး ချက်ချင်း ပြန်လှည့်ပြေးကြတော့သည်။
ထောင်နှင့်ချီသော လူများ ရောက်ရှိလာခဲ့သော်လည်း ထွက်ပြေးချိန်တွင် ရာဂဏန်းမျှသာ ကျန်ရှိတော့ပြီး ရာပေါင်းများစွာသော အလောင်းများကို ချန်ထားခဲ့ရသည်။
“ကောင်းတယ်၊ ကောင်းတယ်”
ချန်ယွိက ပျက်စီးနေသော စစ်မြေပြင်ကို ကြည့်နေရင်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
တာ့ထန်တပ်သားတွေ ရာပေါင်းများစွာ သေဆုံးခဲ့ပေမယ့် သူတို့ဘက်ကတော့ အသေအပျောက် မရှိသလောက်ပဲ။ အရင်တုန်းကဆိုရင် ဒါက လုံးဝ မဖြစ်နိုင်ဘူး။
စူးချင်းက ခန်းနားထည်ဝါလွန်းသော အမူအရာဖြင့် မြင်း၏ဇက်ကြိုးကို ဆုပ်ကိုင်ထားပြီး လေးနှင့်မြှားကို သူမ၏ကျောပေါ်တွင် လွယ်ထားခဲ့သည်။ အနိုင်ရပြီးနောက်တွင် သူမစီးထားသည့် မြင်းကြီးကလည်း မယုံနိုင်လောက်အောင် စိတ်ဓာတ်တက်ကြွနေပြီး မတ်တပ်ထရပ်ပြီး ဝမ်းသာအားရ မြည်ဟီးနေခဲ့သည်။
စူးချင်းကလည်း သူမ၏ယခင်ဘဝက သူမ စစ်နတ်ဘုရားဖြစ်ခဲ့စဉ်ကအတိုင်း စစ်မြေပြင်သို့ ပြန်ရောက်နေသလို ခံစားနေရပြီး အားမာန်အပြည့်ဖြင့် စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။
"စစ်မြေပြင်ကို ရှင်းလင်းကြတော့"
ကျိရွှေရှန့်က ခမ်းနားထည်ဝါလွန်းသော စူးချင်းကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် ချစ်မြတ်နိုးသောအရိပ်အယောင်များ ဒီရေကဲ့သို့ ပြည့်လျှံနေလေသည်။
သူမက သန်မာလွန်းတယ်။ ယောက်ျားတွေတောင် မယှဉ်နိုင်လောက်အောင် သန်မာလွန်းတယ်။
စစ်သည်များကလည်း သန်မာသူများကို လေးစားကြပြီး စူးချင်း၏ရဲစွမ်းသတ္တိနှင့် အစွမ်းအစတို့က လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ သူတို့ကို အမိန့်ပေးနေသည်မှာ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း စစ်သည်များက ဘာတစ်ခုမှ အမှားအယွင်း မရှိသလို သူမ၏အမိန့်ကို ကျေကျေနပ်နပ် နာခံနေကြသည်။
ယခုတစ်ကြိမ်တွင် ငွေ၊ ရွှေ၊ အဖိုးတန်ပစ္စည်းများ၊ ရိက္ခာခြောက်၊ လက်နက်များ၊ မြင်းများ၊ ချည်ထည်များနှင့် ချည်ဖိနပ်များကို သိမ်းဆည်းရမိခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် သူတို့စစ်သည်များအတွက် ချည်သားအ၀တ်အစားများ လုံလုံလောက်လောက် ရရှိခဲ့ပြီး ၎င်းတို့၏ဖိနပ်များအားလုံးကိုလည်း ချည်ဖိနပ်အသစ်များဖြင့် အစားထိုးနိုင်သလို ဆာလောင်မှုကိုလည်း သည်းခံရတော့မည် မဟုတ်ပေ။
တာ့ရှားပြည်ထောင်၏စစ်သည်များက တာ့ထန်များအသုံးပြုသည့် ကွေးကောက်သောဓားမောက်ရှည်များကို ကောင်းကောင်းမွန်မွန် အသုံးမပြုနိုင်ကြပေ။ သို့သော်လည်း စူးချင်းက သူမထံတွင် အဆင့်မြှင့်တင်ရန် ပန်းပဲပညာ(သတ္တုများကို အရည်ကျိုပြီး ပုံသွန်းလောင်သည့်အတက်ပညာ)ကျွမ်းကျင်မှုတစ်ခု ရှိနေသေးကြောင်း သတိရသွားပြီး သူမအတွက် ပန်းပဲပညာကျွမ်းကျင်မှုကို အသက်သွင်းရန် စနစ်ကို တောင်းဆိုလိုက်သည်။
သူမက ဤဓားမောက်ရှည်များ အားလုံးကို အရည်ကျိုပြီး တာ့ရှားပြည်ထောင်၏စစ်တပ်တွင် အသုံးပြုလေ့ရှိသည့် ဓားရှည်များနှင့် လှံများ ပြန်လည်သွန်းလောင်းပုံဖော်ရန် တွေးထားခဲ့သည်။
သံကို အရည်ကျိုရန် လုံလောက်သော အပူချိန် လိုအပ်သော်လည်း စူးချင်းကတော့ စိတ်မပူပေ။ လိုအပ်သော အပူရှိစေရန်အတွက် ကျောက်မီးသွေးများ ရှိနေပြီ ဖြစ်သည်။
စစ်သည်များက စစ်မြေပြင်ကို ရှင်းလင်းနေကြပြီး စစ်သူကြီးအိုကြီးချန်ယွိက စူးချင်းဆီသို့ ရောက်လာကာ သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"သခင်မလေးစူး၊ မြို့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်မကို ကျေးဇူးတင်နေစရာ မလိုပါဘူး"
စူးချင်းက မြင်းပေါ်မှ ခုန်ဆင်းပြီး မြင်းဇက်ကြိုးကို ချန်ယွိအား လှမ်းပေးကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ချန်ယွိက သူမကို လှမ်းတားထားလိုက်သည်။