ပထမမင်းသား
Vol. 16 Ch. 233
ချန်ယွိက စူးချင်းကို ကြည့်နေရင်း “သခင်မလေး၊ အဲ့ဒီအစွမ်းထက်တဲ့ လျှို့ဝှက်လက်နက်အကြောင်း ဒီအဘိုးကြီးကို ပြောပြနိုင်မလား?”
“အဲဒါက အနက်ရောင်ယမ်းမှုန့်နဲ့ လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းပါ”
စူးချင်းက သူ့ကို ဖုံးကွယ်ထားရန် အစီအစဉ် မရှိပေ။
သူက ကျိရွှေရှန့်ဖခင်ရဲ့လက်အောက်ငယ်သားဟောင်း ဖြစ်ပြီး အခု သူမတို့က ဒီမြို့ကို သူမတို့ရဲ့ ပထမဆုံးမှတ်တိုင်အဖြစ်ရော အခြေစိုက်စခန်းအဖြစ်ပါ အသုံးပြုရတော့မယ်။
ထို့ကြောင့် စူးချင်းက မော့ချန်ကို တာ့ထန်စစ်သည်များ၏လက်အောက်သို့ မပေးလိုက်နိုင်တော့ပေ။ သူတို့လက်ထဲသို့ မကျရောက်ချင်လျှင် သန်မာလွန်းသည့်တာ့ထန်စစ်သည်များနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစွမ်းထက်သော လက်နက်တစ်ခု ရှိနေရမည် ဖြစ်သည်။ ဤဖောက်ခွဲရေးပစ္စည်းက ထိုကဲ့သို့သော အစွမ်းထက်သည်လက်နက်တစ်ခုသာ ဖြစ်သည်။
"မင်း ငါတို့ကို သင်ပေးနိုင်မလား?"
သူ့၏တောင်းဆိုချက်က အလွန့်အကျွံဖြစ်နေမှန်းသိနေသော်လည်း ချန်ယွိထံတွင်လည်း တခြားနည်းလမ်း မရှိတော့ပေ။ သူတို့နှင့် တာ့ထန်စစ်သည်များ၏ကြားမှ အင်အားကွာဟမှုက အလွန်ကြီးမားနေခဲ့သည်။ လက်ရှိ သူတို့ အောင်ပွဲဆင်နိုင်ခဲ့သည့်အကြောင်းမှာ သခင်လေးက မြို့ကို ကာကွယ်ပေးနေသောကြောင့် ဖြစ်သည်။ သခင်လေးတို့ ပြန်ထွက်သွားပြီးသည်နှင့် သူအပါအဝင် သူ့၏စစ်သည် တစ်ရာလောက်ဖြင့် မော့ချန်ကို ကာကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
“လောလောဆယ် ကျွန်မတို့ ထွက်သွားဦးမှာ မဟုတ်ဘူး။ လုံလောက်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖန်တီးနိုင်အောင် ကျွန်မတို့ ကူညီပေးမယ်"
စူးချင်းက လောလောဆယ် ဘာမှ ထပ်မပြောချင်တော့ပေ။
လောလောဆယ် ဒီနည်းပညာကို တခြားသူတွေကို မသင်ပေးချင်သေးဘူး။ ဒီယမ်းမှုန့်နည်းပညာ ရန်သူတွေရဲ့လက်ထဲကို ကျရောက်သွားတာနဲ့တပြိုင်နက် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက အရမ်းဆိုးရွားလာလိမ့်မယ်။
ထို့အတွေးကြောင့် စူးချင်းက ထိုနည်းပညာကို သူမ၏လက်ထဲတွင်သာ အခိုင်အမာ ဆုပ်ကိုင်ထားရန် ဆုံးဖြတ်လိုက်သည်။
သူမ၏နောက်ထပ်ခြေလှမ်းက သေနတ်များ ဖန်တီးရန်ဖြစ်သော်လည်း ယခု ချင်ချင်း မလုပ်ဆောင်နိုင်သေးပေ။ သူမက သူမ၏ပန်းပဲပညာကို အရင်ဆုံး အဆင့်မြှင့်ရမည် ဖြစ်ပြီး အဆင့်တစ်ခုသို့ ရောက်သည်မှသာ သေနတ်ပြောင်းများ ထုလုပ်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမက တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်သည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သခင်မလေး"
စူးချင်းက နောက်တွန့်နေသည်ကို နားလည်နေသောကြောင့် ချန်ယွိက သူမကို အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။
သူတို့အတွက် လုံလောက်တဲ့ ဖောက်ခွဲရေးပစ္စည်းကိရိယာတွေ ရတာနဲ့ မြို့ကို ကာကွယ်နိုင်မှာပါပဲ။ သူ အများကြီး တောင်းဆိုဖို့ မသင့်တော်ဘူးလေ။
ကျိရွှေရှန့်က စစ်မြေပြင်ကို ရှင်းလင်းရန် မြို့စောင့်တပ်သားများနှင့်အတူ လိုက်ပါသွားခဲ့သည်။ သူက သခင်လေး ဖြစ်သော်လည်း အခွင့်အရေးယူကာ ရေခိုသာခိုနေရန် မဖြစ်နိုင်ပေ။ သူက အရာရာကို ဦးဆောင်ပေးရမည် ဖြစ်သည်။
နေတာတိုသောကြောင့် ကောင်းကင်ကြီးက ခပ်မြန်မြန် မည်းမှောင်သွားခဲ့ပြီး အလင်းရောင် မရှိတော့သောကြောင့် မြို့ပြင်ရှိ အလောင်းများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့အားလုံး မြို့ထဲသို့ ပြန်ဆုတ်ခွာလာကြပြီး တံခါးကို ခိုင်ခံ့အောင် အရင် ပြုပြင်လိုက်ကြသည်။ ထို့နောက် သူတို့ လှိမ့်ထားသော သစ်သားတုံးများနှင့် ကျောက်တုံးများကို ပြန်အသုံးပြုနိုင်ရန် ပြန်လည်ကောက်ယူ သိမ်းဆည်းခဲ့ကြသည်။
သူ့တို့က ဆင်းရဲတဲ့အတွက် အရာရာကို ချွေတာရမယ်။
ကျိရွှေရှန့်က ညဥ့်နက်သည်အထိ အလုပ်များနေပြီး စူးချင်းကလည်း မိန်းကလေးများနှင့်အတူ ဖောက်ခွဲရေးပစ္စည်များ ဆက်လက်ပြုလုပ်ရန် ဦးဆောင်နေခဲ့သည်။ အားအများကြီး စိုက်ထုတ်စရာ မလိုအောင် ဝါးပါးပါးလေးများကို သုံးနိုင်လျှင် ပိုကောင်းမည် ဖြစ်သော်လည်း အခြေအနေများက အကန့်အသတ်ရှိနေသောကြောင့် အဆင်ပြေရုံသာ လုပ်နိုင်ခဲ့သည်။ အဓိကအချက်က အနက်ရောင်ယမ်းမှုန့်ကို ချွေတာပြီး ဖောက်ခွဲရေးကိရိယာ များများ ပြုလုပ်နိုင်ရန် ဖြစ်သည်။
ကျိရွှေရှန့်က အခန်းထဲသို့ ဝင်လာခဲ့ပြီး စူးချင်းတစ်ယောက် ဖောက်ခွဲရေးကိရိယာများ ပြုလုပ်ရန် အချိန်ပို အလုပ်လုပ်နေသေးသည်ကို တွေ့လိုက်ရသည်။ သူမက ခေါင်းအနည်းငယ်ငုံ့ထားပြီး သူမ၏မျက်လုံးများက သူမ၏အလုပ်အပေါ် အစဥ်တစိုက် စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ သွယ်လျလျလည်ပင်းလေးက အလင်းရောင်အောက်တွင် ဖြူဖွေးတောက်ပနေပြီး ဆံနွယ်တစ်စက သူမ၏ပါးပြင်ပေါ်သို့ တွဲကျနေလေသည်။ သူမ၏ ရှည်လျားသော မျက်တောင်များက သူမ၏ မျက်လုံးထဲမှ အေးစက်သော အလင်းရောင်ကို ပိတ်ဆို့ကာကွယ်ပေးထားပြီး ယခုအချိန်တွင် သူမက ခင်ပွန်းဖြစ်သူ ပြန်အလာကို စောင့်ဆိုင်းနေရင်း မီးရောင်အောက်တွင် အလုပ်လုပ်နေသော ဇနီးသည်တစ်ယောက်နှင့် လုံးဝ ဆင်တူနေခဲ့သည်။
ကျိရွှေရှန့်က တံခါးဝတွင် ရပ်နေကာ တံခါးဘောင်ကို မှီထားရင်း အလုပ်ကို အာရုံစူးစိုက်နေသည့် အမျိုးသမီးငယ်လေးကို အပြစ်မကင်းသည့်စိတ်ဖြင့် လှမ်းကြည့်နေခဲ့သည်။
သူက စူးချင်းကို ကောင်းကောင်း ဂရုစိုက်မပေးနိုင်တဲ့အပြင် အန္တရာယ်တောထဲကို ဆွဲခေါ်ခဲ့မိတယ်။ ဒါပေမယ့် စူးချင်းက သူ့ကို ဘာမှ ငြီးညူတာမျိုး မရှိဘဲ သူ့ကိုတောင် ကူညီပေးနေသေးတယ်။ ဒီလို ထူးချွန်ထက်မြက်ပြီး နားလည်သိတက်တဲ့ မိန်းကလေးကို သူ ဘယ်လိုကြောင့် တွေ့ဆုံနိုင်ခဲ့ရတာလဲ?
"ပြန်လာပြီလား?"
စူးချင်းက ကျိရွှေရှန့်၏မျက်လုံးများမှ ပူလောင်သောအကြည့်ကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ သူ့၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သူမက သူမ၏လက်ထဲမှ အလုပ်ကို ချထားလိုက်ပြီး သူ့ကို ပြုံးပြုံးလေး ပြန်ကြည့်နေခဲ့သည်။
"အင်း... ပြန်ရောက်ပြီ"
ကျိရွှေရှန့်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး သူ့အသံက ဝိုင်ကဲ့သို့ ယစ်မူးနေစေသည်။
“အင်း အနားသွားယူတော့လေ။ ကျွန်မတို့လည်း ဒါပြီးရင် အနားယူကြတော့မှာ"
ကျိရွှေရှန့်၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ စူးချင်း အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူမ၏နှလုံးသားကလည်း အနည်းငယ် နာကျင်နေသလို ခံစားလိုက်ရပြီး မည်သို့ပင်ဆိုစေကာမူ သူမက သူ ဤမျှကြိုးစားအားထုတ်နေသည်ကို မမြင်ချင်သလို သူ မျက်မှောင်ကြုတ်နေသည်ကိုလည်း မမြင်ချင်ပေ။
ကျိရွှေရှန့်က အပြုံးဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။
“ကောင်းပြီ၊ ကိုယ်တို့ မနက်ဖြန် မြို့ရိုးကို ခိုင်ခံ့အောင် ပြန်လုပ်ရမယ်။ အခြားလုပ်စရာတွေလည်း အများကြီး ရှိနေသေးတယ်”
"အစ်ကိုကြီး၊ တာ့ထန်စစ်သည်တွေ ထပ်လာဦးမှာလား?"
ကျိရှောင်ယင်က သူမ၏နာကျင်နေသော လက်မောင်းများကို ပွတ်သပ်နေရင်း အစ်ကိုဖြစ်သူကို လှမ်းမေးလိုက်သည်။ ယနေ့ စစ်ပွဲ၏ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင် မြင်တွေ့ရပြီးနောက် မိန်းကလေးများက ဘာမှ မပြောဘဲ ပြန်လာခဲ့ကြပြီး သူမတို့၏မျက်နှာများက ယခုအချိန်အထိ ဖြူဖျော့နေသေးခဲ့သည်။ သို့သော် သူမတို့အားလုံးက တာ့ထန်စစ်သည်များ၏ကျူးကျော်မှုကို တွန်းလှန်နိုင်ရန် လူအများကို ဖောက်ခွဲပစ်နိုင်သည့် ဖောက်ခွဲရေးပစ္စည်းများ ထပ်မံပြုလုပ်နိုင်ရန် အသည်းအသန် ကြိုးစားနေကြသည်။ သူမတို့က အနီးနားပတ်ဝန်းကျင်မှ လူများ၏သန့်စင်ခန်းများကိုပင်သွားကာ ယမ်းစိမ်းများ သွားတူးနေကြသည်။
“ဒီတစ်ခေါက်တော့ သူ့တို့ အရမ်းမြန်မြန် ရောက်လာမှာ မဟုတ်ဘူး။ သူတို့လည်း အချက်အလက်တွေ အရင်စုဆောင်းလိမ့်မယ်”
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။
သူတို့ဘက်မှာ ရှုံးနိမ့်မှုနှစ်ခု ရှိခဲ့ပြီး ရာနဲ့ချီ သေကြေပျက်ဆီးခဲ့တာကြောင့် ကြီးမားတဲ့ ဆုံးရှုံးလို့ ယူဆနိုင်တယ်။ အခြေအနေကို နားမလည်ခင် သူတို့ အရူးအမူး ထပ်လှုပ်ရှားရဲမှာ မဟုတ်ဘူး။
“မင်းတို့ စောစောအိပ်ကြ။ ငါ ဦးလေးချန်နဲ့ စကားစမြည် သွားပြောဦးမယ်"
ကျိရွှေရှန့်က အလေးအနက် မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။
အခြေအနေက တစ်ခုခုတော့ မှားနေပြီ။ ဒီတာ့ထန်စစ်သည်တွေက ရက်ရက်စက်စက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ချီတက်လာကြပြီး မော့ချန်ကို လုံးဝ ဖြိုခွင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သူ ခံစားနေရတယ်။
သူ့အဖေ အသက်ရှင်နေသေးတဲ့အချိန်တုန်းက သူ့အေဖက တာ့ထန်တွေ လက်နက်ချတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပြီး တာ့ထန်ကို လက်အောက်ခံနိုင်ငံအဖြစ်သိမ်းသွင်းနိုင်ခဲ့တယ်။ တာ့ထန်လူမျိုးတွေကို ရက်စက်တက်ပေမယ့် အများစုကတော့ သူတို့ရဲ့ကတိကို တန်ဖိုးထားတက်ကြတယ်။ တာ့ထန်ဧကရာဇ်က ရှောင်းမိသားစုစစ်တပ်ရှိနေသရွေ့ တာ့ရှားပြည်ထောင်ကို ဘယ်တော့မှ ကျူးကျော်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့တယ်။ အဲဒီနောက်မှာ သူက သူရဲ့ကတိတွေကို လိုက်နာပြီး နယ်စပ်ကို လုံးဝ ထပ်မနှောင့်ယှက်တော့ဘူး။
အခု သူ့အဖေ ဆုံးသွားပေမယ့် ရှောင်းမိသားစုရဲ့စစ်တပ်အလံကို မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားဆဲပဲ။ ဒါပေမယ့် ဒီတာ့ထန်စစ်သည်တွေက မော့ချန်ကို နှောင့်ယှက်ရုံတင်မကဘဲ ဗြောင်ကျကျ ကျူးကျော်မှုလာခဲ့ပြီ။
ဘာတွေ ဖြစ်နေတယ်ဆိုတာကို ချန်ယွိကို မေးမှပဲ သိနိုင်လိမ့်မယ်။
လက်ရှိအချိန်တွင် ချန်ယွိက တော်ဝင်ရုံးတော်၏ တင်းကျပ်သောစည်းမျဉ်းများကို ဂရုမစိုက်တော့ပေ။
သူတို့ မြို့ပြင်မှာ ဆက်နေရင် မြို့က ပျက်သုဉ်းသွားတော့မယ်။ ပြီးတော့ ဒီနေရာမှာ သခင်လေး ရှိနေမှတော့ ဘာကြောင့် ခွေးဧကရာဇ်ရဲ့စကားကို နားထောင်နေရဦးမှာလဲ?
ထိုအတွေးများကြောင့် ချန်ယွိက ဗဟိုတပ်စခန်းအဖြစ် သတ်မှတ်ပြီး စီမံခန့်ခွဲနိုင်ရန် မြို့ထဲမှ စွန့်ပစ်ထားသော အိမ်တစ်လုံးကို ရှာဖွေကာ စခန်းချနေပြီ ဖြစ်သည်။ ကျိရွှေရှန့်က သူ အနားယူနေသည့်အိမ်ကို ရှာတွေ့ခဲ့ပြီး သူ စစ်စခန်းအဖြစ် သတ်မှတ်ထားသည့်အိမ်က တစ်အိမ်လုံး မည်းမှောင်နေပြီး အေးခဲနေလေသည်။ ထင်းက အကန့်အသတ် ရှိသောကြောင့် မီးမွှေးရန် ဝန်လးနေကြသည်။ ထို့အပြင် တံခါးများနှင့် ပြတင်းပေါက်များက လျော့တိလျော့ရွဲ ဖြစ်နေသောကြောင့် မီးမွှေးလျှင်ပင် သိပ်အသုံးမ၀င်လှပေ။
"ဦးလေးချန်၊ ဦးလေး ဘာလို့ မီးမထွန်းတာလဲ?"
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အေးစက်သွားသလို ခံစားလိုက်ရသောကြောင့် ကျိရွှေရှန့်က ချန်ယွိကို လှမ်းမေးလိုက်သည်။ ချန်ယွိက မချိပြုံး ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
“ထင်းက အကန့်အသတ် ရှိတယ်။ ဆယ့်နှစ်လပိုင်း မရောက်ခင်မှာ ဘယ်သူက မီးမွှေးရဲမှာလဲ? ”
“ဦးလေးချန်၊ အဲ့အတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့မှာ လှည်းသုံးစင်းစာ ကျောက်မီးသွေးတွေ ရှိတယ်။ နွေးနွေးထွေးထွေးနေဖို့ အဲ့ဒါတွေကို သုံးလို့ ရတယ်"
"မလိုပါဘူး။ ငါတို့က အအေးဒဏ်ကို သည်းခံနိုင်ပါတယ်။ သခင်လေးတို့ သုံးဖို့ ချန်ထားလိုက်ပါ။ ဒီမှာက ဆောင်းရာသီဆိုရင် အေးခဲနေတာ။ ထင်းမလုံလောက်ရင် အေးခဲပြီး သေသွားလိမ့်မယ်”
သခင်လေး ပြောနေသည့် ကျောက်မီးသွေးက ဘာမှန်း မသိသော်လည်း ချန်ယွိက ချက်ခြင်း ငြင်းဆန်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နွေးထွေးဖို့ လုပ်ပေးနိုင်မှတော့ အဲ့ဒါက အဖိုးတန်မှာ သေချာတယ်။
"ဦးလေးချန် စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ကျောက်မီးသွေးတွင်းတစ်တွင်း ရှာတွေ့ခဲ့တယ်။ အဲ့နေရာကနေ ကျောက်မီးသွေးတွေ မကုန်မခန်းနိုင် ထောက်ပံ့ပေးနိုင်တော့ အေးခဲနေဖို့ မလိုပါဘူး၊ ကျွန်တော် သွားယူပေးမယ်"
ကျိရွှေရှန့်က ဦးလေးချန်အတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။
သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ဗလပွဖြစ်နေတာတောင် ဒီလောက်ခက်ခဲတဲ့နေရာမှာ ကြံ့ကြံ့ခံ နေနေရတယ်။ လက်ရှိဧကရာဇ်က တကယ်ကို သားရဲတစ်ကောင်ပဲ။ သူက မြင်းကို မြက်မကျွေးဘဲ ပြေးခိုင်းချင်နေတယ်။ သူက ရှောင်းမိသားစုစစ်တပ်ကို ဖျက်ဆီးဖို့ တာ့ထန်တွေရဲ့လက်ကို အသုံးပြုချင်နေတာပဲ။
ကျိရွှေရှန့်က ကျောက်မီးသွေး တင်ထားသော လှည်းဆီသို့ သွားလိုက်ပြီး ကျောက်မီးသွေးခြင်းတစ်တောင်း သွားသယ်လိုက်သည်။ လှည်းရှေ့တွင် ရပ်နေသည့် ချိုးယုံခန်းကို တွေ့လိုက်ရသောကြောင့် အနားမယူသေးဘူးလားဟု လှမ်းမေးလိုက်သည်။
“သက်ကြီးရွယ်အိုတွေအတွက် ခန်ကို အပူပေးဖို့ ကျောက်မီးသွေးကို လာယူတာ”
ချိုးယုံခန်းကလည်း ကျောက်မီးသွေးတောင်းတစ်တောင်းကို သယ်ဆောင်ထားပြီး သူက သက်ကြီးရွယ်အိုများ ရှိနေသည့် မိသားစုများထံ ပေးပို့ရန် စီစဉ်နေခဲ့သည်။
"ကောင်းတယ်၊ မင်းက အရမ်းစဉ်းစားပေးတက်တယ်"
ကျိရွှေရှန့်က ချိုးယုံခန်း၏လက်မောင်းကို ပုတ်လိုက်ပြီး ချီးကျူးလိုက်သည်။ သူ့အနားမှာ ချိုးယုံခန်းရှိနေရင် သူ အများကြီး စိတ်ပူနေစရာ မလိုဘူး။
ကျိရွှေရှန့်က ချန်ယွိ၏နေအိမ်သို့ ပြန်လာခဲ့ပြီး ကြီးမားသောကျောက်မီးသွေးတုံးကြီးကို အစိတ်စိတ်အမွှာမွှာ ခွဲကာ အတုံးသေးသေးလေးများ ရရအောင် ပြုလိုပ်လိုက်ပြီး ချန်ယွိ၏သက်တော်စောင့်များအား ကျောက်မီးသွေးအသုံးပြုနည်း သင်ကြားပေးလိုက်သည်။
"ကျောက်မီးသွေး မထည့်ခင် မီးတောက်အောင် ထင်းကို အရင်သုံးရမယ်"
သက်တော်စောင့်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ တော်တော်လေး ရိုးရှင်းတယ်လေ။
ကျိရွှေရှန့်က အိမ်ထဲသို့ ပြန်ဝင်သွားပြီး ညမီးရောင်အောက်တွင် ချန်ယွိနှင့် စကားပြောနေခဲ့သည်။
"ဦးလေးချန်၊ ဒီတာ့ထန်စစ်သည်တွေက ဘယ်အချိန်က စပြီး ကျူးကျော်လာကြတာလဲ?"
"စစ်သူကြီးရှောင်း သေဆုံးပြီးတဲ့နောက်ပိုင်းမှာ ဒီတာ့ထန်စစ်သည်တွေ တစ်ကြိမ် ကျူးကျော်ခဲ့ဖူးတယ်၊ ဒါပေမယ့် မြို့ရိုးပေါ်မှာ ရှောင်းမိသားစုရဲ့စစ်တပ်အလံ ချိတ်ဆွဲထားတာကို မြင်တာနဲ့ ပြန်ဆုတ်ခွာသွားကြတယ်။ အဲ့အချိန်ကနေ စပြီး ငြိမ်းချမ်းနေခဲ့တာ ဆယ်နှစ်ရှိနေပြီ။ အခု ဘာကြောင့်မှန်းမသိဘဲ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက တာ့ထန်စစ်သည်တွေ နယ်စပ်ဒေသတွေကို အနှောင့်အယှက် ပေးနခဲ့တယ်၊ ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေကိုလည်း တားဆီးပြီး သတ်ဖြတ်ခဲ့ကြတယ်။ မကြာသေးမီကတော့ ကြီးမားတဲ့တိုက်ခိုက်တွေ စတင်လာကြပြီ”
ချန်ယွိကလည်း ထူးဆန်းနေသည်ဟု ခံစားနေရသည်။ တာ့ထန်စစ်သည်များက တာ့ရှားပြည်ထောင်၏ အတွင်းပိုင်းရန်ပွဲများအကြောင်းကို သိသွားခဲ့ပြီဟု ကျိရွှေရှန့်က မှန်းဆလိုက်သည်။ ကပ်ဘေးဒုက္ခသည်များက နေရာတိုင်းတွင် တော်လှန်ပုန်ကန်နေကြသောကြောင့် ၎င်းတို့က တာ့ရှားကို ကျူးကျော်ရန် အခွင့်အရေး ယူချင်နေပုံရသည်ဟု သူ တွေးတောနေခဲ့သည်။
သို့သော်လည်း တာ့ထန်ပြည်ထောင်က အရင်ကနှင့် မတူတော့ကြောင်းကိုတော့ သူ မသိနိုင်ခဲ့ပေ။ လက်ရှိတာ့ထန်တွင် ဧကရာဇ်အိုကြီးက အပြင်းအထန် နာမကျန်း ဖြစ်နေပြီး ပထမမင်းသားက အာဏရယူကာ အုပ်ချုပ်နေခဲ့သည်။ ထိုပထမမင်းသားက ရည်မှန်းချက်ကြီးပြီး ရဲရင့်ကာ တာ့ရှားပြည်ထောင်၏စည်းစိမ်ဥစ္စာများကို ကာလရှည်ကြာ တမ်းတမက်မောနေသူ ဖြစ်သည်။
ယခုအချိန်တွင် သူက စစ်စခန်းအလယ်မှ ကျားအရေဖုံးထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော စစ်သည်များကို ကြည့်နေကာ သူ့မျက်လုံးများက မှုန်မှိုင်းနေလေသည်။ ထိုစစ်သည်များက မော့ချန်မှ ပြန်ထွက်ပြေးလာသူများ ဖြစ်ပြီး ယဲ့လွီဟမ်၏အေးစက်သော အသံက အေးစက်က လေးလံနေသော တိုက်လေကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
“သူတို့မှာ အစုလုံအပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးတွေ ရှိတယ်လို့ မင်းတို့ ပြောခဲ့တာလား?”