သတ္ထုအရည်ကျို သွန်းလောင်းခြင်း
Vol. 16 Ch. 235
ကျန်းလောင်ချီက စိတ်လှုပ်ရှားစွာဖြင့် အိမ်ထဲသို့ ပြေးဝင်လာခဲ့ပြီး အခန်းထဲမှ နှစ်ယောက်သားက ပွေ့ဖက်နေကြသည်ကို မြင်လိုက်ရသောကြောင့် အလွန်ထိတ်လန့်သွားကာ မျက်နှာလွှဲလိုက်ပြီး နောက်သို့ အမြန်ပြန်လှည့်သွားခဲ့သည်။
ကျိရွှေရှန့်ကတော့ အဆင်မပြေသလိုမျိုး ခံစားနေရခြင်း မရှိဘဲ ဘာမှ မဖြစ်သလို အမူအရာဖြင့် သူ့လက်ကို ပြန်ချလိုက်ပြီး စူးချင်းကို သူ့ရင်ခွင်ထဲမှ ထွက်စေကာ သူမ၏လက်ကို သဘာဝကျကျ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူက ကျန်းလောင်ချီကို အေးအေးဆေးဆေး လှမ်းမေးလိုက်သည်။
"မင်း ငါ့ကို ရှာနေတာလား?"
“ဟုတ်တယ်၊ ငါတို့ စွန့်ပစ်ထားတဲ့ ပန်းပဲဖိုတစ်ခု ရှာတွေ့ခဲ့တယ်၊ မီးဖိုတစ်ခုနဲ့ သံတုံးတွေ ထုဖို့ ကျောက်တုံးရယ်၊ ပုံစံခွက်တွေရယ် ရှိတယ်"
ကျန်းလောင်ချီက သူ့တစ်ကိုယ်လုံးအနှံ့ ယိုးတိုးယွတ ဖြစ်နေသလို ခံစားနေရပြီး ကျိရွှေရှန့်တို့ကို လှည့်မကြည့်ရဲ့သောကြောင့် အမှောင်ထဲမှ တံခါးဝကိုသာ လှမ်းကြည့်နေရင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ အဲ့နေရာကို သွားကြည့်ချင်တယ်"
ပန်းပဲဖိုကို ရှာတွေ့ခဲ့ကြောင်း ကြားလိုက်ချိန်တွင် စူးချင်းက စိတ်လှုပ်ရှားသွားပြီး မှောင်မည်းနေသော ကောင်းကင်ကြီးကို လျစ်လျူရှုကာ သူမကိုယ်တိုင် သွားကြည့်ချင်နေခဲ့သည်။
ပန်းပဲဖိုနှင့် ကိရိယာတန်ဆာပလာများ ရှိနေလျှင် သူမက လက်နက်များ ထုလုပ်နိုင်ပြီး သူမ၏ပန်းပဲပညာ အဆင့်မြှင့်တင်မှုကို တရားဝင် စတင်နိုင်တော့မည် ဖြစ်သည်။
"မင်း သွားကြည့်ချင်ရင် ကိုယ် မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်"
ကျိရွှေရှန့်က စူးချင်း၏လက်ကို လွှတ်ချပေးရန် တွန့်ဆုတ်နေပြီး သူမ၏လက်ကလေးကို လုံးဝ ပြန်မလွှတ်ဘဲ ဆုပ်ကိုင်ထားခဲ့သည်။ သူ့၏လက်ဖဝါးကြီးက စူးချင်း၏နူးညံ့သောလက်လေးကို လုံးလုံးလျားလျား အုပ်မိုးထားပြီး သူက စူးချင်း၏အေးခဲနေသည့်လက်လေး နွေးထွေးစေရန် ကြိုးစားပေးနေခဲ့သည်။
"အစ်ကိုကြီး၊ ညီမလေးလည်း လိုက်ခဲ့မယ်"
ပန်းပဲဖို့သို့ သွားကြတော့မည်ဟု ကြားလိုက်သောကြောင့် ကျိရှောင်ယင်က အိမ်ထဲမှ အမြန်ပြေးထွက်လာပြီး သူမ လိုက်ချင်ကြောင်း ပြောလာသောကြောင့် ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
"သွားကြရအောင်!"
ကျန်းလောင်ချီက သူ့လက်ထဲမှ မီးတိုင်ကို ကိုင်မြှောက်ထားရင်း အရှေ့မှ ဦးဆောင်နေကာ တခြားသူများအတွက် လမ်းပြပေးနေခဲ့သည်။ ယနေ့ညတွင် ကောင်းကင်ယံ၌ ကြယ်များ ပြည့်နေပြီး တံစဉ်ကဲ့သို့ လကွေးကွေးလေးက အေးစက်သောအလင်းရောင်များကို ထုတ်လွှတ်နေကာ အလင်းရောင်များ ဖြာကျနေလေသည်။ မော့ချန်က တစ္ဆေမြို့ကဲ့သို့ တိတ်ဆိတ်နေပြီး ကင်းလှည့်နေသည့် တပ်သားများမှ လွဲ၍ လမ်းမများပေါ်တွင် အရပ်သားများ မရှိပေ။
မော့ချန်၏ အစိုးရရုံးတော်မှ အုပ်ချုပ်ရေးအမတ်နှင့် အရာရှိများ၊ ရဲမက်များ ထွက်ပြေးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော အစိုးရရုံးတော်က ယခု ရုပ်ပြသက်သက်သာ ကျန်နေတော့သည်။ ချန်ယွိက ထိုနေရာကို သူတို့သခင်လေး နေထိုင်ရန်အတွက် သန့်ရှင်းရေးလုပ်စေကာ ပြင်လည်ပြင်ဆင်ခိုင်းခဲ့သည်။ ယနေ့တွင် အချိန် နောက်ကျနေပြီဖြစ်သောကြောင့် ကျိရွှေရှန့်နှင့် အခြားသူများက မနက်ဖြန် သန့်ရှင်းရေးလုပ်ပြီးမှ ပြောင်းရွှေ့ကြမည် ဖြစ်သည်။
ပန်းပဲဖိုက သူတို့အိမ်နှင့် သိပ်မဝေးဘဲ လမ်းကို ကွေ့ပြီးသည်နှင့် ထိုနေရာကို လှမ်းမြင်နိုင်သည်။ ပန်းပဲဖို၏အလံက ညအမှောင်၏ အေးစက်သော လေထုအောက်တွင် တဟုန်ထိုး ယိမ်းထိုးနေသည်။ လူသူကင်းမဲ့နေသော အဆောက်အဦးက အနည်းငယ် ယိုယွင်းနေပြီဖြစ်ကာ အထီးကျန်ဆန်သော ခံစားမှုကို ပေးစွမ်းနေလေသည်။
စူးချင်းက ပန်းပဲဖိုထဲသို့ လျှောက်သွားလိုက်ပြီး ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပန်းပဲဆရာက အလျင်စလို ထွက်ပြေးသွားခြင်း ဖြစ်နိုင်ပြီး သူ့၏ပစ္စည်းများ ဘာမှ မယူသွားခဲ့ပေ။ ထို့ကြောင့် ထိုနေရာတွင် ပန်းပဲဖို၊ တွင်ခုံများ၊ သံညှပ်များ၊ သံချောင်းများ၊ သံတူကြီးများ၊ လေဖားဖိုများနှင့် ရေစည် စသည်ဖြင့် ပစ္စည်းများအားလုံးကို တွေ့နေရသည်။
ကျိရွှေရှန့်က စူးချင်း၏အနားတွင် ရှိနေပြီး သူမ၏ တောက်ပနေသော မျက်လုံးများထဲမှ ပျော်ရွှင်မှုကို မြင်နေရသောကြောင့် သူလည်း လိုက်ပြုံးနေကာ အသံတိုးတိုးဖြင့် မေးလိုက်မိသည်။
"နောက်ထပ် ဘာလိုတာ ရှိသေးလဲ?"
“ဘာမှ မလိုတော့ဘူး။ မနက်ဖြန်ကျရင် ဓားရှည်တွေနဲ့ ကျောက်မီးသွေးနှစ်တောင်း ယူလာပေးဦး”
စူးချင်းက ခေါင်းယမ်းလိုက်ပြီးမှ သူမ လိုချင်သည့်အရာများကို ထပ်တောင်းလိုက်သည်။
သူမ ပန်းပဲဆရာလုပ်ဖို့ မစောင့်နိုင်တော့ဘူး။ သုံးရက်အတွင်း အဆင့် ၃ လောက် မြှင့်တင်နိုင်ဖို့ စိတ်ကူးယဥ်လိုက်ပြီးပြီ။
သူမ အဆင့်တွေ မြန်မြန် တက်ချင်နေပြီ။ အဆင့် ၅၀ ကို ကျော်လွန်နေတဲ့ စစ်နတ်ဘုရားစွမ်းရည်ရဲ့စွမ်းအားနဲ့ အဆင့် ၅၀ အောက်က စွမ်းအားက လုံးဝ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ အဆင့် ၅၀ ကျော်သွားရင် သူမရဲ့တိုက်ခိုက်ရေး စွမ်းအားက သိသိသာသာ တိုးမြင့်လာလိမ့်မယ်။ အဲ့တာအပြင် သူမ၏ ကြံခိုင်မှုနဲ့ စိတ်စွမ်းအားကလည်း ခုန်ပျံကျော်လွှားပြီး တိုးတက်လာမှာ သေချာတယ်။
"အင်း၊ အခုတော့ စောစော ပြန်သွားပြီး အနားယူလိုက်ဦး!"
ကျိရွှေရှန့်က သူ့ဘေးနားရှိ အမျိုးသမီးလေးကို ကြည့်နေရင်း သူမအတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။
စူးချင်းကတော့ စိတ်ကောင်းဝင်နေပြီး သူမ၏ခေါင်းလေးကို မော့ကာ သူ့ကို ပြုံးပြရင်း နာနာခံခံ သဘောတူလိုက်သည်။
"အင်း"
သူမ ပြုံးလိုက်တိုင်း ဘယ်လောက်တောင် လှနေတယ်ဆိုတာကို သူ စကားနဲ့တောင် မပြောပြနိုင်တော့ပါဘူး။ မီးတိုင်ရဲ့အလင်းရောင်အောက်က သူမရဲ့မျက်လုံးလေးတွေက ကျောက်မျက်ရတနာတွေလိုမျိုး တောက်ပနေလွန်းတယ်။ သူမရဲ့အကြည့်တွေက ယုံကြည်မှုအပြည့် ကြည်လင်ပြတ်သားနေပြီး သူမရဲ့နှုတ်ခမ်းပါးလေးတွေက နှင်းဆီပွင့်ချပ်လေးတွေလို နူးညံ့နေတယ်။ သူမရဲ့ ဆုံးဖြတ်ချက်တွေ ပြတ်သားခိုင်မာတဲ့ ဟန်ပန်လေးကလည်း ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေပြီး သူမက လူတွေရဲ့နှလုံးသားကို စွဲဆောင်နိုင်တဲ့ နတ်သမီးလေးလိုမျိုး ဖြစ်နေတာကြောင့် သူက သူမရဲ့ဆန္ဒမှန်သမျှကို လိုက်လျောပေးချင်နေမိတယ်။
ပန်းပဲဆိုင်မှ ထွက်ခွာလာပြီးနောက် ကျိရွှေရှန့်က စူးချင်းနှင့် ကျိရှောင်ယင်တို့ကို သူမတို့ နေထိုင်ရမည့်နေရာဆီသို့ ပြန်လိုက်ပို့ပေးခဲ့သည်။ ချိုးယုံခန်းက လီတာ့ရွှမ်းနှင့် ကျုံးယုံတို့ကို ဦးဆောင်ကာ ထိုအိမ်၏ ပြတင်းပေါက်များကို ပြင်ဆင်ရန် ကူညီပေးနေခဲ့သည်။ သူတို့ထဲတွင် ပြတင်းပေါက်စက္ကူများ မရှိသော်လည်း တာ့ထန်စစ်သည်များထံမှ သိမ်းယူခဲ့သည့် စစ်ဝတ်စုံများကို ဆုတ်ဖြဲကာ ပြတင်းပေါက်စက္ကာအဖြစ် အသုံးပြုနေခဲ့ကြသည်။ အပြင်ဘက်မှ လေအေးများကို တားဆီးနိုင်ရန် တံခါးကိုလည်း ပြုပြင်ပေးခဲ့ကြသည်။
"မင်းရဲ့ ဒီကြိုးစားအားထုတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ"
ကျိရွှေရှန့်က ချိုးယုံခန်း၏ ပခုံးကို ပုတ်လိုက်ပြီး ကျေးးဇူးတင်စကား ဆိုလိုက်သည်။ ချိုးယုံခန်းက အမြဲတမ်း စေ့စေ့စပ်စပ် တွေးနိုင်သူဖြစ်ပြီး သူ သတိမထားမိသော အရာအားလုံးကို ကြိုတင်လုပ်ဆောင်ပေးတက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းတို့တွေက အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ဒီလိုကိစ္စသေးသေးလေးတွေကို ငါ့အတွက် ချန်ထားလို့ ရတယ်!”
ချိုးယုံခန်းက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ သူက တစ်နေ့လယ်ခင်းလုံး လူတိုင်း၏အိမ်များကို ပြုပြင်ပေးရန် ကုညီပေးနေခဲ့သည်။ သို့သော်လည်း ကျိရှောင်ယင်၏အိမ်က သူ အချိန်အကြာဆုံးယူကာ သေသေချာချာနှင့် အခိုင်ခံ့ဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့သောအိမ် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုယုံခန်း၊ အစ်ကိုတို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"
ကျိရှောင်ယင်က လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေရင်း သူမ အလွန်အိပ်ငိုက်နေသောကြောင့် မတော်တဆ သမ်းဝေမိသွားသည်။ သူမက ရှက်ရွံ့စွာဖြင့် သူမ၏ပါးစပ်လေးကို အုပ်လိုက်ပြီး သူမ၏မျက်ဝန်းတောက်တောက်လေးများက ရွှမ်းစိုနေလေသည်။
"အနားယူတော့လေ!"
ချိုးယုံခန်းက သူ့ခေါင်းကို ငုံ့ထားပြီး သူမကို ကြည့်နေရင်း ညင်ညင်သာသာ တိုက်တွန်းလိုက်သည်။
သူ တတ်နိုင်သလောက် ကြိုးစားထားပြီးပြီ၊ သူမ နွေးနွေးထွေးထွေးနဲ့ အေးအေးချမ်းချမ်း အိပ်စက်နိုင်ဖို့ မျှော်လင့်ပါတယ်။
စူးချင်းက ထိုကဲ့သို့သော ကျေးဇူးတင်စကားများကို မပြောတတ်သောကြောင့် အိမ်ထဲသို့မဝင်မီ ချိုးယုံခန်းနှင့် အခြားနှစ်ယောက်ကို ခေါင်းသာ ညိတ်ပြလိုက်ပြီး အထဲသို့ ဝင်သွားခဲ့သည်။
ပြင်ပအပူချိန်က အတွင်းမှ အပူချိန်နှင့် ခြားနားလွန်းသည်။ ဆောင်းဦးနှောင်းပိုင်းတွင် တံခါးအပြင်ဘက်၌ အေးစက်နေသော်လည်း အိမ်အတွင်း၌ နွေဦးကဲ့သို့ နွေးထွေးနေသည်။ အပြင်ခန်းရှိ မီးဖိုက နီရဲနေအောင် တောက်လောင်နေပြီး အနွေးဓာတ်က လူတိုင်းကို သက်တောင့်သက်သာ ဖြစ်နေစေသည်။
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူမတို့၏ အထုတ်အပိုးများအား ခန်ပေါ် တင်ထားသည်ကို တွေ့လိုက်ရသည်။ ခန်၏အခင်းကလည်း သန့်ရှင်းနေသောကြောင့် အဆင်သင့် အိပ်ယာခင်းကာ အိပ်နိုင်မည် ဖြစ်သည်။
စူးချင်းက အပူပေးထားသော ခန်ကုတင်ကို လက်ဖြင့် ထိကြည့်လိုက်ရာ ပူနွေးနေသည်ဟု ခံစားလိုက်ရသည်။ အတွင်းခန်းရှိအပူချိန်က အပြင်ခန်း၏အပူချိန်ထက် ပိုမြင့်မားနေပြီး အမျိုးသမီးလီက အထုတ်အပိုးများ၏အနီးမှ ခန်ပေါ်တွင် ထိုင်နေခဲ့သည်။ ကျိရှောင်ယင်နှင့် စူးချင်းတို့ ပြန်လာသည်ကို မြင်လိုက်ချိန်တွင် သူမက မိန်းခလေးနှစ်ယောက်ကို ပြုံးပြလိုက်ပြီး စကား လှမ်းပြောလိုက်သည်။
"သမီးတို့လည်း ပင်ပန်းနေလောက်ပြီ။ မွေးစားအမေက ရေနွေးနည်းနည်း ကျိုထားတယ်။ ရေချိုးပြီးရင် ပိုပြီး နေသာသွားလိမ့်မယ်"
စူးချင်းက အမျိုးသမီးလီအား သူမ၏မွေးစားမိခင်အဖြစ် တရားဝင် အသိအမှတ် မပြုထားသော်လည်း အမျိုးသမီးလီက သူမကို သမီးလေးအဖြစ် ဆက်ဆံပြီး သူမကိုယ်သူမ မွေးစားအမေဟုသာ အမြဲတစေ သုံးနှုန်းပြောဆိုတက်သည်။
အစပိုင်းတွင် စူးချင်းက ထိုအခေါ်အဝေါ်အတွက် အသားမကျနိုင် ဖြစ်နေခဲ့ပြီး စိတ်မသက်မသာ ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် သူမက ကျိရှောင်ယင် ခေါ်သလိုမျိုး လိုက်ခေါ်ကာ မွေးစားအမေဟု လျောလျောလျူလျူ ခေါ်နိုင်လာခဲ့သည်။
အမျိုးသမီးလီက သူမတို့၏နေ့စဥ်ဘဝအတွက် အသေးစိတ်တိုင်းကို ဂရုစိုက်ပေးခဲ့ပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့ကို အမြဲတမ်း နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့သည်။ ဥပမာအားဖြင့် ယနေ့တွင် အမျိုးသမီးလီက အိမ်ကို သန့်ရှင်းရေး လုပ်ထားပြီး အိမ်၏နွေးထွေးမှုကို ခံစားနိုင်ရန် ဖန်တီးပေးထားခဲ့သည်။ သူမက သူမတို့အတွက် ရေနွေးအိုးကြီးတစ်လုံးပင် ပြင်ဆင်ပေးထားခဲ့သည်။ စူးချင်းက သန့်ရှင်းမှုကို နှစ်သက်ကြောင်း သူမ သိနေသောကြောင့် သူမက စူးချင်းနှင့် ကျိရှောင်ယင်တို့ ရေနွေးပူပူဖြင့် ရေချိုးနိုင်ရန် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မွေးစားအမေ"
ကျိရှောင်ယင်က မွေးစားအမေဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အမျိုးသမီးလီ၏ပခုံးပေါ်သို့ သူမ၏ခေါင်းလေးကို တင်လိုက်ကာ အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ အမျိုးသမီးလီက ပြုံးလိုက်ပြီး ကျိရှောင်ယင်၏ချောမွတ်နေသော မျက်နှာလေးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ သူမ၏မျက်လုံးများထဲတွင် မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာများ စီးဆင်းနေခဲ့ပြီး သူမက ကျိရှောင်ယင်ကို အမှန်တကယ် နှစ်သက်သဘောကျကြောင်း သိသာထင်ရှားနေသည်။
ရေချိုးရန် သစ်သားစည်ကြီးများကို အသုံးပြုရမည် ဖြစ်သောကြောင့် ကျိရွှေရှန့်က သူမတို့အတွက် ရေဖြည့်ပေးခဲ့ပြီး ချိုးယုံခန်းနှင့် အခြားလူများကို ခေါ်ကာ ပြန်ထွက်ခွာသွားခဲ့သည်။ သူက သူ မသွားခင် တံခါးကို သေသေချာချာ ပိတ်ပေးသွားခဲ့သည်။ သူက ခြံဝင်းထဲမှ ထွက်လာခဲ့သော်လည်း အဝေးသို့ မသွားဘဲ စူးချင်းနှင့် အခြားသူများကို စောင့်ရှောက်ပေးရန် ခြံဝင်း၏တံခါးဝတွင်သာ ရပ်နေခဲ့သည်။
စူးချင်းနှင့် ကျိရှောင်ယင်တို့သည် ရေနွေးပူပူဖြင့် ရေချိုးလိုက်ကြသည်။ ထို့နောက် ခန်၏ဘေးတွင် ထိုင်နေကြပြီး သူမတို့၏စိုစွတ်နေသော ဆံပင်များကို ခြောက်သွေ့သေချည်ပုဝါဖြင့် သုတ်နေကြရင်း သူမတို့ခြေထောက်များကို ရေနွေးဇလုံထဲတွင် စိမ်ထားသောကြောင့် နွေးထွေးမှုက သူမတို့၏ခြေဖဝါးများမှတဆင့် သူမတို့၏ခန္ဓာကိုယ်များဆီသို့ ပျံ့နှံ့လာသောကြောင့် အလွန်အဆင်ပြေနေခဲ့သည်။
ရေချိုးပြီးနောက် စူးချင်းက ရေသွန်ရန် အပြင်သို့ ထွက်လာခဲ့ပြီး တံခါးအပြင်ဘက်တွင် ရပ်နေသည့် မြင့်မားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ကျိရွှေရှန့်ကလည်း တံခါးဖွင့်သံကို ကြားလိုက်ပြီး လှည့်ကြည့်လာသောကြောင့် အနက်ရောင်ဆံပင်များ ဖြာကျနေသည့် စူးချင်း၏ မက်မွန်ပွင့်ကဲ့သို့ ပန်းနုရောင်မျက်နှာလေးကို တွေ့မြင်သွားခဲ့သည်။ သူမက တံခါးဝတွင် ရပ်နေပြီး သူ့ကို ကြည့်နေကာ လရောင်အောက်တွင် ရှိနေသည့် သူမက မသေမျိုးကမ္ဘာမှ လူပြည်လူရွာသို့ ဆက်သက်လာသည့် နတ်သမီးလေးတစ်ပါးနှင့် ဆင်တူနေလေသည်။
ကျိရွှေရှန့်က သူမကို ပြုံးပြလိုက်ပြီး "ရေချိုးပြီးပြီလား?"
"အင်း၊ ကျွန်မ ရေချိုးပြီးပြီ"
စူးချင်းကလည်း ပြုံးနေခဲ့ပြီး သူမ၏အသံက ခါတိုင်းကဲ့သို့ အေးစက်မနေဘဲ စာဝါငှက်ကလေး၏တီးတိုးသံကဲ့သို့ နူးညံ့နေပြီး ကြည်နူးစဖွယ် ဖြစ်နေခဲ့သည်။ သူမ၏ နူးညံ့သောမျက်လုံးများက ကျိရွှေရှန့်ကို ကြည့်နေပြီး ပြုံးယောင်သန်းနေကာ "ကျွန်မ... ပြန်ဝင်တော့မယ်"
ကျိရွှေရှန့်က ဤမျှသိမ်မွေ့ပြီး လှပသော အမျိုးသမီးလေးကို စိုက်ကြည့်နေပြီး သူ ပြန်ထွက်ခွာသွားရမည်ကို တွန့်ဆုတ်နေပုံရသည်။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရပြီး “အင်း၊ ရေနွေးနဲ့ ရေချိုးလိုက်တာက မင်းကို နည်းနည်းတော့ သက်တောင့်သက်သာ ဖြစ်သွားစေလိမ့်မယ်”
စူးချင်း၏တောက်ပသော အနက်ရောင် မျက်လုံးများကလည်း အမှောင်ထဲတွင် ပုန်းကွယ်နေသည့် ကျိရွှေရှန့်၏ မျက်နှာကို လှမ်းကြည့်နေခဲ့သည်။ ခပ်ဖျော့ဖျော့ အလင်းရောင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် သူမ၏ မျက်လုံးများက ကောင်းကင်မှ ကြယ်များကဲ့သို့ ထူးထူးခြားခြား တောက်ပနေခဲ့သည်။