ခိုးဝင်တိုက်ခိုက်ခံရခြင်း
Vol. 16 Ch. 236
နောက်ဆုံးတွင် ကျိရွှေရှန့်က ပြန်ထွက်ခွာသွားခဲ့သော်လည်း သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးတိုင်း နောက်သို့ တစ်ခါပြန်လှည့်ကြည့်နေပြန်သည်။ စူးချင်းက တံခါးဝတွင် ရပ်နေပြီး သူ သူမမြင်ကွင်းထဲမှ မပျောက်သွားမချင်း စောင့်ကြည့်နေခဲ့သည်။ စူးချင်းက ရုတ်တရက် ထိုခံစားချက်ကို သဘောကျသွားခဲ့သည်။
ဒါက လင်မယားနှစ်ယောက်လိုပဲ။ ခင်ပွန်းက ထွက်သွားနေပြီး ဇနီးသည်က ခွဲခွာဖို့ ဝန်လေးနေတဲ့ အချိန်လေးပေါ့။
ဤအတွေးပေါ်လာသည်နှင့် တပြိုင်နက် စူးချင်းက သူမ၏ နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။
မော့ချန်ကို လာကျူးကျော်နေတဲ့ စစ်သည်တွေကို မောင်းထုတ်ပြီး ပြန်လည် တည်ဆောက်မှုအချို့ လုပ်ပြီးတာနဲ့ သူမတို့ အေးအေးချမ်းချမ်းနဲ့ ရောင့်ရောင့်ရဲရဲ နေထိုင်လုပ်ကိုင် စားသောက်နိုင်လိမ့်မယ်။ ဒါက သူမ လိုချင်တဲ့ ဘဝပဲ။
ထိုညက လူတိုင်းအတွက် သက်တောင့်သက်သာအရှိဆုံး အိပ်ချိန် ဖြစ်ခဲ့သည်။ နွေးထွေးသော ခန်ကုတင်နှင့် နွေးထွေးသေည အိပ်ယာများ ရှိနေပြီး အန္တရာယ်မရှိသလို လူသတ်စရာလည်း မရှိပေ။ ထို့အပြင် အိပ်စရာ နေရာ ရှာရန်လည်း မလိုအပ်သောကြောင့် သက်တောင့်သက်သာ အိပ်နိုင်ခဲ့ကြသည်။
ကျိရှောင်ယင်ကလည်း မောပန်းနွမ်းနယ်နေပြီး ခပ်မြန်မြန် အိပ်ပျော်သွားခဲ့သည်။ သူမ အိပ်ပျော်နေသည့် အချိန်တွင် သူမက ကလေးလေးတစ်ယောက်ကဲ့သို့ ငြိမ်သက်နေပြီး အိပ်နေရင်း သူမ ဟောက်ခြင်း သို့မဟုတ် ဟိုဘက်သည်ဘက် လှည့်ခြင်းမျိုး မရှိဘဲ တစ်ညတာလုံး တိတ်ဆိတ်စွာ အိပ်မောကျနေခဲ့သည်။
အမျိုးသမီးလီက ခန်၏ခေါင်းရင်းဘက်တွင် ရှိနေပြီး ကျိရှောင်ယင်က အလယ်တွင် ဖြစ်ကာ စူးချင်းက အစွန်ဘက်တွင် အိပ်ပျော်နေခဲ့သည်။ ကျိရှောင်ယင်က ခန်၏အစွန်းဘက်တွင် အိပ်ရန် စူးချင်းနှင့် နေရာလုချင်နေသော်လည်း စူးချင်းက သူမကို တားဆီးခဲ့သည်။
လက်ရှိတွင် စူးချင်းက သူမဘေးတွင် ကျိရှောင်ယင် လဲလျောင်းနေသည်ကို ကျင့်သားရနေပြီ ဖြစ်သော်လည်း အမျိုးသမီးလီနှင့် ကျိရှောင်ယင်၏ ကြားတွင် သူမ အိပ်ရမည်ဆိုပါက သူမအတွက် အလွန်အဆင်မပြေ ဖြစ်ပေလိမ့်မည်။
စူးချင်းက သူမ ယခု အများကြီး ပြောင်းလဲသွားပြီဟုလည်း ခံစားခဲ့ရသည်။
သူမ ဒီကို ကူးပြောင်းလာခါစကဆိုရင် သူမက သူမ အသားကို လာထိတဲ့သူတိုင်းကို အလိုလို တုံ့ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေတက်ခဲ့ဖူးတယ်။
ထိုညတွင် စူးချင်းက မှုန်ဝါးဝါး အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူမဆန္ဒများ ပြည့်ဝခဲ့ပြီး သူမက လယ်ကွင်းကြီးတစ်ခုကို စိုက်ပျိုးထားခဲ့သည်။ ကောက်နှံများက ရွှေလှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေပြီး သူမက ထိုလှိုင်းလုံးကြီးများအလယ်တွင် ရှိနေကာ ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်ထားပြီး တံစဉ်ကို ကိုင်ဆောင်ကာ ရပ်နေခဲ့သည်။ သူမက အမှန်တကယ် လယ်သူမလေးတစ်ဦး ဖြစ်နေခဲ့သည်။
ဆံထုံးသေးသေးလေးနှစ်ဘက် ခွဲထုံးထားသည့် ဖွံ့ဖွံ့ထွားထွား ကလေးလေးနှစ်ယောက်က ဂျုံခင်းထဲမှ သူမ ဆီသို့ ပြေးလာပြီး အသံချိုချိုလေးများဖြင့် “မေမေ”ဟု အော်ခေါ်နေကြသည်။
"ရပ်စမ်း... မကောင်းတော့ဘူး.... တစ်ယောက်ယောက် မြို့ထဲကို ခိုးဝင်သွားတယ်”
စူးချင်းတစ်ယောက် သူမ ကလေးလေးနှစ်ယောက်ကို ပွေ့ဖက်ထားသည်ဟု အိပ်မက်မက်နေစဥ်တွင် မောင်းတီးသံနှင့်အတူ ယောက်ျားတစ်ယောက်၏အော်သံကို ကြားလိုက်ရသည်။
မောင်းထုသံက မိုးရေစက်များကဲ့သို့ တရစပ် ထွက်ပေါ်နေပြီး အလွန်အလောတကြီး ဖြစ်နေပုံရသည်။ စူးချင်းက ခန်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ အမျိုးသမီးလီလည်း နိုးလာခဲ့ပြီး သူမက အရမ်းစိတ်လှုပ်ရှားနေပုံရသည်။
"ဘာဖြစ်တာလဲ?"
"မွေးစားအမေ၊ ဘာပဲဖြစ်ဖြစ် အမေနဲ့ ရှောင်ယင် အပြင်ကို လုံးဝ ထွက်မလာနဲ့နော်"
စူးချင်းက သူမ၏အဝတ်အစားများကို ဝတ်ဆင်လာပြီး ဖိနပ်ကို အမြန်ဝတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူမ၏ ခါးပတ်ကြိုးပြားကို ချည်နေရင်း အမျိုးသမီးလီကို ညွှန်ကြားလိုက်သည်။
“သမီးလည်း မသွားနဲ့။ မြို့ကို စောင့်ရှောက်နေတဲ့ တပ်သားတွေ ရှိနေတာပဲ”
အမျိုးသမီးလီက စူးချင်းအတွက် စိတ်ပူနေပြီး သူမကိုလည်း အိမ်ထဲတွင်သာ နေရန် တိုက်တွန်းလိုက်သည်။
"ကျွန်မ သွားကြည့်လိုက်ဦးမယ်"
စူးချင်းက မော့ချန်တွင် နေထိုင်လုပ်ကိုင် စားသောက်ပြီး အခြေချနေထိုင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမက သူမ၏အကြံအစည်ကို မည်သူ့ကြောင့်မှ အဖျက်ဆီး မခံနိုင်ပေ။ သူမ၏အကြံအစည်ကို ဖျက်စီးဝံ့သူတိုင်းအား သူမက သတ်ပစ်မည် ဖြစ်သည်။
မောင်းသံက ကျိရှောင်ယင်ကိုလည်း နှိုးလိုက်ပြီး သူမ နိုးလာသည်နှင့် တပြိုင်နက် သူမ၏မျက်လုံးလေးများတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာကာ အမှောင်ထဲမှ ပြတင်းပေါက်များကို စိတ်မသက်မသာ ဖြစ်နေပုံဖြင့် လှမ်းကြည့်နေပြီး ထိတ်လန့်နေသည့် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
"ဘာမှားလို့လဲ? တာ့ထန်စစ်သည်တွေ ဒီကို ထပ်ရောက်လာတာလား?"
ကျိရှောင်ယင်က တာ့ထန်စစ်သည်များ မြို့ကို လာတိုက်ခိုက်နေသည်ဟု အိမ်မက်မက်နေခြင်း ဖြစ်သည်။ အနက်ရောင်ဝတ် စစ်သည်များက အစုလိုက်အပြုံလိုက် ရောက်ရှိလာပြီး အကန့်အသတ်မရှိသော သစ်တုံးများဖြင့် မြို့တံခါးကို တွန်းတိုက်နေကြသည်။ အဆုံးတွင် မောင်းထုသံကို ကြားလိုက်ရသောကြောင့် သူမ ကြောက်လန့်သွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"မသေချာသေးဘူး... ငါ သွားကြည့်လိုက်ဦးမယ်"
စူးချင်းက သူမ လုပ်ထားသော ဖောက်ခွဲရေးကိရိယာများအကြောင်း တွေးလိုက်မိသည်။ သူမက သူမ ထိုအခန်းတွင်သာ နေရမည်ဟု ထင်ထားမိသောကြောင့် ထိုဖောက်ခွဲရေးကိရိယာများကို ပြန်မယူလာဘဲ ထိုနေရာတွင်သာ ထားခဲ့မိသည်။ ထိုအရာများ ရန်သူလက်သို့ ကျရောက်သွားပါက မော့ချန်က ဒုက္ခရောက်တော့မည် ဖြစ်သည်။
စူးချင်းက အိမ်ထဲမှ အမြန်ပြေးထွက်လာခဲ့ပြီး ထိုခြံဝင်းသို့ ပြေးသွားလိုက်ရာ ထိုနေရာတွင် တိုက်ခိုက်နေသည့်အသံများကို ကြားလိုက်ရသည်။ အနက်ရောင်မျက်နှာဖုံးစွပ်ထားသော အမျိုးသားအများအပြားက ကျိရွှေရှန့်၊ ကျုံးယုံ၊ ချွီတာ့တို့အပါအဝင် အခြားသူများနှင့် တိုက်ခိုက်နေသည်ကို သူမ မြင်လိုက်ရသည်။
ကျိရွှေရှန့်နှင့် တခြားသူများ ထိုခြံဝင်းထဲတွင် ရှိနေရသည့်အကြောင်းအရင်းမှာ ကျိရွှေရှန့်က ဒဏ်ရာရသူများကို စိတ်ပူပြီး ကြည့်ရှုရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသို့ အရောက်တွင် စူးချင်းနှင့် မိန်းခလေးများ ပြုလုပ်ထားခဲ့သည့် ဖောက်ခွဲရေးကိရိယာများက အပြင်ခန်းတွင် ရှိနေကြောင်း သူ တွေ့လိုက်ရသည်။
သူက ထိုဖောက်ခွဲရေးကိရိယာများကို ပေါ့ပေါ့ဆဆ မရွှေ့ရဲပေ။ ဤအရာများ၏စွမ်းအားက အလွန်ကြောက်စရာကောင်းပြီး သူ ရွှေ့လိုက်လျှင် ပေါက်ကွဲသွားမည်ကို သူ ကြောက်ရွံ့သွားခဲ့သည်။
သူ မရွှေ့နိုင်သော်လည်း အန္တရာယ်တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူတို့ညီအစ်ကိုနှစ်ဦး ထိုဖောက်ခွဲရေးကိရိယာများကို စောင့်အိပ်သင့်သည်ဟု တွေးကာ ကျုံးယုံကို ထိုအခန်းထဲသို့ ခေါ်ထားလိုက်သည်။
ကျိရွှေရှန့်က ထိုဖောက်ခွဲရေးကိရိယာများ ရှိနေသည့် အခန်းထဲသို့ သွားနေကြောင်း သိလိုက်ချိန်တွင် ချွီတာ့နှင့် အခြားသူများကလည်း သူတို့နောက်သို့ လိုက်လာခဲ့ကြသည်။ သူတို့က ကြမ်းပေါ်တွင်သာ အိပ်ယာခင်းလိုက်ကြပြီး သူတို့ထဲမှ နှစ်ယောက်က ကင်းစောင့်ရန် အပြင်သို့ ထွက်သွားခဲ့သည်။ ကျန်သူများအားလုံးက ကြမ်းပြင်ပေါ်တွင် လှဲချပြီး အိပ်နေခဲ့ကြသည်။
မမျှော်လင့်ထားဘဲ သူတို့၏ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့၏ဖောက်ခွဲရေးပစ္စည်းများကို ခိုးယူချင်ရန် ဆန္ဒရှိနေခဲ့သည်။ သူတို့အားလုံးက ကျိရွှေရှန့်၏စေ့စပ်သေချာသော တွေးခေါ်မှုကို ချီးကျူးနေမိကြသည်။ တစ်ဖက်မှ ရောက်လာသူများတွင် လူငါးဦးရှိပြီး သူတို့အားလုံးက အနက်ရောင်၀တ်စုံများကို ဝတ်ဆင်ထားကြသလို ထူးဆန်းသောဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ဓားများ တွန့်လိမ်နေသော မြွေတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ဓား၏အဖျားက မြွေ၏လျှာပုံသဏ္ဍန် ဖြစ်သည်။ ဓား၏ကိုယ်ထည်က စိမ်းပြာရောင်သန်းနေပြီး လရောင်အောက်တွင် လူးလွန်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်နှင့် ဆင်တူလှသည်။ ယေဘူယျအားဖြင့် ထိုဓားများက အဆိပ်ပြင်းမှန်း သိသာနေသောကြောင့် ကျိရွှေရှန့်နှင့် အခြားသူများက ထိုဓား၏ကိုယ်ထည်ကို လုံးဝ မထိရဲကြပေ။
ထိုအနက်ရောင်၀တ်ဆင်ထားသော လူ၏ အသွင်အပြင်ကလည်း တောင့်တောင့်တင်းတင်း များဖြစ်နေပြီး ၎င်းတို့၏ လှုပ်ရှားမှုများက စက်ယန္တရားများနှင့် ပိုတူနေသည်။ တစ်ယောက်ချင်းစီက အစွမ်းထက်လှသည် မဟုတ်သော်လည်း သူတို့ ပူးပေါင်းလိုက်သည့်အခါ သူတို့၏စွမ်းအားက ပိုကြီးမားလာခဲ့သည်။
ကျိရွှေရှန့်နှင့် ကျုံးယုံတို့က အလွန်အားကောင်းကြသော်လည်း ၎င်းတို့၏တိုက်ခိုက်မှုများအောက်တွင် ဖရိုဖရဲ ဖြစ်နေကြဆဲဖြစ်သည်။
ထိုအခြေအနေကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က သူတို့၏ဓားရှည်များကို ဖျက်ဆီးပစ်ရန် သူ့၏လွမ်တောင်ကို ထုတ်ယူလိုက်သည်။ ဓားချင်း ထိလိုက်သည်နှင့် သံကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သည့် လွမ်တောင်က ထိုဓားများကို ချက်ချင်း ချိုးပစ်နိုင်ခဲ့သည်။ အနက်ရောင်၀တ်ထားသော အမျိုးသားများ၏ ဓါးနှစ်ချောင်း ဆက်တိုက် ကျိုးသွားခဲ့သော်လည်း ထိုလူများက သူတို့၏ဓားများ ကျိုးသွားသည်ကို သတိမမူမိပုံဖြင့် ယခင်အတိုင်း ဆက်လက်တိုက်ခိုက်နေကြသည်။
ကျိရွှေရှန့်က ထိုလူများ အလွန်ထူးဆန်းနေသည်ကို ရိပ်မိလာပြီး အခြားသော ဝတ်ရုံနက်လူများ၏ မြွေသဏ္ဍန်ဓားရှည်များကိုပါ ဆက်လက် ခုတ်ပိုင်းလိုက်သည်။ အဆုံးတွင် သူတို့က အရှေ့မှ လူများနှင့် အတူတူပင် ဖြစ်နေသည်ကို သူ နားလည်လိုက်ရသည်။ သူတို့က သူတို့၏ မြွေသဏ္ဍန်ဓားရှည်များ ခုတ်ပိုင်းခံလိုက်ရသည်ကို မသိကြပုံရသည်။ သူတို့က ပုံမှန်အတိုင်း ဆက်လက် တိုက်ခိုက်နေကြပြီး ဓါးရှည်၏အကွာအဝေးအတိုင်း ဓားဖြင့် လှမ်းထိုးနေကြသည်။
သူတို့က သူတို့၏ကိုယ်ပိုင် အတွေးအမြင် မရှိဘဲ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေပုံရသည်။
“ခနနေဦး၊ ရပ်လိုက်ကြ။ နောက်ကို ပြန်ဆုတ်တော့။ ဒီလူတွေက အရမ်းထူးဆန်းတယ်”
ကျိရွှေရှန့်က ချွီတာ့နှင့် အခြားလူများကို အော်ဟစ် အမိန့်ပေးလိုက်သည်။ သူတို့၏အဆိပ်ပြင်းဓားများဖြင့် အခုတ်ခံရခြင်းမှ ရှောင်ရှားရန် ကိုယ်ခံပညာ မကျွမ်းကျင်သူများက သူတို့နားသို့ မကပ်သင့်တော့ပေ။
ချွီတာ့နှင့် အခြားသူများကလည်း ဝတ်ရုံနက်လူများက သူတို့၏သခင်လေးအား ဝိုင်းဝန်း တိုက်ခိုက်မည်ကို မည်သို့မျှ ခွင့်မပြုနိုင်ကြပေ။ သူတို့က သူတို့၏သခင်လေးလောက် ကိုယ်ခံပညာ မကျွမ်းကျင်သော်လည်း သူတို့နှစ်ယောက်စီက အနက်ရောင်၀တ်လူတစ်ယောက်ကို တိုက်ခိုက်ရန် လုံလောက်နေသေးသည်။
ကျိရွှေရှန့်က ထိုအနက်ရောင်၀တ်ဆင်ထားသည့် လူငါးဦး၏ မြွေသဏ္ဍန်ဓားရှည်များကို အရင်းအထိ ခုတ်ပိုင်းပစ်လိုက်သည်။ ထိုလူငါးဦးကလည်း သူတို့၏ဘာမှမရှိတော့သော ဓားရိုးသက်သက်ဖြင့် ဆက်တိုက်ခိုက်နေကြသည်။ သူတို့ နီးကပ်လာချိန်တွင် ထိုအနက်ရောင်ဝတ်ဆင်ထားသည့် လူများ၏ မျက်လုံးများက ဟာလာဟင်းလင်း ဖြစ်နေကြောင်း ကျိရွှေရှန့်က တွေ့သွားခဲ့သည်။ သူတို့၏မျက်လုံးများထဲတွင် အလင်းရောင်မရှိဘဲ မဲမှောင်နေကာ အလောင်းကောင်များကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စူးချင်း ရောက်ရှိလာချိန်တွင် ကျိရွှေရှန့်၏လွမ်တောင်က ထိုအနက်ရောင်ဝတ်ဆင်ထားသည့် လူတစ်ဦး၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။ သို့သော်လည်း ထိုဝတ်ရုဲနက်လူက နာကျင်မှုကို မခံစားရပုံဖြင့် ကျိရွှေရှန့်၏လက်ထဲမှ လွမ်တောင်ကို ပြန်တွန်းထုတ်ရန် သူ၏လက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲမှ ဓားရိုးက ကျိရွှေရှန့်၏ရင်ဘတ်ဆီသို့ ပြန်တိုးဝင်လာသည်။
ထိုအရေးကြီးသောအခိုက်အတန့်တွင် စူးချင်းက ပြေးဝင်လာပြီး ထိုအနက်ရောင်ဝတ်လူကို ကန်ထုတ်လိုက်သည်။ ကျိရွှေရှန့်က နောက်ပြန်ဆုတ်လိုက်ပြီး ထိုဓားရိုးကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ အဆိပ်သုတ်လိမ်းထားသော ဓားသွား၏ အစိတ်အပိုင်းငယ်လေးတစ်ခုက ထိုဓားရိုးပေါ်တွင် ကျန်နေဆဲဖြစ်ပြီး ထိုအသွားလေးဖြင့် အထိုးခံရလျှင်ပင် အဆိပ်ကြောင့် သေသွားနိုင်သည်။
"သူတို့က အရမ်းဆိုးယုတ်လွန်းနေပြီ"
ကျိရွှေရှန့်က သူ့၏ထုံကျင်နေသော လက်မောင်းကို ပြန်ကိုင်ထားလိုက်ရင်း အော်ပြောလိုက်သည်။ ထိုအနက်ရောင်ဝတ်လူများက အစွမ်းထွက်လွန်းပြီး ထိုလူ၏လက်မောင်းက သံအပိုင်းအစတစ်ခုကဲ့သို့ ဖြစ်နေကာ ထိုလူ ရိုက်ထုတ်လိုက်သည့်အရှိန်ကြောင့် သူ့လက်မောင်းတစ်ခုလုံး ထုံကျင်သွားရသည်။
စူးချင်းထံမှ အကန်ခံရပြီးနောက်တွင် ထိုအနက်ရောင်ဝတ်လူ၏ခန္ဓာကိုယ်က နွေဦးစမ်းချောင်းကဲ့သို့ ပြန်ကန်ထွက်လာပြန်သည်။ သူက သူ့လက်ကို ဆန့်တန်းကာ ကျိရွှေရှန့်၏လည်ပင်းကို လှမ်းညှစ်လိုက်သည်။
ကျုံးယုံက သူ့၏သံတူကြီးကို မြှောက်လိုက်ပြီး ထိုဆန့်ထွင်လာသောလက်၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သို့သော် ထူးဆန်းသည်မှာ ထိုလက်က ကျိုးမသွားသလို တိုက်ခိုက်မှုအရှိန်ကလည်း လျော့ကျမသွားခဲ့ပေ။
ကျိရွှေရှန့်က သူ့၏လွမ်တောင်ကို အမြန် ပြန်ကောက်လိုက်ပြီး ထိုအနက်ရောင်ဝတ်လူ နောက်တကြိမ် ပျံဝဲလာသည်ကို မြင်လိုက်သည်နှင့် သူက သူ့၏လက်ထဲမှ လွမ်တောင်ဖြင့် အေးစက်သော အလင်းရောင်စက်ဝန်းတစ်ခုကို ပုံဖော်ကာ ထိုအနက်ရောင်ဝတ်လူ၏လက်မောင်းကို ဖြတ်တောက်ပစ်လိုက်သည်။
အခြားအနက်ရောင်ဝတ်ဆင်ထားသည့်လူများကလည်း ကျိရွှေရှန့်ကို ဆက်လက်တိုက်ခိုက်နေကြသည်။ စူးချင်းကလည်း ထိုလူများထံတွင် တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားခဲ့သည်။
ဒီပြတ်သွားတဲ့ လက်မောင်းများမှာ ဘာကြောင့် သွေးတစ်စက်မှ မရှိရတာလဲ? ပြီးတော့ သူတို့ တိုက်ခိုက်နေတဲ့ အရှိန်ကလည်း သာမန်လူတွေနဲ့ မတူဘူး။
ကျိရွှေရှန့်၏ လွမ်တောင်က မကောင်းဆိုးဝါးများကိုပင် ဖယ်ရှားပေးနိုင်သည့် ရတနာဓားတစ်လက် ဖြစ်သည်။ ကျိရွှေရှန့်က ထိုအနက်ရောင်ဝတ်လူနှစ်ယောက်၏ လက်များကို ဆက်တိုက် ခုတ်ဖြတ်လိုက်သောကြောင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားက သိသိသာသာ လျော့ကျသွားခဲ့သည်။
ထိုအချိန်တွင် စူးရှသော လေချွန်သံကို ကြားလိုက်ရပြီး ထိုဝတ်ရုံနက်လူငါးယောက်က မြေပြင်ပေါ်မှ ပျံတက်ကာ ထွက်ပြေးသွားကြသည်။