လူသားနတ်ဆိုး
Vol. 16 Ch. 237
“သူတို့ကို မလွတ်စေနဲ့”
သူတို့ ထွက်ပြေးတော့မည်ကို မြင်လိုက်သောကြောင့် ကျိရွှေရှန့်က အော်ဟစ်အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း မြေပြင်ပေါ်မှ ခုန်တက်ကာ ပျံသန်းသွားခဲ့သည်။ သူက ထိုအနက်ရောင်ဝတ်လူတစ်ဦး၏ခြေကျင်းဝတ်ကို ဖမ်းကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ပေါက်လိုက်သည်။
သို့သော် ထိုလူက နာကျင်မှုကို မခံစားရသလို ပြန်ခုန်ထသွားပြန်သည်။ သူက ထပ်ပြီး ပျံသန်းသွားသောကြောင့် စူးချင်းက သူ့ကို မြေပြင်ပေါ်သို့ ထပ်ကန်ထုတ်လိုက်သည်။ ထို့နောက် သူမက ထွက်ပြေးလွတ်မြောက်သွားသော ဝတ်ရုံနက်များနောက်သို့ လိုက်ရန် ပြေးသွားတော့သည်။
ကျိရွှေရှန့်က သူမ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူက မြေပြင်ပေါ်သို့ ကျလာသည့် အနက်ရောင်ဝတ်လူ၏ ခြေထောက်များကို သူ့၏လွမ်တောင်ဖြင့် ဖြတ်တောက်လိုက်သည်။ ထိုလူက ထွက်မပြေးနိုင်တော့ဘဲ ကျုံးယုံ၊ ချွီတာ့နှင့် အခြားသူများက ထိုရုန်းကန်နေဆဲ ဝတ်ရုံနက်လူကို ချုပ်နှောင်ရန် ရှေ့သို့ တိုးလာကြသည်။
ထိုအမည်းရောင်ဝတ်လူ၏ ခြေထောက်များကို ဖြတ်တောက်ပြီးနောက်တွင် ကျိရွှေရှန့်က ထို့လူကို ဂရုမစိုက်နိုင်သေးဘဲ စူးချင်းနှင့် အခြားအနက်ရောင်ဝတ်လူများကို နောက်သို့ ပြေးလိုက်သွားခဲ့သည်။
စူးချင်းက ထိုအနက်ရောင်ဝတ်လူများ၏ နောက်သို့ လိုက်သွားရင်း မြို့တံခါးဆီသို့ ရောက်သွားရာ မြို့ရိုးကို စောင့်ကြပ်ရန် တာဝန်ကျနေသည့်တပ်သားများအားလုံး အသတ်ခံထားရသည်ကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်ဝတ်လူများက တံခါးမှ ခုန်ပျံထွက်ခွာသွားကြပြီး မြို့ရိုးပေါ်သို့ ပြေးတက်သွားကြသည်။ ထို့နောက် သူတို့က မည်သည့်ကိရိယာ၏အကူအညီကိုမျှ မယူဘဲ မြို့ရိုးပေါ်မှ ခုန်ဆင်းသွားခဲ့ကြသည်။
စူးချင်းက သူတို့ မြို့ရိုးပေါ်မှ ခုန်ဆင်းသွားပြီး ည၏အမှောင်အောက်သို့ တိုးဝင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမက မြို့တံခါးကို ဖွင့်ရန်ပင် စိတ်မ၀င်စားတော့ဘဲ မြို့တံခါးကို ခုန်ကျော်လိုက်သည်။ သူမက သူတို့နောက်သို့ ဆက်လိုက်ရန် မြို့ရိုးပေါ်သို့ တက်ရန် ကြံစည်ခဲ့သော်လည်း သူမကို မီလာပြီဖြစ်သော ကျိရွှေရှန့်က သူမကို ပြန်ဆွဲခေါ်ထားခဲ့သည်။
“ဒီမြို့ရိုးက အရမ်းမြင့်တယ်။ မင်း ခုန်ချလို့ မသေရင်တောင် မသန်မစွမ်း ဖြစ်သွားလိမ့်မယ်”
စူးချင်းက ထိုအနက်ရောင်ဝတ်လူများ ပျောက်ကွယ်သွားသည်ကို ကြည့်ရုံသာ ကြည့်နေလိုက်ရပြီး မကျေမနပ် ဖြစ်နေခဲ့သည်။
ဒီလူတွေက မြို့စောင့်တပ်သား တော်တော်များများကို သတ်ခဲ့တယ်။ တကယ်လို့ သူတို့ကို မဖယ်ရှားနိုင်ရင် အနာဂတ်မှာ ကြီးမားတဲ့ လျှို့ဝှက်ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။
ချန်ယွိကလည်း သတင်းပို့မှုကို လက်ခံခဲ့ရပြီး အမြန် ပြေးထွက်လာခဲ့သည်။ သူ့ကဲ့သို့ လူအိုကြီးအတွက်လည်း မလွယ်ကူလှပေ။
ဒီနေ့ ကောင်းကောင်း အိပ်ရလိမ့်မယ်လို့ သူ ထင်ထားခဲ့ပေမဲ့ တာ့ထန်စစ်သည်တွေက ဒီညမှာတောင် ခိုးဝင်တိုက်ခိုက်ပြီး သူတို့ရဲ့စစ်သည်အများအပြားကို သတ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
"ဦးလေးချန်"
ကျိရွှေရှန့်နှင့် စူးချင်းတို့က မြို့မျှော်စင်ပေါ်မှ ဆင်းလာကြပြီး အဝတ်အစားများကို ဝတ်ဆင်နေရင်း ဖရိုဖရဲ ပြေးလာနေသည့် ချန်ယွိကို တွေ့လိုက်ရသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ချန်ယွိကလည်း ကျိရွှေရှန့်နှင့် စူးချင်းကို မြင်သွားပြီး လှမ်းမေးလိုက်သည်။
မြို့တံခါးလည်း ပွင့်မနေဘူး၊ ဒီလူတွေက ဘယ်လို ဝင်လာကြတာလဲ??
“အနက်ရောင်ဝတ်ထားတဲ့ လူငါးယောက်က မြို့ထဲကို ခိုးဝင်ပြီး တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ ပစ်မှတ်က ဖောက်ခွဲရေးပစ္စည်းတွေပဲ”
ကျိရွှေရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့၏သံသယကို ထုတ်ပြောလိုက်သည်။
ဒီလူတွေက ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်နဲ့ အဲ့ခြံဝင်းဆီကို တန်းတန်းမတ်မတ် ပြေးလာခဲ့ကြတယ်။ အဲဒီအခန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိနေတယ်ဆိုတာကို သူတို့က ဘယ်လို သိနေကြတာလဲ?
သူလျှိုရှိနေတာလား? အနက်ရောင်၀တ်လူတွေကို မြို့ထဲကို လွှတ်လိုက်တဲ့လူက သစ္စာဖောက်တစ်ယောက်လား?
"အဲ့ဖောက်ခွဲရေးပစ္စည်းတွေရဲ့ စွမ်းအားက အရမ်းကြီးမားတော့ အင်အားစု အမျိုးမျိုးရဲ့အာရုံကို ဆွဲဆောင်နိုင်မှာ သေချာတယ်"
ချန်ယွိက ဆင်းရဲသားတစ်ဦးထံတွင် ရတနာတစ်ခု ရှိနေခြင်း၏အဓိပ္ပါယ်ကို ကောင်းစွာ နားလည်နေသည်။ ထိုဖောက်ခွဲရေးပစ္စည်းက မော့ချန်ကို ကာကွယ်ပေးနိုင်သော်လည်း ၎င်းကို လိုချင်တပ်မက်လာမည့် လူများစွာ၏လောဘများကိုလည်း သယ်ဆောင်လာပေလိမ့်မည်။
“ကျွန်တော်တို့ သူတို့ထဲကတစ်ယောက်ကို ဖမ်းမိထားတယ်။ သွားပြီး စစ်ဆေးမေးမြန်း ကြရအောင်”
ချန်ယွိက ကင်းထပ်စောင့်ရန် သူ့လူများကို ထပ်စီစဥ်ကာ တာဝန်ချပေးလိုက်သည်။ ယခုတကြိမ်တွင် သူက လူ အနည်းငယ် ပိုလွှတ်ပေးလိုက်သည်။ သူတို့ထံတွင် စစ်သည်အများအပြား မကျန်တော့သော်လည်း ယခု ခိုးဝင်တိုက်ခိုက်မှုကြောင့် စစ်သည်လေးဦး သေဆုံးခဲ့ရသည်။ ထိုအရာက ချန်ယွိကို အလွန်စိတ်မကောင်းဖြစ်စေခဲ့သည်။
သူတို့ ထိုခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် အနက်ရောင်ဝတ်ဆင်ထားသည့်လူ၏ ခန္ဓာကိုယ်ပေါ်တွင် တက်ထိုင်နေသည့် ကျုံးယုံကို တွေ့လိုက်ရသည်။ ထိုအနက်ရောင်ဝတ်လူက ရူးသွပ်နေသလို အပြင်းအထန် ရုန်းကန်နေပြီး ညကောင်းကင်ယံထဲမှ လေချွန်သံများကလည်း ရံဖန်ရံခါ ထွက်ပေါ်လာတက်သည်။ ထိုလေချွန်သံကို ကြားလိုက်တိုင်း ထိုအနက်ရောင်ဝတ်လူ၏မျက်လုံးများထဲမှ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာတက်သည်။ တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးသော ချွီတာ့ပင်လျှင် ထိုအရာကို ကြည့်နေရင်း ထိတ်လန့်နေခဲ့သည်။
ချွီတာ့က ထိုအနက်ရောင်၀တ်လူ၏ မျက်နှာဖုံးကို ချွတ်ရန် ရှေ့တိုးသွားလိုက်ပြီး မျက်နှာဖုံးအောက်တွင် မိန်းကလေးတစ်ယောက်၏မျက်နှာကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုမျက်နှာပေါ်တွင် သွေးအစအနပင် မရှိဘဲ လူသေကဲ့သို့ ဖြူဖျော့နေသည်။ ချွီတာ့ကို စိုက်ကြည့်သော သူမ၏မျက်လုံးများကလည်း အာရုံစူးစိုက်မှု ကင်းမဲ့နေကာ ညအမှောင်အောက်မှ ဟေးပိုင်ဝူချန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
(T/N; ဟေးပိုင်ဝူချန်း- တရုတ်ရိုးရာဘာသာတရားအရ ဟေးပိုင်ဝူချန်းက နတ်ဘုရားနှစ်ပါး ဖြစ်ပြီး လူသေတွေရဲ့ဝိညာဉ်တွေကို မရဏကမ္ဘာကို ပို့ဆောင်ဖို့ တာဝန်ယူထားတယ်လို့ ယုံကြည်ကြပါတယ်။ နာမည်အတိုင်း အဖြူရောင်နဲ့ အနက်ရောင်ကို ဝတ်ဆင်ကြတယ်လို့ ပြောကြပါတယ်။ တို့တွေ မြန်မာမှာ လူသိများတာကတော့ ဖြူမဲညီနောင်ပေါ့)
ကျိရွှေရှန့်နှင့် စူးချင်းတို့ ခြံဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် ကျုံးယုံက သူတို့ကို လှမ်းအော်လိုက်သည်။
“အစ်ကိုကြီး၊ ဆရာ၊ ဒီကောင်လေးက မရိုးသားဘူး။ ကျွန်တော် သူ့ခေါင်းကို တူနဲ့ ရိုက်ချင်တယ်၊ ဒါပေမယ့် သူတို့က ခွင့်မပြုဘူး”
ကျုံးယုံက သူ့၏မကျေမနပ်ဖြစ်မှုကို ဖော်ပြရန် ချွီတာ့နှင့် အခြားလူများကို မျက်လုံးပြူးပြနေပြန်သည်။
“မင်း သူ့ကို ရိုက်လို့ မရဘူး။ ငါတို့ သူ့ကို မေးစရာ ရှိသေးတယ်"
ကျိရွှေရှန့်က ကျုံးယုံကို ဆွဲထူလိုက်ပြီး သူ့ညီလေးက သူ့ရှေ့မှာပင် ထိုလူအား သံတူဖြင့် ရိုက်သတ်မည်ကို သူ စိုးရိမ်နေမိသည်။
"ချိုးယွဲ့?"
ကျိရွှေရှန့်က မြေပြင်ပေါ်ရှိ အနက်ရောင်၀တ်လူကို မယုံနိုင်စွာ လှမ်းကြည့်နေခဲ့သည်။ သူမက သူမ၏လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းကို ဆုံးရှုံးထားပြီးပြီ ဖြစ်သောကြောင့် မြေပြင်ပေါ်တွင် ပိုးတုံးလုံးကြီးတစ်ကောင်ကဲသို့ တုန်ယင်နေသည်။ သူမ၏မျက်လုံးများက လူကို ကိုက်စားတက်သည့် သားရဲတစ်ကောင်၏မျက်လုံးများကဲ့သို့ ဖြစ်နေပြီး ကျိရွှေရှန့်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
ကျိရွှေရှန့် မပြောနှင့် စူးချင်းပင်လျှင် ချိုးယွဲ့ကို မယုံနိုင်စွာ စိုက်ကြည့်နေခဲ့သည်။
ဒီအမျိုးသမီးကို တောထဲမှာ သူမ ကြိုးဆွဲချခဲ့တာ သေချာတယ်။ သူမက ဒီအမျိုးသမီးရဲ့ သွေးခုန်နှုန်းကိုတောင် စမ်းသပ်ခဲ့ပြီး ဒီအမျိုးသမီး အသက်ရှုရပ်သွားတာ သေချာတယ်လေ။ သူမက သေသွားပြီးပြီ။
ဒါက ချိုးယွဲ့နဲ့တူတဲ့လူတစ်ယောက် ဖြစ်နိုင်မလား?
စူးချင်းက ချိုးယွဲ့၏လည်ပင်းနောက်ဘက်ရှိ တံစဉ်ကဲ့သို့ ကွေးနေသည့် အနီရောင်အမှတ်တစ်ခုကို ပြန်တွေးမိသွားခဲ့သည်။
စူးချင်းက သူမကို မြေပြင်ပေါ်မှ ကောက်မလိုက်သည်။ ချိုးယွဲ့၏ အသက်မဲ့နေသော မျက်လုံးများက သူမကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးထဲမှ အစိမ်းရောင်အလင်းတန်းများက ငရဲမှ သရဲတစ္ဆေသဖွယ် တောက်ပနေပြီး ထိုမျက်လုံးများထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။
စူးချင်းက သူမကို တစ်ပတ်လှန်လိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ပစ်ချလိုက်သည်။ ထိုနောက် သူမ၏မငြိမ်မသက် ဖြစ်နေသော ခေါင်းကို ခြေထောက်ဖြင့် နင်းထားလိုက်ပြီး သူမ၏ လည်ပင်းနောက်ကို လှမ်းကြည့်လိုက်သည်။ သူမ၏လည်ပင်းတွင် ထိုတံစဉ်နှင့်တူသော မွေးရာပါ အမှတ်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။
စူးချင်းက သူမ၏သွေးခုန်နှုန်းကို ထပ်စစ်ဆေးလိုက်သည်။ သွေးခုန်နှုန်း မရှိသလို အပူချိန်လည်း မရှိဘဲ သူမက လူသေကောင်သာ ဖြစ်နေခဲ့သည်။
“ကျွန်မကို ဓားပေး”
စူးချင်းက ဘာဖြစ်နေသည်ကို သိချင်နေပြီး ကျိရွှေရှန့်ထံမှ ဓား လှမ်းတောင်းလိုက်ကာ ကျိရွှေရှန့်က ဘာမှ မမေးဘဲ ဓားကိုသာ လှမ်းပေးလိုက်သည်။
ကျိရွှေရှန့်က ချိုးယွဲ့၏သေဆုံးမှုအကြောင်းကို သိထားသောကြောင့် သူက ယခုအချိန်အထိ တုန်လှုပ်နေဆဲဖြစ်သည်။
သေပြီးတဲ့သူက ဘယ်လိုပြန်ရှင်လာနိုင်တာလဲ?
စူးချင်းက ဓားကို လှမ်းယူလိုက်ပြီး ချိုးယွဲ့၏မျက်လုံးများကို ထပ်ကြည့်လိုက်သည်။ ချိုးယွဲ့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု လုံးဝ မရှိဘဲ သူမ၏ မျက်ဆံများက လုံးဝ မည်းနက်နေကာ သူမ၏မျက်ဆံများအလယ်တွင် အစိမ်းရောင်အလင်းတန်းများ ကခုန်နေခဲ့သည်။
"လှည့်ကွက်တွေ လာကစားနေတယ်"
စူးချင်းက ချိုးယွဲ့၏ရင်ဘတ်ကို ဓားဖြင့် ထိုးချလိုက်သည်။
ငါ နင့်ကို တစ်ကြိမ်သတ်နိုင်ရင် နောက် တကြိမ်လည်း ထပ်သတ်နိုင်တယ်။
ချိုးယွဲ့က ဝံပုလွေအော်သံကဲ့သို့ အူသံကို ထုတ်လွှတ်လိုက်သည်။ စူးချင်းက သူမ၏လက်ထဲမှ လွမ်တောင်ကို အောက်သို့ ဆက်ဆွဲချလိုက်သည်။ ရုတ်တရက် ခြံဝင်းတစ်ခုလုံး အနံ့အသက်ဆိုးများ ပြည့်နှက်လာကာ ချိုးယွဲ့၏ရင်ဘတ်ထဲတွင် သူမ၏နှလုံးသားတစ်ခုသာ ကျန်နေပြီး ကျန်နေသည့်အင်္ဂါ အစိတ်အပိုင်းများအားလုံး လုံး၀ ရှင်းလင်းနေကာ အခေါင်းပေါက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စူးချင်းက ချိုးယွဲ့၏နှလုံးပေါ်မှ အဖြူရောင်အရာတစ်ခုကို ရှာတွေ့သွားခဲ့ပြီး ကောက်ယူကြည့်ရန် ပြင်လိုက်သော်လည်း ထိုပစ္စည်းက လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“စုန်းအတက်”
ဤအခြေအနေကို မြင်သောအခါ ကျိရွှေရှန့်က သူ့၏မွေးစားဖခင် ပြောပြခဲ့ဖူးသော စုန်းအတက်ပညာကို ပြန်တွေးမိသွားခဲ့သည်။ ၎င်းတို့ထဲမှ စုန်းအတက်တစ်မျိုးက နက်ရှိုင်းသော နာကြည်းမှုများဖြင့် နာနာကျင်ကျင် သေဆုံးသွားခဲ့သော လူများကို လူသားနတ်ဆိုးများ ဖြစ်လုပ်ရန် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့က အလွန်အစွမ်းထက်ပြီး ဓားနှင့်လှံများကို ခုခံနိုင်စွမ်းရှိသည်။ ၎င်းတို့က လူတစ်ရာကိုပင် တစ်ဦးတည်း အနိုင်ယူနိုင်သောကြောင့် အလွန်ဆိုးရွားသည်ဟု ဆိုနိုင်ပေသည်။
ဤလူသားနတ်ဆိုးများက လူတစ်ဦး၏အမိန့်ကိုသာ နားခံကြပြီး ထိုလူက ၎င်းတို့ကို စုန်းအတတ်ပညာဖြင့် ဖန်တီးထားခဲ့သူ ဖြစ်သည်။
စူးချင်းအတွက်လည်း ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော်လည်း သူမက ဖုတ်ကောင်များအကြောင်းကို သိထားခဲ့ပြီး ထိုဖုတ်ကောင်များက ဓားနှင့်လှံတို့ တိုးမပေါက်နိုင်သည့်အပြင် ခွန်အားလည်းကြီးမားကြောင်း သူမ သိထားခဲ့သည်။ ထိုဖုတ်ကောင်များ ပေါ်လာတိုင်း အမြန်ဆုံး သုတ်သင်ဖယ်ရှားပစ်ရသည်။
ကျိရွှေရှန့်ကလည်း သူ့၏မွေးစားဖခင် ပြောပြခဲ့သည့် စုန်းကဝေအတက်ပညာအကြောင်းကို ပြန်သတိရရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
“အများအားဖြင့်တော့ ဒီလူသားနတ်ဆိုးတွေကို အမိန့်ပေးနေတဲ့သူက ဆယ်လီအကွာအဝေးအတွင်းမှာ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ထားရတယ်။ အဲ့ဒါကို ရှာတွေ့ပြီး ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ ဒီလူသားနတ်ဆိုးတွေက ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်တော့ဘူး”
"သွားရှာကြည့်ရအောင်"
စူးချင်းက ချိုးယွဲ့၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။ ယခုတွင် ချိုးယွဲ့က လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်ကာ သူမ မျက်နှာပေါ်ရှိ အရေပြားက မည်းမှောင်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ရှုံ့တွပုပ်ပွသွားခဲ့သည်။ သူမက တဖြည်းဖြည်းနှင့် လူသားအသွင်အပြင် ပျောက်ဆုံးသွားပြီး အရေခွံနှင့် အရိုးများသာ ရှိတော့သည့် အရိုးစုအသွင် ဖြစ်လာခဲ့သည်။
"ငါတို့ ဘယ်ကို သွားရှာရမှာလဲ?"
ဆယ်လီ ပတ်လည်တစ်ဝိုက် ဆိုတာက သေးငယ်တဲ့ နယ်မြေ မဟုတ်ဘူးလေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ လိုက်ရှာရမှာက ကောက်ရိုးပုံထဲက အပ်ကို ရှာဖွေတာနဲ့ တူမနေဘူးလား?
“အဲ့ဝတ်ရုံနက်လူတွေက တာ့ထန်ဘက်ကို ပြေးသွားတာ မြင်လိုက်ရတယ်၊ အဲ့တော့ သူတို့ကို ဟိုဘက်မှာ လိုက်ရှာကြရအောင်”
ထိုစုန်းအတတ်သုံးသည့်သူကို ချက်ချင်း ဖယ်ရှားပစ်ရမည်ဟု စူးချင်းက ခံစားနေမိသည်။ ထိုသို့မဟုတ်ပါလျှင် ထိုလူက လူသားနတ်ဆိုး အမြောက်အများ ပျိုးထောင်းလိုက်ပါက သူမနှင့် ကျိရွှေရှန့်တို့က ၎င်းတို့ကို ကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။
“ဦးလေးချန်၊ ကျွန်တော်တို့ အပြင်ထွက်ပြီး သူတို့ရဲ့သခင်ကို သွားရှာလိုက်မယ်။ ကျေးဇူးပြုပြီး ထောင်ဟွားဝူက ရွာသူရွာသားတွေ အပါအဝင် အဖိုးနဲ့ ညီမလေးကို ဂရုစိုက်ပေးပါဦး"
ကျိရွှေရှန့်က သူ မထွက်ခွာခင် ချန်ယွိကို သူ့ဆွေမျိုးများအား စောင့်ရှောက်ပေးရန် အပ်ထားလိုက်သည်။
ချန်ယွိက အလွန်စိတ်ပူနေပြီး “သခင်လေး၊ ဒီလူသားနတ်ဆိုးတွေက အရမ်းအစွမ်းထက်လွန်းတယ်။ သခင်လေးတို့ အလျင်စလို မလုပ်ရင် ပိုကောင်းလိမ့်မယ်"
“ရပါတယ်၊ ကိစ္စမရှိဘူး။ အဲဒါတွေကို အခု မဖယ်ရှားရင် အနာဂတ်မှာ အဆုံးမဲ့ ဒုက္ခတွေ ရှိလာလိမ့်မယ်”
ကျိရွှေရှန့်က ချန်ယွိ ဆက်မပြောနိုင်ရန် သူ့လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။
သူ သွားမှ ဖြစ်မယ်၊ ဒါပေမယ့် စူးချင်းကတော့ နေခဲ့ရမယ်။ ဒီလောက်အန္တရာယ်ကြီးတဲ့ကိစ္စမျိုးအတွက် သူမကို သွားခွင့်မပေးနိုင်ဘူး။