← Chapters

သစ္စာဖောက် (အပိုင်း ၁)

Vol. 16 Ch. 238

သစ္စာဖောက် (အပိုင်း ၁)

Vol. 16 Ch. 238

"စူးချင်း... မင်း...."

ကျိရွှေရှန့်က စူးချင်း၏အမည်ကို ခေါ်လိုက်ရုံဖြင့် စူးချင်းက သူ့၏နောက်ဆက်တွဲစကားများကို သူမ၏အကြည့်ဖြင့် တားမြစ်လိုက်ပြီး အခိုင်အမာ ပြန်ပြောလိုက်သည်။

"ကျွန်မ သွားရမှ ဖြစ်မယ်"

ကျိရွှေရှန့်က သူမကို ဖျောင်းဖျချင်နေသေးသော်လည်း စူးချင်းက နောက်သို့ ပြန်လှည့်ပြီး တံခါးမှ လှမ်းထွက်သွားသည်ကို သူ တွေ့လိုက်ရသည်။

သူမရဲ့ ပင်ကိုယ်စရိုက်က ခိုင်မာပြတ်သားပြီး သူမက ဘယ်သူ့ကြောင့်မှ စိတ်ပြောင်းမှာ မဟုတ်ပါဘူး။

“ဦးလေးချန်၊ လုံခြုံတဲ့နေရာရှာပြီး ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းထားလိုက်ပါ။ အဲ့ဒါတွေရဲ့အနီးအနားမှာ ဘာမီးစမှ မရှိစေနဲ့”

သူနှင့် စူးချင်း ထွက်သွားပြီးနောက်တွင် ထိုလူများက ဖောက်ခွဲရေးပစ္စည်းများကို နောက်တကြိမ် လာလုမည်ကို စိုးရိမ်နေသောကြောင့် ကျိရွှေရှန့်က ချန်ယွိကို ထိုပစ္စည်းများအား လုံခြုံသောနေရာသို့ ရွှေ့ခိုင်းလိုက်သည်။

“ဦးလေးချွီ၊ ဦးလေးချန်ကို ကူညီပြီး ဖောက်ခွဲရေးပစ္စည်းတွေ နေရာရွှေ့ပေးပါဦး။ အဲ့ဒါတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ တခြားဘယ်သူမှ မသိစေနဲ့"

ကျိရွှေရှန့်က မြို့ထဲတွင် တာ့ထန်စစ်တပ်၏သူလျှိုများ ရှိနေသည်ဟု သံသယ ရှိနေသောကြောင့် ထိုဖောက်ခွဲရေးပစ္စည်းများ ဝှက်ထားမည့်နေရာကို လျှို့ဝှက်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။

“ကောင်းပါပြီ”

ချွီတာ့က လက်သီးအုပ်လိုက်ပြီး ကျိရွှေရှန့်ကို ပြန်ပြောလိုက်သည်။

“စိတ်ချပါ သခင်လေး။ သခင်လေးလည်း ဒီခရီးမှာ သတိထားရမယ်"

“ဟုတ်ကဲ့”

ကျိရွှေရှန့်က ချွီတာ့၏ သတိပေးစကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိမ့်တုံ့ပြန်လိုက်ပြီး စူးချင်းက တံခါးမှ ထွက်သွားသည်ကို မြင်လိုက်သောကြောင့် သူက သူမနောက်သို့ အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။ ထို့နောက် တံခါးမှထွက်ကာ နှစ်ယောက်သား ဘေးချင်းကပ်ရပ် လျှောက်လှမ်းရင်း ထွက်လာခဲ့ကြသည်။

အခြားသူများ မတွေ့စေရန်အတွက် နှစ်ယောက်သား မြို့တံခါးကို ဖြတ်မသွားဘဲ လက်ငါးချောင်းသဏ္ဍန်သံချိတ်ကို အသုံးပြုပြီး မြို့ရိုးပေါ်မှ ဆင်းသွားသောကြောင့် မည်သူမျှသတ်မပြုမိခင် မော့ချန်မှထွက်ခွာနိုင်ခဲ့ကြသည်။

ညအချိန်က အကောင်းဆုံး ပုန်းခိုစရာ ဖြစ်နေပြီး နှစ်ယောက်သား တာ့ထန်ဘက်သို့ ဦးတည်လိုက်ကြသည်။

လက မှောင်မိုက်သော တိမ်တိုက်များကြားတွင် ပုန်းအောင်းနေသောကြောင့် ကောင်းကင်နှင့် မြေကြီးအပါအဝင် အရာအားလုံးက မည်းမှောင်နေလေသည်။ စူးချင်း၏စိတ်စွမ်းအားက အဆင့် ၄၃ သို့ ရောက်ရှိနေသောကြောင့် သူမ၏အမြင်အာရုံက သာမန်လူများထက်ကျော်လွန်နေပြီး လရောင်မရှိခြင်းကြောင့် သူမ၏အရှိန်ကို မနှေးကွေးစေနိုင်ပေ။

ကျိရွှေရှန့်ကလည်း တောင်တန်းများပေါ်တွင် ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ညအမှောင်က သူ့အပေါ် အများကြီး မထိခိုက်စေနိုင်ပေ။

"ရှောင်ချီ...ယဇ်ပုလ္လင်က ဘယ်မှာ ရှိနိုင်လဲ? ကြည့်ပေးပါဦး"

ဆယ်လီ အချင်းဝက်က ကြီးမားသော အကျယ်အဝန်း ဖြစ်နေသောကြောင့် စူးချင်းက သူမ၏အချိန်ကို မဖြုန်းချင်ပေ။ ထို့ကြောင့် သူမက ရှောင်ချီကို ကူညီရှာဖွေပေးရန် တောင်းဆိုလိုကသည်။

ယဇ်ပုလ္လင်ကို ရှာတွေ့ရင် နောက်ကွယ်က ကြိုးကိုင်တဲ့သူကို ရှာတွေ့နိုင်တယ်။

ဖန်သားပြင်ရှေ့တွင် လှဲလျောင်းနေသော ရှောင်ချီက သူမ၏တင်ပါးဖောင်းဖောင်းလေးကို ပင့်တင်လိုက်ပြီး သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။

အမှောင်ထဲတွင် စပါးစေ့အရွယ် အနီရောင်အလင်းစက်လေး အနည်းငယ် ရှိနေပြီး နေရာက သူတို့နှင့် ငါးလီခန့် ကွာဝေးသော နေရာတွင် ဖြစ်သည်။

“သခင်၊ ဟိုးအရှေ့နားက ငါးလီအကွာမှာ ယဇ်ပုလ္လင် ရှိတယ်”

ရှောင်ချီက နေရာကို ချက်ချင်း အတည်ပြုလိုက်ပြီး စူးချင်းကို ပြန်သတင်းပို့လိုက်သည်။ သို့သော်လည်း အကောင်ငယ်လေးက ထိုလူသားနတ်ဆိုးများကို သူမ၏သခင်အတွက် ဖမ်းဆီးပေးရန် စနစ်ထဲမှ ခုန်ထွက်ချင်နေပုံရသည်။

"ဒီဘက်"

ရှောင်ချီ၏ သတင်းပေးမှုကို လက်ခံရရှိပြီးနောက်တွင် စူးချင်းက ကျိရွှေရှန့်ကို ခေါ်ဆောင်ကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ မိုးမလင်းခင်အချိန်က အမှောင်ဆုံးအချိန်ဖြစ်သ်ာ်လည်း ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင် မြောင်းများ သို့မဟုတ် တောင်လမ်းများမရှိသောကြောင့် သူမတို့ ပြေးလွှားနေခြင်းက အန္တရာယ်မရှိခဲ့ပေ။

ကျိရွှေရှန့်နှင့် စူးချင်းတို့ ယဇ်ပုလ္လင်ကို ရှာတွေ့ချိန်တွင် ကောင်းကင်က အနည်းငယ် အဖြူရောင်သန်းလာပြီ ဖြစ်သည်။ နီရွှေရောင်နေမင်းကြီးက အမှောင်ထုကို ဖြတ်ကျော်ကာ ၎င်း၏ ပထမဆုံးနေရောင်ခြည်ကို ထုတ်ဖော်နေခဲ့သည်။

နောက်ဆုံးတွင် ယဇ်ပုလ္လင်၏ တည်နေရာကို တွေ့ရှိခဲ့ကြပြီး ယဇ်ပုလ္လင်ဟုခေါ်သော်လည်း အသုံးပြုထားသည့်အရာက ကျောက်နှစ်လုံးပေါ်တွင် တင်ထားသည့် သစ်သားပြားတစ်ခုသာ ဖြစ်သည်။ သူတို့ရောက်သွားချိန်တွင် ထိုသစ်သားပြားပေါ်ရှိ အမွှေးတိုင်နှင့် ဖယောင်းတိုင်များအားလုံး မီးငြိမ်းနေပြီ ဖြစ်ကာ ထိုတစ်ဝက်တစ်ပျက် အကြွင်းအကျန်များနှင့် ပြာများမှ လွှဲ၍ ဘာမှ မရှိတော့ပေ။

“သူ ထွက်ပြေးသွားပြီ”

ကျိရွှေရှန့်က ဟာလာဟင်းလင်း ဖြစ်နေသော ယဇ်ပုလ္လင်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ဤအရာများက မကောင်းဆိုးဝါး လူသားနတ်ဆိုးများကို ဖန်တီးနေသည့် တစ်စုံတစ်ဦးရှိနေကြောင်း ခန့်မှန်းခဲ့သည့် သူ့၏ ယူဆချက် မှန်ကန်နေကြောင်း သက်သေပြနေခဲ့သည်။

"အဲဒါက ဘာလဲ?"

စူးချင်းက ရှေ့သို့ ညွှန်ပြရင်း ကျိရွှေရှန့်ကို လှည့်မေးလိုက်သည်။ ကျိရွှေရှန့်က သူမ၏ လက်ချောင်းအတိုင်း လိုက်ကြည့်လိုက်ပြီး ခန်းခြောက်နေသော မြစ်တစ်စင်းကို တွေ့လိုက်ရသည်။ ထိုမြစ်ပေါ်တွင် မြစ်ကို ဖြတ်ကူးရန် သစ်သားတံတားတစ်စင်း ရှိနေပြီး သူတို့က အမြင့်ပေါ်တွင် ရှိနောကာ တံတား၏တစ်ဖက်ခြမ်းတွင် ကျယ်ပြောသော မြက်ခင်းပြင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ဆောင်းဦးနှောင်းပိုင်းဖြစ်နေသောကြောင့် မြက်ပင်များလည်း ညှိုးနွမ်းနေပြီဖြစ်သည်။ နံနက်ခင်း၏ မြူခိုးများအောက်တွင် ပြန့်ကျဲနေသော တဲကြီးများကို ဖျတ်ခနဲ မြင်လိုက်ရပြီး သူတို့နဲ့ တစ်လီခန့်လောက် ကွာဝေးမည်ဟု ခန့်မှန်းရသည်။

"အဲ့ဒါက တာ့ထန်ဖြစ်မယ်"

ကျိရွှေရှန့်က သူ့အဖေ ချန်ထားရစ်ခဲ့သော မြေပုံပေါ်မှ အမှတ်အသားများကို ပြန်တွေးရင်း ကောက်ချက်ချလိုက်သည်။ မော့ချန်၏ ခုနစ်လီခန့်အကွာတွင် တာ့ထန်၏နယ်ခြားမြို့ငယ်လေးတစ်မြို့ တည်ရှိပြီး စစ်ပွဲများမရှိသည့်ကာလများတွင် တာ့ရှားပြည်ထောင်နှင့် တာ့ထန်ပြည်ထောင်မှ လူများက ကုန်စည်ဖလှယ်ရန်အတွက် ထိုနေရာတွင် စျေးကွက်တစ်ခု ဖွဲ့စည်းလေ့ရှိကြသည်။

စစ်ဖြစ်လျှင်တော့ ထိုဈေးကွက်က မရှိတော့ပေ။

“သွားကြည့်ရအောင်”

စူးချင်းက လော့ချန်တွင် သူမတို့ တွေ့ခဲ့သော ယဲ့လွီချွန်းအကြောင်းကို ပြန်တွေးနေလိုက်သည်။

သူမက ယဲ့လွီချွန်းဆီကနေ လွမ်တောင်ကို ပြန်ယူလာခဲ့ပြီး သူ့ရဲ့မိခင်ကို ဆေးကုသပေးမယ်လို့ ကတိပေးထားခဲ့တယ်။ လူတွေက သူတို့ရဲ့ကတိတွေကို မဖျက်သင့်ဘူး။ အဲ့တာအပြင် သူမက တာထန့်ကို သွားပြီး သူတို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်တဲ့အကြောင်းအရင်းကို စုံစမ်းချင်တယ်။

“ကိုယ်တို့က သူတို့ဘက်က ရာနဲ့ချီတဲ့ စစ်သည်တွေ သတ်ခဲ့ကြတယ်။ အခုအချိန် ဟန်လူမျိုးတွေက အဲ့နေရာကို သွားရင် သူတို့ဘက်မှ ဘာရှင်းပြချက်မှ မတောင်းဘဲ ချက်ချင်း သတ်ပစ်ကြလိမ့်မယ်”

ကျိရွှေရှန့်က ဟန်လူမျိုးများနှင့် တာ့ထန်များတွင် ကွဲပြားသော အသွင်အပြင် ရှိကြောင်းနှင့် ချက်ချင်း သတိပြုမိသွားနိုင်ကြောင်း စူးချင်းကို သတိပေးလိုက်သည်။

သူနှင့် စူးချင်းတို့နှစ်ယောက်စလုံးက သိုင်းပညာ ကျွမ်းကျင်ကြသော်လည်း ဖောက်ခွဲရေးပစ္စည်းများ မရှိလျှင် အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု သူ သေသေချချာ အာမ မခံရဲပေ။

"မော့ချန်ကို အရင်ပြန်ကြရအောင်၊ မသွားခင် ပြင်ဆင်စရာ ရှိတာတွေ အရင် ပြင်ဆင်ရမယ်"

စူးချင်းကလည်း အကြောင်းမဲ့ စွန့်စားတတ်သူ မဟုတ်ပေ။ သူမက ကျိရွှေရှန့်ထက် ပို၍ တည်ငြိမ်သူဖြစ်ပြီး ကျိရွှေရှန့်က အန္တရာယ်ကို ကြိုတွေးနိုင်လျှင် သူမ မတွေးမိစရာ အကြောင်းမရှိပေ။

ယခု လူသားနတ်ဆိုးများကို ချုပ်ကိုင်ထားသည့်လူကို သူမတို့ ဖမ်းမိရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မော့ချန်သို့ အရင်ပြန်သွားပြီးမှ တာ့ထန်သို့ သွားစုံစမ်းရန် ညအချိန်ကို အကာအကွယ်အဖြစ် အသုံးပြုရမည် ဖြစ်သည်။

သူတို့ ရှာဖွေတွေ့ရှိသွားကြောင်း နောက်ကွယ်မှ လူ မသိစေရန် နှစ်ဦးသား ယဇ်ပုလ္လင်ကို လုံးဝ မထိဘဲ မူလအတိုင်း ချန်ထားခဲ့ကြသည်။ ထိုမှသာ ထိုလူက လူသားနတ်ဆိုးများ အသုံးပြုနေသည့်အချိန်တွင် တစ်ရှိန်ထိုး ဝင်ရောက်ဖမ်းနိုင်မည် ဖြစ်သည်။

သူမတို့နှစ်ဦး မြို့ထဲသို့ အမြန် ပြန်သွားလိုက်ပြီး မြို့တံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မြို့ရိုးများပေါ်တွင် တာ့ရှားပြည်ထောင်၏ မြို့စောင့်တပ်သားများ ရပ်နေလေသည်။

ကျိရွှေရှန့်နှင့် စူးချင်းတို့က သူတို့ကိုလည်း သတိပေးလိုခြင်း မရှိပေ။ သူတို့နှစ်ယောက်က လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာလိုက်ပြီး မြို့တံတိုင်းကို ငါးခွချိတ်ဖြင့် ချိတ်ဆွဲကာ မည်သူမျှ သတိမပြုမိစေဘဲ မြို့ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ကျိရွှေရှန့်နှင့် စူးချင်းတို့ ထိုအမည်းရောင်ဝတ်လူများနောက်သို့ လိုက်သွားကြကြောင်းကို ချွီတာ့တို့မှ လွဲ၍ အခြားမည်သူမျှ မသိလိုက်ကြပေ။

မြို့ထဲသို့ ပြန်ရောက်ချိန်တွင် နယ်စပ်၏အခြေအနေကို အသေးစိတ်နားလည်နိုင်ရန် ကျိရွှေရှန့်က ဦးလေးချန်ကို သွားရှာလိုက်သည်။ သူက မြွေကို ၎င်း၏တွင်းထဲမှ ဖြားယောင်းထုတ်ရန် ကြံရွယ်ထားပြီး ဤမြို့တွင် ဖုံးကွယ်နေသည့် သူလျှိုများကို ဖော်ထုတ်ရန် လှည့်ကွက်တစ်ခု အသုံးပြုရန်ပါ ကြံစည်ထားပြီးပြီ ဖြစ်သည်။

စူးချင်းကတော့ မနက်စာ စားပြီးပြီးချင်း ပန်းပဲဖိုသို့ အမြန် ပြေးထွက်သွားခဲ့သည်။ ကျုံးယုံ၊ ကျိရှောင်ယင်နှင့် မိန်းကလေးများက စူးချင်း၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။

"အစ်မ၊ မီးမွှေးရတော့မလား?"

ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က စေတနာ့ဝန်ထမ်း လုပ်နေခဲ့ကြပြီး စူးချင်းက ခေါင်းညိတ်ပြလိုက်ချိန်တွင် သူမတို့က ကျုံးယုံကို ခေါ်ကာ လှည်းပေါ်မှ ကျောက်မီးသွေးတစ်တောင်း သွားသယ်ခိုင်းလိုက်သည်။

စူးချင်းကလည်း ဓားမောက်များကို အရည်ကျိုပြီး ဓားရှည်များအဖြစ် ပြန်သွန်းလောင်းကာ ထုရိုက်ပုံဖော်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်။

မနေ့က သိမ်းယူလာခဲ့သည့် ဓားမောက်များအားလုံး မြေပြင်ပေါ်မှာ ရှိနေပြီး စူးချင်းက ထိုဓားမောက်ရှည်များ၏ လက်ကိုင်များကို ဖယ်ရှားရန်ပင် စိတ်ဝင်စားနေခြင်း မရှိပေ။ ထိုဓားလက်ကိုင်များ(ဓားရိုးများ)အားလုံးကို သစ်သားဖြင့်ပြုလုပ်ထားသောကြောင့် ဓားမောက်များကို မီးထဲသို့ ပစ်ချလိုက်လျှင် သစ်သားများက သဘာဝအတိုင်း လောင်ကျွမ်းသွားမည်ဖြစ်ပြီး မီးကိုပင် အနည်းငယ် ပိုတောက်လောင်စေနိုင်လိမ့်မည်ပင်။

ပန်းပဲဖိုတွင် ကိရိယာများအားလုံးရှိနေသော်လည်း သံရည်ကျိုလုပ်ငန်းအတွက် ရေများစွာ လိုအပ်နေသေးသည်။ သို့သော်လည်း အအေးခံကန်ထဲတွင် ရေတစ်စက်မျှ မရှိနေပေ။ စူးချင်းက ဒဏ်ရာရသူများ အနားယူနေသည့် ခြံဝင်းသို့ ရေသွားယူရန် သစ်သားပုံးနှစ်ပုံးကို သယ်ဆောင်ကာ ထွက်သွားပြန်သည်။

ကျုံးယုံက ကျောက်မီးသွေးကို ယူရန် လှည်းများဆီသို့ သွားခဲ့ပြီး သူက သူ့လက်တစ်ဖက်ဖြင့် ကျောက်မီးသွေးအပြည့်ပါသည့် တောင်းတစ်လုံးကို အခက်အခဲမရှိ သယ်ဆောင်နိုင်လောက်အောင် သန်မာလွန်းနေသည်။ ကျန်းယွိရန်၏ မျက်လုံးများတွင် ပန်းရောင်ကြယ်ပွင့်လေးများ လင်းလက်နေပြီး ထိုသန်မာသော အမျိုးသားကို ငေးကြည့်နေခဲ့သည်။

"အစ်ကိုကြီးကျုံး၊ ကျွန်မ ကူသယ်ပေးမယ်!"

ကျန်းယွိရန်က ကျုံးယုံထံမှ တောင်းကို ကူသယ်ရန် လှမ်းပြောလိုက်သော်လည်း ကျုံးယုံက သူမ၏သွယ်လျသော လက်မောင်းများကို အထင်အမြင်သေးစွာ ပြန်ကြည့်လိုက်ပြီး "မင်း မလုပ်နိုင်ဘူး"

ကျန်းယွိရန်က သူမလက်ကို အမှတ်တမဲ့ ပြန်ရုတ်သိမ်းလိုက်သည်။

တကယ်လည်း သူမ မသယ်နိုင်လောက်ဘူးလေ။ အဲ့ကျောက်မီးသွေးခြင်းတောင်းက ကျင်းပေါင်းအများကြီး လေးမှာ သေချာတယ်။ သူမ မြှောက်အောင်တောင် မတင်နိုင်မှာ မဟုတ်ဘူး။

ကျိရှောင်ယင်က မီးဖိုရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး ဖြည်းညှင်းစွာ လောင်ကျွမ်းနေသော သစ်ကိုင်းများကို သူမ၏ပါးပြင်များ ဖောင်းလာသည်အထိ လေမှုတ်နေလေသည်။ သူမနှင့် ကျန်းယွိရန်တို့က ဤသစ်ကိုင်းသစ်ခက်များကို ကောက်ယူထားခြင်းဖြစ်သည်။

တကယ်တော့ တော်တော် အံ့သြဖို့ ကောင်းတယ်။ ဒီသစ်ကိုင်းသေးသေးလေးတွေက ကျောက်မီးသွေးတွေကို မီးလောင်အောင် လုပ်နိုင်တယ်။

စူးချင်းက ရေပုံးများဖြင့် ပြန်ရောက်လာပြီး ကျိရှောင်ယင်၏ ချစ်စဖွယ်အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ပြုံးလိုက်သည်။ ထို့နောက် သူမက ကျိရှောင်ယင်ကို သူမ၏ဘေးနားမှ ဖားဖိုကို ညွှန်ပြလိုက်သည်။

“ဒီဟာကို ဆွဲ”

ထိုဖားဖိုက အရမ်းလေးနေပြီး ကျိရှောင်ယင်တစ်ယောက် ထိုဖားဖိုကို မတင်ရန်ပင် သူမထံတွင် ရှိသမျှခွန်အား အကုန်လုံးကို အသုံးပြုနေရပြီး သူမ၏မျက်နှာပင် နီရဲလာခဲ့သည်။

ကျုံးယုံက ၎င်းကို မြင်နေရပြီး သူ့၏မျက်လုံးထဲမှ အထင်သေးနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း ဘာမှ မပြောရဲပေ။

ရှောင်ယင်က သူ့ဆရာရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သလို သူ့အစ်ကိုကြီးရဲ့ညီမလေးလည်း ဖြစ်နေသေးတယ်။ သူမမှာ ခိုင်မာတဲ့ နောက်ခံရှိတယ်။ သူ ပြောလို့ မဖြစ်ဘူး။

ကျုံးယုံက အနည်းငယ် ထုံအသော်လည်း သူက မမိုက်မဲပေ။ သူ စော်ကားဖို့ မတတ်နိုင်သည့်အရာများကို သူ သေသေချာချာ သိနိုင်သေးသည်။

နောက်ဆုံးတွင် ကျုံးယုံက မနေနိုင်တော့ဘဲ ကျိရှောင်ယင်အနားတွင် ထိုင်လိုက်ပြီး ကျိရှောင်ယင်ကို ကြောက်နေသည့်ပုံစံဖြင့် စကားပင် ကျယ်လောင်လောင် မပြောဘဲ တိုးတိုးလေး ပြောနေသောကြောင့် သူ့၏အထူးသတိထားနေသော အသွင်အပြင်က အလွန်ရယ်စရာကောင်းလှသည်။

"ညီမရှောင်ယင်.... ငါ ဆွဲပေးရလား?"

All Chapters