နတ်ဘုရား လက်နက်
Vol. 6 Ch. 570
"ဘုန်း ..."
သွေးမူးမတ်က ချန်းဖန်၏ နာမည်ကျော် ဓားပျံကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။
ထို့နောက် သူက ပါးလွှာသော ဓားရှည် တစ်ချောင်းကို ထုတ်လိုက်၏။ ထိုဓား၏ ကိုယ်ထည်တွက် သွေးစက်များနှင့် တူသော အင်းကွက် တချို့ ရှိနေသည်။
"ကလန့် ..."
သွေးမူးမတ်က ဓားကို ဆွဲကိုင်ရာ ထက်မြက်သော သွေးရောင် စွမ်းအား တစ်ခု ထွက်လာကာ ချန်းဖန်၏ "အမတေ ဖြည့်တင်းခြင်း ဓား" ကို ရိုက်ခတ်သည်။
"ဘုန်း ..."
ခဏ အတွင်းမှာပင် ဓားနှစ်ချောင်းသည် စတင်ကာ တိုက်ခိုက် လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုက အသံထက်ပင် အဆများစွာ မြန်ဆန်ကာ ကြီးမားသော စွမ်းအင်လှိုင်း များကို ဖြစ်ပေါ်စေသည်။
"ဘုန်း ... ဘုန်း ..."
သို့သော်လည်း တစ်ခဏမျှ ကြာလာသည်တွင် သွေးရောင်ဓား၏ တိုက်ခိုက်မှုများ အောက်၌ "အမတေ ဖြည့်တင်းခြင်းဓား" မှာ နောက်သို့ တဖြည်းဖြည်း ဆုတ်လာရသည်။ ဓား၏ ကိုယ်ထည်မှာလည်း ထိန်းချုပ်နိုင်ခြင်း မရှိပဲ အနည်းငယ် တုန်ရီ လာခဲ့သည်။
"ဘာလဲ ..."
ယူကီရှီရိုဆာ အပါအဝင် လူအများ၏ မျက်လုံးများတွင် အံ့အားသင့်ခြင်းများ ပြည့်နှက်သွား၏။
သွေးမူးမတ်သည် ချန်းဖန်၏ ဓားပျံကို နောက်ဆုတ်အောင် ဖိအားပေးခဲ့သည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
သာမန် တန်ခိုးရှင် တစ်ယောက် ဆိုလျှင် ချန်းဖန်၏ ဓားပျံကို ခုခံ နိုင်စွမ်းပင် မရှိခဲ့ချေ။ တန်ခိုးရှင် ထိပ်ဆုံး အဆင့်သာလျှင် ထိုဓားပျံ၏ တိုက်ခိုက်မှုကို မိနစ် အနည်းငယ် ကြာအောင် တောင့်ခံ နိုင်ပေလိမ့်မည်။
"ဒါက သေမျိုး နတ်ဘုရား တစ်ယောက်ရဲ့ အစွမ်းများလား ..."
ယူကီရှီရိုဆာ၏ မျက်နှာက အနည်းငယ် အရောင်ပြောင်း သွား၏။
သူမသည် ဆရာသခင် ဖြစ်သူ၏ စွမ်းအား အပေါ် အပြည့်အဝ ယုံကြည်သော်လည်း ယခုတွက်မူ စတင်ကာ စိတ်ပူ လာခဲ့သည်။
ချန်းဖန် ရင်ဆိုင်ရမည့် သူမှာ သွေးမူးမတ် တစ်ယောက်တည်း မဟုတ်ချေ။ အခြား ခုံသမာဓိများလည်း ရှိသေးသည်။ ချန်းဖန် အနေဖြင့် ထိုလူများ အားလုံးကို ရင်ဆိုင် အနိုင်ယူနိုင်ရန်မှာ မသေချာလှချေ။
"ဟီးဟီး ..."
သွေးမူးမတ်သည် သူ၏ ဓားကို ကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ချန်းဖန်ကမူ မျက်မှောင်ကြုတ် နေခဲ့၏။ "အမတေ ဖြည့်တင်းခြင်း ဓား" သည် အလွန် အစွမ်းထက်သည့် လက်နက် တစ်ခု ဖြစ်သော်လည်း သွေးမူးမတ်၏ ဓားတွင် နောက်ဆုတ်ရန် ဖိအားပေး ခံခဲ့ရသည်။ ထိုအရာက သွေးမူးမတ်၏ ဓားမှာ ပိုမို အစွမ်းထက်သည့် ဝိညာဉ် လက်နက် ဖြစ်ကြောင်း သိသာစေသည်။
"အမှောင်ခုံရုံးက တကယ် ချမ်းသာတာပဲ ... ခံသမာဓိ တစ်ယောက်တောင် ဝိညာဉ် လက်နက် တစ်ခု ကိုင်နိုင်တယ် ... သူတို့က နှစ်ထောင်ချီ တည်တံ့ခဲ့တဲ့ ကောင်းကင် သခင်ဂိုဏ်း ထက်တောင် ပိုချမ်းသာတဲ့ ပုံပဲ ..."
ချန်းဖန်သည် အံ့ဩမိသည့်တိုင် ကြောက်လန့်မှု မဖြစ်ပေါ်မိချေ။ သူသည် အခြား တိုက်ခိုက်မှုကို ပြင်ဆင်ပြီး ဖြစ်သည်။
"မင်းက ငါ့ရဲ့ တိုက်ခိုက်မှု တစ်ခုကို ခုခံနိုင်တယ် ဆိုတော့ ချီးကျူးစရာပဲ ... ဒါပေမဲ့ ဘယ်နှကြိမ် ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့လေ ..."
ချန်းဖန်က စွမ်းအားများကို ထုတ်လွှတ်၍ "အမတေ ဖြည့်တင်းခြင်း ဓား" နှင့် ချိတ်ဆက် လိုက်သည်။
"ဘုန်း ..."
ရုတ်တရက် "အမတေ ဖြည့်တင်းခြင်းဓား" သည် ပေါက်ကွဲသံများကို ထုတ်လွှတ်ကာ များစွာသော ကိုယ်ပွား ဓားများကို ခွဲထုတ်လိုက်သည်။
ကိုယ်ပွားဓားများသည် မူလဓားနှင့် တန်းတူ အစွမ်း မထက်သည့်တိုင် အလွန် အမင်း ထက်ရှနေဆဲ ဖြစ်သည်။
"ကိုယ်ပွား ဓားအလင်း နည်းစနစ် ..."
ထိုနည်းစနစ်သည် ဓားလျှို့ဝှက်ချက် ပိုင်ဆိုင်သည့် "အပယ်ခံ ကိုးယောက်၏ ဓားကျင့်စဉ်" တွင် ပါဝင်သော နည်းစနစ် တစ်ခု ဖြစ်သည်။
သို့သော်လည်း ဓားလျှို့ဝှက်ချက်သည် ထိုနည်းစနစ်ကို ထုတ်သုံးနိုင်သည် အထိ ဉာဏ်အလင်း မမြင့်မားခဲ့ချေ။ ထို့ကြောင့် သူသည် ကိုယ်ပွား ဓားကိုးချောင်း ခွဲထုတ်ရမည့် အစား ပုံစံတူ ဓားကိုးချောင်းကိုသာ ရှာဖွေခဲ့သည်။
သို့သော်လည်း ချန်းဖန်မှာမူ ထိုနည်းစနစ်ကို လျင်မြန်စွာပင် နားလည်နိုင်ရာ ကိုယ်ပွားဓားများကို အလွယ်တကူ ထုတ်ဖော်နိုင်ခဲ့သည်။
"ဟူး ..."
ချန်းဖန်က လက်ညှိုးကို ညွှန်လိုက်ရာ ရွှေရောင် ကိုယ်ပွား ဓားကိုးချောင်းက ကောင်းကင်တွင် ပျံသန်းသည်။ သူတို့၏ ဓားအလင်းများက တလက်လက် တောက်ပပြီး ကျဆင်းနေသော မိုးရေစက်များကို ဖယ်ရှားနေကြ၏။
"သောက်ပြဿနာပဲ ..."
သွေးမူးမတ်၏ မျက်နှာက အနည်းငယ် မည်းမှောင်သွား၏။
သူသည် အနောက်တိုင်း၏ နံပါတ်တစ် ဓားပညာရှင် ဖြစ်သော်လည်း ထိုရွှေရောင် ဓားပျံ ဆယ်ချောင်း တိတိကို ထိပ်တိုက် ရင်ဆိုင်ရန် ယုံကြည်ချက် မရှိချေ။
"ကလန့် ... ကလန့် ..."
မရေမတွက်နိုင်သော သွေးရောင် ဓားအလင်းများသည် သွေးမူးမတ်၏ နံဘေး၌ ပေါ်လာကာ သူ့အား ဒိုင်းသဖွယ် ကာကွယ်ကြသည်။
သို့သော်လည်း ဓားဆယ်ချောင်းက တစ်ချိန်တည်း၌ တိုးဝင်၍ တိုက်ခိုက်ကြရာ သွေးမူးမတ်၏ အကာအကွယ် အလင်းမှာ ခဏအတွင်း အက်ကွဲလာသည်။
"ဘုန်း ..."
"ဘုန်း ..."
ရွှေရောင် ဓားများ၏ ငါးကြိမ်မြောက် တိုက်ခိုက်မှု အပြီး၌ သွေးမူးမတ်၏ အကာအကွယ် အလင်းမှာ စတင်ကာ ပြိုပျက်လာ၏။
"ဘုန်း ..."
ခုနစ်ကြိမ်မြောက် တိုက်ခိုက်မှု အပြီးတွင်မူ ချန်းဖန်၏ ဓားများမှာ သွေးမူးမတ်၏ အကာအကွယ်ကို ကျော်ဖြတ်၍ ခန္ဓာကိုယ် အပေါ်သို့ ကျဆင်းသည်။
"ဘုန်း ...ဘုန်း ...ဘုန်း ..."
မျက်စိ တစ်မှိတ်အတွင်းမှာပင် ဓားများက သွေးမူးမတ်၏ ခန္ဓာကိုယ်ကို သုံးကြိမ် တိုင်တိုင် တိုက်ခိုက်သည်။ သူတို့၏ တိုက်ခိုက်မှု တစ်ခုချင်းစီက သွေးမူးမတ်၏ ခန္ဓာကိုယ်ကို အပေါက်များ ဖြစ်ပေါ်သွားစေသည်။
"အား ..."
သွေးမူးမတ်သည် နာကျင်စွာ အော်ဟစ်ရင်း ကောင်းကင်မှ မြေကြီးသို့ ကျသည်။
သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက် လေးပေါက် ရှိနေပြီး ဒဏ်ရာ တစ်ခုချင်းစီက အသက်ကို ခြိမ်းခြောက် နိုင်သည်။ အကယ်၍ သူသာ သေမျိုး တစ်ယောက် ဖြစ်ပါက ထို ဒဏ်ရာများ၏ အောက်၌ သေဆုံး သွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း အားလုံး၏ အကြည့်များ အောက်တွင်ပင် ဒဏ်ရာများသည် တစ်ခဏ အတွင်း ပြန်လည် ကျက်လာကာ အမာရွတ်ပင် မကျန်အောက် ပျောက်ကွယ် သွားတော့သည်။
ခဏမျှ အကြာတွင်ပင် သွေးမူးမတ်သည် သွက်လက်စွာပင် ပြန်လည် မတ်တတ်ရပ် လာခဲ့သည်။ အင်္ကျီရှိ အပေါက်အပြဲများမှ လွဲလျှင် သူကား ဒဏ်ရာရခဲ့ပုံပင် မပေါ်ချေ။
"ထာဝရ ခန္ဓာ ..."
သူ၏ ခန္ဓာကိုယ်သည် ဒမွန်၏ ခန္ဓာကိုယ်နှင့် များစွာ တူညီသည်။
သို့သော်လည်း ဒဏ်ရာများ ပြန်လည် ကျက်သွားသည်မှ လွဲ၍ သွေးမူးမတ်၏ မျက်နှာကား အရောင်အဆင်း ကင်းမဲ့နေသည်။ သူ၏ အကာအကွယ်သည် ချန်းဖန်၏ ခုနစ်ကြိမ်မြောက် တိုက်ခိုက်မှု၌ ပျက်စီးခဲ့သည်။ ထိုအရာက သူသည် ချန်းဖန်ကို မယှဉ်နိုင်ကြောင်း သိသာစေသည်။
"အမှောင် သွေးမျိုးဆက်ရဲ့ သွေးရောလေးက အရည်အချင်း တစ်ချို့ ရှိပုံပဲ ..."
ချန်းဖန်က မှတ်ချက်ချမိသည်။
အမှောင်ဝံပုလွေ မျိုးနွယ်နှင့် အမှောင် သွေးမျိုးဆက် မျိုးနွယ်များသည် သူတို့၏ အသက်ပြင်းမှုဖြင့် ထင်ရှားသည်။
သူတို့သည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားသည့် အပြင် ပြိုင်ဘက်ကင်း ကုသနိုင်စွမ်းကိုလည်း ပိုင်ဆိုင် ထားသေးသည်။ သူတို့ကို သတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ခေါင်းဖြတ်ပြီး မီးသင်္ဂြိုလ်ရန်သာ ရှိ၏။
"မင်း ဘယ်နှကြိမ် ပြန်ပြီး ကုသနိုင်မလဲ ကြည့်ရသေးတာပေါ့ ..."
ချန်းဖန်က လှောင်ပြုံးပြုံးရင်း လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။
"ဘုန်း ..."
ရွှေရောင် ဆယ်ချောင်းက ပေါက်ကွဲကာ သုံးမီတာခန့် ရှည်လျားသော ဓားများ အဖြစ် ဆက်လက် ကိုယ်ပွားသည်။ မကြာခင်မှာပင် ကောင်းကင်၌ ရှိသော ဓားအရေအတွက်မှာ တစ်ရာ အထိ ရှိလာခဲ့သည်။
"ဓားတစ်စင်း ကိုယ်ပွား တစ်ရာ ..."
ဓားတစ်ချောင်းမှ ဆယ်ချောင်း အဖြစ် ကိုယ်ပွားခြင်းသည် ကိုယ်ပွား ဓားအလင်း နည်းစနစ်၏ အခြေခံသာ ဖြစ်သည်။
ဓားအချောင်း တစ်ရာ အဖြစ် ပွားရန် အတွက်မူ ကျင့်ကြံသူ၏ ဉာဏ်အလင်းက ပိုမို နက်ရှိုင်းရန် လိုအပ်သည်။ ထိုနည်းစနစ်ကို တာအို ရရှိခြင်း အဆင့်သို့ ရောက်ရှိသွားသည့် ကျင့်ကြံသူ တစ်ယောက် သုံးလျှင်မူ ဓားအချောင်းပေါင်း ဘီလျံနှင့်ချီ၍ ပွားနိုင်သည်။
"ဘာလဲ ..."
သွေးမူးမတ်၏ ရင်အစုံကား တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်တော့သည်။
"ကလော့ ဒီတော့ ဆက်ပြီး တောင့်ခံနိုင်ပုံ မရတော့ဘူး ... ငါတို့ ဝင်ပြီး ကူညီပေးရအောင် ..."
အမှောင်မြို့စားက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"အန်တိုနီယိုနဲ့ နောက်ဆုံး တိုက်ခိုက်ပြီး ကတည်းက ငါတို့ လေးယောက် ပူးပေါင်းပြီး မတိုက်ခိုက်ရတာ ဆယ်နှစ်လောက် ရှိပြီပဲ ..."
သေခြင်းနတ်ဆိုးက အေးစက်စွာ ပြုံးရင်း ရေရွတ်လိုက်သည်။
"ဘုန်း ..."
သစ္ဆေမြို့စားက ပထမဆုံး စတင်ကာ တိုက်ခိုက်လိုက်သည်။
ရုတ်တရက် သူ၏ နောက်မှ အနက်ရောင် မြူခိုးများ ပေါ်ထွက်လာကာ နဂါး တစ်ကောင် အသွင်ပြောင်းလဲ၏။ ထိုနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ချန်းဖန်ထံသို့ တိုးဝင်၏။
ထိုအမှောင် စွမ်းအားသည် အပြစ်မဲ့ လူများကို သတ်ဖြတ်ခြင်းမှ ရရှိသည့် ကြောက်လန့်ခြင်း တစ္ဆေချီများ ဖြစ်သည်။ ထိုကဲ့သို့သော နဂါး တစ်ကောင်ကို ဖန်တီးနိုင်သည့် တစ္ဆေချီကို ရရှိရန် အတွက် အပြစ်မဲ့ လူ သန်းချီကို သတ်ဖြတ်ရန် လိုသည်။
"သတ်စမ်း ..."
ချန်းဖန်က အော်ဟစ် အမိန့်ပေးလိုက်သည်နှင့် အရေအတွက် တစ်ရာရှိသော ဓားအလင်း များသည် ကောင်းကင်မှ မြေပြင်သို့ တစ်ဟုန်ထိုး ကျဆင်းကာ၏။ သူတို့ကား လမ်းတစ်လျှောက် လေခု၏ ပွတ်တိုက်မှုတွင် ပိုမို ထက်ရှလာ၏။
"ဓားမိုးရွာသွန်းခြင်း ..."
ထိုတိုက်ခိုက်မှု၏ စွမ်းအားကား ရှု့တောင်တန်းရှိ ဓားတန်ခိုးရှင်များ၏ အစွမ်းနှင့် ယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိချေ။
"ဓားမိုးရွာသွန်းခြင်း" ကို မြင်လျှင် တိုက်ပွဲကို ဘေးမှ ကြည့်နေသည့် လူများ၏ မျက်လုံးများ ပြူးကျယ် သွားကြ၏။
"ဒါက ချန်းပေ့ရွှမ်းရဲ့ အစစ်အမှန် စွမ်းအား လား ... တကယ့်ကို မယုံကြည်နိုင် စရာပဲ ... သူတန်ခိုးရှင် အဆင့် ခုနစ်ယောက်နဲ့ သေမျိုး နတ်ဘုရားတွေကို အနိုင်တိုက်ခဲ့တယ် ဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ ..."
တစ်ယောက်က မှတ်ချက်ချ လိုက်သည်။
ထိုတစ်ယောက်သည် ကြီးမားသော ကိုယ်ခန္ဓာရှိကာ အနက်ရောင် ကိုယ်ကြပ် အင်္ကျီကို ဝတ်ဆင် ထားသည်။ သူ၏ ရင်ဘတ်တွင်မူ သွေးရောင် အတောင်ပံနှင့် ကောင်းကင် တမန်တော် ပုံသဏ္ဌာန် တံဆိပ် တစ်ခု ရှိသည်။
သူသည် သွေးတောင်ပံဂိုဏ်း၏ ကပ္ပတိန် အသစ် ဂျိမ်းဟက်တမ် ဖြစ်သည်။ ယခု အခါ၌ သူ၏ နာမည်သည် "အမှောင် သတ်မှတ်ချက်" တွင် နေရာတစ်ခု ရနေခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း သွေးမူးမတ် တစ္ဆေမြို့စား ... သူတို့ အားလုံးက ဂန္ထဝင် ပုဂ္ဂိုလ်ကြီးတွေ ချည်းပဲ ... သူတို့ တစ်ယောက်ချင်းစီက မျိုးဆက် တစ်ခုစီတိုင်းမှာ အထွတ်အထိပ် နေရာကို ဆုပ်ကိုင်နိုင်ဖို့ မခက်ဘူး ..."
လူကြီးလူကောင်း ဟန်ပန် ရှိသော လူဖြူ တစ်ယောက်က ရေရွတ်လိုက်၏။ ချန်းဖန်သာ သူ၏ မျက်နှာကို တွေ့ပါက ထိုလူမှာ ဘုရားသားတော် ဧဒင် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။
"ကြည့်စမ်း ... အမှောင်မြို့စားလည်း တိုက်ခိုက်နေပြီ ..."
တစ်ယောက်က တိုက်ပွဲ ရှိရာသို့ လက်ညှိုးထိုးရင်း ငယ်သံပါအောင် အော်ဟစ် လိုက်၏။
တိုက်ပွဲ မြေပြင်တွင်မူ...
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ဓားများနှင့် တစ္ဆေ နဂါးတို့သည် ရင်ဆိုင်ကာ ထိပ်တိုက်တွေ့ နေကြ၏။
တစ္ဆေနဂါးသည် တစ္ဆေမြို့စား နှစ်ရာချီအောင် စုစည်းထားသော တစ္ဆေချီများဖြင့် တည်ဆောက် ထားသည့် တိုက်ခိုက်မှု ဖြစ်သည်။ ထို့ကြောင့် တစ္ဆေ နဂါး၏ တိုက်ခိုက်မှုမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်။
သို့သော်လည်း ရွှေရောင် ဓားများမှာ အရေအတွက် အားသာချက်ဖြင့် အသာစီးယူ ထားနိုင်ဆဲ ဖြစ်သည်။ သူတို့က တစ္ဆေမြို့စားနှင့် သွေးမူးမတ် တို့ကို လှုပ်၍ပင် မရအောင် ဖိအားပေးထားသည်။
သို့တိုင်အောင် ချန်းဖန်၌ အသုံးမပြုရသေးသော ဓားဆယ်ဂဏန်းခန့် ကျန်ရှိ နေသေးသည်။
"ဘုန်း ..."
သေခြင်း နတ်ဆိုး၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွား၏။ ထိုခဏတွင်ပင် သူ၏ ခန္ဓာကိုယ်သည် သဘာဝ၏ အမြန်နှုန်းကို ချိုးဖောက်ကာ အသံ၏ နှစ်ဆ အထိ ရောက်ရှိသွားသည်။
ထို့နောက် သူက လှောင်ရယ် ရယ်လိုက်ပြီး အနက်ရောင် ဓားမြှောင် တစ်ချောင်းကို ထုတ်ယူလိုက်သည်။
"နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ် ..."
ထိုအရာကား အမှောင်ခုံရုံး၏ နတ်ဘုရား လက်နက် ဖြစ်သည်။ ထိုဒဏ္ဍာရီလာ လက်နက်အား မြေကမ္ဘာ အဆင့် တစ်ယောက်က အရှေ့အလယ်ပိုင်းမှ ရသော နတ်ဘုရား အရိုးကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအရာတွင် ကျိန်စာ တစ်ဆယ့် သုံးခု ပါရှိသည်။
"ရောဂါ ကျိန်စာ ..."
"အိုမင်းခြင်း ကျိန်စာ ..."
"အဆိပ် ကျိန်စာ ..."
စသည်ဖြင့် ကျိန်စာ တစ်ခုချင်းစီက အခြား တစ်ခုနှင့် ခြားနားစွာ အစွမ်း ထက်သည်။
သေခြင်း နတ်ဆိုးသည် ရောဂါ ကျိန်စာကို ဥရောပရှိ သေးငယ်သော နိုင်ငံတစ်ခု ပေါ်၌ အသုံးပြုကာ ထိုနိုင်ငံကို ဖျက်ဆီးခဲ့ဖူး၏။
"ကလန့် ... ကလန့် ..."
အနက်ရောင် ဓားမြှောင်နှင့် ရွှေရောင် ဓားများသည် လေထုတွင်ပင် ရင်ဆိုင် တွေ့ကြသည်။ သို့သော်လည်း ရွှေရောင် ဓားများသည် "နတ်ဘုရား ကျန်စာ ဆယ့်သုံးပိုဒ် ဓား" ၏ တိုက်ခိုက်မှုအား တောင့်ခံနိုင်စွမ်း မရှိချေ။ ရွှေရောင်ဓား ဆယ်ခု ကျော်တွင် တစ်ခုမျှပင် မလွတ်အောင် ဖျက်ဆီး ခံရသည်။
"ဘုန်း ..."
နောက်ဆုံးတွင် အမှောင်မြို့စားက တိုက်ခိုက် လိုက်သည်။
ခုံသမာဓိကြီး ငါးယောက်တွင် သူသည် လွှမ်းမိုးမှု အရှိဆုံးနှင့် အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထို့ကြောင့် သူပါဝင်လာသည်နှင့် စစ်ပွဲ၏ ချိန်ခွင်လျာက တစ်ဖက်သတ် ဖြစ်သွားတော့၏။
"ဘုန်း ..."
အမှောင်မြို့စားက လက်သီး တစ်ချက် ထိုးလိုက်ရာ ဟင်းလင်းပြင် တစ်ခု ဖြစ်လာ၏။ ထိုဟင်းလင်းပြင်က ပတ်ဝန်းကျင်၌ စီးဆင်းနေသော အမတေ ချီများကို အငမ်း မရ စုပ်ယူကာ ပိုမို အားကောင်းလာ၏။
"ဘုန်း ..."
ရွှေရောင် ဓားများက ထိုဟင်းလင်းပြင်ကို တိုးဝင် တိုက်ခိုက်သော်လည်း ထိုအရာ၏ စုပ်ယူခြင်းကို ခံရကာ လေထုတွင်ပင် ပျောက်ကွယ်သည်။
"ပျက်သုဉ်းခြင်း မိစ္ဆာ လက်သီး ..."
ထိုနည်းစနစ်သည် အရှေ့တိုင်းနှင့် အနောက်တိုင်း ကျင့်စဉ်များကို ပေါင်းစည်းကာ အမှောင်စွမ်းအင်ကို အသုံးပြု၍ ဖန်တီးထားသည့် လက်သီး နည်းစနစ် တစ်ခု ဖြစ်သည်။ ထိုလက်သီးသည် အလွန်အမင်း အစွမ်းထက်ရာ ဓားအလင်း ဆယ်ခုကိုပင် တစ်ပြိုက်နက်တည်း တိုက်ခိုက် နိုင်စွမ်း ရှိသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
အခြား ခုံသမာဓိများကလည်း သူတို့၏ ကိုယ်ပိုင် အစွမ်းထက် နည်းစနစ်များကို အသုံးပြုကာ ရွှေရောင် ဓားများအား ဖျက်ဆီး ပစ်လိုက်၏။
အဆုံး၌ သူတို့၏ တိုက်ခိုက် ဖျက်ဆီးမှုများ အောက်တွင် ဓားအလင်း တစ်ခုသာ ကျန်ရစ်တော့သည်။ ထိုဓားကား "အမတေ ဖြည့်တင်းခြင်းဓား" ပင်။
"ပြန်လာခဲ့ ..."
ချန်းဖန်က လက်ကို ဝှေ့ယမ်းကာ ဓားကို ပြန်လည် ဆင့်ခေါ်လိုက်သည်။
"ချန်းပေ့ရွှမ်း ... မင်းရဲ့ နတ်ဘုရား လက်နက်က ဘာမှ အသုံးမကျပါလား ... မင်းမှာ ဘာအားကိုး ရှိသေးလဲ ... ထုတ်ပါဦး"
သွေးမူးမတ် ကလော့ ဒီက လှောင်ရယ် ရယ်ရင်း ဆိုလိုက်သည်။ သူ့နည်းတူပင် အခြားသော ခုံသမာဓိ များကလည်း ကျေနပ်စွာ ရယ်လိုက်ကြ၏။
"မင်းတို့မှာပဲ ဝိညာဉ် လက်နက်တွေ ရှိတယ်လို့ ထင်နေတာလား ..."
ချန်းဖန်က ခေါင်းကို ခါရင်း ဓားအားဖြည့် ကျောက်မျက် အတွင်းမှ အဇူရာ တံဆိပ်တုံးကို ထုတ်ယူ လိုက်သည်။
အဇူရာ တံဆိပ်တုံး၏ မျက်နှာပြင် တစ်ခုလုံးသည် တွန့်လိမ် ကောက်ကွေးသော သင်္ကေများဖြင့် ပြည့်နှက်နေကာ ထိုသင်္ကေတ တစ်ခုချင်းစီး၌ မိုးကြိုး စွမ်းအားများ စီးဆင်း နေ၏။
ထိုအရာကား အလယ်အလတ် အဆင့် ဝိညာဉ် လက်နက် "မိုးကြိုး တံဆိပ်တုံး" ပင်။
***