သစ္စာဖောက် (အပိုင်း ၃)
Vol. 16 Ch. 240
စူးချင်းက သူမ၏ယခင်ဘဝတွင် သစ္စာဖောက်တစ်ဦး၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသောကြောင့် လူအများ၏နှလုံးသားက နေကဲ့သို့ဖြစ်ပြီး တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ဟု ခံစားခဲ့ရသည်။
မင်း အရှေ့မှာ မင်းကိုမြှောက်ပင့်နေတဲ့သူ တော်တော်များများက မင်း နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေပဲ။
သူတို့က မင်းကို မြင့်မြင့် မြှင့်တင်လေလေ မင်း လဲကျတဲ့အခါ သူတို့က မင်းကို နင်းချေလေလေ ဖြစ်လာလိမ့်မယ်။
“ဦးလေးချန်ကတော့ အဲ့လို မလုပ်လောက်ပါဘူး။ ဒါပေမယ့် သူ့လူတွေထဲကတော့ ဖြစ်နိုင်တယ်။ လောလောဆယ် ဦးလေးချန်က လူသုံးယောက်ကို သံသယရှိနေတယ်၊ သူတို့ထဲက ဘယ်သူက သစ္စာဖောက်တယ်ဆိုတာကတော့ သူတို့ရဲ့လုပ်ရပ်အပေါ်ပဲ မူတည်တယ်”
ဦးလေးချန်က သူ့ကို သစ္စာဖောက်မည်ဟုတော့ ကျိရွှေရှန့်က ဘယ်တော့မှ မယုံကြည်ချင်ခဲ့ပေ။
နန်းတွင်းကနေ သူ့တို့ကို စစ်တပ်ရိက္ခာနဲ့ လစာ မပေးပေမယ့် မော့ချန်က ပြည်သူတွေအတွက် ငဲ့ညှာပြီး အကာအကွယ်ပေးနေတဲ့ ဦးလေးချန်က သစ္စာမဲ့တဲ့ လူယုတ်မာတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။
"သစ္စာဖောက်ကို ရှာမတွေ့သေးရင် ကျွန်မတို့ ထွက်မသွားသင့်သေးဘူး"
စူးချင်းကတော့ မည်သူ့ကိုမျှ မယုံကြည်နိုင်သေးပေ။ သူမနှင့် ကျိရွှေရှန့်တို့ ထွက်သွားပြီးနောက် ကျိရှောင်ယင်နှင့် အခြားသူများ အန္တရာယ်ကျရောက်မည်ကို သူမ စိုးရွံ့နေခဲ့သည်။
“ကောင်းပါပြီ”
ကျိရွှေရှန့်က စူးချင်းကို အလွန်ယုံကြည်သလို သူကိုယ်တိုင်လည်း ယခု မော့ချန်မှ ထွက်ခွာရန် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ စူးချင်း၏မျက်လုံးများအောက်မှ အနည်းငယ် မဲမှောင်နေသော စက်ဝိုင်းများကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က စိတ်မကောင်းဖြစ်သွားပြီး သူမ၏လက်လေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
"မင်းလည်း စောစောအနားယူသင့်တယ်!"
“ကျွန်မ အခု မအိပ်ချင်သေးဘူး။ ကျွန်မ အိပ်ချင်လာရင် သွားအိပ်ပါ့မယ်"
စူးချင်းက အဆင့်တက်ရန် စိတ်အားထက်သန်နေပြီး အနားယူရန် ငြင်းဆန်နေခဲ့သည်။
ကျိရွှေရှန့်က သူမကို နောက်တစ်ကြိမ် တိုက်တွန်းချင်နေသော်လည်း ချိုးယုံခန်းက ကမန်းကတန်း ပြေးဝင်လာသည်ကို သူ တွေ့လိုက်ရပြီး "ရွှေရှန့်၊ ငါနဲ့ လိုက်ခဲ့"
ကျိရွှေရှန့်က တစ်ခုခု ဖြစ်နေပြီဟု ထင်သွားပြီး ချိုးယုံခန်းနှင့်အတူ အိမ်အပြင်သို့ အမြန် ပြန်ထွက်သွားခဲ့သည်။
ယနေ့က ရှားရှားပါးပါး ရာသီဥတု ကောင်းမွန်နေသည့် နေ့တစ်နေ့ ဖြစ်နေခဲ့ပြီး ကောင်းကင်က ကြည်လင်နေကာ နေကလည်း တောက်ပနေခဲ့သည်။ နေရောင်ခြည်က အားကောင်းနေသောကြောင့် အပူချိန်က ပုံမှန်နေ့များထက် ပိုမြင့်နေသည်။ သက်ကြီးရွယ်အိုအများစုက နေပူထဲတွင် နေပူဆာလှုံနေကြရင်း နံရံကို မှီကာ ထိုင်နေရခြင်းကို နှစ်သက်ကြသည်။
သို့သော် ယနေ့တွင် မည်သူမျှ ခြံဝင်းထဲမှ ထွက်လာရန် သတ္တိမရှိကြပေ။ လွန်ခဲ့သောည၏ အဖြစ်အပျက်က လူတိုင်းကို ကြောက်ရွံ့စေခဲ့ပြီး မြို့ထဲသို့ ဝင်လာလျှင်ပင် မလုံခြုံတော့သလို ခံစားနေကြရသည်။
ချိုးယုံခန်းက ကျိရွှေရှန့်ကို မည်သူမျှ မရှိသည့် နေရာသို့ ဆွဲခေါ်သွားပြီး သူက ကျိရွှေရှန့်၏ မျက်လုံးများကို စိုက်ကြည့်နေကာ စကားပြောရန် တုံ့ဆိုင်းနေပြန်သည်။
"ဘာဖြစ်လို့လဲ?"
ချိုးယုံခန်း၏အမူအရာမှတဆင့် သူ တစ်ခုခုကို သိချင်နေကြောင်း နားလည်သွားခဲ့သော်လည်း ကျိရွှေရှန့်က ချိုးယုံခန်းကိုယ်တိုင် ပြောလာမည့်စကားကို ကြားချင်နေသေးသောကြောင့် သူ့ဘက်မှ စမေးလိုက်သည်။
"မနေ့က အနက်ရောင်ဝတ်လူက ချိုးယွဲ့လို့ ကြားတယ်"
ချိုးယုံခန်းက ကျိရွှေရှန့်၏မျက်လုံးများကို စိုက်ကြည့်နေရင်း မေးမြန်းလာခဲ့သည်။ သူ့အသံက လေးလံနေပြီး သူ့မျက်လုံးများထဲတွင် နာကျင်မှုများ ပြည့်နှက်နေလေသည်။
ဘာပဲဖြစ်ဖြစ် ချိုးယွဲ့က သူ့ညီမအရင်းပါ။ သူက သူမကို သူ့လက်တွေနဲ့ မြှုပ်နှံခဲ့ပြီး အဲ့အတွက် သူ့မှာ အပြစ်ရှိတယ်လို့ အမြဲ ခံစားနေခဲ့ရတယ်။
“အင်း”
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
သူက သူ့ရဲ့ညီအစ်ကိုကောင်းကို ဘယ်တော့မှ လိမ်ပြောမှာ မဟုတ်ဘူး။
“အဲဒါ သူ(မ)ပဲ”
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ငါ သူ့(မ)ကို ငါ့လက်နဲ့ ငါကိုယ်တိုင် မြုပ်ထားခဲ့တာလေ”
ချိုးယုံခန်းက လုံးဝ မယုံနိုင်ဖြစ်နေခဲ့သည်။ သေသွားတဲ့သူက ဘယ်လို ပြန်ရှင်နိုင်မှာလဲ?
"သူ(မ)ကို ပြန်တူးဖော်ပြီး လူသားနတ်ဆိုးအဖြစ် ဖန်တီးခဲ့တာ"
ကျိရွှေရှန့်က မနေ့ညက သူ မြင်ခဲ့ရသည့် မယုံနိုင်စရာမြင်ကွင်းနှင့် အဖြစ်အပျက်များကို ချိုးယုံခန်းအား ပြန်ပြောပြလိုက်သည်။
သူ အခုမှ ယုံခန်းကို ပြောပြရတဲ့ အကြောင်းအရင်းက သူတို့ နှစ်ယောက် မဆုံဖြစ်တာကြောင့်ပါ။ သူ မနေ့ညက စူးချင်းနဲ့အတူ ဝတ်ရုံနက်လူတွေနောက်ကို လိုက်သွားခဲ့ပြီး ပြန်ရောက်တာနဲ့ ဦးလေးချန်ကို သွားရှာခဲ့တယ်။ သူ ယုံခန်းနဲ့ လုံးဝ မဆုံဖြစ်သေးဘူး။
"လူသားနတ်ဆိုး?"
ချိုးယုံခန်းက ထိုအရာကို လုံးဝ လက်မခံနိုင်သေးပေ။
သူ့ညီမလေးက သေဆုံးသွားတာတောင် သူမရဲ့ဗိုက်ကို ဖြတ်တောက်ပြီး လူသားနတ်ဆိုးအဖြစ်သို့ ပြောင်းလဲခံခဲ့ရတာလား?
သူ့၏မျက်လုံးများတွင် နာကျင်ခြင်းများနှင့် မိမိကိုယ့်ကိုယ် အပြစ်တင်နေမှုများ ပြည့်နှက်နေသည်။
သူ ချိုးယွဲ့ကို သေသေချာချာ မသင်္ဂြိုဟ်ပေးခဲ့တာကြောင့် လူဆိုးတွေက သူမကို အန္တရာယ်ပြုဖို့ တူးဖော်ခွင့်ရသွားခဲ့တယ်။ အဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိတယ်။
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ရင်း “ဟုတ်တယ်၊ အရင်က မွေးစားအဖေပြောတာကို ငါ ကြားဖူးတယ်။ ဒါက စုန်းအတတ်ပညာပဲ။ ရုတ်တရက် သေဆုံးသွားတဲ့သူတွေရဲ့ နာကြည်းမှုကို အသုံးချပြီး လူသားနတ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်တက်တဲ့ အတက်ပညာမျိုးပဲ”
"ငါ နားလည်ပြီ"
ချိုးယုံခန်းက သူ နားလည်သွားပြီ ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်နှာတွင် နာကျင်မှုများ ပြည့်နှက်နေခဲ့သည်။ သူက သူ့၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး ခံစားချက်မရှိတော့သလို အမူအရာဖြင့် ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။
"သူ့(မ)ရဲ့ခန္ဓာကိုယ်က ဘယ်မှာလဲ?"
"ချိုးယွဲ့လား?"
ကျိရွှေရှန့် မေးလိုက်သည်နှင့် ချိုးယုံခန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ကာ "အင်း"
“မော့ချန်က ခေါင်းတလားဆိုင်က ပိတ်သွားပြီ၊ ငါတို့မှာ ခေါင်းတလား ဝယ်ဖို့ နည်လမ်း မရှိတော့ဘူး။ ချိုးယွဲ့ရဲ့အလောင်းကို ဖျာနဲ့ထုပ်ပြီး သင်္ဂြိုလ်လိုက် ရတယ်၊ မင်း စိတ်မကောင်းဖြစ်မှာ စိုးလို့ မင်းကို မပြောတော့တာ"
ကျိရွှေရှန့်က ချိုးယုံခန်း၏စိတ်အခြေအနေ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရပြီး ချိုးယုံခန်း၏ပခုံးကို ပုတ်ပေးလိုက်ကာ “ယုံခန်း ငါ တောင်းပန်ပါတယ်"
ချိုးယုံခန်းက စကားမပြောနိုင်လောက်အောင် ဝမ်းနည်းနေခဲ့ပြီး သူ့မျက်လုံးများက နီရဲနေခဲ့သည်။
နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ချိုးယွဲ့က သူရဲ့ညီမအရင်းပါပဲ။ အစ်ကိုတစ်ယောက်အနေနဲ့ ညီမဖြစ်သူရဲ့သနားစရာကောင်းတဲ့ အခြေအနေကို မတွေးတောဘဲ မနေနိုင်ခဲ့ဘူး။
ကျိရွှေရှန့်က သူ့ကို ဂရုတစိုက် ကြည့်နေပြီး "မင်းစိတ်ထဲမှာ တစ်ခုခု ရှိရင် ပြောလို့ ရတယ်။ ငါတို့က ညီအစ်ကိုတွေပဲ”
“ငါ နည်းနည်းတော့ စိတ်မကောင်း ဖြစ်နေမိတယ်။ ချိုးယွဲ့က သေသွားတာတောင် ကောင်းကောင်း အနားမယူနိုင်သေးဘူး"
ချိုးယုံခန်းက ခေါင်းခါလိုက်သည်။ သူ့အသံတွင် ခါးသီးမှုများ ပြည့်နေကာ သူ့မျက်လုံးများက မှေးမှိန်လျော့ရဲနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသော အရိပ်အယောင်များ ပြည့်နေခဲ့သည်။
“.....”
ကျိရွှေရှန့်ကလည်း သူ့ကို မည်သို့နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။
တခြားသူတွေဆိုရင်လည်း သူတို့ရဲ့ညီမ သေဆုံးပြီး လူသားနတ်ဆိုးအဖြစ် အသုံးချဖို့ တူးဖော်ခံရတာကို ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါက တကယ့်ကို ကြေကွဲစရာပါပဲ။
"ကောင်းပါပြီ၊ ငါ အရင် ပြန်လိုက်ဦးမယ်"
ချိုးယုံခန်းက အားတင်းကာ ပြုံးလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ သူက သူ့ခေါင်းကို လုံးဝ မမော့သည့်အပြင် သူ့မျက်လုံးများကိုလည်း အောက်စိုက်ထားခဲ့သည်။
ကျိရွှေရှန့်က ဝမ်းနည်းနေပုံရသည့် ချိုးယုံခန်း၏ကျောပြင်ကို ကြည့်နေရင်း လှမ်းအော်လိုက်သည်။
"ယုံခန်း ငါ မင်းနဲ့လိုက်ခဲ့မယ်"
အခုအချိန်မှာ ယုံခန်းရဲ့ညီအစ်ကိုကောင်းတစ်ယောက်အနေနဲ့ သူက ယုံခန်းနဲ့အတူ ရှိနေပေးဖို့ လိုအပ်တယ်လို့ သူ ခံစားနေရတယ်။
ချိုးယုံခန်း၏ခြေလှမ်းများက ရပ်တန့်သွားခဲ့သော်လည်း သူက ကျိရွှေရှန်းကို လှည့်မကြည့်ဘဲ တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ရပါတယ်ကွာ.... မလိုပါဘူး။ မင်း အစိုးရရုံးတော်ကို မြန်မြန်သွားလိုက်တော့။ အစိုးရရုံးတော်ကို ရှင်းလင်းပြီးပြီ။ လီတာ့နျိုနဲ့ တခြားသူတွေက အဲဒီမှာ မင်းကို စောင့်နေကြတယ်”
"အင်း ဒါဆို! ကောင်းပြီလေ"
ချိုးယုံခန်းအတွက် သူ တစ်ယောက်တည်း နေချင်ပြီး ချိုးယွဲ့၏ကိစ္စကို ချေဖျက်ရန် လိုအပ်နေသည်ဟု တွေးလိုက်မိသောကြောင့် ကျိရွှေရှန့်က သူ့စကားကို သဘောတူလိုက်ပြီး စီရင်စုရုံးတော်ဆီသို့ လျှောက်သွားလိုက်သည်။
ချိုးယုံခန်းက ချွီတာ့ကို သွားရှာခဲ့ပြီး သူ့ညီမလေး၏အလောင်းကို သွားကြည့်ရန် သူ့ကို ခေါ်သွားပေးဖို့ တောင်းဆိုလိုက်သည်။ ချွီတာ့က သူ့ကို ကောက်ကွေ့နေသော မိုးမခပင်ကြီးတစ်ပင်ရှိနေသည့် အနောက်ဘက်မြို့ရိုးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ချိုးယွဲ့ကို ထိုမိုးမခပင်အောက်တွင် မြုပ်နှံထားခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ချိုးယုံခန်းက ဘာအမှတ်အသားမှ မရှိသည့် မိုးမခပင်၏အမြစ်များကြားမှ မြေပုံအသစ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ချွီတာ့ကို မော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဦးလေးတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ ငါတို့လည်း မင်းညီမအတွက် ခေါင်းတလား ဝယ်ပေးချင်ပေမယ့် ဒီက ခေါင်းတလားဆိုင်က ပိတ်သွားပြီ။ မင်းညီမကို ဖျာနဲ့ထုပ်ဖို့က လွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး"
ချွီတာ့က ချိုးယုံခန်းကို တောင်းပန်စကား ပြန်ပြောလိုက်ပြောသည်။ ချိုးယုံခန်းက သူ့ကို ကြည့်နေရင်း မချိပြုံး ပြုံးလိုက်ကာ “ဒီလောက် လုပ်ပေးတာကိုပဲ ကျွန်တော် အရမ်းကျေးဇူးတင်နေပါပြီ။ ဦးလေး လုပ်စရာရှိရင် အရင် ပြန်လို့ရပါပြီ။ ကျွန်တော် ညီမလေးနဲ့ ခဏထိုင်လိုက်ဦးမယ်”
သူက ထိုသို့ ပြောလိုက်သောကြောင့် ချွီတာ့က သူ ဆက်နေချင်လျှင်ပင် ဘာပြောရမှန်း မသိတော့ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြပြီး ထွက်သွားခဲ့သည်။
ချိုးယုံခန်းက လတ်လတ်ဆတ်ဆတ် မြေပုံလေး၏ဘေးတွင် ဖြည်းညှင်းစွာ ဒူးထောက်လိုက်ပြီး သူ့မျက်လုံးများက ပိုနီရဲလာခဲ့သည်။ မကြာမီတွင် သူ့အမြင်အာရုံတစ်ခုလုံး မြူခိုးများ ပိတ်ဆို့သွားခဲ့သည်။ သူ့မျက်လုံးများတွင် နောင်တနှင့် နာကျင်မှုများ ပြည့်နှက်နေပြီး သူက ရုတ်တရက် သူ့လက်နှစ်ဘက်ဖြင့် မြေကြီးကို အသဲအသန် တူးနေတော့သည်။
“အစ်ကို မင်းကို တောင်းပန်ပါတယ်။ အစ်ကိုက မင်းကို ဒုက္ခတွေ ခံစားရအောင် လုပ်ခဲ့မိတယ်၊ မင်း သေတာတောင် ခန္ဓာကိုယ်က အပြည့်အစုံ မရှိတော့ဘူး”
ချိုးယုံခန်းက မြေကြီးကို တူးဆွနေရင်း သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။ သဲနှင့်ကျောက်စွန်းများကြောင့် သူ့လက်ချောင်းများ သွေးထွက်နေသည်ကိုပင် သတိမထားမိဘဲ ဆက်တူးနေလေသည်။ အချိန်အတော်ကြာ တူးပြီးနောက် ဖျာထဲတွင် ထုပ်ထားသည့် မပြည့်မစုံ အလောင်းတစ်ခုကို တွေ့လိုက်ရသည်။
ထိုအလောင်း၏မျက်နှာက မည်းနက်နေပြီး ဦးခေါင်းက တောင့်တင်းနေပြီ ဖြစ်ကာ ပါးစပ်ကို ကျယ်ကျယ်လောင်လောင် ဖွင့်ထားသောကြောင့် ထိုမျက်နှာကြီးက ကြောက်မက်ဖွယ်ကောင်းနေလေသည်။ သူမ၏လက်နှစ်ဖက်စလုံးနှင့် ခြေနှစ်ဖက်စလုံးကိုလည်း ဆုံးရှုံးထားသည့်အပြင် ချိုးယုံခန်းက သည်းမခံနိုင်ဆုံးအရာမှာ သူမ၏ဗလာကျင်းနေသော ရင်ဘတ်ဖြစ်သည်။
ချိုးယုံခန်းက သူ့ညီမလေး၏အလောင်းကို ကြည့်နေပြီး အကြာကြီး ထိုင်ငိုနေခဲ့သည်။ သူ့လက်များက မြေပြင်ပေါ်ရှိ မြေကြီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အချိန်အကြာကြီး ပြန်မထနိုင်ခဲ့ပေ။
စူးချင်းကတော့ ထိုနေရာတွင် ဘာဖြစ်နေမှန်း မသိသေးပေ။ သူမက ကျုံးယုံအတွက် တူတစ်စုံ ပြုလုပ်ပေးမည်ဟု ကျုံးယုံကို ပြောထားသောကြောင့် ထိုလက်နက်ကို ပြုလုပ်ရန် အလုပ်များနေခဲ့သည်။ သူမ တူပြုလုပ်ရန် ပုံစံခွက် လိုအပ်သော်လည်း ပန်းပဲဖိုတွင် တူပြုလုပ်ရန် ပုံစံခွက်(မို)မရှိပေ။
“စနစ်၊ ငါ တူပုံစံ မိုတစ်ခု လိုချင်တယ်”
စူးချင်းက စနစ်ထဲမှ ဆုလာဒ်များ ရရန် ကျန်နေသေးသည်ကို မှတ်မိနေသောကြောင့် သံတူအတွက် ပုံစံခွက်ကို တောင်းဆိုလိုက်သည်။
စနစ်က ကျေနပ်သွားပြီး ချက်ချင်း ထုတ်ပေးလိုက်သည်။ ဤသည်မှာ မကြာသေးမီက Host အဆိုပြုခဲ့သော ဆုများအနက် အသေးငယ်ဆုံး ဖြစ်သည်။
ဓားမောက်ရှည်များက သံတုံးများ ဖြစ်သွားသည်အထိ အရည်ပျော်သွားသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သံညှပ်ဖြင့် ထုတ်ယူကာ ပုံစံခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူမက သေသေချာချာ ထုနှက်ပြီး ပုံသွင်းကာ ရေထဲတွင် အအေးခံထားလိုက်သည်။ အေးသွားလျှင် ထိုအရာက သံနက်ဖြင့် ပြုလုပ်ထားသည့် သံတူကြီး ဖြစ်လာမည် ဖြစ်ကာ လက်ကိုင်ကိုပင် သံဖြင့် ပြုလုပ်ထားခဲ့သည်။
သူ့ဆရာက သူ့အတွက် တူကြီးတစ်စုံ ထုနှက်ပုံဖော်သည်ကို ကြည့်နေရင်း ကျုံးယုံ၏မျက်လုံးကြီးများက ပြူးကျယ်နေခဲ့သည်။ သူက လူကြီးထံမှ သကြားလုံးကို စောင့်ဆိုင်းနေသည့် ကလေးတစ်ယောက်လို ဖြစ်နေပြီး သူ ချက်ချင်း လိုချင်နေသော်လည်း မပြောရဲသည့်ဟန်ပန်မျိုး ဖြစ်နေခဲ့သည်။ သူက အလွန် စိတ်လှုပ်ရှားနေပုံဖြင့် သူ့ပေါင်ပေါ်မှ သူ့လက်များကို သူ့ပေါင်နှင့်ပွတ်သပ်နေသောကြောင့် သူ့ဘောင်းဘီပင် စုတ်ပြဲလုနီးပါးဖြစ်နေတော့သည်။
စူးချင်းတစ်ယောက် ထိုသံတူကို သွန်းလုပ်နေချိန်တွင် ကျိရွှေရှန့်က စီရင်စုရုံးတော်သို့ ခပ်မြန်မြန် သွားနေခဲ့သည်။