သဘောထားကွဲလွဲမှု (အပိုင်း ၁)
Vol. 17 Ch. 255
စူးချင်းက သူမတို့ဆီသို့ လျှောက်သွားလိုက်ပြီး ရေနွေးပုံးကို ကောက်ယူလိုက်သည်။ သူမတို့အတွက် ခက်ခက်ခဲခဲ သယ်ခဲ့ရသော ရေနွေးပုံးကို စူးချင်းက လွယ်လွယ်ကူကူ မယူသွားပြီး ကန့်လန့်ကာနောက်သို့ ပြန်ဝင်သွားခဲ့သည်။
အစေခံသုံးယောက်က သူမတို့ ပြုတ်ကျခါနီး ဖြစ်နေသော မေးရိုးများကို ပြန်တွန်းတင်လိုက်ပြီး ဘာမှ မပြောဝံ့ဘဲ တဲဝန်းထဲသို့ အမြန် ပြန်ထွက်သွားကြသည်။
ဒီအချိန်မှာ သူမတို့က မျက်ကန်းတွေ ဖြစ်ပြီး သူမတို့ ဘာမှ မမြင်ခဲ့ကြဘူး။
စူးချင်းက သူမတို့ ဘာတွေ တွေးနေမှန်း မသိခဲ့ပေ။ သူမက ရေနွေးပုံးကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်ပြီး အမျိုးသမီး၏ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများမှ ငွေအပ်များကို ဖယ်ရှားကာ သူမ၏ရင်ဘတ်မှ သူမ၏ဝမ်းဗိုက်အထိ ငွေအပ်များကိုသာ ချန်ထားလိုက်သည်။ ထို့နောက် စူးချင်းက ထိုအမျိုးသမီးကို ပွေ့ချီကာ ရေနွေးပူထဲသို့ ထည့်ပေးလိုက်သည်။
ပြန်ရောက်လာသော အစေခံမိန်းကလေးက ဘေးမှ စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
ရေက အရမ်းပူတယ်။ ဒီမိန်းခလေးက သူမရဲ့သခင်မကို ရေနွေးထဲ ထည့်ပြုတ်ဖို့ ကြိုးစားနေတာလား?
သို့သော် စူးချင်း၏ ကုသမှု ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူမက ဘာမှ မပြောဝံ့ပေ။ သူမက ဘေးမှ စိုးရိမ်တကြီးသာ စောင့်ကြည့်နေနိုင်တော့သည်။
"သခင်မလေးစူး၊ ဆေး ယူလာပါပြီ"
ယဲ့လွီချွမ်းက ဆေးထုပ်ကို ကိုင်ထားရင်း တဲကြီးထဲသို့ အမြန် ပြန်ပြေးဝင်လာခဲ့သည်။
စူးချင်းက အစေခံမိန်းကလေးအား ဆေးထုပ်များ သွားယူစေပြီး ရေနွေးပုံးထဲသို့ လောင်းထည့်ခိုင်းလိုက်သည်။ ခဏအကြာတွင် တဲကြီးထဲ၌ ဆေးနံ့များ ပြည့်လျှုံလာခဲ့သည်။
ရှီးချန်တစ်ဝက် (တစ်နာရီခန့်) စိမ်ပြီးနောက် ရေအေးသွားသောကြောင့် အပူချိန်ကို ထပ်ညှိကာ နောက်ထပ် ရေနွေးထပ်ထည့်ပေးလိုက်သည်။
နောက်ထပ် ရှီးချန်တစ်ဝက် (တစ်နာရီ)ကြာပြီးနောက်တွင် ထိုအမျိုးသမီး၏မျက်နှာက ရေနွေးပူပူကြောင့် နီမြန်းလာပြီး သူမ၏ နှုတ်ခမ်းဖြူဖျော့ဖျော့များကလည်း နီရဲလာခဲ့သည်။ ပုံးထဲမှ ရေကတော့ မည်းညစ်သွားပြီး ဆေးနံ့ကပင် ထိုရေ၏အနံ့ဆိုးကို မဖုံးကွယ်ထားနိုင်တော့ပေ။
ယဲ့လွီချွမ်းကတော့ ကုတင်၏ကန့်လန့်ကာထဲသို့ မဝင်နိုင်ပေ။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်သူက တဲကြီးထဲတွင် စိုးရိမ်တကြီး လှည့်ပတ် လမ်းလျှောက်နေခဲ့သည်။
စူးချင်းက အစေခံမိန်းကလေးအား အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဆေးအကျန်များကို သုတ်ပစ်ရန် အမိန့်ပေးလိုက်ပြီး သူမက ထိုအမျိုးသမီး၏ဝမ်းဗိုက်အောက်ပိုင်းမှ ငွေအပ်ကို ဆွဲထုတ်လိုက်ကာ ထိုအမျိုးသမီးကို နူးညံ့သောအိပ်ယာပေါ်သို့ ပြန်တင်ပေးလိုက်သည်။
စူးချင်းက ထိုအမျိုးသမီး၏သွေးခုန်နှုန်းကို ထပ်မံ စမ်းသပ်လိုက်ပြီး သူမ၏သွေးခုန်နှုန်းက အရင်ကထက် ပိုပြင်းထန်လာကာ သူမ၏အသက်ရှူသံက ပိုတည်ငြိမ်လာသည်။ စူးချင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမကို အတွင်းပိုင်းရော အပြင်ပိုင်းပါ ကုသပေးရန် ရှောင်ချီကို သူမ အတွက် အဆိပ်ဖြေဆေး ပြင်ခိုင်းလိုက်သည်။
"တတိယမင်းသား"
တဲဝိုင်း၏အပြင်ဘက်မှ တစ်စုံတစ်ယောက်က ယဲ့လွီချွမ်းကို အော်ခေါ်လိုက်သည်။
ဒီတော့ ယဲ့လွီချွမ်းက တတိယမင်းသားပေါ့။
စူးချင်းက မျက်ခုံးပင့်တင်လိုက်သည်။
ဒီလူရဲ့စရိုက်ကို လောလောဆယ် မသိနိုင်သေးဘူး။ အခုလောလောဆယ်တော့ သူက ကြင်နာတတ်ပြီး ယဥ်ယဥ်ကျေးကျေးနဲ့ နှိမ့်ချတက်တဲ့အပြင် မိဘအပေါ်လည်း သိတက်တယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာကို ပြောဖို့ခက်တယ်။
ယဲ့လွီချွမ်းက ကုတင်၏ကန့်လန့်ကာကို တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာတွင် လှုပ်ရှားမှု မတွေ့သောကြောင့် တဲပြင်သို့ ထွက်သွားခဲ့သည်။
“တတိယမင်းသားကို သတင်းပို့ပါတယ်၊ ပထမမင်းသားနဲ့ ဒုတိယမင်းသားက စစ်သည်ငယ်လေးတစ်ယောက်ကြောင့် တိုက်ပွဲဖြစ်ခဲ့ကြတာပါ”
သူလျှိုက သူ စုဆောင်းလာသည့် အချက်အလက်များကို ယဲ့လွီချွမ်းအား ပြောပြနေခဲ့သည်။
“ပထမမင်းသားက ဒုတိယမင်းသားကို စစ်သည်တစ်ယောက် ထုတ်ပေးခိုင်းပြီး သူက တာ့ရှားပြည်ထောင်ရဲ့သူလျှိုလို့ ပြောခဲ့ပါတယ်။ ဒုတိယမင်းသားကတော့ ဘာပဲဖြစ်ဖြစ် အဲဒီစစ်သည်လေးကို လက်လွှဲပေးဖို့ ငြင်းဆန်ခဲ့တယ်။ နောက်ပိုင်းမှာ ပထမမင်းသားက ဒုတိယမင်းသားကို တာ့ရှားနဲ့ ပူးပေါင်းပြီး ပုန်ကန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်”
ပေးပို့လာသည့်သတင်းကို နားထောင်ပြီးနောက် ယဲ့လွီချွမ်းက အမှတ်တမဲ့ တဲကြီးထဲသို့ လှမ်းကြည့်လိုက်သည်။
သခင်မလေးစူးက စစ်သည်တစ်ယောက်ရဲ့ဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်။ ဖြစ်နိုင်တာက...
အဲ့လိုတိုက်ဆိုင်မှုမျိုးက ဖြစ်နိုင်ပါ့မလား?
"တစ်ခြားဘာ ရှိသေးလဲ?"
"ပထမမင်းသားက ခေါင်းဖြတ်ခံရရင်တောင် မသေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ လုပ်ကြံသတ်ဖြတ်သူ အများအပြားကို လျှို့ဝှက် လေ့ကျင့်ပေးထားခဲ့ပါတယ်"
ထိုသတင်းကို ကြားပြီးနောက်တွင် ယဲ့လွီချွမ်းက မယုံကြည်နိုင်စွာဖြင့် သူ့မျက်ခုံးများကို ပင့်တင်လိုက်မိသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဒီလို လူတွေ ရှိနိုင်ပါ့မလား?
"အဲဒီစစ်သည်လေးကို ဖမ်းမိသွားပြီလား?"
ယဲ့လွီချွမ်းက ခဏလောက်စဉ်းစားပြီးမှ ထပ်မေးလိုက်သည်။ စူးချင်း ဟုတ် မဟုတ် သူ သိချင်သည်။
“မမိလိုက်ဘူး၊ အခြေအနေက လုံးဝ ရှုပ်သွားခဲ့တယ်။ ဒုတိယမင်းသားရဲ့ဦးရီးတော်က သူရဲ့တပ်တွေကို ဦးဆောင်လာပြီး ပထမမင်းသားက အလယ်မှာ ပိတ်မိနေခဲ့တယ်။ လူတစ်ယောက်က မြှားနှစ်စင်းကို တစ်ပြိုင်နက်ပစ်ခတ်ပြီး ဒုတိယမင်းသားကို ကယ်တင်ပေးခဲ့ပေမယ့် သူက တာ့ထန်က မဟုတ်ဘဲ အလယ်ပိုင်းလွင်ပြင်က ဖြစ်ပုံရတယ်”
လျှို့ဝှက်အထောက်တော်က ဆက်လက် တင်ပြနေပြီး ယဲ့လွီချွမ်းက တဲကြီးဆီသို့ နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ကာ သူ့မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။
ဒါကတော့ တိုက်ဆိုင်လွန်းနေပြီ။ ဒါဆို ခုန စူးသခင်မလေးက ကျိရွှေရှန့်ကို သွားရှာတာ ဖြစ်နိုင်မလား?
ကျိရွှေရှန့်က ဒုတိယမင်းသားကို ကယ်တင်ပေးခဲ့တဲ့သူ ဖြစ်နိုင်လား?
သူတို့က ဘယ်သူတွေလဲ? တာ့ထန်ကို ရောက်လာတဲ့ သူမတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ? သူနဲ့ရင်းနှီးဖို့ ရည်ရွယ်ချက် ရှိရှိ ချဥ်းကပ်ခဲ့တာလား?
ယဲ့လွီချွမ်း၏မျက်လုံးများက မှေးကျဥ်းသွားပြီး သူက သူ့လက်မနှင့် လက်ညိုးကို ဖြည်းညှင်းစွာ ပွတ်သပ်နေခဲ့သည်။ သို့သော် သူက ဘာအမူအရာမှ မပြဘဲ သူ့၏သူလျှိုကို အမိန့်ပေးလိုက်သည်။
"ဆက်ပြီး စောင့်ကြည့်ထားလိုက်"
လျှို့ဝှက်အထောက်တော်ကို ပြန်လွှတ်လိုက်ပြီးနောက်တွင် ယဲ့လွီချွမ်းက တဲထဲသို့ ပြန်ဝင်လာခဲ့ပြီး သူ့၏လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ မတ်မတ်ရပ်နေရင်း တင်းတင်းကြပ်ကြပ် စေ့ပိတ်နေသော ကုတင်ကန့်လန့်ကာကို စိုက်ကြည့်နေခဲ့သည်။ သူက မလှုပ်ရှားသော်လည်း သူ့နှလုံးသားထဲတွင်တော့ အပြင်းအထန် ရုန်းကန်နေရသည်။
တကယ်လို့ ဒီလူနှစ်ယောက်က တာ့ထန်ပြည်ထောင်ကို သွေးထိုးလှုံဆော်ဖို့ ရည်ရွယ်ထားရင် သူ့ကို ချဥ်းကပ်လာတဲ့ သူတို့ရဲ့ရည်ရွယ်ချက်က မသန့်ရှင်းဘူး။ သူ့အမေ့ကို သူမလက်ထဲ အပ်လိုက်တာကရော အန္တရာယ်ကင်းပါ့မလား?
ယဲ့လွီချွမ်းက စူးချင်း သူ့အမေကို ကုသပေးနေခြင်းအား တားဆီးရန် ဆုံးဖြတ်လိုက်ချိန်မှာပင် စူးချင်းက ကုတင်ကန့်လန့်ကာကို ရုတ်သိမ်းပြီး ထွက်လာခဲ့သည်။
သူမက မောပန်းနွမ်းနယ်နေပုံရပြီး သူမ၏မျက်နှာက ဖြူဖျော့နေကာ သူမ၏အမူအရာအရ သူမ ပင်ပန်းနွမ်းနယ်နေမှန်း သိသာနေသည်။ ယခုအခိုက်အတန့်တွင် သူမ၏အမြဲအေးစက်နေသော မျက်လုံးများကလည်း ရန်လိုရိပ်များ မရှိနေတော့ပေ။
“မနက်စာ မစားခင်နဲ့ ညစာစားပြီးတဲ့နောက်မှာ တစ်နေ့ကို နှစ်ကြိမ်စာ လဝက်လောက်သောက်ရမယ့် ဆေးညွှန်းတစ်ခု ပေးမယ်။ ပြီးတော့ အပြင်းအထန် နာမကျန်းမှုကနေ ပြန်နလန်ထူဖို့ သူ(မ)ရဲ့ စားစရာက ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ လိုအပ်တယ်”
စူးချင်းက ဆေးစာ ရေးနေရင်း ယဲ့လွီချွမ်းကို ရှင်းပြလိုက်သည်။ သူမ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်ရေးလှရေးဟန်က ယဲ့လွီချွမ်း၏အာရုံကို တစ်ဖန်ပြန်လည်ဆွဲဆောင်နိုင်ခဲ့သည်။
တကယ်တော့ လူတွေရဲ့လက်ရေးက သူတို့ရဲ့စရိုက်နဲ့ အတူတူတူပဲ။ သူမမှာ ဒီလို လွှမ်းမိုးနိုင်တဲ့ လက်ရေးလှရေးဟန် ရှိနေမှတော့ သူမက ရဲရင့်တဲ့သူပဲ ဖြစ်ရမယ်။ သူမက အကြံသမားလို့ သူ တကယ်ကို မတွေးချင်ဘူး။
“ဒီဆေးတွေ သောက်ပြီး ပြန်ကောင်းလာရင်တောင် ရှင့်အမေအတွက် မတ်တပ်ရပ်ဖို့ ခက်နေဦးမှာပဲ။ သူ(မ) အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် တစ်လလောက် အပ်စိုက်ကုသဖို့ လိုအပ်တယ်၊ ဒါပေမယ့် ကျွန်မ အခုပြန်သွားရတော့မယ်၊ ငါးရက်အတွင်း ကျွန်မ ပြန်လာပေးနိုင်တယ်”
စူးချင်းက ယဲ့လွီချွမ်းကို ဆေးစာ လှမ်းပေးလိုက်သည်။ သူက တာ့ထန်၏မင်းသား ဖြစ်နေသောကြောင့် နှစ်နိုင်ငံစစ်တိုက်ကြလျှင် သူမတို့က ရန်သူများ ဖြစ်သွားကြပေလိမ့်မည်။ သို့သော် သူမက သူ့အမေကို ကုသပေးမည်ဟု ကတိပေးထားသောကြောင့် သူမ၏ကတိကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။
ထို့အပြင် သူမ နောက်ကွယ်မှလူကို ရှာမတွေ့သေးသည့်အတွက် သူမ ပြန်လာရဦးမည် ဖြစ်သည်။
“မိန်းခလေး၊ မင်းနဲ့ အစ်ကိုကျိက တာ့ရှားပြည်ထောင်ရဲ့အစိုးရဘက်ကလားလို့ ငါ မေးပါရစေ”
ယဲ့လွီချွမ်းက တည့်တည့်မေးရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့တိုက တာ့ထန်ကို ထိခိုက်စေပါက သူ စူးချင်းကို ပြန်ခွင့်မပြုနိုင်တော့ပေ။
စူးချင်းက သူ့မျက်လုံးများကို လှမ်းကြည့်လိုက်သည်။ ယဲ့လွီချွမ်း၏မျက်လုံးများထဲတွင် သံသယများ ရှိနေပြီး သူက သူမကို စမ်းသပ်နေကြောင်း နားလည်လိုက်သောကြောင့် စူးချင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး”
"မင်းက အကြီးဆုံးအစ်ကိုတော် ရှာနေတဲ့ စစ်သည်လား?"
ယဲ့လွီချွမ်းကလည်း စူးချင်း၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများက မည်းမှောင်နေပြီး သူဘာလုပ်ချင်သည်ကို မှန်းဆရန် ခက်ခဲနေလေသည်။
“ဟုတ်တယ်”
စူးချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်ကာ ပြန်ဖြေလိုက်ပြီး သူမ၏မျက်လုံးများကလည်း အေးစက်လာပြန်သည်။ သူမက ခက်ထန်သော လေသံဖြင့် “တတိယမင်းသားက ငါ့ကို ဂုဏ်အသရေနဲ့ လဲလှယ်ဖို့ အသုံးချချင်နေတာလား?”
"ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ?"
ယဲ့လွီချွမ်းက စူးချင်း၏မေးခွန်းကို ပြန်မဖြေဘဲ သူက စူးချင်းကို နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ သူ့၏လက်မပေါ်ရှိ အစိမ်းရောင်လက်စွပ်ကို လှည့်ပတ်နေခဲ့သည်။
သူမျက်နှာက ညှို့မှိုင်းနေပြီး ကြောက်လန့်ဖွယ်ကောင်းနေကာ တဲအတွင်းရှိ အပူချိန်က ရေခဲမှတ်သို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။
"ကိုယ့်ကိုယ်ကို ကာကွယ်ဖို့"
စူးချင်းက မျက်မှောင်ကြုတ်ပြီး စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ ယဲ့လွီချွမ်းကို ပြန်ကြည့်နေသော သူမ၏မျက်လုံးများကလည်း အေးစက်ပြီးရင်း အေးစက်လာပြီ ဖြစ်သည်။
"တခြား ရည်ရွယ်ချက် မရှိဘူးလား?"
ယဲ့လွီချွမ်းက ထပ်မေးလိုက်သည်။
"ဘယ်လို ရည်ရွယ်ချက်မျိုးလဲ?"
စူးချင်းက ရယ်မောကာ ပြန်မေးလိုက်သည်။
"တာ့ထန်ကို နှောင့်ယှက်ဖို့"
ယဲ့လွီချွမ်းက စူးချင်း၏ မျက်လုံးများကို စိုက်ကြည့်နေရင်း သူ့စိတ်ထဲမှ သံသယများကို ထုတ်ပြလိုက်သည်။
"ငါ့မှာ အဲ့လိုအစီအစဉ် ရှိတယ်"
စူးချင်း၏မျက်လုံးများကလည်း အေးစက်နေပြီး သူမက ဘာမှ မဖုံးကွယ်ထားခဲ့ပေ။ ယဲ့လွီချွမ်းက အင်အားကြီးပြီး ဖိနှိပ်ချုပ်ချယ်သော အမူအရာဖြင့် သူမကို ထပ်ခါတလဲလဲ မေးခွန်းထုတ်နေသောကြောင့် စူးချင်းက ဒေါသထွက်နေပြီး သူမ၏နှလုံးသားက ရန်လိုနေပြီ ဖြစ်သည်။
ငါက နင်တို့ရဲ့တိုင်းပြည်ကို ရှုပ်စေချင်တော့ရော... ဘာဖြစ်လဲ?
အရူး၊ အရူးတွေ...အရမ်းကို ရူးသွပ်နေတဲ့ ကောင်တွေ....
စူးချင်က ဘာကိုမှ ဂရုမစိုက်ပေ။ ယဲ့လွီချွမ်းက သူမ အကြောင်းသိသွားပြီး သူမကို သတ်ပစ်မည်ကိုလည်း သူမ ကြောက်မနေခဲ့ပေ။
ယဲ့လွီချွမ်းက သူ့၏လက်နှစ်ဖက်ကို နောက်ကျောပစ်ထားပြီး စူးချင်းကို အချိန်အကြာကြီး စိုက်ကြည့်နောကာ သူ့နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများက သူမဆီသို့ လှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီး တစ်လှိုင်း ဖိချနေရင်း သူ့အမူအရာက ပို၍ အုံ့မှိုင်းလာခဲ့သည်။
စူးချင်းက အပေါ်ယံ မျက်နှာပြင် ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေပြီး သူ့ကို အေးအေးဆေးဆေး ပြန်ကြည့်နေဆဲဖြစ်သော်လည်း ယဲ့လွီချွမ်းက စူးချင်းဆီမှ ဖိအားကို စတင်ခံစားနေရပြီ ဖြစ်သည်။
ထို့ကြောင့် ယဲ့လွီချွမ်းက စူးချင်းကို ပို၍ပင် စူးစမ်းချင်လာခဲ့သည်။
မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်ထက် သတ္တိပိုရှိနိုင်တယ်လား?
ထိုနောက် ယဲ့လွီချွမ်း၏မျက်နှာက ပိုမည်းမှောင်လာပြီး စူးချင်းကို အေးစက်စွာ လှမ်းပြောလိုက်သည်။
"ဒါဆို ငါ မင်းကို ပြန်ခွင့်မပြုနိုင်ဘူး..."