← Chapters

စာတစ်စောင်ရေးခြင်း

Vol. 17 Ch. 242

စာတစ်စောင်ရေးခြင်း

Vol. 17 Ch. 242

ရှောင်ချန်၏စကားကြောင့် စူးဟန်ရွှမ်နှင့် ယန်ရုရွှယ်တို့၏မျက်နှာများပေါ်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။

သူတို့ အရမ်းလွမ်းတဲ့သမီးလေး မြန်မြန်ပြန်လာဖို့ သူတို့ မျှော်လင့်နေမိတယ်။ တစ်မိသားစုလုံးက သူမကို လွမ်းနေပြီ။

"သခင်ကြီး၊ လွမ်လူကြီးမင်း ရောက်လာပါတယ်"

အစေခံတစ်ယောက် အပြေးရောက်လာပြီး သတင်းလာ ပို့ခဲ့သည်။ နောက်ဆုံးအကြိမ်က သင်ခန်းစာကြောင့် စီရင်စုအမတ်လွမ်က သူ စူးမိသားစုထံသို့ ရောက်လာလျှင် အစေခံကို အရင် သတင်းပို့ခိုင်းခဲ့သည်။ ထိုသို့မဟုတ်လျှင် သူ့ယောက်ဖ၏မိသားစု၌ တခြားသူများ မမြင်စေချင်သည့် ကိုယ်ရေးကိုယ်တာကိစ္စများ ရှိနေခဲ့ပါက သူတို့ အလျင်စလို ဝင်သွားခြင်းက မသင့်တော်လှပေ။

"လူကြီးမင်းကို မြန်မြန်ဝင်ခိုင်းလိုက်"

စူးဟန်ရွှမ်က အစေခံများအား လွမ်ချင်းရှန်ကို သွားကြိုရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ သူ့ဦးလေး ရောက်လာကြောင်းကို ကြားလိုက်ချိန်တွင် ရှောင်ချန်ကလည်း အလွန်ဝမ်းသာသွားပြီး သူ၏ကြီးမားပြီး ဖန်လုံးလေးများနှင့် တူသော အနက်ရောင်မျက်လုံးလေးများက လခြမ်းလေးများသဖွယ် ကွေးညွှတ်သွားတော့သည်။ သူက သူ့၏ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးကို တံခါးဆီသို့ ယိမ်းလိုက်ကာ သူ့၏ဦးလေးထံသို့ ချက်ချင်း ပြေးသွားချင်နေပုံရသည်။

စူးဟန်ရွှမ်က ရှောင်ချန့်ကို ကြမ်းပြင်ပေါ်သို့ ချပေးလိုက်ပြီး ကောင်လေးက တံခါးပေါက်ဆီသို့ ပြေးသွားတော့သည်။ သူက သူ့၏ခြေတိုတိုလေးများဖြင့် တံခါးခုံကို အားစိုက်ကျော်တက်ကာ ချိုမြိန်သော အသံလေးဖြင့် လှမ်းအော်နေခဲ့သည်။

"ဦးလေး! ဦးလေး!”

ရှောင်ချန်က သူ့ကို လှမ်းခေါ်လိုက်သည့်အချိန်တွင် လွမ်လူကြီးမင်းကလည်း တံခါးပေါက်ကျဉ်းကျဉ်းလေးထဲသို့ ဝင်လာချိန်ဖြစ်သည်။ သူ့၏မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများက ချက်ချင်းပျောက်ကွယ်သွားပြီး အစိုးရရုံးတော်၏ခန်းမတွင် ရှိနေချိန်က သူ့ထံတွင် ရှိနေသည့် ဂုဏ်သိက္ခာရှိသော အသွင်အပြင်လည်း ပျောက်ကွယ်သွားခဲ့သည်။ သူက ငုတ်တုတ်ထိုင်ချလိုက်ပြီး ရှောင်-ဝတုတ်လေး-ချန်ကို ကြိုဆိုရန် သူ့လက်နှစ်ဖက်ကို ဖွင့်ထားပေးခဲ့သည်။ ထို့နောက် သူက ရှောင်ချန့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ဦးလေး... ရှောင်ချန်က ဦးလေးကို လွမ်းနေတာ"

ရှောင်ချန်၏ ပန်းသီးလေးကဲ့သို့ ဝိုင်းစက်သော မျက်နှာလေးပေါ်တွင် ချိုမြသော အပြုံးတစ်ခု ရှိနေပြီး သူ့၏တောက်ပသော မျက်လုံးကြီးများက သူ့ဦးလေးကို အပြုံးရိပ်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူက တခြားသူကို ချော့မော့ရာတွင် အထူးကျွမ်းကျင်လှသည်။

“ဦးလေးလည်း ရှောင်ခန်ကို လွမ်းတာပေါ့။ ဦးလေးဆီကို လာပါဦး၊ ဦးလေးက ရှောင်ချန် ကိုယ်အလေးချိန် တက်လာသေးလားဆိုတာ ကြည့်မယ်”

စီရင်စုအမတ်လွမ်က ပြုံးလိုက်ပြီး ရှောင်ချန်ကို ‌ကောက်ချီလိုက်ကာ သူ့လက်မောင်းထဲတွင် ရှောင်ချန်၏ကိုယ်အလေးချိန်ကို ချိန်ဆရင်း အပေါ်သို မြှောက်ကြည့်နေခဲ့သည်။ ရှောင်ချန်က တခစ်ခစ် ရယ်မောနေပြီး သူ့၏လက်‌ဖောင်းဖောင်းလေး လက်နှစ်ဖက်ဖြင့် သူ့ဦးလေး၏မုတ်ဆိတ်မွေးကို ထိကြည့်လိုက်သည်။ ထို့နောက် သူက သူ့အကြိုက်ဆုံးကစားစရာဖြစ်သည့် သူ့ဦးလေး၏မုတ်ဆိတ်မွေးများကို စတင် ဆွဲနေပြန်သည်။

စီရင်စုအမတ်လွမ်က ရှောင်ချန်ကို စိတ်အနှောက်အယှက်ဖြစ်သည်ဟု တစ်ခါမှ မတွေးခဲ့ပေ။ သူက ပြင်းပြင်းထန်ထန် ဆွဲခြင်းမျိုး မဟုတ်ဘဲ သူ့ဦးလေး၏မုတ်ဆိတ်မွေးကို ဆွဲကာ ဆော့ကစားခြင်းဖြစ်သောကြောင့် စီရင်စုအမတ်လွမ်က ပြုံးနေပြီး ရှောင်ချန် သူ့မုတ်ဆိတ်မွေးအား ကစားနေသည်ကို အေးအေးဆေး‌ဆေး ခွင့်ပြုထားခဲ့သည်။ သူ့၏မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများသာ ပြည့်နှက်နေခဲ့သည်။

စူးဟန်ရွှမ်က ပြုံးပြီး စီရင်စုအမတ်လွမ်ကို နှုတ်ဆက်ရန် လျှောက်သွားလိုက်သည်။

"ယောက်ဖ"

"ရှောင်ချန် မြန်မြန်ဆင်းလာခဲ့။ ဦးလေးကို မရှုပ်နဲ့"

"အထိန်းတော်ကြီး၊ သခင်လေး​ကို ခေါ်​သွား​ပေးပါ"

စူးဟန်ရွှမ်က စီရင်စုအမတ်လွမ်၏လက်ထဲမှ ရှောင်ချန်ကို လှမ်းယူလိုက်ပြီး ရှောင်ချန်က သူ့မျက်နှာလေးကို သူ့ဦးလေး၏ရင်ခွင်ထဲတွင် နှစ်မြုပ်ထားကာ အော်ဟစ်အကူအညီ တောင်းလိုက်သည်။

"ဦးလေး! ဦးလေး!”

“ရပါတယ်။ သူ့ကို ကစားခွင့်ပေးလိုက်ပါ"

စီရင်စုအမတ်လွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး စူးဟန်ရွှမ်နှင့် အထိန်းတော်ကြီးကို တားဆီးလိုက်သည်။ သူက ရှောင်ချန်ကို မလွှတ်ပေးဘဲ မြေကြီးပေါ်သို့ ပြန်ချပေးရန်ပင် ဝန်လေးနေပုံရသည်။

"ယောက်ဖ... ကျေးဇူးပြုပြီး ဝင်လာပါ"

စူးဟန်ရွှမ်က ပြုံးလိုက်ပြီး စီရင်စုအမတ်လွမ်ကို အိမ်ထဲသို့ ဖိတ်ခေါ်ခဲ့သော်လည်း စီရင်စုအမတ်လွမ်က သူ့နောက်သို့ လိုက်မလာခဲ့ပေ။

"ဧည့်ခန်းထဲမှာ စကားပြောကြရအောင်"

စူးဟန်ရွှမ်က သူ့ယောက်ဖတွင် အရေးတကြီးပြောစရာ ရှိနေသည်ကို နားလည်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ကျေးဇူးပြုပြီး... ယောက်ဖ" (လက်ဟန်နဲ့ ဖိတ်ခေါ်တာမျိုးပါ)

စီရင်စုအမတ်လွမ်က ရှောင်ချန်ကို ပြန်မချပေးဘဲ သူ့ကို ပွေ့ချီရင်း စူးဟန်ရွှမ်နှင့်အတူ ဧည့်ခန်းမဆောင်သို့ လိုက်ပါသွားခဲ့သည်။

ဧည့်ခန်းမထဲသို့ ဝင်သွားပြီးနောက် စူးဟန်ရွှမ်က လက်ဖက်ရည်နှင့် အဆာပြေစာများ တည်ခင်းရန် အစေခံများအား အမိန့်ပေးလိုက်သည်။ စီရင်စုအမတ်လွမ်က ရှောင်ချန်ကို သူ့၏လက်နှစ်ဖက်ကြားထဲတွင် ထိုင်ခိုင်းထားပြီး သူ့၏လက်တစ်ဖက်ဖြင့် ကလေး၏ခါးကို ပြန်ပွေ့ဖက်ပေးထားခဲ့သည်။

သူက စူးဟန်ရွှမ်ကို ပြုံးပြလိုက်ပြီး "ဟန်ရွှမ်၊ ဒီရက်ပိုင်း ရုံးတော်မှာ အရမ်း အလုပ်များနေလို့ ဒီနေ့ ဒီကို လာဖို့ အချိန်ကို ခက်ခက်ခဲခဲ ရှာလိုက်ရတယ်"

စူးဟန်ရွှမ်က စီရင်စုအမတ်လွမ်၏ လေးနက်သောအမူအရာကို သတိပြုနေမိသည်။ သို့သော်လည်း စီရင်စုအမတ်လွမ်က ဘာမှ မပြောသေးဘဲ လက်ဖက်ရည်ခွက်အဖုံးကို ကိုင်ကာ လက်ဖက်ရည်အမြုပ်များကို သပ်ချနေခဲ့သည်။ ထို့ကြောင့် စူးဟန်ရွှမ်က “ယောက်ဖ၊ ဒီကိုရောက်လာတာ ကိစ္စတစ်ခုခု ရှိလို့လား?”

“အင်း.... တကယ်တော့ ကိစ္စတစ်ခု ရှိနေတယ်”

စီရင်စုအမတ်လွမ်က ခေါင်းညိတ်လိုက်ပြီး ရှောင်ချန်ကို အထိန်းတော်ထံသို့ လှမ်းပေးလိုက်သည်။ ရှောင်ချန်က ထွက်ခွာရန် တွန့်ဆုတ်နေခဲ့သော်လည်း စူးဟန်ရွှမ်၏မျက်နှာက မည်းမှောင်လာသောကြောင့် ကလေးလေးက ဝမ်းနည်းနေသည့်အမူအရာဖြင့် အထိန်းတော်ကြီးနောက်သို့ လိုက်သွားရတော့သည်။ စူးဟန်ရွှမ်က လက်ဖက်ရည်လာပို့ပေးသည့် အစေခံများကိုပါ အပြင်သို့ ထွက်ခိုင်းလိုက်သည်။

အစေခံများက ပြန်ထွက်သွားပြီး တံခါးကိုပါ ပိတ်ပေးခဲ့ကြသည်။ ထို့နောက်မှသာ စူးဟန်ရွှမ်က စီရင်စုအမတ်လွမ်ကို ကြည့်လိုက်ပြီး "ယောက်ဖ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ပြောပါ"

“အခု ငါ ထူးဆန်းနေတယ်လို အမြဲခံစားနေရတဲ့ ကိစ္စတစ်ခု ရှိနေတယ်။ မနေ့က မိန်းမစိုးနှစ်ယောက် ရောက်လာပြီး နန်းတော်က ဝမ်ကွေ့ဖေးရဲ့လူတွေလို့ ပြောတယ်။ သူတို့က လော့ချန်မှာ ရှိတဲ့ သုံးနှစ်အရွယ်ကလေးငယ်တွေရဲ့ မွေးဖွားရက်နဲ့ မွေးဇာတာကို စုံစမ်းခိုင်းတယ်။ ဝမ်ကွေ့ဖေးက သူ့(မ)သားအဖြစ် မွေးစားဖို့ ကံကြမ္မာရှိတဲ့ ကလေးတစ်ယောက်ကို ရွေးချင်တယ်လို့ ပြောကြတယ်။ လက်ရှိဧကရာဇ်မှာ အမွေခံ မရှိသေးလို့ ဝမ်ကွေ့ဖေးက ကလေးမွေးစားချင်တယ် ဆိုရင်တောင် ဆွေကြီးမျိုးကြီးထဲက တစ်ယောက်ကို မွေးစားဖို့ လိုမှာ မဟုတ်ဘူးလား? တော်ဝင်သွေးကို ရောနှောစေလို့ မရဘူး၊ ဒါကြောင့် ဒီကလေးတွေကို ရှာနေတဲ့ ကိစ္စက မလွယ်ဘူးလို့ ငါ ခံစားနေရတယ်”

အခန်းထဲတွင် သူနှင့် စူးဟန်ရွှမ်တို့သာ ကျန်နေသည်ကို မြင်လိုက်ရသောကြောင့် စီရင်စုအမတ်လွမ်က သူ့စိတ်ထဲမှ သံသယအားလုံးကို ထုတ်ပြောလိုက်သည်။ သူတို့နှစ်ဦးက လင်ညီအကိုများသာ ဖြစ်ကြသော်လည်း သူတို့၏ခံစားချက်များက တကယ့်ညီအစ်ကိုအရင်းများနှင့် ဆင်တူပြီး တစ်ယောက်ကို တစ်ယောက် လေးစားတန်ဖိုးထားကြကာ တစ်ယောက်၏အရည်အချင်းကို တစ်ယောက်က နှစ်သက်သဘောကျနိုင်သူများ ဖြစ်ကြသည်။

“ယောက်ဖရဲ့ သံသယတွေက ကျိုးကြောင်းဆီလျော်တယ်။ တော်ဝင်မိသားစုက သူတို့အမျိုးအနွယ်ရဲ့ သွေးဆက်သန့်စင်မှုကို အာရုံစိုက်တာတော့ အမှန်ပဲ၊ ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ရာ ဖြစ်နေရင်တော့ တစ်ခုခု မှားယွင်းနေတာ သေချာပြီ။ ပြီးတော့ ဝမ်မိသားစုက အထွဋ်အထိပ်အာဏာကို ထိန်းချုပ်ထားပြီး မကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်၊ သစ္စာစောင့်သိတဲ့ အရာရှိတွေနဲ့ စစ်သူကြီးကောင်းတွေကို ချောက်ချပြီး သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အဖွဲ့တွေ ဖွဲ့စည်းထားခဲ့တယ်။ သူတို့က ကလေး မွေးစားဖို့ မွေးဖွားရက်နဲ့ မွေးဇာတာကို စစ်ဆေးပြီး ရွေးချယ်ရလောက်တဲ့အထိ ကြင်နာမှုမျိုး ရှိမှာ မဟုတ်ဘူး”

စီရင်စုအမတ်လွမ်၏စကားကို ကြားပြီးနောက် စူးဟန်ရွှမ်ကလည်း မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် တွေးတောရင်း သူ့အတွေးများကို ပြန်ပြောပြလိုက်သည်။ သူကလည်း စီရင်စုအမတ်လွမ်ကဲ့သို့ သံသယများ ရှိနေခဲ့သည်။

အဲ့ဒိဝမ်ကွေ့ဖေးဆိုတာက စုတာ့ကျီနဲ့ တူပြီး သူမက ဧကရာဇ်ကို သွေးဆောင်နိုင်တာကြောင့် မောင်းမမိဿံတွေကို ထိခိုက်စေခဲ့တယ်။ ဧကရာဇ်မင်းမြတ်မှာ အမွေဆက်ခံသူ မရှိရတဲ့ အကြောင်းအရင်းက အဲ့ဒီဝမ်ကွေ့ဖေးက ရက်စက်ကြမ်းကြုတ်ပြီး နဂါးမျိုးစေ့တွေကို ဖျက်ချခဲ့တာကြောင့်လိုလည်း ကောလာဟလတွေ ထွက်ပေါ်နေခဲ့တယ်။

(T/n: စုတာ့ကျီ- တော်တော်များများ သိကြတဲ့ မြေခွေးဝိဥာဏ်လို့ တင်စားခံရတဲ့ ရာဇဝင်ထဲက မိန်းမဆိုးလေးပေါ့လေ)

ဒီလိုရက်စက်တဲ့မိန်းမက သာမန်လူတွေဆီက ကလေးကို မွေးစားဖို့အထိ ကြင်နာနိုင်ပါ့မလား? မင်းသားနဲ့ ကြောင်ကတိုးလဲသလို ကိုယ်ဝန်ရှိချင်ယောင်ဆောင်ချင်တယ်ဆိုရင်လည်း အသက်အရွယ်တူ ကိုယ်ဝန်ဆောင်ခါစ အမျိုးသမီးတစ်ယောက် ရှာဖွေပြီး သူမလည်း ကိုယ်ဝန်ရှိနေသလို ပြူမူရင်း စောင့်ဆိုင်းနေသင့်တယ်။ မွေးလာတဲ့အချိန်မျာ ကလေးကို ယူလိုက်တာနဲ့ ကလေး ကြီးပြင်းလာရင် သူမရဲ့သားပဲ ဖြစ်လာလိမ့်မယ်။ သုံးနှစ်အရွယ်ကလေးဆိုတာက ဘာပဲဖြစ်ဖြစ် မှတ်မိတာတွေ ရှိနေပြီ။ အမေအရင်း မဟုတ်မှန်း သိနိုင်တာကြာင့် အမြဲတမ်း သူစိမ်းဆန်နေလိမ့်မယ်။

ဒါဆို ဒီဝမ်ကွေ့ဖေးက ဘာလုပ်ချင်‌နေတာလဲ?

စီရင်စုအမတ်လွမ်၏မျက်နှာတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေပြီး သူက စူးဟန်ရွှမ်ကို တစ်ချကလှမ်းကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။

“အခုအချိန်မှာ ဝမ်မိသားစုရဲ့အာဏာက တော်ဝင်အာဏာထက်ကို ကျော်လွန်နေတယ်။ ဝမ်မိသားစုကို ဆန့်ကျင်ရဲတဲ့သူတိုင်း ဘယ်သူမဆို ကောင်းမွန်တဲ့အဆုံးသတ် မရှိနိုင်ဘူး။ ငါ သူတို့ကို ပွင့်ပွင့်လင်းလင်း မငြင်းရဲပေမယ့် လော့ချန်က ကလေးတွေကိုလည်း ကာကွယ်ပေးချင်တယ်၊ ဟန်ရွှမ်... မင်းမှာ အကြံကောင်းလေးများရှိမလားလို့ ငါ သိချင်တယ်"

"ယောက်ဖ၊ ကျွန်တော်ကို့ ခဏလောက် စဉ်းစားခွင့်ပေးပါ"

ရုတ်တရက် ဖြစ်နေသောကြောင့် စူးဟန်ရွှမ်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။

ရှောင်ချန်ကလည်း ဒီနှစ်မှာ သုံးနှစ်ဆိုတော့ သူ့သားအတွက်လည်း စိတ်ချရမယ့် အစီအစဥ်တစ်ခုကို မဖြစ်မနေ စဥ်းစားရတော့မယ်။

တစ်ဖက်တွင် တော်ဝင်ကြင်ယာ‌တော်ဝမ်၏ သုံးနှစ်အရွယ် ကလေးတစ်ဦးကို ရှာဖွေနေမှုကြောင့် စူးဟန်ရွှမ်နှင့် စီရင်စုအမတ်လွမ်တို့ အလွန်စိုးရိမ်နေကြသည်။ အခြားတစ်ဖက်တွင်လည်း သူတို့နှင့် ဝေးကွာနေသော မော့ချန်တွင် ရှိနေသည့် စူးချင်းကလည်း သူမ၏ မောင်လေးနှင့် မိဘများကို လွမ်းဆွတ်နေခဲ့သည်။ သူမက သူမ၏မိဘများ သူမအတွက် စိတ်ပူနေမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် စူးချင်းက သူမ ရုံးတော်သို့ ပြန်ရောက်လာချိန်တွင် သူမ၏မိသားစုထံသို့ စာရေးရန် စုတ်တံ၊ မှင်နှင့် စက္ကူတို့ကို ရှာဖွေလိုက်သည်။ သူမ၏တွက်ဆချက်အရ ယန်ခေါင်းဆောင်က ရက်အနည်းငယ်အတွင်း မော့ချန်သို့ ရောက်ရှိလာမည် ဖြစ်သည်။ သူမက သူမ၏မိသားစုထံ သူမ ဘေးကင်းနေကြောင်း စာတစ်စောင် ပြန်ပို့ပေးရန် စီစဥ်ထားခြင်း ဖြစ်သည်။

ထို့အပြင် စူးချင်း စိုးရိမ်နေသည့် အခြားအရာတစ်ခုလည်း ရှိနေသေးသည်။

အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးကို ရှာနေတဲ့ကိစ္စက မပြေလည်သေးဘူး။ ဒီနေရာမှာ လွင်ပြင်တွေ ပိုများတော့ ဝိညာဉ်စွမ်းအားရှိတဲ့ တောင်ကို ရှာဖွေဖို့ ခက်ခဲမှာ သေချာတယ်။ ဒါပေမယ့် ယဲ့လွီချွမ်းက သူမအတွက် လင်ဇီး ကူရှာပေးနိုင်မလားဆိုတာ တစ်ချက် စောင့်ကြည့်ရမယ်။ ဒီမှာ မရနိုင်တာ သေချာရင်တော့ တောင်ပိုင်းကို ပြန်သွားရမယ်။

ကျိရွှေရှန့်က စူးချင်းပြန်လာနေပြီ ကြားခဲ့ပြီး သူမကို အိမ်တွင် စောင့်နေခဲ့သော်လည်း စူးချင်း ပြန်မရောက်လာသည့်အတွက် သူမကို ရှာရန် ထွက်လာခဲ့သည်။ စူးချင်းက စီရင်စုရုံးတော်၏ ဧည့်ခန်းဆောင်တွင် ရှိနေကာ ပင်မစားပွဲကြီးနောက်တွင် ထိုင်နေပြီး သူမ လက်ထဲမှ စုတ်တံဖြင့် တစ်စုံတစ်ခု ရေးနေသည်ကို သူ တွေ့လိုက်ရသည်။

အဝေးကနေ ကြည့်လိုက်ရင် တကယ့်ကို အာဏာရှင်အမတ်ကြီးနဲ့ တူလွန်းတယ်။

ကျိရွှေရှန့်က စာရေးခြင်းကို အာရုံစိုက်နေသည့် စူးချင်းကို မနှောင့်ယှက်ခဲ့ပေ။ သူက သူ့လက်နှစ်ဖက်ကို လက်ပိုက်ထားပြီး ပင်မခန်းမ၏တံခါးကို မှီကာ ငြိမ်သက်ပြီး ကျက်သရေရှိလွန်းသော စူးချင်းကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။

ဒီခံစားချက်က အရမ်းကို နွေးထွေးလွန်းတယ်။

စာကို ရေးပြီးချိန်တွင် စူးချင်း၏မျက်ခုံးများက အနည်းငယ် ရှုံတွနေခဲ့သည်။

အရင်တုန်းက တစ်ယောက်ယောက်ကို လွမ်းဆွတ်တယ်ဆိုတာ ဘာကိုဆိုလိုမှန်း သူမ မသိခဲ့ပေမယ့် အခုတော့ သူမက မိသားစုဝင်တွေကို ရုတ်တရက် လွမ်းဆွတ်တက်သွားခဲ့ပြီ။ သူမအမေရဲ့ မကျန်းမမာဖြစ်နေမှုနဲ့ သူမဖခင်ရဲ့ကျန်းမာရေးကိုလည်း သူမ စိုးရိမ်နေခဲ့တယ်၊ ရှောင်ချန်ဆီကနေ အစ်မလို့ ခေါ်တက်တဲ့ ချိုမြိန်တဲ့အသံလေးကိုလည်း လွမ်းပြီး ရှောင်ချန်ရဲ့ခန္ဓာကိုယ်ပေါ်က နို့နံ့မွှေးပျံ့နေတဲ့ အနံ့လေးကိုလည်း ပြန်တမ်းတနေမိတယ်။

အဲ့ဒါတွေအားလုံးက သွေးက ရေထက် ပိုပျစ်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီခန္ဓာကိုယ်က သူမ မဟုတ်ပေမယ့် သူတို့နဲ့ သူမမှာ တူညီတဲ့သွေးတွေ စီးဆင်းနေတာကြောင့် သူမ စိုးရိမ်နေမိတာလည်း ဖြစ်နိုင်တယ်။

"ဘာတွေ တွေးနေတာလဲ?"

ကျိရွှေရှန့်၏ တိုးလျသော အသံက တိတ်ဆိတ်နေသည့်ခန်းမအတွင်းသို့ ပျံ့လွင့်လာသောကြောင့် စူးချင်းက မော့ကြည့်လိုက်ရာ တံခါးဘောင်ကို ပျင်းတိပျင်းတွဲ မှီကာ မတ်တတ်ရပ်နေသည့်လူကို တွေ့လိုက်ရသည်။

သူ့၏မျက်လုံးများက သူမကို တစ်စိုက်မက်မက် စိုက်ကြည့်နေပြီး ရုံးတော်အ၀င်ဝမှ မီးရောင်များက သူ့အပေါ်ကျရောက်နေကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေဝါရောင်အလွှာတစ်ခု ဖုံးလွမ်းနေခဲ့သည်။

All Chapters