← Chapters

အိမ်ကို လွမ်းတယ်

Vol. 17 Ch. 243

အိမ်ကို လွမ်းတယ်

Vol. 17 Ch. 243

"အိမ်ကို လွမ်းတယ်"

စူးချင်းက အမှန်အတိုင်း ပြောပြလိုက်ပြီး စာကို ကိုင်ကာ စားပွဲမှ ထရပ်လိုက်ပြီး ခန်းမထဲသို့ ပြန်လျှောက်လာခဲ့သည်။

ဒီအရာရှိထိုင်ခုံမှာ ထိုင်ရတာက တော်တော်ပင်ပန်းတာပဲ။ စားပွဲက အရမ်းမြင့်ပြီး သူမက အရပ်သိပ်မမြင့်တော့ စားပွဲပေါ်မှာ စာရေးရတာက အရမ်းပင်ပန်းတယ်။

"အိမ်?"

ကျိရွှေရှန့်က မျက်ခုံးပင့်လိုက်သည်။

စူးချင်း သူမရဲ့မိသားစုအကြောင်း ပြောတာကို သူ ပထမဆုံးအကြိမ် ကြားဖူးလိုက်တာပါပဲ။

စူးချင်းက ခေတ္တတုံ့ဆိုင်းသွားပြီးမှ သူမ စူးမိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့သည့်အကြောင်း သူ့ကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူမက ချက်ချင်း စကားလွှဲလိုက်ကာ "ရှင့်အလုပ်တွေ ပြီးပြီလား?"

“ကိုယ် အပြင်ကို ပြန်ထွက်ရဦးမယ်။ မင်း စောစောအနားယူတော့လေ။ ကိုယ် ဒီည ပြန်မလာနိုင်လောက်တော့ဘူး"

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။

သူ အပြင်ထွက်ပြီး သံသယဖြစ်ရှိနေတဲ့ စစ်သည် ၃ ယောက်ကို စောင့်ကြည့်ရဦးမယ်။ ဒီည သူ မအိပ်နိုင်လောက်တော့ဘူးလို့ ခန့်မှန်းမိတယ်။

"သတိထားနော်"

စူးချင်းက ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ သူတို့နှစ်ယောက်ကြားမှ စကားပြောဆိုမှုက နှစ်အတော်ကြာအောင် ပေါင်းသင်းနေထိုင်ခဲ့သော ဇနီးမောင်နှံများကဲ့သို့ လိုက်လျောညီထွေ ရှိလွန်းလှသည်။ ထို့နောက် ကျိရွှေရှန့်က သူမကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့ပသည်။

စူးချင်းက ရုံးတော်အ၀င်ဝတွင် ရပ်နေကာ သူ့ကို လိုက်ကြည့်နေခဲ့သည်။ ကျိရွှေရှန့် လုံးဝ ထွက်သွားပြီးသည့်နောက်မှ သူမက အိမ်နောက်ဖေးသို့ ပြန်ဝင်လာခဲ့သည်။ သူမက ကျိရွှေရှန့်အား သူမ၏စာကို မပေးခဲ့ပေ။

စူးချင်း အိမ်နောက်ဖေးသို့ ပြန်ရောက်လာချိန်တွင် အိမ်ထဲမှ ကျိရှောင်ယင်နှင့် မွေးစားအမေတို့၏အသံများကို ကြားလိုက်ရသည်။ သူမတို့၏ရုပ်ပုံများက စက္ကူပြတင်းပေါက်တွင် ထင်ဟပ်နေပြီး မွေးစားအမေက တစ်ခုခုလုပ်နေကာ အလုပ်ရှုပ်နေကြောင်း သိသာနေသည်။

စူးချင်း အိမ်ထဲသို့ ၀င်သွားသည်နှင့်တပြိုင်နက် ကျိရှောင်ယင်က အသံကြားသွားပြီး အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။

“အစ်မ၊ ဗိုက်ဆာနေပြီလား? ကျွန်မတို့ ညစာပြင်ထားပြီးပြီ"

အမျိုးသမီးလီက ယနေ့ညအတွက် ညစာချက်ပြုတ်ထားခဲ့သည်။ ရုံးတော်တွင် မီးဖိုကြီးတစ်ဖိုနှင့် အိုးကြီးတစ်လုံးရှိနေသောကြောင့် ထောင်ဟွားဝူမှရွာသားများနှင့် အိုးလုနေစရာ မလိုတော့ပေ။ လူတိုင်းက သီးခြားနေထိုင်နေကြသောကြောင့် မိသားစုတစ်စုချင်းစီ၏ လူဦးရေအလိုက် အစားအသောက်များ ဝေငှပေးထားခဲ့ပြီး အိုးကြီးတစ်လုံးတွင် အတူတူ စားနေစရာမလိုတော့ပေ။

ထောင်ဟွားဝူမှ ရွာသူရွာသားများတွင် စုစုပေါင်းအိုး အိုးကြီးလေးအိုး ရှိသော်လည်း မိသားစုက ၂၀ မှ ၃၀ အထိ ရှိသည်။ ထို့ကြောင့် ဟင်းချက်ချိန်တွင် တန်းစီရမည် ဖြစ်ပြီး ထို့သို့မစောင့်ချင်လျှင် မိသားစုနှစ်စု၊သုံးစုလောက် ဆွေးနွေးပြီး အတူတူ ချက်ပြုတ်စားသောက်ရမည် ဖြစ်သည်။

အမျိုးသမီးလီက ယနေ့ညအတွက် သန့်စင်ထားသော ဆန်ကောင်းကို ကျိချက်ထားပြီး အချိန်ကြာကြာပြုတ်ထားသော ယာဂု၏အပေါ်လွှာတွင် အဆီလွှာတစ်ခု ဖုံးအုပ်နေသည်။ ဆန်စေ့များ ဖောင်းပွနူးအိနေအောင် ကျိုထားသောကြောင့် အရသာက ချိုမြိန်လွန်းပြီး အေးစက်သောနေ့တစ်နေ့တွင် ယာဂုပူပူတစ်ခွက်သောက်ရခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးလာစေသည်။

"စူးချင်း... အရမ်း ပင်ပန်းနေပြီလား?!"

အမျိုးသမီးလီက သူမ၏ လုပ်လက်စ အလုပ်ကို ချထားလိုက်ပြီး စူးချင်းကို ကြည့်ကာ တိုးတိုးသက်သာ လှမ်းမေးလိုက်သည်။

“မပင်ပန်းပါဘူး”

စူးချင်းက ခေါင်းယမ်းလိုက်ပြီး ကျိရှောင်ယင်ထံမှ ရေပူကို ယူကာ သူမ၏မျက်နှာနှင့် လက်များကို သန့်စင်လိုက်သည်။ ယခုအခါတွင် ကျိရှောင်ယင်က တခြားသူများအား ပြုစုစောင့်ရှောက်ပေးသည့်အလုပ်ကို အလွန်ကောင်းကောင်းမွန်မွန် လုပ်နိုင်နေပြီ ဖြစ်သည်။ သူမက စူးချင်းထံမှ မျက်နှာသုတ်ပဝါတစ်ထည် လှမ်းပေးလိုက်ပြီး ကြက်ဥတစ်လုံးပါသည့် ယာဂုပန်းကန်လုံးတစ်လုံးအပြည့် ခပ်ရန် ထွက်လာခဲ့သည်။

ထိုကြက်ဥကို စီရင်စုရုံးတော်၏အနောက်ဘက် မီးဖိုချောင်၏ ဗီဒိုအောက်မှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ စီရင်စုအမတ်မင်း၏မိသားစုက သူတို့ ထွက်ပြေးသွားချိန်တွင် သေသေချာချာ မရှင်းလင်းခဲ့သောကြောင့် ကျန်နေခဲ့ခြင်း ဖြစ်နိုင်သည်။ စုစုပေါင်း ကြက်ဥသုံးလုံး ရှာတွေ့ခဲ့ပြီး သူမက သူမ၏မွေးစားမိခင်အတွက် တစ်လုံး ပေးကာ သူမ၏အဖိုးအတွက် တစ်လုံးပေးခဲ့ပြီး နောက်ဆုံးတစ်လုံးကို အစ်မစူးချင်းအတွက် ချန်ထားခဲ့သည်။

"အစ်မစူးချင်း၊ ပူနေတုန်း စားလိုက်ပါဦး"

ကျိရှောင်ယင်က ကြွေပန်းကန်အကြမ်းကို စားပွဲပေါ်တင်ပေးလိုက်ပြီး “ကျွတ်”ခနဲ စုတ်သပ်လိုက်သည်။ ထို့ကြောင့် သူမက အပူဒဏ်ကြောင့် နီရဲနေသော သူမ၏လက်ထိပ်ကလေးများ အေးမြသွားစေရန် သူမ၏နားရွက်ကို ပြန်ကိုင်ထားလိုက်သည်။

"မင်း စားပြီးပြီလား?"

ကျိရှောင်ယင်က ပန်းကန်လုံးတစ်လုံးသာ ယူလာသည်ကို စူးချင်းက မြင်သွားပြီး ပြန်မေးလိုက်သည်။ ကျိရှောင်ယင်က ခေါင်းညိတ်လိုက်ပြီး “အင်း.... အစ်ကိုကြီးက သူ တစ်ခုခု လုပ်စရာ ရှိလို့ အပြင်ထွက်ရမယ်လို့ ပြောတယ်၊ အဲ့တာကြောင့် ကျွန်မတို့ အရင်စားလိုက်ကြတယ်"

“အင်း”

သူမတို့ စားပြီးပြီဟု သိလိုက်ရသောကြောင့် စူးချင်းက ယဥ်ကျေးမနေတော့ဘဲ သူမ၏ ဖိနပ်အပါးတစ်ရံကို လဲစီးကာ ခန်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ခန်က နွေးထွေးနေသောကြောင့် သက်တောင့်သက်သာ ရှိလွန်းလှသည်။

အမျိုးသမီးလီက သူမ၏အပ်နှင့် အပ်ချည်များကို ပြန်ကိုင်လိုက်ပြီး သူမ၏အလုပ်ကို ပြန်စနေပြီ ဖြစ်သည်။ တာ့ထန်စစ်သည်များက အရပ်ရှည်လွန်းသောကြောင့် ၎င်းတို့၏ ဂွမ်းသားအင်္ကျီများကို ဖြုတ်ကာ သူမတို့ ဝတ်ဆင်နိုင်မည့် အရွယ်အစားဖြစ်အောင် ပြန်ပြင်နေရသည်။

တာ့ထန်စစ်သည်တစ်ဦး၏ ဂွမ်းသားအင်္ကျီတစ်ထည်ကို သူမတို့အတွက် ဂွမ်းသားအင်္ကျီတစ်ထည်နှင့် ဂွမ်းသားဖိနပ်နှစ်စုံရအောင် ပြန်ပြင်ချုပ်နိုင်သည်။ ထိုဖိနပ်များ၏အနားသပ်များ ညီညာစေရန် ခန်၏ထိပ်တွင် တင်ကာ လေးလံသော အရာဝတ္ထုတစ်ခု ဖိထားခြင့်ဖြင့် ကောင်းမွန်သော ဖိနပ်တစ်ရံ ရှိနိုင်သည်။ ဤနည်းအားဖြင့် ဖိနပ်များ အလွန်ခြောက်သွေ့ပြီး ပြန့်ပြန့်ကားကား ရှိနေမည် ဖြစ်သည်။

စူးချင်းက ပူပူနွေးနွေး ယာဂုကို မော့သောက်လိုက်ပြီး နွေးထွေးမှုက သူမ၏လည်ချောင်းမှတဆင့် သူမ၏ဝမ်းဗိုက်ဆီသို့ စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ မကြာခင် ဓမ္မတာလာတော့မည်ဖြစ်သောကြောင့် သူမ၏ဝမ်းဗိုက်အောက်ပိုင်းက အေးစက်နေပြီး ပူပူနွေးနွေး ယာဂုကို သောက်လိုက်ရခြင်းက သူမကို ပိုသက်တော့သက်သာ ဖြစ်သွားစေခဲ့သည်။

ဇွန်းက အဖြူရောင်ဥတစ်လုံးကို ခပ်ယူမိသွားပြီး စူးချင်းက ဇွန်းထဲမှ ကြက်ဥကို တစ်ချက်ကြည့်လိုက်သည်။ သူမ ကြက်ဥမစားရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ကြက်ဥ၏ရနံ့ကို ရှူရှိုက်မိသည့်အခါ သူမသ သရေယိုလာတော့သည်။

"မင်း ဒါကို ဘယ်ကရခဲ့တာလဲ?"

စူးချင်းက ကျိရှောင်ယင်ကို မေးလိုက်သည်။

သူမတို့အဖွဲ့မှာ ဒီလောက်ကောင်းတဲ့ အရာတွေ မရှိတာကို သူမ သိတယ်။ မြို့ထဲမှာလည်း စားစရာ ဝယ်နိုင်တဲ့ နေရာမရှိသလောက်ပဲ။ ကြက်မတွေရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။ ရှောင်ယင်က ဒီကြက်ဥကို ဘယ်ကနေ ရလာခဲ့တာလဲ?

“မီးဖိုချောင်ထဲကနေ တွေ့တာ။ သူတို့ ယူသွားဖို့ မေ့ခဲ့တာ ထင်တယ်"

ကျိရှောင်ယင်က စူးချင်း၏ ဘေးတစ်ဖက်တွင် ထိုင်နေပြီး သူမက ပြုံးနေကာ သူမ၏လက်နှစ်ဖက်ဖြင့် သူမ၏မေးစေ့ကို ထောက်ထားခဲ့သည်။ သူမတို့က လမ်းများပေါ်တွင် သွားနေစရာမလိုတော့သောကြောင့် လူဆိုးများနှင့် ထပ်မံတွေ့ဆုံမည်ကို မစိုးရိမ်ရတော့ပေ။ ထို့ကြောင့် ကျိရှောင်ယင်က သူမ၏ ပုံမှန်မိန်းခလေးအသွင်အပြင်ကို ပြန်ပြောင်းလဲထားခဲ့သည်။ သူမက သူမ၏အဘိုး ဝယ်ပေးထားခဲ့သည် ပန်းရောင်ဂါဝန်ရှည်လေးကို ၀တ်ဆင်ထားပြီး မျက်စိပဒသဖြစ်စေကာ အလွန် ချစ်ဖို့ကောင်းနေလေသည်။

"မွေးစားအမေရော စားရလား?"

စူးချင်းက အမျိုးသမီးလီကို အရင် မေးလိုက်သည်။ အမျိုးသမီးလီက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “မွေးစားအမေ စားပြီးပြီ၊ သမီး မြန်မြန်စားလိုက်"

"မင်းရော?"

စူးချင်းက သူမ၏ ဘေးမှ တံတွေးမျိုချနေသော ကျိရှောင်ယင်ကို ကြည့်နေရင်း ထပ်မေးလိုက်သည်။ ကျိရှောင်ယင်က စူးချင်း မစားတော့မည်ကို ကြောက်သောကြောင့် အမြန် ခေါင်းညိတ်လိုက်သည်။

"ကျွန်မ မွေးစားအမေနဲ့ အတူ စားပြီးပြီ၊ အစ်မဘာသာ မြန်မြန်စားလိုက်တော့။ ကျွန်မ အစ်မရဲ့ခြေထောက်တွေ စိမ်ဖို့ ရေနွေးသွားကျိုလိုက်ဦးမယ်"

သူမ၏စကားဆုံးသွားသည်နှင့် တပြိုင်နက် ကျိရှောင်ယင်က စူးချင်း သူမကို ဖမ်းဆွဲမည်ကို ကြောက်နေပုံဖြင့် ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းကာ ထွက်ပြေးသွားတော့သည်။

စူးချင်းက ကျိရှောင်ယင်၏ နောက်ကျောကို လိုက်ကြည့်နေခဲ့သည်။

ဒီကောင်မလေးက ဘယ်လိုလိမ်ရမှန်းတောင် သိပုံမရဘူး။ သူမ လိမ်နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မကြည့်ရဲဘူး။

စူးချင်းက ကြက်ဥကို မစားဘဲ ယာဂုကိုသာ အကုန် သောက်လိုက်သည်။ လမ်းခရီးတွင် ရှောင်ချီက သူမအတွက် ဖက်ထုပ်များ၊ ကြက်ဥပြုတ်နှင့် ဆန်မုန့်ပေါင်းများကို အမြဲပြုလုပ်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျိရန်ထျန်မှ သူမ လုယက်လာခဲ့သော အစားအစာများအားလုံးကို ရှောင်ချီက သူမအတွက် ချက်ပြုတ်ပေးခဲ့သည်။

ထို့အပြင် မုန့်ပေါင်း(မန်ထို)များလည်း ရှိနေသေးသည်။ လော့ချန်တွင် သူမ ဝယ်ယူခဲ့သည့် မုန့်ပေါင်းများကို ထုတ်ယူရန် အခွင့်မရှိခဲ့ပေ။ သူမ ဗိုက်ဆာသည့်အချိန်တိုင်း သူမအပေါ် သိတက်လွန်းသော ရှောင်ချီက သူမ အာဟာရအလွန်အကျွံချို့တဲ့မည်ကို စိုးရိမ်နေပြီး သူမ၏လက်ထဲသို့ မုန့်ပေါင်းများ တိတ်တဆိတ် ပို့ပေးလေ့ရှိသည်။

စူးချင်း၏အတွေးများ လှုပ်ရှားလာသည်နှင့်တပြိုင်နက် ရှောင်ချီက ထိုအရာကို ခံစားနိုင်သည်။ ရှောင်ချီက သူမ၏လက်ဖောင်းဖောင်းလေးနှစ်ဘက်ဖြင့် သူမ၏ပါးပြင်များကို ထောက်ထားပြီး သူမ၏ခြေဖဝါးလေးများကို ခါယမ်းနေကာ ချိုချိုသာသာ ပြုံးနေလေသည်။

"သခင်၊ ရှောင်ချီ အပြင်ကို ထွက်လာပြီး သခင်နဲ့ လိုက်ခဲ့လို့ရမလား? စနစ်ထဲမှာ နေရတာ အရမ်း အထီးကျန်တယ်!"

ရှောင်ချီက သူမ အချိန်အတော်ကြာ တွေးနေခဲ့သော စိတ်ကူးကို အကောင်အထည်ဖော်ရန် သူမ သခင်၏ ပျော်ရွှင်မှုကို အခွင့်ကောင်းယူလိုက်သည်။

အခုဆိုရင် သူမသခင်ရဲ့ဘဝက အရောင်အသွေး စုံလင်နေပြီး သူမကလည်း သူခင်နဲ့အတူ တိုက်ပွဲဝင်ချင် နေမိတယ်။

"အင်း... အခွင့်အရေးတစ်ခုတော့ ရှာရတယ်!"

စူးချင်းက မငြင်းသော်လည်း ရှောင်ချီကို ချက်ချင်း ထွက်လာခွင့်မပေးနိုင်သေးပေ။

ရှောင်ချီ ရုတ်တရက် ပေါ်လာရင် လူတိုင်းကို ကြောက်လန့်သွားစေလိမ့်မယ်။

“ကျေးဇူးတင်ပါတယ် သခင်။ ရှောင်ချီ အရမ်းပျော်တယ်!"

သခင်ဖြစ်သူက ချက်ချင်း သဘောမတူခဲ့သော်လည်း ရှောင်ချီက စနစ်ထဲတွင် ပျော်ပျော်ရွှင်ရွှင် ကခုန်နေခဲ့သည်။

သခင်ရဲ့ကတိက ရွှေအသပြာတစ်ထောင်ထက် တန်ဖိုး ရှိတယ်။ ဒါကို သခင် သဘောတူလိုက်တယ်လို့ ယူဆနိုင်တယ်လေ။

စူးချင်းက ပန်းကန်လုံးအလွတ်ကို ကိုင်ကာ အပြင်သို့ ထွက်လာချိန်တွင် ကျိရှောင်ယင်က ရေတစ်ပုံးကို အားစိုက်ထုတ်သယ်လာကာ အိုးကြီးထဲသို့ လောင်းထည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ မီးဖိုထဲက မီးတောက်များ၏ကခုန်နေသော အရှိန်ကြောင့် ကျိရှောင်ယင်၏ မျက်နှာလေးက နီရဲနေခဲ့သည်။

"အစ်မ"

စူးချင်း ထွက်လာသည်ကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က ပြုံးလိုက်ပြီး သူမကို လှမ်းခေါ်လိုက်သည်။

“မကြာခင် အဆင်သင့် ဖြစ်တော့မယ်။ အစ်မ အထဲကို ပြန်ဝင်ပြီး အနားယူလိုက်ဦး!”

"မင်း စားလိုက်"

စူးချင်းက ကြက်ဥကို ကျိယောင်ယင်၏ ပါးစပ်နားသို့ တိုးကပ်ပေးလိုက်သည်။

"အစ်မက နေ့တိုင်း အရမ်းပင်ပန်းနေတာ၊ အစ်မ စားလိုက်ပါ"

ကျိရှောင်ယင်က မစားရက်နိုင်ဖြစ်နေပြီး သူမက ကြက်ဥကို စူးချင်း၏ပါးစပ်နားသို့ ပြန်တွန်းပို့လိုက်သည်။

စူးချင်းက မည်းမှောင်သောမျက်နှာဖြင့် ကျိရှောင်ယင်၏လက်ကို ပြန်တွန်းထုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“စားလိုက်”

“ကျွန်မတို့ တစ်ဝက်စီ စားကြမယ်။ အစ်မ မစားရင် ကျွန်မလည်း မစားဘူး"

ကျိရှောင်ယင်က အစ်မဖြစ်သူ ဒေါသထွက်လာသည်ကို မြင်လိုက်သောကြောင့် ပြုံးစိစိဖြင့် မျက်နှာချိုသွေးလိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများက လှည့်ပတ်နေပြီး ကောင်းမွန်သော အပေးအယူတစ်ခု ဖြစ်စေရန် ကြံစည်နေခဲ့သည်။ သူမက ကြက်ဥကို နှစ်ခြမ်းခွဲပြီး တစ်ဝက်ကို အစ်မဖြစ်သူ၏ပါးစပ်နားသို့ ပြန်တိုးပေးလိုက်သည်။

စူးချင်းက စိတ်မရှည်သောအမူအရာဖြင့် ကျိရှောင်ယင်ကို စိုက်ကြည့်နေသည်။ ကျိရှောင်ယင်က အလွန်ကြောက်လန့်သွားပြီး သူမ၏လက်ကို အမြန်ပြန်ရုတ်လိုက်သည်။

အစ်မစူးချင်းက ပြောရခက်တဲ့ သူတွေကို အမုန်းဆုံးပဲ။

ကျိရှောင်ယင်က ကြက်ဥကို နာနာခံခံ စားနေသည်ကို မြင်လိုက်ရမှ စူးချင်းက သူမကို တစ်ချက်ကြည့်ကာ ဘာအမူအရာမှ မဖော်ပြဘဲ အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။ ထို့နောက် စူးချင်းက သူမ၏မွေးစာအမေနှင့်အတူ အင်္ကျီများ ကူချုပ်နေခဲ့သည်။ အချိန်ကုန်လာသည်နှင်အမျှ ညက ပိုမှောင်လာပြီး အမျိုးသမီးလီကလည်း အလွန်အိပ်ငိုက်လာကာ သမ်းဝေနေခဲ့သည်။

"သွားအိပ်ကြတော့လေ!"

စူးချင်းက မီးခွက်ကို မှုတ်လိုက်ပြီး သူမ၏မွေးစားအမေနှင့် ကျိရှောင်ယင်ကို သွားအိပ်ရန် တိုက်တွန်းလိုက်သည်။

ယနေ့ညတွင် မငြိမ်မသက် မဖြစ်ဘဲ အေးချမ်းစေရန် သူမ မျှော်လင့်နေမိသော်လည်း အပြင်ထွက် လမ်းလျှောက်ရန်တော့ ဆုံးဖြတ်လိုက်သေးသည်။

All Chapters