ရုတ်ရုတ်သဲသဲ
Vol. 17 Ch. 250
သို့သော် သူမက ကျိရွှေရှန့်၏အဝတ်အစားများကို ကြည့်လိုက်ရာ သူက တာ့ရှားမှ ဆင်းရဲသားတစ်ယောက်ဖြစ်မှန်း သိသာနေသည်။ သူ၏အဆင့်အတန်းက သူမ၏ မြင့်မြတ်သော သမီးတော်နှင့် မထိုက်တန်သောကြောင့် ဧကရီက သူ့ကို ကျေးဇူးပြန်ဆပ်ရန် တခြားနည်းလမ်းတစ်ခု ပြောင်းလဲစဥ်းစားခဲ့သည်။
“မင်း ဘာဆု လိုချင်လဲ?”
“ကျွန်တော်မျိုးက စီးပွားရေးသမားပါ။ အခု တာ့ထန်ပြည်ထောင်က မော့ချန်ကို တိုက်ခိုက်နေတာကြောင့် တာ့ထန်စစ်သည်တွေက တွေ့သမျှ ဟန်လူမျိုးတွေအားလုံးကို သတ်ပစ်မှာကို စိုးရိမ်ပါတယ်။ ကျွန်တော်မျိုးရဲ့အသက်ကို ကာကွယ်ဖို့ တံဆိပ်ပြားလေးတစ်ခုလောက် လိုချင်ပါတယ်။ အဲ့ဒါဆိုရင် စီးပွားရေးလုပ်တဲ့အခါ ကျွန်တော်မျိုးရဲ့ဘဝအတွက် စိတ်ပူစရာ မလိုတော့ပါဘူး”
ကျိရွှေရှန့်က တာ့ထန်သို့ ဝင်လာပြီးပြီးချင်း ပြန်ထွက်ခွာမည်ဟု မပြောခဲ့ပေ။
ဒီဧကရီက ယဲ့လွီဆိုင့်ယာလိုမျိုး မရိုးရှင်းဘူး၊ သူမက အရမ်းလိမ္မာပါးနပ်ပုံပေါ်တယ်။
တကယ်လို့ သူက တာ့ထန်ကို အခုမှ ဝင်လာပြီး ပြန်ထွက်ခွာတော့မယ့်အကြောင်း တိုက်ရိုက်ပြောလိုက်ရင် သူမရဲ့သံသယကို နှိုးဆွမိသွားလိမ့်မယ်။
ထို့ကြောင့် ကျိရွှေရှန့်က သူ့၏ဘေးကင်းရေးအတွက် အသက်ကယ်တံဆိပ်ပြားတစ်ခုကို လိုချင်သည်ဟုသာ ပြောလိုက်တော့သည်။
သူတို့၏ဧကရီပေးလိုက်သည့် တံဆိပ်ပြားကို မြင်လျှင် တာ့ထန်မှ စစ်သည်များက သူ့ကို သေချာပေါက် လွတ်ပေးမည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူက တာ့ထန်သို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တော့မည် ဖြစ်သည်။
ခါးတံဆိပ်ပြားက အလွယ်တကူ ထုတ်ပေးနိုင်သည့် အရာတော့ မဟုတ်ပေ။ အကယ်၍ သူက တာ့ရှား၏သူလျှို ဖြစ်နေပါက ပြဿနာ ရှာရန် ထိုခါးချိတ်တံဆိပ်ပြားကို အသုံးပြုနိုင်သောကြောင့် ဧကရီက ချက်ချင်း ပြန်မဖြေသေးပေ။
“ဧကရီမယ်မယ်... မကောင်းတော့ပါဘူး၊ ပထမမင်းသားက သူ့တပ်တွေကို ဦးဆောင်ပြီး ဒုတိယမင်းသားရဲ့နန်းတော်ကို ဝန်းရံနေပါတယ်”
အစောင့်နှစ်ယောက်က တဲနန်းထဲသို့ ပြေးဝင်လာပြီး ဧကရီကို စိုးရိမ်တကြီး သတင်းပို့လိုက်သည်။
"အကြီးဆုံးမင်းသား??? သူက ရဲတင်းလှချီလား?"
ထိုသတင်းကို ကြားလိုက်သည်နှင့် ဧကရီက ဒေါသထွက်သွားပြီး သူမ၏ လက်ဖဝါးဖြင့် သူမရှေ့မှ စားပွဲကို ရိုက်ချလိုက်သည်။ သူမ၏ လှပသော မျက်နှာတွင် အမျက်ဒေါသများ ပြည့်နှက်နေပြီး သူမ၏မျက်လုံးများက စူးရှနေခဲ့သည်။ သူမ၏အသွင်အပြက နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်မှုများ ပြည့်စုံနေရာမှ အပြင်းအထန် ခြိမ်းခြောက်နိုင်သည့် အသွင်အပြင်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“ဆိုင့်ယာ၊ မင်းဦးလေးကို သွား သတင်းပေးလိုက်။ သူရဲ့တပ်တွေကို အမြန်ဆုံး ခေါ်လာပြီး ဒုတိယမင်းသားကို လာကယ်ဖို့ ပြောလိုက်”
ဧကရီက သူမ၏အဖေနှင့် အစ်ကိုကို စစ်ကူသွားခေါ်ရန် သူမ၏သမီးတော်ကို အမိန့်ပေးလိုက်သည်။ သူမက အပေါ်ဝတ်ရုံကို ထပ်ဝတ်လိုက်ပြီး တဲနန်းကြီးထဲမှ အမြန်ထွက်ခွာသွားခဲ့သည်။
"ဒုတိယမင်းသားရဲ့ နန်းတော်ကို သွားမယ်၊ ငါ့နောက်ကို လိုက်ခဲ့ကြ"
တော်ဝင်မိသားစုတိုင်းတွင် တော်ဝင်သက်တော်စောင့်များ ရှိတက်ပြီး ထိုလူများက ဧကရာဇ်နှင့် ဧကရီအပေါ်တွင်သာ သစ္စာစောင့်သိသူများ ဖြစ်သောကြောင့် ထိုလူများမှအပ သူတို့ကို မည်သူကမျှ အမိန့်မပေးနိုင်ပေ။
လက်ရှိဧကရီကလည်း တာ့ထန်၏အမျိုးသမီးများကြားမှ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည်။ တစ်ချိန်က သူမကိုယ်တိုင် ဧကရာဇ်အိုကြီးနှင့်အတူ စစ်မြေပြင်သို့ လိုက်ပါခဲ့ဖူးသောကြောင့် ဧကရာဇ်အိုကြီးက တော်ဝင်သက်တော်စောင့်တပ်ကို သူမ အမိန့်ပေးနိုင်ရန် အထူးခွင့်ပြုပေးထားခဲ့သည်။
ကျိရွှေရှန့်က သူ မလှုပ်ရှားမီ သူတို့အချင်းချင်း တိုက်ပွဲစတင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ဒါက သူ့အတွက်တော့ ကြည်နူးစရာကောင်းတဲ့ အံ့သြစရာတစ်ခုပဲ။
"တုကျွမ့်၊ သခင်လေးကျိ အနားယူဖို့ ငါ့တဲနန်းကို အရင် ခေါ်သွားပေး။ ငါ သတင်းသွားပို့လိုက်ဦးမယ်"
ယခုကိစ္စက အရေးတကြီး ဖြစ်နေသောကြောင့် ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏လက်ထဲမှ ကြာပွတ်ကို ကိုင်ကာ စကားပြောနေရင်း ထွက်ခွာရန် ခြေလှမ်းစလိုက်သည်။
"မင်းသမီး"
ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာကို လှမ်းခေါ်လိုက်သည်။ ယဲ့လွီဆိုင့်ယာက သူ့ကို လှည့်ကြည့်လိုက်ချိန်တွင် ကျိရွှေရှန့်က သူမကို ချက်ချင်း စကားစလိုက်သည်။
“ကျွန်တော့်သူငယ်ချင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တာ့ထန်မှာ စီးပွားရေးလုပ်ရင်း ပျောက်သွားခဲ့တယ်။ တကယ်တော့ ဒီတစ်ခေါက် ဒီကို လာတာက သူ့ကို ရှာဖို့ပါ။ မင်းသမီး ကျွန်တော်သူငယ်ချင်းကို ရှာနိုင်ဖို့ ကျေးဇူးပြုပြီး ခါးချိတ်တဆံဆိပ်ပြားလေး ပေးပါဦး”
"ဒီမှာ"
ယဲ့လွီဆိုင့်ယာက အလျင်အမြန် ထွက်ခွာရန် ဆန္ဒစောနေသည့်အပြင် သူမက ကျိရွှေရှန့်ကို မငြင်းဆန်ချင်သောကြောင့် တာချန်အတွင်း ကျိရွှေရှန့် လွတ်လွတ်လပ်လပ် သွားလာနိုင်မည့် ခါးချိတ်တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။
“ဒီခါးချိတ်တံဆိပ်ပြားက တော်ဝင်မိသားစုရဲ့သင်္ကေတပဲ။ ဒီခါးချိတ်တံဆိပ်ပြားကို မြင်ရတာက တော်ဝင်မိသားစုထဲက တစ်ယောက်ကို မြင်ရတာနဲ့ တူတူပဲ။ ဒီတာ့ထန်မှာ ရှင့်ကို ဘယ်သူမှ တားရဲတော့မှာ မဟုတ်ဘူး”
ယဲ့လွီဆိုင့်ယာ၏ မျက်လုံးများတွင် မာနများဖြင့် ပြည့်နှက်နေပြီး ကျိရွှေရှန့်က လက်သီးအုပ်ကာ သူမကို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ မင်းသမီး"
"ကျွန်မ သွားတော့မယ်"
ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို ကြည့်လိုက်ပြီး "အခုအခြေအနေက အလောတကြီး ဖြစ်နေတော့ ရှင့်ရဲ့သူငယ်ချင်းကို ရှာဖို့ ကျွန်မ မကူညီပေးနိုင်သေးဘူး။ ရှင့်ကို ကူညီဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးမယ်"
"ကျေးဇူးတင်ပါတယ်၊ ဒုက္ခတွေကို ရှောင်ရှားဖို့ ဝတ်စုံတစ်စုံလောက်တော့ လိုချင်သေးတယ်”
ကျိရွှေရှန့်က သူ့နားလည်ပေးနိုင်ကြောင်း ဖော်ပြရန် ခေါင်းညိတ်ပြလိုက်ပြီး တာ့ထန်အဝတ်အစားတစ်စုံပေးရန် ယဲ့လွီဆိုင့်ယာကို ထပ်တောင်းဆိုလိုက်သည်။ ယဲ့လွီဆိုင့်ယာက သူအတွက် အဝတ်အစားများကို ကူယူပေးရန် အစေခံတစ်ယောက်ကို ချက်ခြင်း အမိန့်ပေးလိုက်ပြီး ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။
အစောင့်တပ်သားတစ်ယောက်က ကျိရွှေရှန့်ကို ထိုတဲနန်းကြီးနံဘေးမှ တဲနန်းတစ်ခုသို့ ခေါ်သွားခဲ့ပြီး အပြာရောင်ဝတ်စုံတစ်စုံနှင့် ခေါင်းဆောင်းတစ်ခု ထုတ်ပေးခဲ့သည်။ ထိုအဝတ်အစားများအားလုံးကို ပိုးသားဖြင့် ပြုလုပ်ထားပြီး ခါးတွင် ရွှေခါးပတ်တစ်ခု ရှိနေသောကြောင့် အလွန်ခံ့ညားလှသည်။
ကျိရွှေရှန့်က ထိုအဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး သူက သိုင်းပညာကျွမ်းကျင်သည့် တောသားလူရိုင်း အဖြစ်မှ မြင့်မြတ်သောသခင်လေးတစ်ဦးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူ့ထံတွင် ယဲ့လွီဆိုင့်ယာ၏ခါးချိတ်တံဆိပ်ပြား ရှိနေသောကြောင့် တားဆီးခံရလျှင်ပင် ကျိရွှေရှန့်က ဧကရီ၏တဲနန်းကြီးထဲမှ ချောချောမွေ့မွေ့ ထွက်ခွာနိုင်ခဲ့သည်။
ပထမမင်းသားက ဒုတိယမင်းသား၏တဲစခန်းကို ဝန်းရံရန် သူ၏စစ်တပ်ကို ခေါ်ဆောင်လာခဲ့ပြီး တာချန်းပြည်သူများက ဘာဖြစ်နေမှန်း မသိသေည်လည်း ဘယ်သူမှ မကြည့်ရဲကြဘဲ အလွန်ကြောက်လန့်ကာ အိမ်သို့ ပြန်ပြေးသွားကြသည်။
ဧကရီကလည်း သူမ၏သားတော်ကို ကယ်တင်ရန် တော်ဝင်သက်တော်စောင့်များကို ခေါ်ဆောင်သွားခဲ့သည်။ လမ်းပေါ်တွင် တာ့ထန်စစ်သည်များ ပြည့်နှက်နေပြီး သူတို့၏အဝတ်အစားများကို ကြည့်လိုက်ရုံဖြင့် သူတို့က တစ်ဖွဲ့တည်း မဟုတ်ကြောင်း သိသာနေသည်။
ထိုရှုပ်ထွေးနေသော လမ်းမကြီးက ကျိရွှေရှန့်အတွက် စူးချင်းကို ရှာဖွေရန် ခက်ခဲစေသည်။ သူက စိတ်ပူနေပြီး စူးချင်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာချင်နေခဲ့သည်။
ထိုအချိန်တွင် စူးချင်းက သိုးခြေထောက်ကင်ကို စားပြီးပြီ ဖြစ်သော်လည်း မကျေမနပ်ဖြစ်နေဆဲဖြစ်ကာ နောက်ထပ် သိုးသားကင်တစ်ပိုင်း ထပ်လှီးခိုင်းနေသောကြောင့် အစောင့်များက သူမကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ဒီကောင်လေးက သူ့ကိုသူ ဆရာကြီးလို့ ထင်နေတာလား?
ဒီလောက်ပိန်တဲ့သူက ဘာလို့ ဒီလောက်အများကြီး စားနိုင်ရတာလဲ? သိုးခြေထောက်တစ်ချောင်းက မလုံလောက်သေးဘူးလား? သူက သိုးသားကို ထပ်လှီးစေချင်သေးတာလား?
သို့သော် သူတို့ထံတွင် ရွေးချယ်စရာမရှိပေ။ နောက်ဆုံးတွင် ထိုကောင်လေးက ဒုတိယမင်းသားထံမှ မျက်နှာသာ ရရှိထားသူ ဖြစ်နေသောကြောင့် သူတို့က သူတို့၏ဒေါသကို ထိန်းကာ စူးချင်းအတွက် သိုးသားကင် ယူပေးရန် ထွက်သွားကြသည်။
စူးချင်းက တဲနံရံကို မှီထိုင်နေပြီး သူမ၏ဒူးတစ်ဖက်ကို ကွေးထားကာ သူမ၏ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ထားသည်။ သူမ၏ ကိုယ်ဟန်အနေအထားက ပျင်းတိပျင်းတွဲ ဖြစ်နေပြီး သက်တောင့်သက်သာရှိပုံရသည်။
တကယ်တော့ ဒီသိုးသားကင်တစ်ပိုင်းက ရှောင်ချီအတွက်ပါ။ သိုးသငယ်သားက အရမ်း မွှေးကြိုင်ပြီး မာမာတင်းတင်းနဲ့ စားကောင်းလွန်းတယ်။ အစပ်တော့ နည်းနည်းလိုတယ်။ တာ့ထန်ရဲ့သိုးသားက မွှေးကြိုင်နေပြီး တခြားဘာ အမွေးအကြိုင်မှတောင် မလိုဘူး။
ဘာကြောင့်လဲ ဆိုတော့ ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေက အနံ့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေ မလိုအပ်တာကြောင့်ပါ။ မူရင်းအရသာက အကောင်းဆုံးပဲလေ။
ထိုအချိန်တွင် အစောင့်တစ်ယောက်က ဒေါသတကြီးဖြင့် ခြံဝင်းထဲသို့ ၀င်လာပြီး စူးချင်းအား မကျေမနပ် စိုက်ကြည့်နေခဲ့သည်။ စူးချင်းက သူ့အကြည့်တွင် တစ်ခုခုမှားနေကြောင်း သတိပြုမိသွားပြီး သူ့ကို အေးစက်စက် ပြန်မေးလိုက်သည်။
"ဘာကြည့်တာလဲ?"
"မင်းက အတိအကျ ဘယ်သူလဲ? ပထမမင်းသားက မင်းကြောင့် ငါတို့ကို ဝိုင်းထားပြီး ဒုတိယမင်းသားဆီမှာ မင်းကို ထုတ်ပေးဖို့ တောင်းဆိုနေတယ်”
ထိုအစောင့်တပ်သားများက စူးချင်းကို သေလောက်သည်အထိ မုန်းနေပြီ ဖြစ်သည်။
ပထမမင်းသားနဲ့ ဒုတိယမင်းသားက အရင်ကတည်းက စည်းလုံးမှု မရှိကြပေမယ့် အချင်းချင်း ကွဲကွာနေကြတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီကောင်လေးရောက်လာတဲ့အချိန်တိုလေးအတွင်းမှာ ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့ တိုက်ခိုက်ကြတော့မယ်။
ပထမမင်းသားက အရမ်း ရက်စက်တယ်။ တကယ်လို့ သူတို့ရဲ့ဒုတိယမင်းသား ရှုံးနိမ့်သွားခဲ့ရင် ဒုတိယမင်းသားကို အကာအကွယ်ပေးနေရတဲ့ သူတို့လို စစ်သည်တွေက ကြေကွဲဖွယ်အဆုံးသတ်ကို ရင်ဆိုင်ရမှာ သေချာတယ်။
“အိုး!”
စူးချင်းက ပထမမင်းသား ဤမျှမြန်မြန်ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ဤအရာက သူမအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့ တိုက်ခိုက်နေရင် သူတို့မှာ မော့ချန်ကို ကျူးကျော်ဖို့ အချိန်မရှိလောက်တော့ဘူး။
စူးချင်းနှင့်ကျိရွှေရှန့်တို့တွင် တိတ်တဆိတ် နားလည်မှု ရှိပြီး တူညီသောအရာကို တွေးခေါ်နေကြသည်ဟု ဆိုရပေမည်။
"အိုး ဘာတွေလဲ? မင်းက ပြသနာကောင်ပဲ"
အစောင့်များက စူးချင်းကို ဖမ်းစီးပြီး ပထမမင်းသားဆီသို့ အပ်နှံချင်နေကြသည်။ သိုသော်လည်း ဒုတိယမင်းသား၏ခွင့်ပြုချက်ကို မရသေးသောကြောင့် ထိုသို့ မလုပ်ရဲကြသေးပေ။
"မင်း ငါ့ကို ဖမ်းပေးပြီး ဆုလဒ်တွေ ရယူချင်နေတာလား?”
စူးချင်းက သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး ထိုအစောင့်တပ်သားကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့၏မျက်လုံးထဲမှ သေခြင်းတရားကို ကြောက်ရွံ့နေသည့် အရိပ်အယောင်ကို သူမ မြင်လိုက်ရသည်။
ဒီလိုဆိုတော့လည်း တာ့ထန်စစ်သည်တွေက အကြောက်အရွံ့ မရှိဘဲ သေရဲ သတ်ရဲတယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့။ ပထမမင်းသားတောင် လှုပ်လှုပ်ရှားရှား မလုပ်ရသေးဘဲ သူတို့က ကြောက်ရွံ့နေပြီး လက်နက်ချချင်နေပြီ။
“မင်း အဲ့လောက်မောက်မာနေစရာ မလိုဘူး။ ဒုတိယမင်းသားက မင်းအတွက်နဲ့ ပထမမင်းသားကို စစ်ခင်းမှာ မဟုတ်ဘူး။ ပထမင်းမင်းသားက မင်းရဲ့နှလုံးသားကို တူးဖော်ပြီး စားသောက်မယ့်အချိန်ကို မင်းစောင့်နေလိုက်”
ထိုအစောင့်တပ်သားက စူးချင်းကို ပြင်းပြင်းထန်ထန် ကျိန်ဆဲနေပြီး ဒုတိယမင်းသားက အဘယ်ကြောင့်ဤကောင်လေးကို လက်လွှဲရန် ငြင်းဆန်နေသည်ကို သူ အံ့ဩနေမိသည်။
ဒုတိယမင်းသား၏တဲစခန်းရှေ့တွင် ပထမမင်းသားက သူ့၏မြင်းနက်ကို စီးလျက် ခန့်ခန့်ထည်ထည် ရှိနေလေသည်။ သူက အနက်ရောင်အင်္ကျီနှင့် ဦးထုပ်အနက်ကို ၀တ်ထားပြီး သူ့၏တစ်ကိုယ်လုံးမှ ထွက်နေသော အရောင်အဝါကလည်း သူဝတ်ထားသည့်အဝတ်များကဲ့သို့ မည်းမှောင်နေခဲ့သည်။
ဒုတိယမင်းသားက နီလာပြာရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး အနီရောင်မြင်းကို စီးထားခဲ့သည်။ သူက သူ့၏အကြီးဆုံးအစ်ကိုတော်ကို စိုက်ကြည့်နေပြီး လက်လျှော့ရန် ငြင်းဆန်နေခဲ့သည်။
“ဒုတိယညီတော်၊ သူ့ကို လွှဲပေး။ သူက လုပ်ကြံသတ်ဖြတ်သူပဲ၊ သူ မင်းရဲ့စခန်းမှာ ရှိနေတာက မင်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်"
သူ့၏ညီတော်ဖြစ်သူက ခိုးကြောင်ခိုးဝှက်လုပ်သွားသည့် သူလျှိုကို ကာကွယ်ပေးရန် ဆန္ဒရှိနေပြီး သူ့ကို ဆန့်ကျင်ချင်နေကြောင်း မြင်နေရသောကြောင့် ယဲ့လွီဟမ်က ထိုသူလျှိုက သူ့ပြောမပြနိုင်သည့် လျှို့ဝှက်ချက်တစ်ခုကို သိသွားပုံရသည်ဟု ပို၍ပင် သံသယဝင်လာခဲ့သည်။
သူ့၏အစ်ကိုဖြစ်သူ ထိုကောင်လေးကို လွှဲပြောင်းပေးရန် တောင်းဆိုနေခဲ့ပြီး ထိုကောင်လေးကို ပြန်ခေါ်သွားရန် စိတ်ပိုင်းဖြတ်ထားပုံရသည်ကို မြင်လိုက်ရသောကြောင့် ပထမမင်းသားက သူ့ကို လုပ်ကြံချင်နေကြောင်း ဒုတိယမင်းသားက ပို၍ ယုံကြည်လာခဲ့သည်။
ထို့ကြောင့် ဒုတိယမင်းသားက စူးချင်းကို ဖမ်းခေါ်ချင်နေသည့် ယဲ့လွီဟမ်၏တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်သည်မှာ သေချာနေသည်။ အကြောင်းအရာကို နားလည်သဘောပေါက်နေသော ဒုတိယမင်းသားက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ငါ သူ့ကိုသတ်လိုက်ပြီ"
"သတ်လိုက်ပြီလား? အလောင်းကရော ဘယ်မှာလဲ? သူ သေသွားရင်တောင် အလောင်းကို ငါ မြင်ချင်တယ်"
သူ့ညီတော်က ထိုကောင်လေးကို သတ်လိုက်ပြီဟု ပြောလာခဲ့သော်လည်း ယဲ့လွီဟမ်က သူ့ညီတော်ကို လုံးဝ မယုံပေ။
လူသေသွားရင်တောင် အလောင်းကို လိုချင်တယ်။ ရှင်းရှင်းပြောရရင် ဒီနေ့ အဲ့လူကို မတွေ့ရမချင်း သူတပ်ကို နောက်ဆုတ်ခိုင်းမှာ မဟုတ်ဘူး။
"ငါ့ရဲ့ခြင်္သေ့ကြီးကို ကျွေးလိုက်ပြီ"
သူ၏အစ်ကိုတော်က ထိုကောင်လေးအား သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်နေရသောကြောင့် ဒုတိယမင်းသားက သူ့အစ်ကိုတော်က သူ့ကို လုပ်ကြံသတ်ဖြတ်မည့် ကြံစည်မှု ပေါ်ပေါက်သွားမည်ကို စိုးရိမ်နေသည်ဟု သတ်မှတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီလူကို ထုတ်မပေးနိုင်ဘူး။ သူတို့ရဲ့ခမည်းတော် ပြန်နိုးလာတာနဲ့ အစ်ကိုတော်နဲ့ စာရင်းရှင်း ရမယ်။