← Chapters

စူးချင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတယ်

Vol. 17 Ch. 251

စူးချင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတယ်

Vol. 17 Ch. 251

"ဒုတိယညီတော်၊ ငါက မင်းအတွက် လုပ်ပေးနေတာနော်"

ယဲ့လွီဟမ်က ဝမ်ရယ်(ဘုရင်ခံမင်းသား)ဘွဲ့ကို အပ်နှင်းခံထားရသူ ဖြစ်သည်။ ထို့ကြောင့် ရာထူးအရဖြစ်စေ အသက်အရွယ်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ သူက ဒုတိယမင်းသား၏ အထက်တွင် ရှိနေပြီး ဒုတိယမင်းသားကို ဖိနှိပ်နိုင်သူ ဖြစ်သည်။ သူက သူ့မေးစေ့ကို ပင့်မြှောက်ထားပြီး ဒုတိယမင်းသားကို မှုန်မှိုင်းသောအမူအရာဖြင့် ကြည့်နေကာ သူ့၏လေသံတွင် မောက်မာမှုများ ပြည့်နေခဲ့သည်။

“အကြီးဆုံးအစ်ကိုတော်က ကျုပ်ရဲ့တဲစခန်းကို ဝိုင်းထားဖို့ တပ်တွေ စေလွှတ်ပြီးမှ ကျုပ်အတွက်လို့ ပြောနေတာလား? ဟား ဟား ဒီလိုကြင်နာမှုက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ တာချန်မြို့သားတွေက ကျုပ် အမှားကြီးလုပ်မိတယ်လို့ အကြီးဆုံးအစ်ကိုတော်က ကျုပ်ကို သတ်ချင်နေတယ်လို့ ထင်နေပါဦးမယ်”

ဒုတိယမင်းသား၏ စကားများတွင် ကွယ်ဝှက်ထားသော အဓိပ္ပါယ်များ ရှိနေပြီး သူက ယဲ့လွီဟမ်ကို နက်မှောင်သော မျက်လုံးများဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။

မင်း ငါ့ကိုသတ်ဖို့ လူတွေ စေလွှတ်ပြီး ငါ့တဲစခန်းကို စစ်သည်အလုံးအရင်းနဲ့ ဝန်းရံထားကတည်းက မင်းက မင်းရဲ့မျက်နှာဖုံးကို ဆွဲချွတ်ပြီးသွားပြီ။

သူက သူ့တပ်တွေနဲ့ လာဝန်းရံပြီးမှ ငါ့ကို ကြီးကြီးမားမား ကူညီပေးတာလို့တောင် ပြောနေသေးတယ်။ ဒါက အတုအယောင် ကူညီမှုပဲ၊ တကယ်တော့ သူက ငါ့ကို အရှက်ခွဲချင်နေတာ။ သူ့မှာ စိတ်ကူးယဉ် စေ့ဆော်မှုတွေ ပိုများနေပြီး သူ ငါ့ကို လုပ်ကြံဖို့ လူလွှတ်လိုက်တယ်ဆိုတဲ့ အချက် ဖော်ထုတ်ခံရမှာကို စိုးရိမ်နေတာပဲ ဖြစ်နိုင်တယ်။

“ဒုတိယညီတော်၊ မင်းက အရမ်းလေးနက်လွန်းနေပြန်ပြီ။ ငါက မင်းရဲ့လုံခြုံရေးအတွက် စိုးရိမ်တာပါ။ တာ့ရှားပြည်ထောင်က သူလျှိုကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ ငါ သူ့ကို ခေါ်သွားရမယ်”

ဒုတိယမင်းသားက ထိုကောင်လေးအား လက်လွှဲပေးရန် ဆန္ဒမရှိကြောင်း မြင်နေရသောကြောင့် ယဲ့လွီဟမ်၏မျက်နှာက ပိုမည်းမှောင်လာပြီး သူ့တပ်သားများကို ရှေ့တိုးရန် အမိန့်ပေးလိုက်သည်။

“ဘယ်သူတွေ ဝင်ရဲလဲ ကြည့်ရအောင်”

ဒုတိယမင်းသားက ဒေါသတကြီး ပြန်အော်လိုက်သည်။ ယဲ့လွီဟမ်က သူ့ကို တာ့ရှားက သူလျှိုတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပုန်ကန်တယ်လို့ စွဲချက်တင်ဖို့ အခုလို ပြောလိုက်တာလေ။ ဘာပဲဖြစ်​ဖြစ်​ သူက ဒီလူကို ခေါ်သွားခွင့် ​မပေးနိုင်​ဘူး။ မဟုတ်ရင် သူ့ကိုယ်သူ ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး။

"ဒုတိယညီတော်၊ မင်းက အဲဒီသူလျှိုကို ကာကွယ်ပေးနေတာလား?"

ယဲ့လွီဟမ်၏မျက်နှာက ရေကန်နက်ကြီးကဲ့သို့ မည်းမှောင်နေပြီး သူက မြင်းကျောပေါ်ထိုင်တွင် ထိုင်နေရင်း ယဲ့လွီတကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

တကယ်တော့ ဒါကလည်း စစ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အကြံဥာဏ်တစ်ခုပါပဲ။ ဒုတိယမင်းသားက အဲ့ဒီလူကို အေးအေးဆေးဆေး လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ သူတို့ တွက်ချက်ထားတယ်။ အဲ့တာကြောင့် ဒုတိယမင်းသားကို တာ့ရှားပြည်ထောင်နဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲပြီး သူတို့ရဲ့ခမည်းတော် မနိုးလာခင်မှာ ဖယ်ရှားပစ်ဖို့ ချောက်ချနိုင်ရမယ်။

ဒါက တစ်စုံတစ်ဦးကို အပြစ်တင်ဖို့ အကြောင်းပြချက်ရှာနေတာပဲလေ။

ဘာပဲဖြစ်ဖြစ် သူတို့ ဒီနေ့ ဒုတိယမင်းသားရဲ့တဲစခန်းထဲကို ဝင်နိုင်ရမယ်။

ပထမမင်းသားက သူ့၏လျှို့ဝှက်ချက်ကို ပြောပြရန် စစ်သည်တစ်ယောက်အား တမင်တကာ စေလွှတ်လိုက်ကြောင်း ယဲ့လွီတက ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“အဲဒီကလေးကို ကျားစာ ကျွေးလိုက်တဲ့သူကို သွားခေါ်လာခဲ့”

အကြောင်းအရင်းကို နားလည်သွားပြီးနောက် ယဲ့လွီတက သူ၏ယုံကြည်စိတ်ချရသော လက်ထောက်အား အမိန့်ပေးလိုက်သည်။ ခဏနေလို့ ယဲ့လွီဟမ်က သူ့လူတွေနဲ့ မပြေးအလွှားဝင်သွားရင်တောင် အဲ့ကောင်လေးကို မတွေ့ရင် သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။

အဲ့အချိန်ရောက်လာရင် သူက ပထမမင်းသားကို ပြန်ပြီး အပြစ်တင်နိုင်လိမ့်မယ်။ တိုင်းပြည်အတွင်းမှာ စစ်တပ်ကို ပေါ့ပေါ့တန်တန် မသုံးဖို့ တားမြစ်ထားတယ်။ ဒါက ပုန်ကန်ဖို့ ကြံစည်တယ်လို့တောင် ပြန်စွပ်စွဲလို့ ရနေပြီ။

ညီအကိုနှစ်​​ယောက်​တွင် အတွေးကိုယ်စီ ရှိနေကြပြီး သူတို့နှစ်ယောက်လုံးက ရက်စက်ကြမ်းကြုတ်ပုံချင်းတူကာ တစ်ယောက်နှင့် တစ်ယောက် မသတ်နိုင်မချင်း ရပ်တန့်ကြမည် မဟုတ်ပေ။

သူ့၏ဒုတိယညီတော်က သူ့၏ယုံကြည်ရသောလက်ထောက်အား လျှို့ဝှက်အမိန့်ပေးနေသည်ကို မြင်လိုက်ချိန်တွင် သူ့၏ညီတော်က အထောက်အထားကို ဖျက်ဆီးပစ်ချင်နေသည်ဟု ယဲ့လွီဟမ်က ထင်သွားခဲ့သည်။

မဟုတ်ဘူး... သူက ဒုတိယမင်းသားကို ဒီလို အခွင့်အရေးမျိုး မပေးနိုင်ဘူး။

"အားလုံး အမိန့်နာခံကြ၊ အထဲကို ဝင်ပြီး စစ်ဆေးကြစမ်း!"

ယဲ့လွီဟမ်က သူ့၏စစ်သည်များကို တဲစခန်းထဲသို့ ဝင်ရန် အမိန့်ပေးနေရင်း ယဲ့လွီတ၏လက်ထောက်များကို စောင့်ကြည့်ရန် သူ့၏လက်အောက်ငယ်သားကို အကြည့်ဖြင့် အချက်ပြလိုက်သည်။

ယဲ့လွီတက သူ့လက်ထဲမှ ငွေရောင်လှံရှည်ကြီးကို ဝှေ့ယမ်းပြီး သူ့၏အကြီးဆုံးအစ်ကိုတော်နှင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူ အဲဒီလူကို မဖြေရှင်းရသေးခင်မှာ သူတို့ကို တဲစခန်းထဲ ဝင်ခွင့်ပေးဖို့ လုံးဝ မဖြစ်နိုင်ဘူး။

ပထမမင်းသား၏စစ်သည်များက သူ့နံဘေးမှ စစ်သည်များထက် အဆပေါင်းများစွာ ပိုများနေသောကြောင့် သူတို့ အစွမ်းကုန် ခုခံသော်လည်း ကြာရှည် ခုခံနိုင်ရည် မရှိခဲ့ပေ။ ယဲ့လွီတက အလွန် စိုးရိမ်လာပြီး သူ့မျက်လုံးများက နီရဲနေလေသည်။

အကြီးဆုံးမင်းသားက သူ့၏ညီတော် ကိုင်ထားသော ငွေရောင်လှံကို စိုက်ကြည့်နေပြီး သူ့၏ပါးစပ်ထောင့်များကို အေးစက်စွာ တွန့်ကွေးလိုက်သည်။ သူ့၏မျက်လုံးများတွင် ကဲရဲ့ပြစ်တင် လှောင်ပြောင်ရှုံ့ချမှုများ ပြည့်နှက်နေပြီး “ဒုတိယညီတော်၊ ငါက မင်းကို သိုင်းပညာ သင်ပေးခဲ့တဲ့သူနော်။ မင်း ငါ့နဲ့ မတိုက်ခင် သေချာစဉ်းစားကြည့်ဦး။ ငါ့ရဲ့ဒေါသကိုလည်း မင်း သိတယ်၊ တကယ်တမ်း တိုက်ပြီဆိုရင် ငါက မင်းကို ငဲ့ညှာနေမှာ မဟုတ်ဘူး"

ဒုတိယမင်းသားကလည်း အကျပ်အတည်းထဲသို့ ရောက်နေပြီဖြစ်ကာ သူ သူ့၏အစ်ကိုတော်ကို မနိုင်လျှင်ပင် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ သူ့လူများက ထိုကောင်းလေးကို ဖြေရှင်းရန် အချိန်တစ်ခု ချန်ထားပေးချင်သောကြောင့် သူက ပထမမင်းသားကို ပြန်အော်လိုက်သည်။

“အစ်ကိုတော်၊ ခင်ဗျား အရမ်း လွန်နေပြီ။ မနေ့ညက ခင်ဗျား ကျုပ်ကို လုပ်ကြံဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့တယ်၊ ဒီနေ့ ခင်ဗျားက ကျုပ်ကို အခြေအမြစ်မရှိတဲ့ ရာဇ၀တ်မှုတစ်ခုနဲ့ ချောက်ချနေပြန်တယ်"

ယဲ့လွီဟမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "မင်း ဘာတွေပြောနေလဲဆိုတာ ငါ မသိဘူး။ မင်းက ငါ့ကို ဆန့်ကျင်ချင်နေမှတော့ ညီအကိုမျက်နှာကို မထောက်ထားလို့ ငါ့ကို အပြစ်မတင်နဲ့"

ထိုစကားကို ပြောပြီးနောက် ယဲ့လွီဟမ် သူ့လက်ထဲမှ ကိုးကွင်းဓားကို လှုပ်ခါလိုက်ရာ သတ္တုချင်း တိုက်မိသည့် အေးစက်စက်အသံများ ထွက်ပေါ်လာပြီး သတ်ပစ်လိုစိတ်များက သူ့မျက်လုံးများထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒီနေ့ သူနဲ့ ထီးနန်းယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ ဒီလျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားပစ်ရမယ်။

ယဲ့လွီဟမ်က သူ့၏ ကိုးကွင်းဓားကို မြှောက်တင်လိုက်သော တင်းမာနေသည့် ထိုအခိုက်အတန့်တွင် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဧကရီက တော်ဝင်သက်တော်စောင့်များနှင့်အတူ အပြေးအလွှား ရောက်ရှိလာပြီး ယဲ့လွီဟမ်၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ဧကရီကည် သူမ၏မြင်းပေါ်တွင် ထိုင်နေရင်း လွီဟမ်အား သိက္ခာရှိသောအမူအရာဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် သူမက အေးစက်စွာ အော်ငေါက်လိုက်သည်။

"ယဲ့လွီဟမ် မင်းက အရမ်းရဲတင်းနေတယ်ပေါ့။ စစ်တပ်ကို သီးသန့် စည်းရုံးပြီး ပုန်ကန်ဖို့ စီစဉ်နေတာလား?”

ဧကရီရဲ့ ထိုးနှက်ချက်က မပေါ့ပါးပေ။ ထိုစကားက ယဲ့လွီဟမ်၏အနာနေရာကို ထိမိသွားခဲ့သည်။

တကယ်လို့ မင်းသားတွေ ပုန်ကန်ခဲ့ရင် ပေါ့ပါးတဲ့အပြစ်က မျိူးနွယ်စုကို ပြန်ပို့မယ်၊ တော်ဝင်မိသားစုကနေ ထုတ်ပယ်မယ်၊ အဲ့လောက်ပဲ၊ ပြင်းထန်ရင်တော့ ခေါင်းဖြတ်ခံရလိမ့်မယ်။

ယဲ့လွီဟမ်က ဧကရီကို သူ့၏စိတ်နှလုံးအောက်ခြေမှ အထင်သေးကာ ငုံ့ကြည့်ချင်‌နေသော်လည်း သူ့၏အနေအထားအရ သူမက သူ့၏အမေနေရာတွင် ရှိနေသောကြောင့် သူက သူမကို လေးစားရမည် ဖြစ်သည်။

ယဲ့လွီဟမ်က အံကြိတ်လိုက်သည်။

သူ သေလောက်အောင် မုန်းနေရင်တောင် သည်းခံရတော့မယ်။

နောက်ဆုံးတွင် ယဲ့လွီဟမ်က မတုန်မလှုပ် အမူအရာဖြင့် မြင်းပေါ်မှ မဆင်းဘဲ ဧကရီကို လက်ဟန်ဖြင့်သာ အရိုအသေပေးလိုက်သည်။

“မယ်တော်ရဲ့ စကားတွေက လေးနက်လွန်းနေပါပြီ။ ဒီသားတော်က အဲ့လို မလုပ်ရဲပါဘူး"

"ဘာကို မလုပ်ရဲတာလဲ? မင်းက မင်းရဲ့ခမည်းတော် အိပ်ရာထဲလဲနေတာကို အခွင့်ကောင်းယူပြီး အတိုက်အခံတွေကို ဖယ်ရှား ကြံစည်ခဲ့တယ်၊ အခု မင်းက မင်းရဲ့ညီတော်ကို ဝိုင်းရံဖို့ စစ်တပ်ကို ခေါ်လာခဲ့တယ်။ နောက်တဆင့်က မင်းရဲ့ခမည်းတော်ကို နန်းစွန့်ခိုင်းဖို့ပဲ မဟုတ်ဘူးလား?”

ဧကရီက မြင်းပေါ်တွင် ထိုင်နေရင်း ယဲ့လွီဟမ်ကို အေးစက်သောအပြုံးဖြင့် ကြည့်နေခဲ့သည်။

သူက မြင်းပေါ်ကဆင်းပြီး ဒူးထောက် အရိုအသေပေးချင်စိတ်တောင် မရှိတော့ဘူး၊ ဒါက ပုန်ကန်မှု မဟုတ်ရင် ဘာဖြစ်မလဲ?

“ဧကရာဇ်မင်း၊ မင်းရဲ့သားကို မညှဉ်းဆဲပါနဲ့။”

ယဲ့လွီဟမ်က ဧကရီကို အုံ့မှိုင်းသောအမူအရာဖြင့် ပြန်ကြည့်နေပြီး သူ့၏မျက်နှာပေါ်တွင် လေးစားမှုကို ပြသရန် ပျင်းရိနေခဲ့သည်။

“ဒီသားတော်ရဲ့ လက်အောက်ငယ်သားတွေက သူလျှိုတစ်ယောက်ကို လိုက်ရှာခဲ့ပြီး အဲ့ဒီသူလျိုက ဒုတိယညီတော်ရဲ့ တဲစခန်းထဲကို ဝင်သွားတာ တွေ့ခဲ့တယ်။ ဒီသားတော်က ဒုတိယညီတော်ကို သူလျှိုထုတ်ပေးဖို့ တောင်းနေပေမယ့် သူက ပြင်းဆန်နေတယ်၊ ဒီသားတော်က တိုင်းပြည်လုံခြုံရေးအတွက် မယ်တော့်ကို ဒေါသထွက်အောင် လုပ်မိရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး”

သူ တစ်ခုခု လုပ်ရန် ဆုံးဖြတ်ပြီးကတည်းက ယဲ့လွီဟမ်က သူ့စိတ်ကို အဆုံးအစွန်အထိ ပိုင်းဖြတ်ပြီး ဖြစ်ကာ ဧကရီနှင့် သူ့၏ဒုတိယညီတော်ကို အသက်ရှုရန် အခွင့်အရေး လုံးဝ မပေးခင်တော့ပေ။

ယဲ့လွီဟမ်၏စစ်သည်များက ဒုတိယမင်းသား၏ တဲစခန်းထဲသို့ ပြေးဝင်သွားချိန်တွင် ဧကရီက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ တော်ဝင်သက်တော်စောင့်များက သူတို့၏ လေးများကို ဆွဲတင်ချိန်ရွယ်လိုက်ပြီး “ရပ်ကြစမ်း”

ရှေ့တစ်လှမ်းတိုးရင် ပစ်သတ်ခံရလိမ့်မယ်။ နောက်ဆုံးတော့ သူတို့က တော်ဝင်သက်တော်စောင့်တွေလေ။ သာမာန်တာ့ထန်စစ်သည်တွေက သူတို့ကို ယှဥ်တိုက်ရဲပါ့မလား? တိုင်းပြည်ကိုပုန်ကန်မှုနဲ့ စွပ်စွဲခံရရင် သူတို့ရဲ့မိသားစုတစ်ခုလုံး သုတ်သင်ခံရလိမ့်မယ်။

“ဘယ်သူက ငါ့ကို တားရဲလဲ ကြည့်ရအောင်”

ယဲ့လွီဟမ်က ဒေါသတကြီးဖြင့် ဧကရာဇ်မင်းမြတ်၏တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ထိုအမှတ်အသားကို မြင်လိုက်ရခြင်းက "ဧကရာဇ်ကိုယ်တိုင်ရောက်သကဲ့သို့"ဟူသည့် အဓိပ္ပါယ် သက်‌ရောက်နေသောကြောင့် သက်တော်စောင့်များက တုံ့ဆိုင်းစွာဖြင့် ဧကရီကို ပြန်ကြည့်လိုက်ကြသည်။

“အရှင်မင်းမြတ်က မင်းရဲ့ညီတော်တွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘဲ တိုင်းပြည်ကို ကောင်းကောင်း စီမံခန့်ခွဲဖို့ ဒီတံဆိပ်ပြားကို ပေးထားခဲ့တာ”

ဧကရီက ယဲ့လွီဟမ်ထံတွင် ထိုခါးချိတ်တံဆိပ်ပြား ရနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခင်က ဧကရာဇ်မင်းမြတ် နာမကျန်းဖြစ်နေချိန်တွင် ယဲ့လွီဟမ်အား အစိုးရကို အုပ်ချုပ်ခွင့်ပေးပြီး အာဏာအချို့ ပေးအပ်ခဲ့သော်လည်း ဤခါးချိတ်တံဆိပ်ပြား ပေးဆောင်ခြင်းနှင့်ပတ်သတ်သည့် တစ်စုံတစ်ရာကို လုံးဝ မပြောရဲပေ။

ဤခါးချိတ်တံဆိပ်ပြားရှိနေလျှင် ဧကရီဖြစ်သည့် သူမလည်း ယဲ့လွီဟမ်ကို တားနိုင်တော့မည် မဟုတ်ပေ။ ခဏတာအတွင်းမှာပင် ဧကရီက ဒေါသအလွန်ထွက်လာပြီး သူမ၏လှပသော မျက်နှာက အေးစက်သွားတော့သည်။

“ဒီကိစ္စက တိုင်းပြည်ရဲ့လုံခြုံရေးနဲ့ သက်ဆိုင်တယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘက်လိုက်လို့ မရဘူး။ ဒုတိယမင်းသားရဲ့စခန်းထဲကို ဝင်ရှာကြည့်မယ်။ သူလျှို မရှိရင် ဒီသားတော်က မယ်တော်ကို တောင်းပန်ပါ့မယ်”

ယဲ့လွီတက သူ့ကို တားဖို့ ကြိုးစားလေလေ ယဲလွီဟမ်က ထိုသူလျှို စခန်းထဲတွင် ရှိနေသည်ဟု ယုံကြည်လေလေဖြစ်သည်။

အဲ့လူကို ဖမ်းမိတာနဲ့ ဧကရီက သူမရဲ့သားကို အပြစ်ဒဏ်ချမှတ်ရလိမ့်မယ်။ အဲ့အချိန်ရောက်ရင် သူက အေးအေးဆေးဆေး စောင့်ကြည့်နိုင်ရုံပဲ ရှိတော့တယ်။

ဧကရီက သူမ၏ ဒုတိယသားတော်ကို တစ်ချက်ကြည့်လိုက်ပြီး သူမသား၏မျက်လုံးများမှ ထိတ်လန့်မှု အနည်းငယ်ကို တွေ့သွားခဲ့သည်။ သူမ၏သားက သူမကို အကူအညီ တောင်းသလို ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် စခန်းထဲတွင် ထိုကဲ့သို့လူတစ်ယောက် ရှိနေမှန်း သူမ သိလိုက်ရသည်။ သို့သော်လည်း ယဲ့လွီဟမ်က ​​သူမ သား၏အားနည်းချက်အား ဆုပ်ကိုင်ထားမည်ကို သူမ ခွင့်မပြုနိုင်ပေ။

"တောင်းပန်လား? ဒါက ပေါ့ပေါ့ပါးပါး တောင်းပန်ရုံနဲ့ လုံလောက်တဲ့ကိစ္စလား? မင်းက သူလျှိုဖမ်းမယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ဒုတိယမင်းသားရဲ့ တဲစခန်းကို ရှာဖွေရန် စစ်တပ်ကို ခေါ်ဆောင်လာခဲ့တယ်။ ဒုတိယမင်းသားက သစ္စာဖောက်တယ်လို့ တခြားလူတွေကို အထင်လွဲစေချင်တာ မဟုတ်ဘူးလား? မင်းတို့က ညီအစ်ကိုတွေလေ။ မင်းက ဒီလောက် ရက်စက်ရမှဖြစ်မှာလား?"

ဧကရီက ယဲ့လွီဟမ်အား တဲစခန်းထဲဝင်ရန် ခွင့်မပြုခဲ့ပေ။ ထိုသို့မဟုတ်လျှင် သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်တော့မည် မဟုတ်ပေ။

"မယ်တော်၊ ဒီသားတော်က တိုင်းပြည်အတွက် စဥ်းစားနေတာပါ။ ကျေးဇူးပြုပြီး ဒီသားတောကို မစွပ်စွဲပါနဲ့"

ယဲ့လွီဟမ်က ထပ်သည်းမခံနိုင်တော့ပေ။ ယနေ့တွင် မည်သူက သူ့ကို တားဆီးနေစေကာမူ သူက ထို‌လူကို လက်ရ ဖမ်းဆီးရမည် ဖြစ်သည်။ သူက သူ့လက်ထဲမှ ကိုးကွင်းဓားကို အလျားလိုက် ဆုပ်ကိုင်ထားပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

"ငါ့ကို တားတဲ့သူ သေရလိမ့်မယ်..."

All Chapters