စူးချင်းရဲ့ အကြံဆိုး
Vol. 17 Ch. 253
ဒုတိယမင်းသားရဲ့အိမ်မွေးတိရစ္ဆာန်ကို လွတ်ပေးလိုက်ရင် အကောင်းဆုံးပဲ....
ထိုနည်းလမ်းကို တွေးမိသွားသည်နှင့် စူးချင်းက ဒုတိယမင်းသား၏ကျားကို လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သည်။
တိုက်ပွဲမှ အော်ဟစ်သံများကို ကြားနေရချိန်ကတည်းက ထိုကျားကြီးက မငြိမ်မသက် ဖြစ်နေခဲ့ပြီး လှောင်အိမ်ထဲမှ ထွက်လာရသည်နှင့် ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ စူးချင်းက သစ်ပင်ပေါ်သို့ ခုန်တက်သွားသောကြောင့် ကျားကြီးက သူမကို မဖမ်းမိတော့ပေ။ သို့သော်လည်း စခန်း၏ဝင်ပေါက်မှ လူစုလူဝေးကြီးကို တွေ့သွားချိန်တွင် ထိုကျားကြီးက ထပ်မံဟိန်းဟောက်ကာ ထိုနေရာသို့ ပြေးသွားတော့သည်။
"အားပေါင် သူတို့ အားလုံးကို ကိုက်သတ်ပစ်လိုက်"
ဒုတိယမင်းသားက ပထမမင်းသား၏စစ်သည်နှစ်ဦးထံတွင် ရိုက်နှက်ခံနေရပြီး သေလုဆဲဆဲ ဖြစ်နေကာ နောက်ဆုတ်နေရသည်။ ထိုအခိုက်အတန့်တွင် သူ့အိမ်မွေးတိရိစ္ဆာန်၏ဟိန်းဟောက်သံကို ကြားလိုက်ရသောကြောင့် သူက အဆောတလျင် အကူအညီ လှမ်းတောင်းလိုက်သည်။
ထိုကျားကြီးက လူနှင့် လုံးဝ ယဥ်ပါးနေပြီး သူ့သခင်၏အကူအညီတောင်းသံကို ကြားလိုက်သည်နှင့် သူက လူအုပ်ပေါ်မှ ခုန်ကျော်သွားကာ သူ့သခင်ကို တိုက်ခိုက်နေသည့်စစ်သည်များကို လက်သည်းဖြင့် ခြစ်ချလိုက်သည်။ ထို့နောက် ၎င်းက ၎င်း၏သခင်ရှေ့တွင် ရပ်နေကာ ပထမမင်းသား၏စစ်သည်များကို ခြိမ်းခြောက်ရန် ၎င်း၏ကြောက်မက်ဖွယ် ပါးစပ်ကြီးကို ဖွင့်ဟထားခဲ့သည်။
ဒေါသထွက်နေသည့် ကျားကြီးကို မြင်လိုက်ရချိန်တွင် ပထမမင်းသား၏စစ်သည်များက ထိတ်လန့်သွားကြသည်။ သူတို့က တခြားသူများနှင့် တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း ကျားနှင့် တိုက်ခိုက်ရန်တော့ ကြောက်လန့်နေကြသည်။
ပထမမင်းသားဘက်မှ အရှိန်အဟုန်က သိသိသာသာ ကျဆင်းသွားပြီး အားနည်းသွားသည်ကို စူးချင်းက အနောက်မှ အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် နှစ်ယောက်ထက်ပိုသော အနက်ရောင်၀တ်လူများ ပျံသန်းလာသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအနက်ရောင်ဝတ်လူများ၏ ပစ်မှတ်က ကျားကြီးဆီသို့ ဖြစ်သည်။
စူးချင်းက ထိုရုန်းရင်းဆန်ခတ်အခြေအနေကို ဆက်မကြည့်နိုင်တော့ပေ။
ဒီအနက်ရောင်၀တ်လူတွေ ရောက်လာပြီဆိုတော့ သူတို့ကို ချုပ်ကိုင်ထားတဲ့လူကလည်း အနီးအနားမှာ ရှိနေရမယ်။ ဒါက သူမ တာ့ထန်ကို ရောက်လာရတဲ့ အဓိကအကြောင်းအရင်းလေ။
စူးချင်းတစ်ယောက် ထိုကြိုးကိုင်သူကို ရှာဖွေရန် ဒုတိယမင်းသား၏ တဲစခန်းမှ ထွက်ခွာခါနီးတွင် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လှပသောမိန်းခလေးတစ်ဦးနှင့် မြေခွေးသားမွေးဦးထုပ် ဆောင်းထားပြီး ကြွက်သားတောင့်တင်းသော စစ်သူကြီးအိုကြီးတစ်ဦး အလျင်အမြန် ပြေးလာနေသည်ကို သူမ တွေ့လိုက်ရသည်။
စူးချင်းက တာ့ထန်၏မငြိမ်မသက်ဖြစ်မှုကို သဘောကျနေပြီး ပိုရှုပ်ထွေးလေလေ၊ ပိုကောင်းလေလေ ဟု တွေးလိုက်မိသည်။
သူမက ဒုတိယမင်းသား၏ တဲစခန်းမှ လွတ်လွတ်လပ်လပ် ထွက်ခွာလာခဲ့ပြီး ဆယ်လီပတ်လည်အတွင်းမှ ကြိုးကိုင်သူကို စတင် ရှာဖွေနေခဲ့သည်။
အရင်ဆုံးတွေးကြည့်လိုက်တော့ အဲ့လူအနေနဲ့ အနက်ရောင်ဝတ်လူတွေကို ထိန်းချုပ်ချင်ရင် ယဇ်ပုလ္လင်တစ်ခု ရှိနေရမယ်။ အမွှေးတိုင်ထွန်းနေတဲ့ ယဇ်ပုလ္လင်ကို ရှာနိုင်သရွေ့ သူမ ဒီလူကို ရှာတွေ့နိုင်လိမ့်မယ်။
သို့သော် ထိုလူကို ရှာတွေ့ရန်က သူမအတွက် မလွယ်ကူခဲ့ပေ။
တာ့ထန်နိုင်ငံတော်တွင် နေရာတိုင်း၌ တဲဝိုင်းကြီးများ ရှိနေပြီး ထိုလူက ထိုတဲများအတွင်း ပုန်းနေလျှင် သူမ သူ့ကို မည်သို့မျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ယေဘူယျအားဖြင့် သူမ တစ်တဲပြီး တစ်တဲ လိုက်လံရှာဖွေရမည် ဖြစ်သည်။
တစ်ဖက်တွင် စူးချင်းက ထိုမှော်ဆရာကို နေရာတိုင်းတွင် ရှာဖွေနေခဲ့ပြီး တစ်ဖက်တွင်လည်း ကျိရွှေရှန့်က သူမကို နေရာတိုင်း လိုက်လံရှာဖွေနေခဲ့သည်။ လမ်းပေါ်တွင် အရာအားလုံး ကမောက်ကမ ဖြစ်နေပြီ မင်းသမီးဆိုင့်ယာက လူတစ်စုကို ဦးဆောင်ကာ တဲစခန်းတစ်ခုဆီသို့ ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။
သူတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားနေတာလား?
ဟုတ်တာပေါ့... ဒါက သူ မြင်ချင်တဲ့ မြင်ကွင်းပါပဲ။
စူးချင်းက တဲတစ်လုံးထဲသို့ ဝင်ရောက်ရှာဖွေချိန်တွင် ကျိရွှေရှန့်က ယခုမှ ထိုတဲထဲမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူက တာ့ထန်၏အဝတ်အစားနှင့် ခေါင်းစည်းပုဝါကို ၀တ်ဆင်ထားသောကြောင့် စူးချင်းက သူ့ကို သတိမထားမိဘဲ နှစ်ယောက်သား ကပ်လွဲသွားခဲ့သည်။
စူးချင်းက အရှေ့ဘက်ရှိ တဲစခန်းတိုင်းကို ရှာဖွေခဲ့သော်လည်း ထိုယစ်ပူဇော်နေသူအား ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူမက တောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။ သူမအတွက် အချိန်က အရေးကြီးနေပြီး တိုက်ပွဲပြီးသွားပါက ထိုမှော်ဆရာက ထွက်ခွာသွားမည် ဖြစ်သည်။ ထို့ကြောင့် သူမအတွက် တိုက်ပွဲမပြီးခင် သူ့ကို ရှာနိုင်ရမည် ဖြစ်သည်။
စူးချင်းက ဖြည်းညှင်းစွာ ရှာဖွေရန် အချိန်မပေးနိုင်တော့ပဲ ပြေးထွက်သွားခဲ့သည်။ ကျိရွှေရှန့်ကလည်း ထိုပြေးလွှားနေသည့် တာ့ထန်စစ်သည်၏ပုံရိပ်ကို မြင်လိုက်ရသည်။
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။ ဒီလူက တာ့ထန်တိုင်းပြည်ရဲ့စစ်သည်ဖြစ်နေတာတောင် တခြားသူတွေထက် ပိုမြန်အောင် ထွက်ပြေးသွားသေးတယ်။
သူက စူးချင်း၏စရိုက်ကို သိထားပြီး သူမက တာ့ထန်စစ်သည်များကို ကြောက်ရွံ့ပြီး ရှောင်ပုန်းနေမည့်သူမျိုး မဟုတ်ပေ။ သူမက ပွဲကြည့်ရန် အနီးအနားတွင် ရှိနေနိုင်သောကြောင့် သူက စူးချင်းကို ဒုတိယမင်းသား၏ တဲစခန်းအနားအထိ သွားရှာဖွေခဲ့သည်။
ကျိရွှေရှန့်က စူးချင်းကို ကောင်းကောင်း နားလည်နိုင်သူ ဖြစ်သည်။ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူအား ရှာဖွေရန် မလိုအပ်လျှင် စူးချင်းက ထိုအနီးနားတွင် ရှိနေကာ ဆူပူအုံကြွမှုကို သေချာပေါက် စောင့်ကြည့်နေမည်ဖြစ်သည်။
မင်းသမီးဆိုင့်ယာက သူမ၏ဦးရီတော်ဖြစ်သူနှင့်အတူ ဒုတိယအစ်ကိုတော်၏တဲစခန်းဆီသို့ ပြေးလာခဲ့သည်။ သူမ၏အကြီးဆုံးဦးရီးတော်က မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်ပြီး သူ့၏တပ်ဖွဲ့ကလည်း ရဲရင့်ကာ တိုက်ရည်ခိုက်ရည် ပြည့်ဝသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့က တာ့ထန်၏ထိပ်တန်းတပ်ဖွဲ့ဝင်များထဲမှ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၎င်းက အကြီးဆုံးမင်းသားပင် ကြောက်ရွံ့ရသည့် တပ်ဖွဲ့လည်း ဖြစ်နေခဲ့သည်။
အကြီးဆုံးဦးရီးတော်၏တပ်သားအများစုက နေရာအနှံ့ ပြန့်ကျဲနေသောကြောင့် တစ်ဝက်သာ ကျန်နေတော့သည်။ သို့သော်လည်း ထိုတစ်ဝက်ကပင် ပထမမင်းသားကို ခေါင်းကိုက်စေရန် လုံလောက်နေပြီ ဖြစ်သည်။ ထိုတစ်ဝက်နှင့် ဒုတိယမင်းသား၏တပ်များ ပေါင်းလိုက်လျှင် ပထမမင်းသားအင်အားနှင့် တန်းတူဖြစ်သွားခဲ့သည်။
ထို့အပြင် ၎င်းတို့က ပထမမင်းသားကို အရှေ့နှင့် အနောက်မှ ဝန်းရံထားသလို ဖြစ်နေပြီး အရှေ့တွင် ဒုတိယမင်းသားက တော်ဝင်သက်တော်စောင့်များနှင့် သူ၏အဖွဲ့ကို ဦးဆောင်နေကာ ပထမမင်းသားကို သေသည်အထိ တိုက်ခိုက်ရန် ကြိုးပမ်းနေခဲ့သည်။ အနောက်တွင် ဒုတိယမင်းသား၏ဦးရီးတော် ဖြစ်သူက သူ၏တပ်များကို ဦးဆောင်ပြီး ပထမမင်းသား၏နောက်တန်းကို ဖောက်ထွင်းဝင်ရောက်နေခဲ့သည်။
စည်းစနစ်တကျ တိုက်ခိုက်နေသော တိုက်ပွဲက ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး နှစ်ဖက်စလုံးတွင်လည်း အသေအပျောက် များပြားလာပြီ ဖြစ်သည်။
ကျားက အနက်ရောင်၀တ်လူတစ်ယောက်၏ဦးခေါင်းကို ကိုက်ဖြတ်လိုက်သော်လည်း ကြောက်စရာကောင်းသည်က ထိုအနက်ရောင်ဝတ်လူက ဦးခေါင်းမပါဘဲ လူများကို ဓားဖြင့် လိုက်ထိုးနေဆဲဖြစ်သည်။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းနေပြီး ကျားကြီးပင် ကြောက်လန့်သွားကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
နောက်ထပ် အနက်ရောင်ဝတ်လူတစ်ဦး ခုန်တက်လာပြီး ကျားကြီး၏ဦးခေါင်းကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ ကျားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ အကြောဆွဲရင်း သေဆုံးသွားခဲ့သည်။
သူ့၏အိမ်မွေးတိရစ္ဆာန်ကြီး သေဆုံးသွားသည်ကို မြင်လိုက်ရသောကြောင့် ဒုတိယမင်းသားက ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်လာခဲ့သည်။ သူက အရူးတစ်ယောက်လို ဖြစ်သွားပြီး ထိုအနက်ရောင်ဝတ်လူကို စတင်တိုက်ခိုက်တော့သည်။
ကျားကြီးကို သတ်လိုက်သည့် ထိုအနက်ရောင်ဝတ်လူ၏ အနက်ရောင်မျက်လုံးများထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူက ခေါင်းမရှိတော့သည့် အနက်ရောင်ဝတ်လူနှင့်အတူ ဒုတိယမင်းသားကို သတ်ရန် ရောက်လာခဲ့သည်။
ထိုအနက်ရောင်၀တ်လူများက လူတစ်ရာကို တစ်ယောက်တည်း တိုက်နိုင်လောက်အောင် ခွန်အားကြီးမားကြပြီး ယခုအချိန်တွင် ထိုအနက်ရောင်ဝတ်လူနှစ်ယောက်က ဒုတိယမင်းသားကို အတူတကွ တိုက်ခိုက်နေကြသည်။ ဒုတိယမင်းသားက သူတို့အတွက် မည်သို့မျှ ပြိုင်ဘက်မဖြစ်နိုင်ပေ။
ဤအရေးကြီးသောအခိုက်အတန့်တွင် ကျိရွှေရှန့်က အနက်ရောင်ဝတ်လူနှစ်ယောက်ကို မြှားနှစ်စင်းဖြင့် ပစ်ခတ်လိုက်သည်။
စူးချင်းက ဒီအနက်ရောင်၀တ်လူတွေကို ရှာဖွေဖို့ ဒီနေရာကို ရောက်လာခဲ့တာလေ။ သူတို့ ဒီမှာ ရှိနေပြီဆိုမှတော့ သူတို့ နောက်ကွယ်က ထိန်းချုပ်တဲ့သူကလည်း အဝေးကြီးမှာ ရှိနေမှာ မဟုတ်ဘူး။
မြှားနှစ်စင်းက လေထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အနက်ရောင်ဝတ် လူနှစ်ယောက်၏ နှလုံးများကို ထိမှန်သွားခဲ့သည်။ ထိုလူသားနတ်ဆိုးများ၏ တစ်ခုတည်းသော သေစေနိုင်သည့် အစိတ်အပိုင်းက နှလုံး ဖြစ်သည်။ ထို့ကြောင့် ကျိရွှေရှန့်က ၎င်းတို့၏နှလုံးများကို အတိအကျ ပစ်သတ်လိုက်ခြင်းပင်။
သူ့၏ဆုံးဖြတ်ချက်က မှန်ကန်ပြီး သူ မျှော်လင့်ထားသည့်အတိုင်း မြှားဖြင့် အပစ်ခံရပြီးနောက် ထိုအနက်ရောင်၀တ်လူနှစ်ဦးလုံး ကောင်းကင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူတို့က တောင့်တောင့်ကြီး ရပ်နေကြပြီး မလှုပ်မယှက် ဖြစ်နေကာ မကြာခင်မှာပင် အနံ့အသက်ဆိုးများ ထွက်လာကြသည်။
မြှားထွက်လာသည့် ဦးတည်ရာကို လိုက်ကြည့်ပြီးနောက် ဆိုင့်ယာက ကျိရွှေရှန့်ကို မြင်သွားခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာ သူမ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကျိရွှေရှန့်ကို လှမ်းအော်လိုက်သည်။
"ကျွန်မ ဒီမှာ... ကျွန်မ ဒီမှာ"
ကျိရွှေရှန့်က သူမ၏အော်သံကို မကြားချင်ယောင်ဆောင်ကာ လှည့်ထွက်သွားလိုက်သည်။ ဆိုင့်ယာက သူ ထွက်သွားမည်ကို အလွန် စိုးရိမ်နေသော်လည်း သူမ ပတ်ဝန်းကျင်ရှိ စစ်သည်များကို တိုးမထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမက ကျိရွှေရှန့် ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
"သူက ဒုတိယအစ်ကိုတော်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တယ်"
ကျိရွှေရှန့်က သူမ၏သားတော်ကို ထိုမြှားနှစ်ချက်ဖြင့် ကယ်တင်ပေးခဲ့သည်ကို ဧကရီလည်း မြင်သွားခဲ့ပြီး သူ့အပေါ်ထားသည့် သူမ၏သံသယများ ပျောက်ကွယ်သွားခဲ့သည်။
တစ်ဖက်တွင် ဒုတိယမင်းသားနှင့် ပထမမင်းသားတို့ တိုက်ခိုက်နေပြီး တစ်ဖက်တွင်လည်း စူးချင်းက ယဇ်ပူဖော်သူကို ရှာဖွေနေခဲ့သည်။ အဆုံးတွင် စူးချင်းတစ်ယောက် ယဲ့ယွီချွမ်းကိုသာ မတော်တဆ တွေ့ခဲ့ရသည်။
သူက တဲတန်းကြီးတစ်ခု၏အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး ဒုတိယမင်းသား၏ စခန်းဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်နေခဲ့သည်။
စူးချင်းက သူ့ကို မြင်လိုက်ချိန်တွင် သူကလည်း စူးချင်းကို တွေ့သွားခဲ့သည်။ စူးချင်းက ဒုတိယမင်းသား၏တပ်ဖွဲ့မှ စစ်ဝတ်စုံကို ဝတ်ထားသည်အား မြင်လိုက်သောကြောင့် တတိယမင်းသားက သူ့ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး အဝေးသို့ အကြည့်ပြန်လွှဲသွားခဲ့သည်။
သူမတို့ တကြိမ်တွေ့ဆုံခဲ့ဖူးပြီး ထိုအချိန်တွင်လည်း စူးချင်းက ယောကျာ်းလေးတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော်လည်း ယခုအချိန်တွင် သူမက တာ့ထန်စစ်သည်များ၏ စစ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
ထို့အပြင် စူးချင်းက ရုပ်သွင်ပြောင်းဆေး သောက်ထားသောကြောင့် ယဲ့လွီချွမ်းက သူမကို လုံးဝ မမှတ်မိနိုင်တော့ပေ။
"ယဲ့လွီချွမ်း၊ ကျွန်မက စူးချင်းပါ"
စူးချင်းသည် ယဲ့လွီချွမ်းဆီသို့ လျှောက်သွားလိုက်ပြီး ယဲ့လွီချွမ်းက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသောကြောင့် စူးချင်းက သူ့၏အမည်ကို အသံတိုးတိုးဖြင့် ခေါ်ကာ သူမ၏အမည်ကို ပြောပြလိုက်သည်။
"စူးမိန်းခလေး”
စစ်ဝတ်စုဲ ဝတ်ထားသည့် စူးချင်းကို တွေ့လိုက်ရသောကြောင့် ယဲ့လွီချွမ်းက တခဏတာမျှ အံ့အားသင့်သွားခဲ့သော်လည်း သူက သူမအသံကို မှတ်မိနေပြီး သူမ၏အမည်ကို စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
စူးချင်းကလည်း ယဲ့လွီချွမ်းကို ဤနေရာတွင် တွေ့ဆုံနိုင်ရန် မမျှော်လင့်ထားခဲ့ပေ။
သူမ သူ့ကို ရှာဖို့ ဒီကို ရောက်လာတာ မဟုတ်ပေမယ့် သူနဲ့ တွေ့နေမှတော့ နှုတ်ဆက်ရတော့မှာပေါ့။
“ကျွန်မကို ခဏစောင့်ပေးဦး။ ကျွန်မ တစ်ယောက်ယောက်ကို ရှာနေတာ၊ သူ့ကို တွေ့တာနဲ့ ကျွန်မ ရှင့်ကို ပြန်လာရှာမယ်"
"ကောင်းပြီ၊ ငါ မင်းကို ဒီမှာ စောင့်နေမယ်"
စူးချင်းထံတွင် လုပ်စရာရှိနေသေးကြောင်း သိလိုက်ရသောကြောင့် ယဲ့လွီချွမ်းက သူ့အမေကို ချက်ချင်း ကြည့်ပေးရန် မတောင်းဆိုနိုင်တော့ပေ။ ထို့ကြောင့် သူက သူမကို စောင့်နေရုံသာ တက်နိုင်တော့သည်။
စူးချင်းက ယဥ်ကျေးမနေတော့ဘဲ အမြန်ထွက်ခွာလာခဲ့ပြီး အနောက်မြောက်ထောင့်သို့ ရောက်လာချိန်တွင် အမွှေးတိုင်ထွန်းထားသည့် ယဇ်ပုလ္လင်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုလူက ထွက်သွားခဲ့ပြီ ဖြစ်သည်။ နံ့သာတိုင်က မီးတောက်နေဆဲဖြစ်ကာ ထိုလူက သိပ်မကြာခင်ကမှ ထွက်သွားခဲ့ကြောင်း ဖော်ပြနေသည်။
စူးချင်းက တဲဝိုင်းထဲမှ ပြေးထွက်လာခဲ့ပြီး နေရာတိုင်းတွင် လူများ ရှိနေသောကြောင့် ထိုယဇ်ပူဇော်သူက မည်သူဖြစ်သည်ကို သူမ အတည်မပြုနိုင်တော့ပေ။
သူ လွတ်မြောက်သွားပြန်ပြီ!
စူးချင်း၏မျက်လုံးများက ဒေါသကြောင့် တောက်ပလာသည်။
သူမ ဒီလူကို ဖမ်းမိဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။
ဒါပေမယ့် ယခုတော့ သူမ သဲလွန်စ နည်းနည်း ရနေပြီ၊ ဒါကို လုပ်တဲ့သူက ပထမမင်းသားရဲ့ ဘက်မှာ ရှိနေတယ်။ ပထမမင်းသားက လူသားနတ်ဆိုးတွေကို ပျိုးထောင်ခဲ့တယ်။ ဒုတိယမင်းသားက ပထမမင်းသားကို သတ်နိုင်ဖို့ သူမ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် မော့ချန်က ခဏတာလောက်တော့ လုံခြုံနေလိမ့်မယ်။
ဒါပေမယ့် သူမ နည်းလမ်း ရှာဖွေရဦးမယ်။ သူတို့ နောက်ထပ်လူတွေကို ဒုက္ခပေးမှာကို သူမ ခွင့်မပြုနိုင်သလို လူသားနတ်ဆိုးတွေကို ထပ်လေ့ကျင့်ပေးမှာကိုလည်း ခွင့်မပြုနိုင်ဘူး။
စူးချင်း ပြန်ရောက်လာချိန်တွင် သူမကို စောင့်နေဆဲဖြစ်သည့် ယဲ့လွီချွမ်းကို သူမ တွေ့လိုက်ရသည်။