ရန်သူ၏တွင်းနက်ထဲဆီသို့
Vol. 17 Ch. 248
ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာနှင့်အတူ တာ့ထန်သို့ လိုက်ပါသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ယဲ့လွီဆိုင့်ယာက ရွှင်မြူးနေသော ငှက်ကလေးတစ်ကောင်ကဲ့သို့ မရပ်မနား စကားပြောနေပြီး ကျိရွှေရှန့်က သူမကို စကားပြောလာစေရန် ဆွဲဆောင်နေခဲ့သည်။
"မင်းသမီး၊ ဒီရက်ပိုင်းအတွင်းမှာ တာ့ထန်စစ်သည်တွေက ဘာကြောင့် မော့ချန်ကို တိုက်ခိုက်နေရတာလဲ?"
"မော့ချန်ကို တိုက်ခိုက်တာလား? အဲဒါက မဖြစ်နိုင်ဘူး။ ရှောင်းမိသားစုစစ်တပ် ရှိနေသရွေ့ တာ့ရှားပြည်ထောင်ကို မတိုက်ခိုက်ဖို့ ကျွန်မတို့ရဲ့ ခမည်းတော်ဧကရာဇ်က အမိန့်ပေးထားခဲ့တယ်”
ယဲ့လွီဆိုင့်ယာက သူမ၏ခေါင်းကို စောင်းငဲ့လိုက်ပြီး သူမ၏စိတ်ရှုပ်ထွေးနေပုံရသည့် ပယင်းရောင်မျက်လုံးကြီးများဖြင့် ကျိရွှေရှန့်ကို စိုက်ကြည့်နေပြန်သည်။
"တာ့ထန်စစ်သည်တွေက မော့ချန်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်၊ အဲ့ဒါကို မင်းတို့ရဲ့ခမည်းတော်က မသိဘူးလား?"
ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာ၏စကားကို မယုံခဲ့ပေ။
ဒီလောက်များပြားတဲ့ တပ်သားတွေ စုဝေးနေတာကို တိုင်းပြည်ရဲ့အုပ်စိုးရှင်က မသိဘဲ နေပါ့မလား?
စစ်မြင်းတွေ ဆိုတာမျိုးကလည်း ဘယ်သူမဆို ပေါ့ပေါ့ဆဆ စုစည်းနိုင်တဲ့ အရာမဟုတ်ဘူး။ ဧကရာဇ်ရဲ့အမိန့်တော် မပါရင် တခြားတိုင်းပြည်ကို အလုံးအရင်းနဲ့ ဝင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။
"ကျွန်မရဲ့ခမည်းတော်က အပြင်းအထန် မမာမကျန်း ဖြစ်နေတယ်။ အခု တိုင်းပြည်ရဲ့အရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်နေတာက ကျွန်မရဲ့အကြီးဆုံး အစ်ကိုတော်လေ"
သူမဖခင်၏ ရောဂါအခြေအနေကို ပြောပြချိန်တွင် ယဲ့လွီဆိုင့်ယာ၏မျက်လုံးများ၌ ဝမ်းနည်းမှုများ အပြည့် ပေါ်ထွက်လာသည်။
ခမည်းတော်က သူမကို အရမ်းချစ်ပေမယ့် အခု သူမ ခမည်းတော်ကို သွားတွေ့တိုင်း ခမည်းတော်က အမြဲအိပ်နေခဲ့တယ်။
"အဲ့လိုလား?"
နောက်ဆုံးတွင် ကျိရွှေရှန့်က အဓိကအကြောင်းအရာကို သဘောပေါက်သွားခဲ့သည်။
ဧကရာဇ်အိုကြီးက နေမကောင်းဖြစ်နေပြီး ပထမမင်းသားက တိုင်းပြည်ကို အုပ်စိုးနေတယ်။ တာ့ထန်စစ်သည်တွေ မော့ချန်ကို ရုတ်တရက် ကျူးကျော်ဝင်ရောက်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး။
"မင်းရဲ့အကြီးဆုံးအစ်ကိုတော်က ငါတို့ကို ဘာလို့ တိုက်ခိုက်ရတာလဲ?"
ကျိရွှေရှန့်က အကြီးဆုံးမင်းသား၏ ပင်ကိုယ်စရိုက်ကို နားလည်ချင်သောကြောင့် ထပ်စူးစမ်းလိုက်သည်။
တာ့ထန်ပြည်ထောင်မှာ အဲ့လိုစစ်မက်ကို လိုလားတဲ့ ဧကရာဇ်အသစ်တစ်ပါးရှိလာရင် တာ့ရှားပြည်ထောင်အတွက် ဘေးဥပဒ်ဖြစ်လာလိမ့်မယ်။
“အကြီးဆုံးအစ်ကိုတော်က စစ်တိုက်ရတာ ကြိုက်တယ်”
ယဲ့လွီဆိုင့်ယာက နှုတ်ခမ်းစူလိုက်ပြီး သူမ၏အကြီးဆုံးအစ်ကိုတော်အကြောင်း ပြောပြလိုက်သည်။
သူမတို့ရဲ့ခမည်းတော် ကျန်းမာနေတဲ့ အချိန်ကတည်းက အကြီးဆုံးအစ်ကိုတော်က တာ့ရှားပြည်ထောင်ကို တိုက်ခိုက်ဖို့ မကြာခဏ အဆိုပြုခဲ့တယ်။ ခမည်းတော်က ခွင့်ပြုချက် မပေးခဲ့တာကြောင့် သူက တခြားတိုင်းပြည်အသေးလေးတွေကို သွားတိုက်ခိုက်တက်တယ်။ သူက နေရာတိုင်းတွင် နှစ်အတော်ကြာ စစ်ပွဲတွေ ဆင်နွှဲနေခဲ့တယ်။
သူက တကယ်ပဲ စစ်သွေးကြွနေတာကိုး...
ကျိရွှေရှန့်က သူ့၏ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။
သူတို့ ဒီနယ်စပ်ဒေသမှာ ခြေကုပ်ယူချင်ရင် ဒီစစ်ပွဲတွေ လိုလားတဲ့ ပထမမင်းသားကို အသက်ရှင်ခွင့်ပေးလို့ မရတော့ဘူး။
ဒါပေမယ့် ပထမမင်းသားကို ဘယ်လို ဖယ်ရှားရမှာလဲ? သူ ပထမဆုံးစဉ်းစားမိတာကတော့ လုပ်ကြံသတ်ဖြတ်ဖို့ပဲ။ ဒါပေမယ့် အဲ့ဒါက လက်တွေ့မကျဘူး။
ဒီနေရာက တာ့ထန်ပြည်ထောင်ဖြစ်ပြီး နေရာတိုင်းတွင် တာ့ထန်စစ်သည်တွေ ရှိတယ်။ ပထမမင်းသားက နေရာတိုင်းမှာ ရန်သူတွေကို ဖန်တီးထားတော့ သူ့ပတ်ဝန်းကျင်ကို သေသေချာချာ ကာကွယ်ထားမှာ သေချာတယ်။ အစောင့်အကြပ် တင်းကျပ်တာနဲ့အမျှ သူ့ကို လုပ်ကြံဖို့ နေနေသာသာ သူ့အနားကို ချဉ်းကပ်ဖို့တောင် ခက်ခဲလိမ့်မယ်။
အဲ့တော့ အခု သူ ယဲ့လွီဆိုင့်ယာနဲ့ပဲ အလုပ်လုပ်ရတော့မယ်။ သူမက ပထမမင်းသားကို မြှားထုတ်ပေးနိုင်သရွေ့ သူ ပထမမင်းသားကို လုပ်ကြံဖို့ လွယ်ကူလိမ့်မယ်။
ဒါပေမယ့် လုပ်ကြံသတ်ဖြတ်မှုဆိုတာက အဆိုးဆုံးရွေးချယ်မှုပဲ။ အကောင်းဆုံးရွေးချယ်မှုကတော့ ပထမမင်းသားကို ဖယ်ရှားဖို့ သူတို့ရဲ့တိုင်းပြည်အတွင်းက ပဋိပက္ခတွေကို အသုံးချနိုင်ရင် အကောင်းဆုံးပဲ။
ဟိုးအရင်ကတည်းက မင်းညီမင်းသားတွေက ထီးနန်းအတွက် အမြဲတမ်း အပြင်းအထန် ယှဥ်ပြိုင်တိုက်ခိုက်တက်ကြတယ်။ သူတို့ တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့အတွက် သူတို့က အမြင့်ဆုံးနေရာမှာပဲ ထိုင်ချင်ကြတယ်။
တာ့ရှားပြည်ထောင်ရဲ့ လက်ရှိခွေးဧကရာဇ်တောင်မှ သူ ထီးနန်း သိမ်းပိုက်နိုင်ဖို့ လွန်ကဲတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ သူက အရင်အိမ်ရှေ့စံမင်းသားကို တိုင်မင်နန်းတော်မှာ အကျယ်ချုပ် ချထားပြီး သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြွေးကြော်ပြီး ဘိသိတ်ခံခဲ့တယ်။ ရုံးတော်က ၀န်ကြီးတွေက သူ့ကို ကန့်ကွက်ရင် ကန့်ကွက်တဲ့သူမှန်သမျှ အကုန် သတ်ပစ်ခဲ့တယ်။
သူ့ရဲ့အဖေလည်း အပါအဝင်ပေါ့။ သူ့အဖေက တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး တိုင်းသူပြည်သူတွေကို ချစ်ခင်စိတ်ရှိတာကြောင့်ရယ်၊ သူ့အဖေရဲ့ထူးကဲတဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့်ရယ် ခွေးဧကရာဇ်က သူ့အဖေကို ကြောက်လန့်နေခဲ့တယ်။ သူ့အဖေက အရင်အိမ်ရှေ့စံမင်းသားကို ထောက်ပံ့ပေးမှာလည်း အဲ့ခွေးဧကရာဇ်က စိုးရိမ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ့အဖေ့ကို မြို့တော်ထဲဝင်ဖို့ လှည့်စားခဲ့ပြီး အသေသတ်ဖို့ ကြံရွယ်ခဲ့တယ်။
တာ့ထန်မှာလည်း အတူတူဖြစ်နေလိမ့်မယ်လို့ သူ ယုံကြည်တယ်။ ဧကရာဇ်အိုကြီးမှာ တခြားသားတော်တွေ ရှိနေပြီး ထီးနန်းဆက်ခံသူကို အတည်မပြုနိုင်သေးသရွေ့ တခြားမင်းသားတွေကလည်း စိတ်မငြိမ်မသက်ဖြစ်နေပြီး ပထမမင်းသားရဲ့နေရာကို အစားထိုးဝင်ရောက်ချင်နေမှာ သေချာတယ်။
သူ လုပ်ရမှာက ဒီလူတွေကို ရှာပြီး သူတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာအောင် လှုံဆော်ပေးဖို့ပဲ။ သူတို့ အချင်းချင်း တိုက်ခိုက်ကြရင် တာ့ရှားကို ကျူးကျော်ဖို့ အချိန်မရှိလောက်တော့ဘူး။ အဲ့လိုဖြစ်လာမှပဲ မော့ချန်နဲ့ ကျင့်ရှီလျိုမြောင်က လာမည့်နှစ်နှစ်လောက်အတွင်း ငြိမ်းချမ်းနေပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။
နှစ်နှစ်လောက် အချိန်ဆွဲနိုင်ရင် သူက ရှောင်းမိသားစုစစ်တပ်ကို ပြန်အသက်သွင်းနိုင်ပြီး ကျင့်ရှီလျိုမြောင်နဲ့ မော့ချန်က လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ ကာကွယ်ပေးနိုင်လောက်ပြီ။
ထိုသို့သော အတွေးများကြောင့် ကျိရွှေရှန့်က လမ်းတစ်လျှောက်လုံး အခြားမင်းသားများအကြောင်း မေးမြန်းရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလာခဲ့သည်။ ယဲ့လွီဆိုင့်ယာက သူ မေးသမျှကို ပြန်ဖြေပေးနေပြီး ကျိရွှေရှန့်ကို သတိထားနေခြင်းမျိုး မရှိပေ။
ကျိရွှေရှန့်က တာ့ထန်မင်းသားများ၏အခြေအနေကို သိရှိသွားခဲ့ပြီး ရာဇပလ္လင်ကို သိမ်းပိုက်ရန် ဖြစ်နိုင်ခြေအရှိဆုံးလူက ယဲ့လွီဆိုင့်ယာ၏ အစ်ကိုအရင်းဖြစ်သည့် ဒုတိယမင်းသားဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
အကြောင်းမှာ သူတို့၏မိခင်က လက်ရှိဧကရီဖြစ်ပြီး အကြီးဆုံးမင်းသား၏မိခင်က ဧကရာဇ်မင်းမြတ်၏ ကွယ်လွန်သွားသောမိဖုရား ဖြစ်သည်။
ပထမမင်းသားနှင့် ဒုတိယမင်းသားတို့နှစ်ဦးစလုံးက တရားဝင်သားတော်များ ဖြစ်ကြသော်လည်း ပထမမင်းသားက ယခင်ဧကရီ၏သားတော် ဖြစ်ပြီး အသက်အရွယ်အလိုက် ထီးနန်းကို အမွေဆက်ခံခွင့်ရနိုင်သူ ဖြစ်သည်။
သို့သော်လည်း ဒုတိယမင်းသားတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိနေပြီး သူ့၏မိခင်က လက်ရှိဧကရီ ဖြစ်ကာ ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံးမိဖုရားလည်း ဖြစ်သည်။ လက်ရှိဧကရီက ဧကရာဇ်၏အနားသို့ကပ်ကာ တိုးတိုးလေး ပြောနိုင်နေသရွေ့ ဧကရာဇ်အိုကြီးက ဒုတိယမင်းသားကို ဘက်လိုက်လိမ့်မည်ဟု တွေးဆနိုင်သည်။
ထို့အပြင် ဧကရီ၏မိခင်ဘက်မှ မျိုးနွယ်စု၏စွမ်းအားကလည်း တာ့ထန်တွင် လျှော့တွက်နိုင်ခြင်း မရှိသည့် အနေအထားတစ်ခု ဖြစ်နေခဲ့သည်။ ထုံးစံအတိုင်း သူတို့က သူတို့နှင့် သွေးချင်းဆက်နွယ်နေသည့် ဒုတိယမင်းသားကို ထောက်ပံ့ချင်ကြသည်။ ထိုကဲ့သို့ခိုင်မာသော ကျောထောက်နောက်ခံ ရှိနေသည့် ဒုတိယမင်းသားသာလျှင် အမြင့်ဆုံးရာထူးသို့ တက်ရန် အရည်အချင်းပြည့်မီပြီး ပထမမင်းသားအတွက် ပြင်းထန်သော ပြိုင်ဖက်တစ်ဦးဖြစ်ကြောင်း သဘာဝကျကျ တွက်ဆနိုင်သည်။
ဒုတိယမင်းသားက ပထမမင်းသားအတွက် ပြိုင်ဘက်ကောင်းဖြစ်နေကြောင်း ယုံကြည်နေသည့်အတွက် ကျိရွှေရှန့်က ဒုတိယမင်းသား၏စိတ်ထားကို ပိုနားလည်ချင်လာခဲ့သည်။ သူက ယဲ့လွီဆိုင့်ယာကို ထပ်မေးလိုက်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုတော်ကရော တိုက်ခိုက်ရတာကို ကြိုက်လား?"
"ကျွန်မရဲ့ ဒုတိယအစ်ကိုတော်ကလည်း တိုက်ခိုက်ရတာကို ကြိုက်တယ်"
ယဲ့လွီဆိုင့်ယာက သူမ၏အနီရောင် နှုတ်ခမ်းလေးကို စူလိုက်ရင်း ပြန်ဖြေလိုက်ပြန်သည်။
တာ့ထန်က လူတွေထဲမှာ ရဲစွမ်းသတ္တိ အရှိဆုံးနဲ့ တိုက်ရည်ခိုက်ရည် အကောင်းဆုံးက သူမရဲ့ဒုတိယအစ်ကိုတော်ပဲ။
“သြော်!”
ကျိရွှေရှန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဤအရာက သူ့ကို ပထမမင်းသားနှင့် ရန်သူဖြစ်စေခြင်းမှ မတားဆီးနိုင်ပေ။
ဒီသွေးကြွနေတဲ့ စစ်ဘီလူးနှစ်ကောင် ရာဇပလ္လင်အတွက် အသေခံ တိုက်ပွဲဝင်ကြမယ်ဆိုရင် သူတို့ရဲ့ပြည်တွင်း အင်အားက သိသိသာသာ အားနည်းသွားလိမ့်မယ်၊ အဲ့အချိန်ရောက်လာရင် သူ့အတွက် အကျိုးကျေးဇူး ရရှိပြီး သူ အသက်ရှုချောင်သွားလိမ့်မယ်။
"မင်းသမီး!"
ယဲ့လွီဆိုင့်ယာ၏မြင်းက ဝံပုလွေများကို ကြောက်လန့်ပြီး ထွက်ပြေးသွားသောကြောင့် မြို့ထဲသို့ လမ်းလျှောက်ပြီးသာ ပြန်သွားနိုင်တော့သည်။ ရှီးချန်အနည်းငယ်ကြာအောင် လမ်းလျှောက်ပြီးနောက်တွင် တာ့ချန်မှ မြင်းစီးလာသည့် မိန်းကလေးတစ်ဦးက အစောင့်အဖွဲ့နှင့်အတူ လိုက်ပါစီးနင်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။
"ကျွန်မရဲ့လူတွေ ဒီကို ရောက်လာပြီ"
သူတို့ကို မြင်လိုက်ချိန်တွင် ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ တိုက်ခတ်လာသောလေက သူမ၏ဆံပင်လေးများကို လွင့်ပျံသွားစေပြီး သူမ၏အင်္ကျီလည်ပင်းတစ်ဝိုက်ရှိ အဖြူရောင်မြေခွေးအမွေးလေးများက သူမ၏မျက်နှာကို ပို၍ လှပစေပြီး နူးညံ့သိမ်မွေ့လာစေသည်။ သူမ၏ အပြုံးက တောက်ပနေသည့်အပြင် သူမ၏ပယင်းရောင်မျက်လုံးများကလည်း ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။ သူမက နေကဲ့သို့ အရူးအမူး စွဲလမ်းစေသော မိန်းခလေးတစ်ယောက်သာ ဖြစ်သည်။
“အင်း”
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ သူက လမ်းတစ်လျှောက်လုံး စူးချင်းကို ရှာဖွေနေခဲ့ပြီး သူမကို လုံးဝ မတွေ့ခဲ့ရသေးပေ။ သူ စူးချင်းကို ရှာရန် တာ့ထန်ထဲသို့ နက်နက်နဲနဲ ဝင်လာမိပုံရသည်။ ယဲ့လွီဆိုင့်ယာက မင်းသမီးဖြစ်သောကြောင့် သူ တာ့ထန်ထဲသို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာနိုင်ခဲ့သည်။
"မင်းသမီး.... ဘယ်ကို သွားနေတာလဲ?"
အစေခံမိန်းကလေးဖြစ်သည့် တုကျွမ့်က မြင်းပေါ်မှ ခုန်ဆင်းလာပြီး ယဲ့လွီဆိုင့်ယာဆီသို့ ပြေးလာကာ မျက်ရည်များဝဲလာရင်း လှမ်းမေးလိုက်သည်။
မင်းသမီး တစ်ခုခုဖြစ်ခဲ့ရင် သူမတို့ မိသားစုတစ်ခုလုံး မင်းသမီးနဲ့အတူ သင်္ဂြိုဟ်ခံရလိမ့်မယ်။
"နင်က ဘာလို့ ငိုနေတာလဲ?"
ယဲ့လွီဆိုင့်ယာက သူမ၏ လှပသော မျက်ခုံးကို ပင့်တင်လိုက်ပြီး တုကျွမ့်ကို မငိုရန် တားဆီးလိုက်သည်။
"မင်းတို့နှစ်ယောက်ရဲ့မြင်းတွေ ငါ့ကိုပေး"
ယဲ့လွီဆိုင့်ယာက သက်တော်စောင့်များကို မောက်မောက်မာမာ အမိန့်ပေးလိုက်ပြီး ထိုလူများက နားမထောင်ဘဲ မနေရဲကြပေ။
မင်းသမီးရဲ့စကားကို နားမထောင်ရင် ကြာပွတ်စာ မိမယ်၊ ကံဆိုးရင် အသတ်ခံရဖို့တောင် ဖြစ်နိုင်သေးတယ်။
“ကျွန်မတို့ မြင်းစီးသွားကြမယ်”
ယဲ့လွီဆိုင့်ယာက သက်တော်စောင့်များကို အေးစက်စွာ စိုက်ကြည့်ခဲ့သော်လည်း ကျိရွှေရှန့်ကို ပြန်လှည့်ကြည့်လာချိန်တွင် သူမ၏မျက်နှာပေါ်မှ အပြုံးက ပန်းပွင့်လေးကဲ့သို့ တောက်ပနေပြီး သူမ၏အသံက မသိမသာ နူးညံ့လာခဲ့သည်။
"ရှင် မြင်းစီးနိုင်လား? မဟုတ်ရင် ကျွန်မ ရှင့်ကို ခေါ်သွားပေးလို့ ရတယ်"
ယဲ့လွီဆိုင့်ယာက မြင်းပေါ်သို့ ခုန်တက်လိုက်ရင်း ကျိရွှေရှန့်ကို အပြုံးဖြင့် လှမ်းမေးလိုက်သည်။ သူမက သူမရှေ့မှ နေရာကိုပင် ပုတ်ပြလိုက်သေးသည်။
“ရတယ်”
ကျိရွှေရှန့်က ဘာအမူအရာမှ မပြဘဲ မြင်းတစ်ကောင်၏ဇက်ကြိုးကို ဆွဲယူကာ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။ မြက်ခင်းပြင်ရှိ မြင်းများက အမှန်ပင် သန်မာလွန်းပြီး ၎င်း၏ ခွာလေးချောင်းက အဆက်မပြတ် ကန်ကျောက်နေခဲ့သည်။ မြင်း၏နောက်ကျောမှ နီညိုရောင်အမွေးများကလည်း တောက်ပြောင်နေပြီး တစ်ချက်ကြည့်ရုံဖြင့် မြင်းကောင်းတစ်ကောင်မှန်း သိသာနေသည်။
"ဒါဆို သွားကြရအောင်!"
ကျိရွှေရှန့်က မြင်းပေါ်တွင် အထိန်းအကွပ်မဲ့ ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီဆိုင့်ယာ၏လှပသော မျက်လုံးကြီးများမှ မြတ်နိုးရိပ်များ လင်းလက်တောက်ပလာပြန်သည်။ သူမက သူမအတွက် ရှားပါးလွန်းသည့် ရှက်ရွံ့သောအမူအရာကိုပင် ထုတ်ဖော်ပြသခဲ့သည်။ သူမ၏ ခြေဖနောင့်က မြင်း၏ဝမ်းဗိုက်သို့ ရွေ့လျားသွားပြီး ကြာပွတ်သံက တရွှီးရွှီး မြည်လာခဲ့သည်။ ကြာပွတ်သံကို ကြားလိုက်ချိန်တွင် သစ်အယ်သီးရောင်မြင်းကြီးက သူ့ဘာသာသူ ပြေးထွက်သွားပြီး ယဲ့လွီဆိုင့်ယာ၏ အနီရောင်ဝတ်ရုံက လေထဲတွင် လွင့်ပျံနေကာ အရိုင်းဆန်သော အသွင်အပြင်ကို ပုံဖော်ပေးနိုင်ခဲ့သည်။
ကျိရွှေရှန့်က သူမနောက်မှ အနီးကပ် မြင်းစီးသွားခဲ့ပြီး ယဲ့လွီဆိုင့်ယာနှင့်အတူ တာ့ထန်သို့ လိုက်သွားခဲ့သည်။
တာ့ထန်ထဲသို့ ဝင်လိုက်သည်နှင့် ကျိရွှေရှန့်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ သူက လူအုပ်ထဲတွင် စူးချင်းကို တွေ့နိုင်ရန် မျှော်လင့်နေခဲ့သော်လည်း ကံမကောင်းစွာပဲဖြင့် အလယ်ပိုင်းလွင်ပြင်က လူတစ်ယောက်ကိုပင် သူ မတွေ့ခဲ့ရပေ။
ကျိရွှေရှန့်၏နှလုံးသားက စိုးရိမ်သောကများဖြင့် ပူလောင်နေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။
စူးချင်းက ဘယ်ရောက်သွားတာလဲ? သူမ အန္တရာယ်နဲ့ ကြုံတွေ့နေတာ ဖြစ်နိုင်လား?