အခန်း (၂၅၄)
Vol. 17 Ch. 254
စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီချွမ်းက သူမကို လက်ခုပ်အုပ် နှုတ်ဆက်လိုက်ပြီး "မင်း သူ့ကို တွေ့ခဲ့လား?"
"မတွေ့ဘူး၊ ကျွန်မ ရှင့်အမေကို အရင်ကုသပေးမယ်"
စူးချင်းက စကားလုံးချွေတာတက်သူဖြစ်ပြီး သူမ မည်သူ့ကို ရှာဖွေနေသည်အား ရှင်းပြခြင်း မရှိပေ။ ထိုအကြောင်းကို မဆိုထားနှင့် သူမ အဘယ်ကြောင့် တာ့ထန်စစ်သည်များ၏ ဝတ်စုံ ၀တ်ဆင်ထားရသည့်အကြောင်းကိုပင် မရှင်းပြခဲ့ပေ။
ယဲ့လွီချွမ်းက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
လော့ချန်မှာ ရှိနေကတည်းက ဒီမိန်းကလေးက တခြားသူတွေနဲ့ မတူတာကို သူ ခံစားမိပြီးသားပါ။ သူမက ရေခဲတုံးလိုမျိုး အေးစက်နေပြီး တခြားသူတွေကို သူမနဲ့ လက်တစ်ကမ်းအကွာမှာ အမြဲ စည်းခြားထားတက်တယ်။
လူတိုင်းမှာ ဒေါသကိုယ်စီ ရှိတယ်ဆိုပေမယ့် သူ့အမေရဲ့ရောဂါကို ကုသနိုင်သရွေ့တော့ သူအတွက် တခြားဘာကမှ အရေးမကြီးပါဘူး။
သူတို့ ပြန်မထွက်ခွာမီတွင် ယဲ့လွီချွမ်းက ဒုတိယမင်းသား၏စခန်းဆီသို့ စိုးရိမ်စွာ တစ်ချက်ကြည့်လိုက်သေးသည်။ အဆုံးတွင် သူ့မျက်လုံးများထဲမှ ဆုံးဖြတ်ချက် ချက်လိုက်သည့် အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာပြီး သူက ထိုမင်းသားနှစ်ပါးအကြားမှ တိုက်ပွဲကို ဂရုမစိုက်တော့ဘဲ သူ့အမေ၏တဲဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လှည့်ထွက်လာခဲ့သည်။
စူးချင်းက ယဲ့လွီချွမ်း၏အမူအရာတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသော်လည်း နောက်ထပ်မေးခွန်းများ မမေးတော့ပေ။
သူမ အလုပ်က လူနာကို ကုသပေးဖို့ပဲ။ သူမက ပိုက်ဆံရတာနဲ့ ပြန်ထွက်သွားတော့မှာ။
ဒီယဲ့လွီချွမ်းက သူမကို ဒုက္ခပေးချင်ရင်တော့ သူက သူ့ဘာသာသူ သူ့ရဲ့သေခြင်းတရားကို ဆွဲဆောင်ချင်တာ ဖြစ်သွားလိမ့်မယ်။
ယဲ့လွီချွမ်းက စူးချင်းကို တဲကြီးတစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။ ဒုတိယမင်းသားနှင့် ပထမမင်းသားတို့၏ တဲနန်းကြီးများနှင့် နှိုင်းယှဉ်ပါက ဤတဲက အနည်းငယ် မှုန်မှိုင်းနေပုံရသော်လည်း သာမန်လူများနေထိုင်သော တဲများထက် များစွာ ကြီးမားနေသေးသည်။
ယဲ့လွီချွမ်းက ထူထဲသော ကန့်လန့်ကာကို ဖွင့်လိုက်ပြီး စူးချင်းကို တဲကြီးထဲသို့ ဖိတ်ခေါ်လိုက်သည်။ အတွင်းမှ အပူချိန်က လက်ခံနိုင်လောက်အောင် အဆင်ပြေနေဆဲဖြစ်ပြီး သူတို့က အပြင်ဘက် အအေးထဲမှ ဝင်လာခဲ့သော်လည်း အတွင်းပိုင်း၏နွေးထွေးမှုကို ခံစားနိုင်ဆဲဖြစ်သည်။
တဲကြီး၏အတွင်းရှိ ပရိဘောဂများက အလွန်ရိုးရှင်းပြီး တန်ဆာဆင်ထားခြင်း မရှိပေ။ သို့သော်လည်း ဟောင်းနွမ်းစုတ်ပြတ် နေခြင်းမျိုး မဟုတ်ဘဲ အလွန်လက်ရာမြောက်သော ပရိဘောဂများ ဖြစ်နေသောကြောင့် တမင်တကာ ခပ်လျိူလျို ခင်းကျင်းထားမှန်း သိသာနေသည်။ ခန်းမ၏အလယ်တွင် မီးဖိုတစ်ခု ရှိပြီး ထိုမီးဖိုပေါ်ရှိ လက်ဖက်ရည်အိုးက ရေနွေးငွေ့များ မှုတ်ထုတ်နေလေသည်။
တဲကြီး၏ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် နူးညံ့ပျော့ပျောင်းသော အိပ်ယာပေါ်တွင် အမျိုးသမီးတစ်ဦး လဲလျောင်းနေပြီး သူမသည် ပိန်ပိန်ပါးပါးဖြစ်ကာ အိပ်ယာခင်းထားသည့် တိရစ္ဆာန်အရေခွံနှင့် ထပ်တူကျလုနီးပါး ဖြစ်နေခဲ့သည်။ လက်ရှိအချိန်တွင် သူမ၏ မျက်လုံးများက တင်းတင်းစေ့ပိတ်ထားပြီး သူမ၏ရင်ဘတ်ကို အနည်းငယ် မောက်တက်လာပြီး ပြန်ကျသွားသည်ကို မြင်နေရသည်။ သူမ၏ရင်ဘတ်သာ လှုပ်ရှားနေခြင်း မရှိပါက သူမ သေပြီဟု လူတိုင်းက ထင်သွားပေလိမ့်မည်။
ယဲ့လွီချွမ်းက ဝေဒနာကြီးစွာ ခံစားနေရသည့်အမျိုးသမီးကို ကြည့်နေရင်း စူးချင်းကို တောင်းပန်လိုက်သည်။
“ဒါက ငါ့အမေ၊ ကျေးဇူးပြုပြီး သူ(မ) ပြန်ကောင်းလာအောင် ကုသပေးပါ"
သူက သူ့ရဲ့မျှော်လင့်ချက်တွေ အားလုံးကို စူးချင်းအပေါ်မှာ ပုံအပ်ထားခဲ့တာပါ။ စူးချင်းသာ သူ့အမေ့ကို မကုသပေးနိုင်ခဲ့ရင်…
ယဲ့လွီချွမ်းက သူ့အမေကို ဆုံးရှုံးလိုက်ရလျှင် မည်မျှ နာကျင်ရမည်ကိုပင် မတွေးဝံ့ခဲ့ပေ။
“အင်း”
စူးချင်းက ပေါ့ပေါ့ပါးပါးသာ တုန့်ပြန်လိုက်သည်။ သူ အင်အားမဲ့သွားမည်ကို စိုးရိမ်သောကြောင့် စူးချင်းက သူမ သေချာပေါက် ကုသပေးနိုင်မည်ဟု ကတိမပေးခဲ့သလို ကုသရန် မည်မျှခက်ခဲမည်ကိုလည်း မပြောခဲ့ပေ။
သူမ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီချွမ်းက စိတ်သက်သာရာ ရသွားခဲ့သည်။
ဒီရက်ပိုင်းတွေမှာ သူက သူ့အမေကို ကုသပေးဖို့ သမားတော်တွေ အများကြီး ရှာတွေ့ခဲ့တယ်။ သူ့မိခင်ရဲ့အခြေအနေကို မြင်သွားတဲ့ သမားတော်တိုင်းက ခေါင်းယမ်းကြပြီး မသေမျိုးနတ်ဘုရားတွေတောင် သူ့အမေကို ကုသဖို့ ခက်ခဲမယ်လို့ ပြောခဲ့ကြတယ်။
ထို့ကြောင့် ယဲ့လွီချွမ်းက စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့ပြီး စူးချင်းက သူ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာခဲ့သည်။
ယခု စူးချင်း၏အေးဆေးတည်ငြိမ်သော အမူအရာကို မြင်လိုက်ရချိန်တွင် သူက သူမထံတွင် နည်းလမ်းရှိနေသေးကြောင်း နားလည်လိုက်ပြီး တွဲလောင်းကျနေသော သူ့နှလုံးသားက ပြန်လည်သက်သာရာရလာခဲ့သည်။
စူးချင်းက နူးညံ့သောအိပ်ယာဆီသို့ လျှောက်သွားလိုက်ပြီး ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ သူမက အသက်လေးဆယ်ကျော်သာ ရှိသေးပုံရပြီး အပြင်းအထန် နာမကျန်းဖြစ်နေသည့် ဝေဒနာကို ခံစားနေရသော်လည်း သူမ၏မျက်နှာအသွင်အပြင်ကို မြင်တွေ့နေရဆဲဖြစ်သည်။ သူမက တစ်ချိန်က ရင်သပ်ရှုမောဖွယ် အလှလေး တစ်ယောက် ဖြစ်ခဲ့ပုံရသော်လည်း ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်ရှိ ပင့်ကူကဲ့သို့ အရေးအကြောင်းများက ကြောက်မက်ဖွယ်ကောင်းလှသည်။
လက်ရှိအချိန်တွင် သူမ၏မျက်နှာနှင့် နှုတ်ခမ်းများက ဖြူဖျော့နေပြီး သူမ၏ အသက်ရှုနှုန်းက အားနည်းလွန်းနောကာ သေလုမျောပါး ဖြစ်နေလေသည်။
စူးချင်းက အိပ်ယာဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏သွေးခုန်နှုန်းကို စမ်းသပ်ရန် ထိုအမျိုးသမီး၏လက်ကောက်ဝတ်ပေါ်သို့ သူမလက်ကို တင်ထားလိုက်သည်။
စူးချင်းက ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ချိန်တွင် ထိုအမျိုးသမီးကို စောင့်ရှောက်ပေးနေသည့် အစေခံက ထိတ်လန့်သွားပုံရသည်။ သူမက ယဲ့လွီချွမ်းကို ကြည့်ကာ စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
“တတိ…”
ယဲ့လွီချွမ်းက သူ့မျက်လုံးများကို ပင့်တင်လိုက်ပြီး သူမကို ဘာသိဘာသာ ပြန်ကြည့်လိုက်သည်။ ထိုအစေခံမိန်းကလေးက အလွန်ထိတ်လန့်သွားပြီး သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သို့သော် သူမက အလွန်စိုးရိမ်နေသောကြောင့် မျက်မှောင်ကြုတ်နေကာ စူးချင်းကို သတိထား စောင့်ကြည့်နေခဲ့သည်။
စူးချင်းက ထိုအမျိုးသမီး၏သွေးခုန်နှုန်းကို စမ်းသပ်နေခဲ့ပြီး ထိုအမျိုးသမီး၏ သွေးခုန်နှုန်းက အလွန်အားနည်းနေပြီး သူမ မခံစားနိုင်လုနီးပါး ဖြစ်နေခဲ့သည်။ သူမ၏ အရေးကြီးသော သွေးခုန်နှုန်းက လုံးလုံးနီးပါး ပိတ်ဆို့နေပြီး သူမ၏နှလုံးခုန်နှုန်းကလည်း အားနည်းနေကာ အားအင်မဲ့နေပြီ ဖြစ်သည်။
စူးချင်း၏အမူအရာက တဖြည်းဖြည်း လေးနက်လာသောကြောင့် ယဲ့လွီချွမ်း၏နှလုံးသားကလည်း ရုတ်တရက် လည်ချောင်းထဲသို့ ခုန်တက်လုနီးပါး ဖြစ်လာပြန်သည်။
အံ့ဖွယ်သမားတော်တောင်မှ သူ့အမေ့ကို ကုသပေးဖို့ ယုံကြည်မှု မရှိတော့ဘူးလား?
“ရှင့်အမေရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ်က အရမ်းပြင်းလွန်းတယ်၊ ပြီးတာ့ ဒီအဆိပ်ကို စားခဲ့မိတာက တစ်ရက်နှစ်ရက်ပဲ မဟုတ်တော့ဘူး။ သူ(မ) ဒီအဆိပ်မိနေတာ ကြာခဲ့ပြီ၊ အဲ့ဒါအပြင် ဒီအဆိပ်ကို ထိန်းဖို့ တခြားဆေးပြင်းတွေကို သုံးပြီးတော့လည်း ကုသမှုခံယူခဲ့သေးတယ်။ အဲ့လိုမှ မဟုတ်ရင် သူ(မ) အခုအချိန်အထိ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး”
စူးချင်းက ယဲ့လွီချွမ်းကို မော့ကြည့်လိုက်သည်။
သူ့အမေ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူ ကောင်းကောင်း သိနေပါလိမ့်မယ်။
ယဲ့လွီချွမ်း၏မျက်လုံးများတွင် အံ့သြထိတ်လန့်သွားသည့်အရိပ်အယောင်များ ပေါ်လာပြီး သူက စူးချင်းကို လေးလေးစားစား ကြည့်နေလေသည်။
သွေးခုန်နှုန်းကို စမ်းသပ်လိုက်တာနဲ့ သူ့ရဲ့မိခင်က ငယ်ရွယ်စဉ်ကတည်းက အဆိပ်ခတ်ခံခဲ့ရပြီး ကောင်းမွန်တဲ့ ဆေးတွေနဲ့ ကုသမှု ခံယူခဲ့တာကို သူမ သိနေတယ်ပေါ့။ သူမရဲ့ ဆေးပညာ ကျွမ်းကျင်မှုက အံ့မခန်းပဲ။
“အံ့ဖွယ်သမားတော်က ငါ့အမေကို ကယ်တင်ပေးနိုင်မလားလို့ ငါ တွေးနေမိတယ်”
ယဲ့လွီချွမ်းက စူးချင်းကို မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ အများအားဖြင့် သမားတော်များက သူတို့ ရောဂါရှာဖွေနိုင်သရွေ့ ကုသပေးနိုင်ကြသည်။
“ကျွန်မ အဲဒါကို စမ်းကြည့်ပေးလို့ရတယ်။ အဆိပ်ကို ဖိနှိပ်ပေးထားတဲ့ ဆေးရဲ့ဖိနှိပ်နိုင်စွမ်းက ဆုံးရှုံးနေပြီ၊ အဲ့တာကြောင့် ကျွန်မ အာမ မခံနိုင်ဘူး။ အဆိပ်က ဆေးကို တိုက်စားပြီးတဲ့နောက်မှာ ဆေးက ပျော့ပျောင်းသွားပြီး ပိုအဆိပ်ပြင်းတဲ့ အဆိပ်တစ်ခု ဖြစ်လာတက်တယ်၊ ပြီးတော့ ရှင့်အမေက အခု အရမ်း အားနည်းနေပြီ၊ အခုထိ အသက်ရှင်နေတာကတောင် တော်တော် ကံကောင်းနေပြီ”
စူးချင်းက အမှန်အတိုင်း ပြောလိုက်သည်။ သူမက အလုံးစုံ တာဝန် မယူချင်သောကြောင့် အရာအားလုံးက သိပ်သေချာမည် မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
ဒီအမျိုးသမီးကို အဆိပ်ခတ်နိုင်ခဲ့တဲ့သူက သာမန်လူ မဟုတ်ဘူး။ ဒီအဆိပ်မျိုးကို တစ္ဆေမျက်နှာမြက်လို့ ခေါ်ပြီး အလယ်ပိုင်းလွင်ပြင်မှာ မရှိဘူး။
ရောဂါ စတင်လာတဲ့အချိန်မှာ ဝမ်းဗိုက်အောင့်တာလိုမျိုးပဲ ဖြစ်တတ်ပြီး ချက်ချင်း မသေစေဘူး။ မသေခင် ၄၉ ရက်လောက် ဒုက္ခရောက်နေလိမ့်မယ်။
အဲ့တာအပြင် သမားတော်အများစုက အဲ့အဆိပ်ရဲ့သွေးခုန်နှုန်းကို လုံးဝ မစစ်ဆေးနိုင်တာကြောင့် ကုသဖို့ နည်းလမ်း မရှိဘူး။ အရမ်း ဆိုးသွမ်းယုတ်မာတဲ့ အဆိပ်ပဲ။ အဆိပ်ကို တိုက်ထုတ်ဖို့ အဆိပ်ကို အသုံးပြုနိုင်တဲ့ ထူးချွန်တဲ့သမားတော်တွေ ရှိခဲ့ပေမယ့် ဒီအမျိုးသမီးကတော့ အိပ်ရာထဲကို လဲကျသွားခဲ့တယ်။ အဲ့ဒိတစ္ဆေမျက်နှာမြက်ရဲ့ အဆိပ်ကြောင့် သူမရဲ့မျက်နှာပေါ်မှာ ကြောက်မက်ဖွယ် ပင့်ကူပုံစံတွေ ဖြစ်လာရတယ်။ အဆိပ်ခတ်တဲ့သူက ဒီအမျိုးသမီးကို အရမ်းမုန်းတီးနေတာမျိုး မဟုတ်ရင် သူမကို မနာလိုဖြစ်နေတာ သေချာတယ်။
သူမကို သေစေချင်ရုံသာမက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခရောက်စေချင်တယ်။ အဲ့ဒီအဆိပ်ခတ်တဲ့သူက အရမ်းရက်စက်ပြီး ယုတ်မာတဲ့သူပဲ။
“ကျေးဇူးပြုပြီး ငါ့အမေ့ကို ကယ်တင်ပေးဖို့ သခင်မလေးစူးကို တောင်းဆိုပါတယ်။ မင်း ငါ့အမေကို ကယ်တင်ပေးနိုင်ရင် မင်း လိုချင်တာမှန်သမျှ ငါ ပေးပါ့မယ်"
ယဲ့လွီချွမ်း၏ နက်ရှိုင်းသော မျက်လုံးများတွင် နာကျင်မှုများ ပြည့်နှက်နေပြီး သူက သူ၏မြင့်မြတ်သောအဆင့်အတန်းကို လျစ်လျူရှုကာ စူးချင်းကို ဦးညွှတ်လိုက်သည်။
သူ့အမေ အသက်ရှင်နိုင်သရွေ့ သူက သူ့အမေအတွက် ဘာကိုမဆို စွန့်လွှတ်နိုင်တယ်။
"သူ(မ)ရဲ့ တခြားရောဂါတွေကို မကုသခင် အဆိပ်ကို အရင်ရှင်းဖို့ လိုတယ်၊ ကျွန်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်"
စူးချင်းက ခေါင်းညိတ်လိုက်ပြီး စုတ်တံနှင့် စက္ကူတောင်းကာ ဆေးစာ ရေးပေးလိုက်သည်။
"ဒီဆေးညွှန်းအတိုင်း ဆေးတွေ သွားယူပေးပါ"
ယဲ့လွီချွမ်းက ဆေးစာကို တလေးတစား လက်ခံခဲ့ပြီး စူးချင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဦးထပ်ညွှတ်လိုက်သည်။
"ဆေးသွားယူဖို့ အစေခံတွေကို ငါ အမိန့်ပေးလိုက်ပါ့မယ်”
“ရေနွေးတစ်ပုံး ကျိုပြီး ယူလာပေး။ ပိုပူလေ ပိုကောင်းလေပဲ"
စူးချင်းက အစေခံများအား ရေနွေးကျိုခိုင်းရန် ယဲ့လွီချွမ်းကို ထပ်တောင်းဆိုလိုက်သည်။ ယဲ့လွီချွမ်း ထွက်သွားပြီးနောက် သူမက သူမ၏ရင်ဘတ်ထဲမှ ငွေအပ်တစ်စုံကို ထုတ်ယူလိုက်သည်။ အစေခံမိန်းကလေးက သူမကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေလေသည်။
အခု စကားပြောနေပုံအရ သူမက မိန်းမငယ်လေးလား? ဒီလို မိန်းမငယ်လေးမှာ ကျွမ်းကျင်တဲ့ ဆေးပညာ ရှိနိုင်ပါ့မလား?
“ခြင်ထောင်ကို ချလိုက်၊ ပြီးရင် မင်းသခင်မရဲ့အဝတ်တွေ အားလုံးကို ချွတ်ပစ်လိုက်”
စူးချင်းက အစေခံမိန်းကလေး သူမကို စိုက်ကြည့်နေသည်ကို တွေ့နေသောကြောင့် အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”
ယဲ့လွီချွမ်းက စူးချင်း၏အမိန့်ကို နာနာခံခံ နားထောင်နေသောကြောင့် အစေခံမိန်းကလေးကလည်း ပေါ့ပေါ့ဆဆ မနေရဲပေ။ သူမက အပြင်ဘက်မှ မြင်ကွင်းကို ပိတ်ဆို့ရန် ကုတင်ကန့်လန့်ကာကို အလျင်အမြန် ချပေးလိုက်ပြီး သူမသခင်မ၏ အဝတ်များ ချွတ်ပေးလိုက်သည်။
စူးချင်းက ထိုအချိန်ကို အခွင့်ကောင်းယူကာ ရှောင်ချီထဲမှ အသက်ကို ဆွဲဆန့်နိုင်မည့်ဆေးမျိုး တောင်းလိုက်ပြီး ဆေးကုသမှု ခံယူနေစဉ်အတွင်း ထိုအမျိုးသမီး မသေသွားစေရန် ထိုအမျိုးသမီး၏ပါးစပ်ထဲသို့ ဆေးအရင်ထည့်ပေးလိုက်သည်။
သူမ သခင်မ၏အဝတ်အစားများကို ချွတ်ပြီးနောက် အစေခံမိန်းကလေးက ဘာဆက်လုပ်ရမှန်းမသိဘဲ စူးချင်းကို ကြောင်တက်တက်ဖြင့် ကြည့်နေလေသည်။
"မင်း ထွက်သွားလို့ ရပြီ!"
စူးချင်းက အစေခံမိန်းကလေးကို နှင်ထုတ်လိုက်ပြီး ထိုအမျိုးသမီးအား အပ်စိုက်ကုထုံး စတင်လိုက်သည်။ ပထမဦးစွာ သူမက သူမ၏ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖိနှပ်ပြီး ဝမ်းဗိုက်ဆီသို့ ပို့ဆောင်ပေးလိုက်သည်။ နောက်ပိုင်း ဆေးရည်စိမ်ပြီးလျှင် သူမ၏မိန်းမအင်္ဂါစပ်မှ အဆိပ်ကို ထုတ်ပေးမည် ဖြစ်သည်။
ဤအပ်စိုက်ကုထုံးက အလွန်အဖိုးအခ များလှပြီး ထိုအပ်စိုက်ကုထုံးကို ပြုလုပ်ပေးပြီးနောက်တွင် စူးချင်းတစ်ကိုယ်လုံးချွေးများ အလျှံအပယ် ထွက်နေပြီး သူမ၏ အဝတ်အစားများတွင် ချွေးများ စိုရွဲနေတော့သည်။
စနစ်ထဲမှ ရှောင်ချီ၏နှလုံးလေးကလည်း နာကျင်နေရသည်။
“သခင်၊ သခင်က အလုပ်ကြိုးစားတယ်။ ရှောင်ချီ အရမ်း စိတ်မကောင်း ဖြစ်ရတယ်၊ ရှောင်ချီရဲ့နှလုံးသားလေးက နာကျင်နေပြီ!”
ရှောင်ချီ၏ ကြည်နူးဖွယ် စကားလုံးများကို ကြားလိုက်ရသောကြောင့် စူးချင်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်လာပြီး အလွန်ပေါ့ပါးသော အပြုံးလေးတစ်ခုကို ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကုတင်ကန့်လန့်ကာ၏ အပြင်ဘက်မှ ခြေသံတဖျပ်ဖျပ် ထွက်ပေါ်လာပြီး အစေခံတစ်ယောက်က ရေနွေးယူလာပေးခြင်း ဖြစ်သည်။ ရေနွေးပုံးကအပြည့်ဖြစ်နေပြီး အခန်အတွင်း၌ ပို၍ ပူနွေးလာသလို ခံစားရစေခဲ့သည်။
စူးချင်းက ကုတင်ကန့်လန့်ကာ၏နောက်မှ ထွက်လာခဲ့ပြီး ရေနွေးယူပေးသည့် အစေခံသုံးယောက်က သူတို့သခင်မ၏အိပ်ရာထဲက ယောကျာ်းတစ်ယောက် ထွက်လာသည်ကို တွေ့သွားကြပြီး သူတို့၏ မျက်လုံးများက ပြုတ်ကျနီးပါး ပြူးထွက်လာကြသည်။
သူတို့ လုံးဝ မယုံနိုင်တဲ့ အခြေအနေ တစ်ခုကို မြင်လိုက်ရတာလေ။ ဘယ်အရာက ဒီလောက် မယုံနိုင်ဖွယ် ဖြစ်စေတော့မှာလဲ?