← Chapters

သဘောထားကွဲလွဲမှု (အပိုင်း ၂)

Vol. 18 Ch. 256

သဘောထားကွဲလွဲမှု (အပိုင်း ၂)

Vol. 18 Ch. 256

"မင်း ကြိုးစားကြည့်လို့ ရတယ်"

စူးချင်းက သူမ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ယဲ့လွီချွမ်းကို အထင်အမြင်သေးစွာ ကြည့်နေရင်း ရှုတ်ချသည့်အသံဖြင့် ပြန်ပြောလိုက်သည်။

"မင်း အစ်ကိုတော်နှစ်ယောက်ရဲ့ ထောင်ပေါင်းများစွာသော တပ်သားတွေကြားထဲကနေတောင် ငါ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာခဲ့တယ်၊ မင်းက ငါ့ကို ဖမ်းထားနိုင်ပါ့မလား?"

စူးချင်းကို ကြည့်နေသည့် ယဲ့လွီချွမ်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်မှ ထွက်လာသည့် သတ်ဖြတ်ချင်စိတ်ကို သူ ခံစားနေရသည်။

အဲ့ဒါက အင်အားကြီးလွန်းတယ်။

သူနှင့် စူးချင်းအကြား လက်တစ်ကမ်းသာသာလောက်သာ ကွာဝေးနေပြီး သူတို့နှစ်ယောက် တိုက်ခိုက်လျှင် ရှုံးမည့်သူက သူ ဖြစ်မည်ဟု ယဲ့လွီချွမ်းက သံသယရှိနေခဲ့သည်။

“သူတို့က မင်းရဲ့အမေကို ဒီအတိုင်းအတာအထိ ထိခိုက်စေခဲ့တယ်။ သားတစ်ယောက်အနေနဲ့ မင်းက သူ(မ)အတွက် လက်စားမချေချင်ဘူးလား?”

စူးချင်းက ကုတင်ကန့်လန့်ကာနောက်မှ အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်ပြီး ယဲ့လွီချွမ်းကို အသံနက်ကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။

"မင်း အမေကို ထိခိုက်စေတဲ့သူကို ကာကွယ်ပေးဖို့ မင်းက ငါ့ကို ဆန့်ကျင်ဖို့ ဆန္ဒရှိနေတာလား?"

ယဲ့လွီချွမ်းက နောက်ကျောပစ်ထားသည့်သူလက်ကို ခပ်တင်းတင်း လက်သီးဆုပ်လိုက်ရာ သူ့လက်မတွင် စွပ်ထားသော လက်စွပ်ပင် အပိုင်းပိုင်း ကွဲကြေသွားခဲ့သည်။

စူးချင်း၏စကားများက သူ့နှလုံးသား၏အောက်ခြေတွင် မြှုပ်နှံထားသည့် အမုန်းတရားများကို ထိမိသွားခြင်း ဖြစ်သည်။

“စစ်ပွဲကြောင့် ပြည်သူတွေ သေဆုံးမယ့်အပြင် တိုင်းပြည်တွေရဲ့စီးပွားရေးကိုလည်း ကျဆင်းစေလိမ့်မယ်။ နောက်ဆုံးမှာ ပြည်သူတွေပဲ ကိုယ်ကျိုးနည်းလိမ့်ရမယ်။ အချင်းချင်း အပြန်ပြန် အလှန်လှန် စောင့်ထိန်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရောင်းဝယ်ဖောက်ကားနိုင်မှပဲ လူတိုင်း ငွေရှာနိုင်ပြီး ဝဝလင်လင် စားသောက်နိုင်မယ် မဟုတ်ဘူးလား?”

စူးချင်းက ယဲ့လွီချွမ်းကို ထပ်မေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမတို့ တစ်ကြိမ် တွေ့ဖူးကြတယ်။ ယဲ့လွီချွမ်းက ရွှေရှန့်ရဲ့ လွမ်တောင်ကို ပြန်ရဖို့လည်း ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် သူမ သူ့ကို မသတ်ချင်ဘူး။ သူ့ကို သတ်ပစ်တာထက် ပုန်ကုန်ဖို့ လှုံ့ဆော်ပေးတာက ပိုကောင်းလိမ့်မယ်။

“ငါ မင်းကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး၊ သခင်မလေးစူး၊ ရိုးရိုးသားသား ပြောရရင် ခမည်းတော်နဲ့ ငါက အတွေး အတူတူပါပဲ။ တာ့ရှားပြည်ထောင်က ငါတို့ တာ့ထန်ပြည်ထောင်ကို အနိုင်ကျင့်ပြီး အခွန်မဆောင်ခိုင်းဘူးလို့ ကတိပေးနေသရွေ့ ငါတို့ကလည်း စစ်မတိုက်ချင်ဘူး”

ယဲ့လွီချွမ်းက သူ့၏ရောင်ဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့၏လေသံကလည်း ပျော့ပြောင်းသွားခဲ့သည်။

“ရှင့်ရဲ့အကြီးဆုံးအစ်ကိုတော်က ပင်ကိုယ်စရိုက်ကိုက ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ ရှင့်ရဲ့ဒုတိယအစ်ကိုတော်ကတော့ သံသယဖြစ်များတယ်၊ အပြောင်းအလဲမြန်ပြီး အမြင်ကျဉ်းတယ်၊ သူတို့က တာတာ့လူမျိုးတွေ ငြိမ်းချမ်းတဲ့ဘဝနဲ့ နေထိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့နေရာကို အစားထိုးဝင်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူးလား?"

စူးချင်းက ယဲ့လွီချွမ်း၏အတွေးအမှန်ကို သိလိုသောကြောင့် ပုန်ကန်ရန် ဆက်လက်လှုံ့ဆော်ပေးလိုက်သည်။

ဒီလူကလည်း အခြားလူတွေကို တလိုတလား လက်အောက်ခံမယ့်သူ မဟုတ်ဘူး။ သူ့မျက်လုံးတွေထဲမှာလည်း ရည်မှန်းချက်တွေ ရှိနေတယ်။

“ငါ့မှာ စစ်သည် မရှိဘူး၊ စစ်သူကြီးလည်း မရှိဘူး။ ငါက တော်ဝင်အာဏာရဲ့အပြင်ဘက်ကို ရောက်နေတဲ့ စွန့်ပစ်ခံမင်းသားတစ်ယောက်ပဲ၊ ငါ့မှာ တကယ့်အာဏာ မရှိဘူး"

ယဲ့လွီချွမ်းက ထိုစကားကို ပြောနေရင်း သူ့မျက်လုံးများက ပိုအုပ်မှိုင်းလာခဲ့သည်။

သူ့မယ်တော် နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ သူ့အတွက် သူ့ခမည်းတော်ရဲ့ချစ်ခြင်းမေတ္တာက လျော့ပါးသွားခဲ့တယ်။ လီဖေး(ကြင်ယာတော်လီ)ကို ဧကရီ အပ်နှင်းပြီးတဲ့နောက်မှာ သူ့ခမည်းတော်က သူ့မယ်တော်ရဲ့တဲနန်းကို ခြေမချတော့ဘူး။ နန်းတွင်းရဲ့အာဏာကို ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့က ခွဲဝေယူထားကြတယ်။ မိခင်တစ်ယောက်ရဲ့အဆင့်အတန်းက သူ့သားအပေါ်မှာ အများကြီး မူတည်တယ်။ သူ့မှာ အားကိုးအားထားပြုနိုင်တဲ့ အားကောင်းတဲ့ မိခင်ဘက်က မိသားစုလည် မရှိဘူး။ သူက သူ့ရဲ့လျှို့ဝှက်အစီအစဥ်လေးတွေအပေါ်မှာဘဲ အားကိုးနေခဲ့ရတယ်၊ ဒါပေမယ့် အမြဲတမ်း သူ တစ်ယောက်တည်း ဖြစ်နေပြီး အားနည်းနေခဲ့တယ်။

“စနိုက်နဲ့ ဂုံးတွေ ရန်ဖြစ်တဲ့အခါ တံငါသည်က အမြတ်ထွက်တယ်။ ရှင့်ရဲ့အကြီးဆုံးအစ်ကိုတော်နဲ့ ဒုတိယအစ်ကိုတော်တို့ သေတဲ့အထိ တိုက်ပွဲဝင်နေကြပြီ၊ ရှင်က ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး။ ရှင်လည်း ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့ မထိုက်တန်တာတော့ မဟုတ်ဘူးလေ”

စူးချင်း၏မျက်နှာက အေးစက်နေသေးသော်လည်း သူမ၏စကားလုံးများက ပြန်ယဥ်ကျေးသွားပြီ ဖြစ်သည်။

“မိန်းခလေးစူး ပြောတာ မှန်ပါတယ်။ ငါ သဘောပေါက်ပါပြီ။ အခု ငါ ဘာလုပ်ရမယ်ဆိုတာကို ငါ သိသွားပါပြီ။ ကျေးဇူးပြုပြီး ငါ့ရဲ့အပြုအမူအတွက် ဒေါသမထွက်ပါနဲ့၊ ငါက ပြည်သူတွေကို ထိခိုက်မှာကို စိုးရိမ်မိလို့ပါ"

ယဲ့လွီချွမ်းက လက်သီးအုပ်လိုက် စူးချင်းကို တောင်းပန်လိုက်သည်။ သူမက အတိတ်မှ အဖြစ်အပျက်ကို မေ့ပစ်ပေးနိုင်ရန် သူ မျှော်လင့်နေမိသည်။

“ကျွန်မတို့က ပိုက်ဆံပဲလိုချင်တာ။ ကျောက်မီးသွေးနဲ့ ဒူလာလိမ်းဆေး ရောင်းဖို့ တာ့ထန်ကို လာချင်တယ်။ တတိယမင်းသားက အဲ့ဒါတွေ ရောင်းဖို့ ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်မိတယ်။ အမြတ်က ၆၀-၄၀ ပေါ့၊ ကျွန်မတို့အတွက် ၆၀ နဲ့ ရှင့်အတွက် ၄၀ ခွဲဝေပေးလို့ ရတယ်"

စူးချင်း၏အဓိက ရည်မှန်းချက်မှာ ကျောက်မီးသွေးနှင့် ဆေးဝါးများကို ရောင်းချရန်နှင့် အနာဂတ်တွင် ငြိမ်းငြိမ်းချမ်းချမ်း စိုက်ပျိုးနိုင်စေရန် ဖြစ်သည်။

သူမတို့ ရိတ်သိမ်းခြင်း မပြုမီ တာ့ထန်က လယ်မြေတွေကို လာသိမ်းရင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင်နိုင်ပါဦးမလား?

"ကျောက်မီးသွေးဆိုတာက ဘာလဲ?"

ဤအကြောင်းအရာကို ပထမဆုံးအကြိမ် ကြားသိလိုက်ရသောကြောင့် ယဲ့လွီချွမ်းက စူးစမ်းလိုစိတ်ဖြင့် စူးချင်းအား ပြန်မေးလိုက်သည်။

"အပူအတွက် သုံးတယ်။ မီးသွေးထက် ပိုပြီး မီးတောက်အား ကောင်းသလို ကြာရှည်လည်း ခံနိုင်တယ်။ အပူရှိန်များပြီး အချိန်အတော်ကြာ ပူလောင်နေစေတယ်။ ကျောက်မီးသွေးနဲ့ဆိုရင် ရှင်တို့ လုံးဝ မအေးတော့ဘူး"

စူးချင်းက ယဲ့လွီချွမ်းကို ရှင်းပြလိုက်သည်။

ယဲ့လွီချွမ်းက စူးချင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

တကယ်တော့ သူမက ဓားတွေလှံတွေအောက်မှာ စီးပွားရေးလုပ်ဖို့ ဆန္ဒရှိတဲ့ ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးပဲ။ သူမက ဘယ်ယောက်ျားထက်မဆို သတ္တိပိုရှိတယ်။

ဒါပေမယ့်လည်း သူတို့ တာတာ့လူမျိုးတွေက ဆင်းရဲမွဲတေနေတာလေ။ ကျောက်မီးသွေးနဲ့ လဲလှယ်ဖို့ ရွှေအစစ်တွေ ငွေတွေကို သုံးရမယ်ဆိုရင် အဲဒီ‌ရွှေတွေ ငွေတွေကို သုံးရတာထက် နွားချေးကို မီးရှို့တာက ပိုကောင်းလိမ့်မယ်။

“ကျွန်မတို့ကို ပိုက်ဆံပေးလို့ ရတယ်၊ ဒါမှမဟုတ် လဲလှယ်လို့လည်း ရတယ်။ တတိယမင်းသားတို့ဆီက သားရေတွေ၊ သိုးတွေ၊ နွားတွေနဲ့လည်း ကျောက်မီးသွေးကို လဲလှယ်လို့ ရတယ်”

စူးချင်းက ယဲ့လွီချွမ်း၏အတွေးအမြင်များကို မြင်နိုင်ပြီး ကုန်စည် လဲလှယ်ရန် စတင် အဆိုပြုလိုက်သည်။

“ဒါကတော့ အဆင်ပြေတယ်”

ယဲ့လွီချွမ်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကုန်ပစ္စည်းတွေ ဖလှယ်နိုင်သရွေ့ ပြည်သူတွေမှာ ရောင်းဝယ်ဖောက်ကားလိုစိတ် ရှိမယ်လို့ သူ ယုံကြည်တယ်။

"ကောင်းပြီ၊ ငါးရက်အတွင်း ကျွန်မ ပြန်လာမယ်၊ အဲ့အချိန်ကျရင် ကျောက်မီးသွေးလှည်းနှစ်စီး သယ်လာပေးမယ်"

စူးချင်းက ခေါင်းညိတ်လိုက်သည်။

ဒါက လုပ်ငန်းသဘောတူစာချုပ် ချုပ်ပြီးသွားပြီလို့ ယူဆလို့ရတယ်။ သူမ မော့ချန်ကို ပြန်ချင်နေပြီ။ သူမ နှုတ်မဆက်ဘဲ ထွက်လာခဲ့တာ တစ်ရက်နဲ့တစ်ညရှိနေပြီ၊ ရွှေရှန့် စိတ်ပူနေလိမ့်မယ်။

"ငါရဲ့ခမည်းတော်ကို ကြည့်ပေးဖို့ သခင်မလေးစူးကို မေးလို့ရမလား?"

စူးချင်း ထွက်သွားတော့မည်ကို မြင်လိုက်သောကြောင့် ယဲ့လွီချွမ်းက သူမကို ဆက်နေရန် အမြန်တောင်းဆိုလိုက်သည်။ ယဲ့လွီချွမ်း၏မျက်လုံးများက ရိုးသားနေပြီး သူက သူ၏အတွေးအမှန်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒါက ငါရဲ့ခမည်းတော်ရှေ့မှာ ငါ့ရဲ့အစွမ်းအစကို ပြဖို့ အခွင့်အရေးပဲ”

သူ့မှာ အားကိုးစရာ မိခင်မိသားစု မရှိဘူးဆိုတော့ သူ့ခမည်းတော်ကိုပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရတော့မယ်။

“ကောင်းပြီလေ”

စူးချင်းက အဆင်သင့် သဘောတူလိုက်ပြီး တာ့ထန်ဧကရာဇ်၏နန်းတော်ထဲသို့ လိုက်သွားခဲ့သည်။

တချိန်က သြဇာအာဏာကြီးမားခဲ့ဖူးသော ဧကရာဇ်မင်းကြီးက သူ့၏မျက်လုံးများကို တင်းတင်း စေ့ထားပြီး အိပ်ယာပေါ်တွင် လှဲလျောင်းနေလေသည်။ သူ့၏မျက်နှာက ရွှေစက္ကူကဲ့သို့ ဖြူဖျော့နေပြီး အသက်ရှုမဝသလို ဖြစ်နေခဲ့သည်။ သူ၏ သေခြင်းတရားက မဝေးနိုင်တော့ကြောင်း သိသာနေသည်။

စူးချင်းက သူ၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး ဧကရာဇ်အိုကြီးကလည်း အဆိပ်သင့်နေကြောင်း တွေ့ရှိသွားခဲ့သည်။ ဤအဆိပ်က နှေးကွေးသော အဆိပ်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်လက ဧကရာဇ်အိုကြီးကို တိုက်ကျွေးခဲ့သည်ဟု သူမ ခန့်မှန်းလိုက်သည်။

စူးချင်းက သွေးခုန်နှုန်းရလဒ်ကို ယဲ့လွီချွမ်းအား ပြောပြလိုက်ပြီး သူက ဒေါသတကြီးဖြင့် လက်သီးဆုပ်လိုက်ကာ သူ့မျက်လုံးများမှ ဒေါသ‌ရိပ်များ တောက်ပလာသည်။

ဒါက သူရဲ့အကြီးဆုံးအစ်ကိုတော်လား? ဒါမှမဟုတ် ဒုတိယအစ်ကိုတော်လား? ဒါမှမဟုတ် အဲဒီ ကင်းမြီးကောက်လို အဆိပ်ပြင်းတဲ့မိန်းမလား?

"ပျောက်ကင်းအောင် ကုသပေးနိုင်မလား?"

ယဲ့လွီချွမ်းက စူးချင်းကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး "အင်း" ဟု ယုံကြည်မူအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ယဲ့လွီချွမ်းက အလွန်ပျော်ရွှင်သွားပြီး စူးချင်းကို အလေးအနက် အရိုအသေပေးလိုက်သည်။ စူးချင်းက ဧကရာဇ်အိုကြီးအတွက် အဆိပ်ဖြေဆေး ပေးလိုက်သည်။

တိုင်းပြည်တစ်ပြည်ရဲ့ဘုရင်ကို ကုသပေးပြီးရင် သူမရဲ့ဆေးပညာကျွမ်းကျင်မှုက အဆင့်ကိုးအထိ တိုးလာနိုင်မှာ မဟုတ်ဘူးလား?

စူးချင်းကို ကျေးဇူးတင်ကြောင်း ပြသရန်အတွက် ယဲ့လွီချွမ်းက သူမကို နယ်စပ်အထိ သူကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။

ပထမမင်းသားနှင့် ဒုတိယမင်းသားတို့က အပြင်းအထန် တိုက်ခိုက်သောကြောင့် နယ်စပ်ကို ဂရုမစိုက်ဖြစ်နေပြီး သူမတို့အတွက် လမ်းတလျှောက်လုံး ဘာအတားအဆီးမှ မတွေ့ခဲ့ရပေ။

"အနှစ်တစ်ထောင် လင်ဇီးအတွက်ရော"

စူးချင်းက နယ်စပ်တွင် ရပ်လိုက်ပြီး ယဲ့လွီချွမ်းကို ထပ်မေးလိုက်သည်။

“ငါ အဲဒါကို သခင်မလေးစူးကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။ အနှစ်တစ်ထောင်လင်ဇီးက နန်းတော်ထဲမှာ ရှိပါတယ်၊ ဒါပေမယ့် ငါ ယူပေးလို့ မရဘူး”

ယဲ့လွီချွမ်းက စူးချင်းကို အားတုံ့အားနာ ကြည့်နေရင်း ပြောပြလိုက်သည်။

အဲ့အနှစ်တစ်ထောင်လင်ဇီးက ဧကရီရဲ့နန်းတော်မှာ ရှိနေပြီး သူမက အဲ့ဒါကို ရတနာတစ်ခုလို မှတ်ယူပြီး သူ့ခမည်းတော် အပြင်းအထန် နေမကောင်း ဖြစ်နေတာတောင် ထုတ်ယူဖို့ တွန့်ဆုတ်နေခဲ့တာလေ။

"အဲ့လိုလား?? ဒါဆို အဲ့လင်ဇီးက ဘယ်မှာရှိနေလဲ? ရှင် သိလား?”

အနှစ်တစ်ထောင်သက်တမ်းရှိ လင်ဇီးတစ်ခုရှိနေကြောင်း ကြားလိုက်ချိန်တွင် စူးချင်းက မည်မျှပင်ခက်ခဲသည်ဖြစ်စေ သူမ ၎င်းကို အရယူမည်ဟု ဆုံးဖြတ်လိုက်သည်။

သူမရဲ့အမေက သူမ ကယ်တင်ပေးမှာကို စောင့်နေတုန်းပဲ။

"ဧကရီရဲ့ နန်းတော်ထဲမှာပါ"

ဤတစ်ဘက်တွင် စူးချင်းက မော့ချန်သို့ ပြန်လာခဲ့ပြီးဖြစ်သော်လည်း ကျိရွှေရှန့်က တာ့ချန်တွင် စူးချင်းကို ရှာဖွေနေဆဲဖြစ်သည်။ ကံမကောင်းစွာဖြင့် တာ့ချန်က ရှုပ်ထွေးနေပြီး စူးချင်းကို ရှာရသည်က ကောက်ရိုးပုံထဲမှ အပ်ကို ရှာနေရသလို ဖြစ်နေခဲ့သည်။

ပထမမင်းသားနှင့် ဒုတိယမင်းသားတို့ကြားမှ တိုက်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပထမမင်းသားက အရေအတွက် သာလွန်နေသော်လည်း နောက်ဆုံးတွင် ဧကရီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဒုတိယမင်းသားက ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်သွားခဲ့သည်။ နှစ်ဖက်တပ်များမှာလည်း မရေမတွက်နိုင်သော အသေအပျောက်များ ရှိခဲ့ကြပြီး သူတို့က တာ့ရှားပြည်ထောင်နှင့် ကြီးမားသောစစ်ပွဲကြီး တိုက်ခဲ့ရသလို အဆုံးအရှုံးအပျက်အဆီးများ ကြုံတွေ့ခဲ့ရသည်။

ဒုတိယမင်းသား၏စစ်သည်များက ပထမမင်းသားကို ဖိချထားပြီး ဧကရီ၏ရှေ့တွင် ဒူးထောက်ခိုင်းထားသောကြောင့် ပထမမင်းသားက ဒေါသတကြီး အော်ဟစ်နေခဲ့သည်။ “ငါ့မှာ ခမည်းတော်ဧကရာဇ်ရဲ့သင်္ကေတအမှတ်အသား ရှိတယ်။ မင်းတို့က ပုန်ကန်နေတာလား?"

ဤအခိုက်အတန့်တွင် ဧကရီက သူမ၏နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်သောအသွင်အပြင်ကို ဆုံးရှုံးခဲ့သည်မှာ ကြာနေပြီ ဖြစ်သည်။

သူမ သားတော်ရဲ့ရင်ဘတ်မှာ ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းတဲ့ သွေးသံတရွှဲရွှဲ အပေါက်တစ်ခု ရှိနေပြီး သူမရဲ့သားတော်က သေလုမျောပါး ဖြစ်နေပြီလေ၊ သူမရဲ့သားတော်ကို ထိခိုက်စေတဲ့သူက အော်ဟစ်နေရဲသေးတာလား?

ပထမမင်းသားကို ကြည့်နေသော သူမ၏မျက်လုံးများက သွေးများပေါက်ထွက်လာလုနီးပါး နီရဲနေပြီး သူမက သူမဘေးနားရှိ သက်‌တော်စောင့်ထံမှ ဓားမောက်ရှည်ကို လုယူကာ ပထမမင်းသား၏လည်ပင်းကို မဆိုင်းမတွ ခုတ်ချလိုက်သည်။ သူမက ဓားကို မုန်းတီးမှုအပြည့်ဖြင့် လွှဲယမ်းခဲ့ပြီး ပထမမင်းသား၏လည်ပင်းအား အရေပြားတစ်လွှာသာကျန်သည်အထိ ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် ဧကရီက ပထမမင်းသား၏အလောင်းကို ငုံ့ကြည့်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။

"မင်းရဲ့ခွေးအသက်က ဘာမှတန်ဖိုးမရှိဘူး"

သူမ၏မယ်တော်က သူမ၏အကြီးဆုံးအစ်ကိုတော်ကို သတ်လိုက်သည်အား မြင်လိုက်ရသောကြောင့် ဆိုင့်ယာက အလွန်ကြောက်လန့်သွားပြီး သူမ၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။

"မယ်တော်၊ အကြီးဆုံးအစ်ကိုတော်ကို သတ်လိုက်တာလား? ခမည်းတော်က မယ်တော့်ကို အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ?"

All Chapters