← Chapters

ဒီကမ္ဘာမှာ သူမကြောက်တဲ့အရာ ဘာတစ်ခုမှ ရှိမနေသင့်ဘူး မဟုတ်လား?

Vol. 18 Ch. 257

ဒီကမ္ဘာမှာ သူမကြောက်တဲ့အရာ ဘာတစ်ခုမှ ရှိမနေသင့်ဘူး မဟုတ်လား?

Vol. 18 Ch. 257

ယဲ့လွီဆိုင့်ယာ၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖျော့နေခဲ့သည်။

မယ်တော်က ဘာကြောင့်

အကြီးဆုံးအစ်ကိုတော်ကို သတ်လိုက်ရတာလဲ?

သူမတို့ရဲ့ခမည်းတော် ကျန်းမာနေတဲအချိန်တုန်းက အကြီးဆုံးအစ်ကိုတော်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ပြီး အနာဂတ်မှာ တိုင်းပြည်ကို အုပ်ချုပ်စေမယ်လို့ ပြောခဲ့ဖူးတယ်။ မယ်တော်က အကြီးဆုံးအစ်ကိုတော်ကို သတ်လိုက်ရင် ခမည်းတော် ဒေါသဖြစ်သွားလိမ့်မယ်။

ဧကရီ၏ဒေါသက မပြေသေးဘဲ သူမ၏ ချစ်စဖွယ်ကောင်းသော ဖီးနစ်မျက်လုံးများတွင် လူများကို တုန်လှုပ်စေသည့် လူသတ်ရောင်ဝါများ လင်းလက်နေခဲ့သည်။ သူမက သူမ၏ယခင် မွန်မြတ်ပြီး နူးညံ့သိမ်မွေ့သောပုံရိပ်နှင့် လုံးဝကွဲပြားသွားပြီဖြစ်ကာ သူမတစ်ကိုယ်လုံး ကြမ်းတမ်းပြီးရက်စက်သည့်အရှိန်အဝါများ ဝန်းရံနေခဲ့သည်။

ယဲ့လွီဆိုင့်ယာက သူမ၏မယ်တော်ကိုပင် အလွန်ထိတ်လန့်နေပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။

သူမ မယ်တော်ရဲ့ဒီလိုပုံစံက သူမနဲ့ သိပ်မရင်းနှီးဘဲ အရမ်းကြောက်စရာကောင်းတယ်။

ဧကရီက သူ့သမီး၏ထိတ်လန့်နေသော မျက်လုံးများကို မြင်သွားခဲ့ပြီး သူမ၏အမုန်းတရားများကို ဖယ်ရှားလိုက်သည်။ သူမက သမီးဖြစ်သူကို ဝတ်ကျေတန်းကျေ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူနဲ့၊ ဘာမှ မဖြစ်ဘူး”

သူမ၏ သူမသမီးဖြစ်သူအတွက် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်ကို ဖယ်ရှား ပေးခဲ့သော်လည်း သူမ၏ စူးရှသောဖီးနစ်မျက်လုံးများမှ ပထမမင်းသား၏ စစ်သည်များအား သတ်ပစ်ရန် ရည်ရွယ်ချက်ကတော့ ဖုံးကွယ်၍မရနိုင်အောင် ပေါ်လွင်နေခဲ့သည်။ စစ်မြေပြင်တွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော စစ်သည်များပင် သူမ၏အကြည့်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

နောက်ဆုံးတွင် ဧကရီက လေကြောင့် လွင့်ပျံနေသော သူမ၏ဝတ်ရုံကို လှုပ်ခါရင်း သူမ၏ စိတ်နှလုံးထဲမှ လူသတ်ချင်ကို ဖိနှိပ်လိုက်သည်။ သူမက သူမ၏တိုင်းပြည်မိခင် ဂုဏ်သိက္ခာကို ပြန်လည်ရရှိသွားကာ သူမ၏ မေးစေ့ကို အနည်းငယ် ပင့်ထားရင်း အမိန့်ပေးလိုက်သည်။

"တာ့ချန်မှာရှိတဲ့ နာမည်ကြီးသမားတော်တွေ အားလုံးကို သွားရှာကြ၊ ဒုတိယမင်းသားကို ကယ်တင်ပေးနိုင်ရင် လျန် ၁၀၀၀ ဆု‌ငွေချီးမြှင့်မယ်"

ဧကရီက သူတို့ဆီမှ အကြည့် လွှဲလိုက်သည်နှင့်တပြိုင်နက် သူတို့၏ခေါင်းများကို ခေတ္တ ကယ်တင်လိုက်နိုင်သောကြောင့် ပထမမင်းသား၏ လက်အောက်မှ စစ်သည်များအားလုံး သက်ပြင်းချလိုက် ကြသည်။ သို့သော်လည်း သူတို့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည့် အမိန့်ကို ထပ်ကြားလိုက်ရသည်။

"ဒုတိယမင်းသားကို မကယ်နိုင်ရင် မင်းတို့အားလုံးကို သူနဲ့အတူ သင်္ဂြိုဟ်ရလိမ့်မယ်"

ပထမမင်းသား၏ စစ်သည်များအားလုံး ဒုတိယမင်းသား၏ တဲဝိုင်းအပြင်ဘက်တွင် ဒူးထောက်လျက် ချည်နှောင်ခံထားရသည်။ အပြင်ဘက်တွင် တိုက်ခတ်နေသည့် လေအေးများနှင်အပြိုင် လူတိုင်း၏ နှလုံးသားများက အေးခဲနေပြီး သူတို့အားလုံးက ဒုတိယမင်းသား မသေစေရန် ဆုတောင်းနေကြသည်။

မင်းသားတွေ အာဏာရဖို့ တိုက်ခိုက်တာက သူတို့လို စစ်သည်တွေအတွက်တော့ ကံဆိုးမှုကြီး တစ်ခုပါပဲ။

ဧကရီက ဒုတိယမင်းသား၏ဒဏ်ရာကို ကုသရန် နာမည်ကြီး သမားတော်များ ရှာဖွေခိုင်းနေချိန်တွင် ယဲ့လွီချွမ်းက စူးချင်းကို နယ်စပ်သို့ လိုက်ပို့နေပြီး လက်ခုပ်အုပ် နှုတ်ဆက်နေခဲ့သည်။

"နောက်ငါးရက်ပြည့်ရင် သခင်မလေးစူးကို ဒီနေရာမှာ စောင့်နေပါ့မယ်"

“ကောင်းပြီ”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူမက တာ့ထန်၏စစ်ဝတ်စုံကို ပြန်ချွတ်ထားပြီး သူမ၏မူရင်းအဝတ်အစားများကို ပြန်၀တ်ဆင်ထားပြီး ဖြစ်သည်။ လေက သူမ၏ဆံပင်များကို လွင့်ပျံနေစေပြီး သူမ၏မျက်လုံးများက သူမ၏ထုံးစံအတိုင်း အေးစက်နေမြဲဖြစ်သည်။

ယဲ့လွီချွမ်းက စူးချင်းကို စိတ်ရင်းမှန်ဖြင့် လေးလေးစားစား ကြည့်နေခဲ့သည်။

ဒီကမ္ဘာမှာ သူမကြောက်တာ ဘာတစ်ခုမှ မရှိနိုင်ဘူး မဟုတ်လား?

စူးချင်းက မော့ချန်သို့ ပြန်ရောက်လာပြီး သူမက ပင်မဝင်ပေါက်ကို အသုံးပြုရန် မရည်ရွယ်ထားခဲ့ပေ။ ထိုအစား သူမက သူမ ထွက်လာခဲ့သည့် မြို့ရိုးဘက်မှ မြို့ထဲသို့ ပြန်ဝင်လာခဲ့သည်။

သူမက ကျိရွှေရှန့်ကို ပြောဖို့ အရေးကြီးတဲ့အရာတစ်ခု ရှိနေသေးတယ်၊ အဲ့လိုမှမဟုတ်ရင် သူမ အလျင်စလို ပြန်လာဦးမှာ မဟုတ်သေးဘူး။

သူမ မြို့ထဲသို့ ပြန်ရောက်လာချိန်တွင် မော့ချန်မှ သာမန်လူတစ်စုက ရုံးတော်အား ဝန်းရံထားသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအထဲတွင် စပါးဆိုင်ပိုင်ရှင်လည်း ပါဝင်နေခဲ့သည်။

"စစ်သူကြီးချန်၊ ကျေးဇူပြုပြီး ငါတို့ကို ထွက်သွားခွင့်ပေးပါ!"

"ကျွန်တော်တို့ကို လိုက်ပို့ပေးဖို့ စစ်သူကြီးချန်ကို တောင်းပန်ပါတယ်"

တာ့ထန်စစ်တပ်မှ ဆက်တိုက်တိုက်ခိုက်မှု အနည်းငယ်ကို ကြုံတွေ့ခဲ့ပြီးနောက် သာမန်ပြည်သူလူများက အလွန်ကြောက်လန့်နေကြပြီး တောင်ဘက်သို့ ထွက်ပြေးချင်နေကြသည်။ တောင်ဘက်က နယ်စပ်နှင့် ဝေးကွာသောကြောင့် ဘေးကင်းသည်ဟု သူတို့ ယူဆကြသည်။ ထို့အပြင် မော့ချန်၏စီရင်စုအမတ်က ဤနယ်စပ်ကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ မြို့ကို စောင့်ရှောက်ပေးနေသည့် စစ်သည်များ၏ အင်အားကလည်း နည်းပါးလွန်းလှပြီး ကာကွယ်ရေး အင်အားကို တိုးမြှင့်ရန် အထက်မှ စစ်ကူ ထပ်ပို့တော့မည် မဟုတ်ပေ။

သို့သော် သူတို့က သူတို့ဘာသာ ထွက်ခွာရန် မဝံ့မရဲဖြစ်ကြနေကြပြီး လမ်းတွင် တာ့ထန်စစ်သည်များက သူတို့ကို သတ်ပစ်မည်ကို ကြောက်နေကြသည်။ ထို့ကြောင့် သူတို့က ချန်ယွိအား သူ့တိုကို ခေါ်ထုတ်ပေးရန် တပ်များ စေလွှတ်ခိုင်းနေခြင်း ဖြစ်သည်။

"စိတ်အေးအေးထားကြပါ၊ ငါတို့က လူတိုင်းကို ကာကွယ်ပေးနိုင်တယ်လို့ မင်းတို့ ယုံကြည်ပေးကြပါ။ စစ်ပြေးကနေ တိမ်းရှောင်ထွက်ပြေးရတာက လွယ်တာမဟုတ်ဘူး”

ချန်ယွိက သာမာန်ပြည်သူများကို ဆွဲဆောင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ ဤအချိန်က မြို့၏ကာကွယ်ရေးအတွက် အရေးကြီးနေသောအချိန်ဖြစ်သောကြောင့် ပြည်သူများကို ပို့ဆောင်ပေးရန် တပ်ဖွဲ့ဝင်များ မစေလွှတ်နိုင်ပေ။ သို့သော်လည်း စစ်သည်များ မပါဘဲ ဤလူများကို ထွက်သွားခွင့်မြုလိုက်လျှင် ဤလူများက သူတို့ကို သတ်ရန် စောင့်ဆိုင်းနေသည့် တာ့ထန်စစ်သည်များ၏ ဓားဖျားတွင် အသားများ ဖြစ်သွားကြပေလိမ့်မည်။

ထို့ကြောင့် သူက သာမန်ပြည်သူများကို သူ ကာကွယ်စောင့်ရှောက်နိုင်မည့် နေရာတွင် နေစေရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

"မဟုတ်ဘူး၊ တာတာတွေက လူ့အသားကိုစားပြီး လူ့သွေးကို သောက်တယ်။ ငါတို့ ကြောက်တယ်"

သာမန်ပြည်သူလူများက လုံးဝ ထိတ်လန့်တုန်လှုပ်နေကြပြီး အကြောက်တရားနှင့် ပူပန်မှုများက လူတိုင်း၏သတ္တိကို ပျောက်ဆုံးစေကာ ထိတ်လန့်မှုကို အစားထိုးဝင်‌ရောက် စေခဲ့သည်။

“တာ့ထန်က ပရမ်းပတာဖြစ်နေပြီး သူတို့ကိုယ်သူတောင် ဂရုမစိုက်နိုင်တော့ဘူး။ သူတို့ ဒီကို လာပြီး ထပ်မတိုက်ခိုက်တော့ဘူး။ ပြန်သွားပြီး မင်းတို့ရဲ့ ပုံမှန်ဘဝအတိုင်း နေထိုင်ကြ!"

စူးချင်းက ရှေ့သို့ တိုးလာပြီး လူအများကြားအောင် ကြေငြာပေးလိုက်သည်။

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ချန်ယွိက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

တာ့ထန်မှာ ပရမ်းပတာဖြစ်နေတာကို သခင်မလေးစူးက ဘယ်လို သိနေတာလဲ?

ထိုလူများက စူးချင်း၏စကားကို လုံးဝ မယုံကြပေ။

မိန်းမပျိုလေးတစ်ယောက်က ဘာသိမှာလဲ? တာ့ထန်စစ်သည်တွေ ဘယ်လောက်အင်အားကြီးမားတယ်ဆိုတာကို သူမ သိမှာ မဟုတ်ဘူး။

သူတို့က ချန်ယွိအား သူတို့ကို စောင့်‌ရှောက်ရန် တပ်ဖွဲ့ဝင်များ ထည့်‌ပေးရန် တောင်းဆိုနေကြဆဲ ဖြစ်သည်။

ချန်ယွိကလည်း အနှောင့်အယှက်မှုကြောင့် စိတ်ဆိုးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက စိတ်ရှည်ရှည်ဖြင့် ဆွဲဆောင်ရန် မကြိုးစားတော့ဘဲ ခပ်မာမာ အမိန့်ပေးလိုက်တော့သည်။

"မင်းတို့ ထွက်သွားချင်ရင် သွားလို့ရတယ်။ ဒါပေမယ့် မင်းတို့ ဒီမြို့တံခါးကနေ ထွက်သွားတာနဲ့ မင်းတို့က မော့ချန်ရဲ့ပြည်သူတွေ ဖြစ်တော့မှာ မဟုတ်ဘူး။ မင်းတို့ရဲ့ သေခြင်း ရှင်ခြင်းကို ဘယ်သူကမှ ဂရုစိုက်ပေးတော့မှာ မဟုတ်ဘူး”

ချန်ယွီ ဒေါသထွက်သွားသည်ကို မြင်သောအခါ သာမန်ပြည်သူများက သူ့ကို မနှောက်ယှက်ဝံ့တော့ပေ၊ သို့သော်လည်း သူတို့က ထွက်သွား မလိုလားကြဘဲ ရုံးတော်ကို ဝိုင်းရံထားဆဲ ဖြစ်သည်။

ချန်ယွိက သာမန်လူများအား ငြိမ်သက်အောင်ထိန်းနေပြီး အခြားသူများ၏အလုပ်တွင် မစွက်ဖက်လိုကြောင်းကို မြင်လိုက်ရသောကြောင့် စူးချင်းက ကျိရွှေရှန့်ကို ရှာရန် ရုံးတော်ထဲသို့ ၀င်သွားခဲ့သည်။

ချန်ယွိက သူမနောက်သို့ လိုက်လာခဲ့ပြီး သူမကို လှမ်းအော်မေးလိုက်သည်။

"သခင်မလေးစူး၊ တာ့ထန်က ပရမ်းပတာဖြစ်နေတယ်ဆိုတာ ဘယ်လို သိခဲ့တာလဲ?"

"ဘာလို့လဲဆိုတော့ ကျွန်မက တာ့ထန်က ပထမမင်းသားနဲ့ ဒုတိယမင်းသား ကြားမှာ ပြည်တွင်းပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပေးခဲ့တဲ့သူမို့ပဲ"

စူးချင်းက သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချန်ယွိကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြန်ဖြေလိုက်သည်။ သူမ၏ပေါ့ပါးသောလေသံကြောင့် ဤအရာက အသေးအမွှားကိစ္စတစ်ခုဟုပင် ထင်မြင်လာစေခဲ့သည်။

ချန်ယွိက စူးချင်းကို ထိတ်လန့်စွာ စိုက်ကြည့်နေခဲ့သည်။

သူမ ဘာပြောလိုက်တာလဲ? ပထမမင်းသားနဲ့ ဒုတိယမင်းသားကြားက ပြည်တွင်းပဋိပက္ခကို လှုံ့ဆော်ပေးခဲ့တယ်တဲ့လား?

သူမ ဘယ်လိုမျိုးတွေ လုပ်ခဲ့တာလဲ?

သူ ဘာကြောင့် မယုံနိုင်ဖြစ်နေရတာလဲ?

စူးချင်းက သူ့ကို ရှင်းပြရန် စိတ်မ၀င်စားသောကြောင့် သူမက နောက်သို့ ပြန်လှည့်လိုက်ပြီး အတွင်းခန်းထဲသို့ လျှောက်သွားခဲ့သည်။ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် သူမက ပြန်ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်ကာ မယုံကြည်နိုင်လောက်သည့်အကြည့်များဖြင့် သူမကို စိုက်ကြည့်နေသော ချန်ယွိကို ထပ်မေးလိုက်သည်။

"ကျိရွှေရှန့် ဘယ်မှာလဲ?"

"သူက သခင်မလေးကို ရှာဖို့ ထွက်သွားခဲ့တာ"

စူးချင်းက ကျိရွှေရှန့်အကြောင်း မေးလိုက်သည်ကို ကြားလိုက်သောကြောင့် ချန်ယွိက သတိပြန်ဝင်လာပြီး ကျိရွှေရှန့်က သူမကို ရှာရန် လိုက်သွားခဲ့ကြောင်း စူးချင်းကို အလျန်အမြန် ပြန်ပြောလိုက်သည်။

"ကျွန်မကို သွားရှာနေတာလား?"

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။

"သူ ဘယ်ကို သွားတာလဲ?"

"ငါ မသိဘူး။ သူက မင်းကို ရှာမယ်လို့ပဲ ပြောသွားတာ"

ချန်ယွိက ခေါင်းခါလိုက်သည်။

သခင်လေး ထွက်သွားတုန်းက ဘယ်သွားမယ်ဆိုတာ သူ့ကို မပြောသွားဘူး။ သခင်မလေးရဲ့အမူအရာကို ကြည့်ရတာ သခင်လေးနဲ့ မတွေ့ခဲ့တဲ့ပုံပဲ။ သခင်လေး အန္တရာယ်ဖြစ်မှာကိုတောင် စိုးရိမ်လာပြီ။

“...”

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ရွှေရှန့်က သူမကို ရှာဖို့ တာ့ထန်ကို သွားနေတာလား?

"အစ်မ"

ကျိရှောင်ယင်က အပြင်မှ ပြန်ရောက်လာပြီး စူးချင်းကို ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

ကျိရှောင်ယင်၏မျက်လုံးများတွင် အပူငွေ့များကို မြင်နေရသော်လည်း စုးချင်းက ကျိရွှေရှန့်အကြောင်းကို တွေးနေမိသောကြောင့် သူမကို ပေါ့ပေါ့ပါးပါးသာ ပြန်မေးလိုက်သည်။

"မင်း ဘယ်သွားနေတာလဲ?"

"ကျွန်မ ခေါင်းဆောင်ယန်နဲ့ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းက တခြားသူတွေအတွက် ချက်ပြုတ်ဖို့ သွားခဲ့တာ။ သူတို့က အစ်ကိုကြီး ဘယ်တော့ပြန်လာမှာလဲလို့ မေးနေကြတယ်။ အစ်မ ကျွန်မရဲ့အစ်ကိုကြီးကို တွေ့ခဲ့လား? အစ်ကိုကြီးက အစ်မကို လိုက်ရှာဖို့ ထွက်သွားတာ"

"ယန်ကျစ် ဒီကို ရောက်လာတာလား?"

ယန်ကျစ် ရောက်နေသည်ဟု ကြားလိုက်သောကြောင့် စူးချင်းက အနည်းငယ် အံ့သြသွားခဲ့သည်။

သူက သူမ မျှော်လင့်ထားတာထက် နှစ်ရက်စောပြီး ရောက်လာတယ်။ သူတို့က တော်တော်မြန်တာပဲ...

ကျိရှောင်ယင်က အပြုံးဖြင့် ခေါင်းပြန်ညိတ်လိုက်သည်။

“ဟုတ်တယ်၊ သူတို့က အဝတ်အစားတွေ လာပို့ပေးတာ။ ငွေပေးချေဖို့ အစ်ကိုကြီး ပြန်လာတာကို စောင့်နေကြတာ”

"ကောင်းပြီလေ... ငါ သူတို့ကို သွားတွေ့လိုက်မယ်"

စူးချင်းက သူမ၏မိဘများဆီသို့ ရေးထားသည့်စာကို တွေးမိပြီး ယန်ကျစ်ကို အရင်သွားတွေ့လိုက်သည်။

ကျိရှောင်ယင်က စူးချင်း၏စကားကို ခေါင်းပြန်ညိမ့်ပြလိုက်သော်လည်း နောက်မှ လိုက်မသွားခဲ့ပေ။ သူမ၏ သူမ၏အမေနှင့် အစ်မအတွက် ထမင်းချက်ရန် နေရစ်ခဲ့သည်။

စူးချင်း ပြန်ထွက်လာချိန်တွင် ချန်ယွိက ထိုနေရာတွင် ရပ်နေသေးသည်ကို သူမ တွေ့လိုက်ရသောကြောင့် စူးခင်းက ခဏ ရပ်လိုက်ပြီး "လျိုဟုန်လို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်ပါ"

ကျိရွှေရှန့်က အနားတွင် မရှိသောကြောင့် စူးချင်းက မနေ့ညက လျိုဟုန်ကို တွေ့ခဲ့သည့်အကြောင်း ချန်ယွိအား ပြောပြလိုက်သည်။

သူလျှိုတွေရဲ့ အန္တရာယ်က အရမ်းကြီးတယ်။ သူတို့ကို ရှာတွေ့ရှိဖို့ တစ်နေ့ နောက်ကျတာက တစ်နေ့ အန္တရာယ်ရှိနေတာပဲ။

"ဘာလဲ? သူလား?"

ချန်ယွိက သူဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုလျိုဟုန်က တစ်ချိန်က သူ့အတွက် မြှားတစ်စင်း ပိတ်ဆို့ပေးခဲ့ဖူးပြီး ထိုလူက အလွန်ရိုးသားကာ နာခံမှုရှိသောကြောင့် ချန်ယွိက သူ့ကို ယုံကြည်ရသည့် စစ်သည်တစ်ယောက်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီး သူ့ကို အလွန်ယုံကြည်ခဲ့သည်။

စူးချင်းက မော့ချန်၏မြို့စောင့်တပ်သားများကြောင့် အနှောက်အယှက် အဖြစ်မခံတော့ပေ။

ချန်ယွိက သူရဲ့စစ်သည်တွေကိုတောင် မစီမံနိုင်ရင် ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းဖို့ ရွှေရှန့်ကို ဘယ်လို ကူညီနိုင်မှာလဲ?

စူးချင်းက သူမ ယခင် နေထိုင်ခဲ့သည့်အိမ်သို့ ရောက်ရှိလာခဲ့ပြီး ရထားလုံးခြောက်စီးရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်း၏ အဝါရောင်အလံက လေထဲတွင် ဝှေ့ယမ်းနေပြီး အလွန်မျက်စိဖမ်းစားနိုင်လေသည်။ ယန်ကျစ်နှင့် သက်တော်စောင့်များက အိမ်ထဲတွင် ထမင်းစားနေကြသည်။

လီရွှမ်းအာက သူတို့အတွက် ညစာပြင်ဆင်ပေးခဲ့ပြီး ချိုးယုံခန်းက သူတို့အတွက် ရိက္ခာခြောက်များပါ ထပ်ပြင်ဆင်ပေးရန် အထူး ညွှန်ကြားခဲ့သည်။ သူတို့က ခရီးဝေးမှ လာခဲ့ရသောကြောင့် သူတို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံရမည် ဖြစ်သည်။

စူးချင်းက စာပို့ပေးရန်အပြင် ယန်ကျစ်နှင့် ဆွေးနွေးရန် အခြားကိစ္စတစ်ခုလည်း ရှိနေသေးသည်။

ယန်ကျစ်က စားသောက်နေရင်း စူးချင်းကို မြင်သွားသောကြောင့် သူက သူ့လက်ထဲမှ ယာဂုပန်းကန်ကို အောက်သို့ ချလိုက်ပြီး စူးချင်းကို နွေးထွေးစွာ နှုတ်ဆက်ရန် ထရပ်လိုက်သည်။

“သခင်မလေးစူး၊ မင်းက အချိန်ကိုက်ရောက်လာတာပဲ။ မင်းအတွက် စာတစ်စောင်ရှိတယ်..."

All Chapters