အခန်း (၂၅၉)
Vol. 18 Ch. 259
ကျိရွှေရှန့် ပြန်ယူလာသည့်ရွှေများကို တွေ့လိုက်ရချိန်တွင် ချိုးယုံခန်းတစ်ယောက် အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ရွှေနှင့်ငွေအကြားမှ လက်ရှိငွေလဲနှုန်းအရ ရွှေတစ်လျန်က ငွေဆယ့်ခြောက်လျန်နှင့် ညီမျှပြီး ရွှေတစ်လျန်က ငွေလျန်တစ်ထောင်ခြောက်ရာနှင့် ညီမျှသည်။ ဤသည်က ကြီးမားသော ငွေပမာဏတစ်ခုဖြစ်ပြီး ကျော်ကြားမှုနှင့် ကံကြမ္မာကို ဂရုမစိုက်ဘဲ အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတက်သည့် ချိုးယုံခန်းပင်လျှင် အလွန်ပျော်ရွှင်နေခဲ့သည်။
သူက ကျိရွှေရှန့်အား စိတ်လှုပ်ရှားစွာ စကားစမြည် ပြောနေခဲ့သည်။
"ရွှေရှန့်၊ မင်း ပြန်ယူလာတဲ့ ရွှေလျန် ၁၀၀ က အချိန်ကိုက် ရောက်လာတာပဲ။ ခေါင်းဆောင်ယန်ကို ပေးဖို့ ကျန်နေတဲ့ငွေကို ဘယ်လိုပေးရမလဲဆိုပြီး စိတ်ပူနေတာ။ အခုဆို လူလည်း ပိုများလာတော့ အစားအသောက်တွေကလည်း အကုန် မြန်လာတယ်။ ငါတို့ တစ်ရက်စာတိုင်း ရိက္ခာ ချွေတာနေတာတောင်မှ စပါးက ရှီအများကြီး လိုအပ်နေသေးတယ်။ ငါတို့ ရထားတဲ့ ရိက္ခာက ကြာကြာမခံလောက်တော့ဘူး။ သိပ်မကြာခင် ထပ်ဝယ်ရတော့မှာ... ဘာပဲ ဖြစ်ဖြစ်ငွေက အမြဲတမ်း လိုနေမှာပဲ၊ ဒီရွှေလျန်တစ်ရာက ခနတော့ ထိန်းထားနိုင်လိမ့်မယ်”
“အဆင်ပြေပါတယ်။ ဒါတွေ အားလုံးကို ကျော်လွှားဖို့ အချိန်ခဏပဲ လိုတာပါ။ ပိုက်ဆံရှာဖို့ လမ်းက ဖွင့်ထားပြီးသားပါ"
ကျိရွှေရှန့်၏ ကြယ်ရောင်တောက်ပနေသည့် မျက်လုံးများက ရည်မှန်းချက်များကြောင့် တစ်လက်လက် တောက်ပနေခဲ့သည်။
ဒီတာ့ထန် ခရီးစဉ်က အရမ်းတန်တယ်။ သူ တာ့ထန်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ရန် ဝင်ခွင့်လက်မှတ်ကို ရရှိခဲ့တယ်။ ဒါက သူ ငွေရှာဖို့ ပထမဆုံးခြေလှမ်းပဲ။ သူ ရရှိလာတဲ့ငွေနဲ့ ရှောင်းမိသားစုစစ်တပ်ကို တစ်စချင်း ဖြည်းဖြည်းချင်း ပြန်တည်ဆောက်နိုင်လိမ့်မယ်။
"အဲဒါက အရမ်းကောင်းတယ်"
ချိုးယုံခန်းကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
တကယ်တော့ ထောက်ပံ့ပို့ဆောင်ရေးသမားတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်လှဘူးလေ။ လိမ္မာပါးနပ်တဲ့ အိမ်ရှင်မတောင်မှ ဆန်မရှိဘဲ ထမင်းမချက်နိုင်ဘူး။ ထောင်ဟွားဝူမှာ နေတုန်းကတော့ ပိုက်ဆံက ဒီလောက်အရေးကြီးတယ်လို့ တစ်ခါမှ မခံစားခဲ့ဖူးဘူး။
ကျိရွှေရှန့်က တာ့တန်တွင် နှစ်ရက်ကြာ နေထိုင်ခဲ့ပြီး စူးချင်းကို ရှာဖွေခဲ့သော်လည်း သူမကို ရှာမတွေ့ခဲ့ပေ။ စူးချင်း နာကျင်စေရန် မည်သူမျှ မလုပ်နိုင်ကြောင်း သူ သိထားသော်လည်း သူက သူမအတွက် စိုးရိမ်နေဆဲဖြစ်သည်။ သူ ပြန်ရောက်လာချိန်တွင်လည်း စူးချင်းကို မတွေ့ရသောကြောင့် သူက ချိုးယုံခန်းကို အလောတကြီး မေးမြန်းလိုက်သည်။
"စူးချင်း ပြန်ရောက်လာပြီလား"
“သူ(မ) ပြန်ရောက်လာပြီ။ ဒါပေမယ့် သူ(မ)က ကျောက်မီးသွေးတူးဖို့ လူတွေ ခေါ်ပြီး ပြန်ထွက်သွားတယ်”
ကျိရွှေရှန့်က စူးချင်းနှင့် ပတ်သက်ပြီး မည်မျှစိုးရိမ်နေသည်ကို မြင်လိုက်ရသောအချိန်တွင် ချိုးယုံခန်းက သူ့ညီမလေး ကျိရွှေရှန့်ကို စွဲလန်းနှစ်သက်ခဲ့သော်လည်း ကြေကွဲဖွယ်သေဆုံးမှုဖြင့် အဆုံးသတ်ခဲ့ရသည်ကို သတိရမိသွားသည်။
“ကျောက်မီးသွေး သွားတူးတာလား? ဟား ဟား... သူ(မ)က ငါနဲ့ အတွေးတူနေပြန်ပြီ"
ကျိရွှေရှန့်က ချိုးယုံခန်း၏ ထူးဆန်းသောအမူအရာကို သတိမထားမိခဲ့ပေ။ စူးချင်းက သူနှင့် အမြဲတမ်း အတွေးတူနေကြောင်း သိလိုက်ရသောကြောင့် သူက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ဖဝါးကို သူ့လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
သူက အခုလေးတင် တာ့ထန်နဲ့ ကုန်သွယ်မှုလမ်းကြောင်း ဖွင့်လှစ်ခဲ့တယ်။ စူးချင်းက ကုန်ပစ္စည်းပြင်ဆင်ဖို့တောင် သွားနေပြီ။
ဒါက စိတ်ချင်းဆက်သွယ်မှု ဖြစ်နိုင်လား?
ချိုးယုံခန်းက ဝတ်ကျေတမ်းကျေ ပြုံးလိုက်ပြီး “ဟုတ်တယ်”
"ယုံခန်း၊ မင်းရဲ့ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်တယ်။ အနာဂတ်မှာ မင်းလည်း အရမ်းအလုပ်များရတော့မယ်"
ကျိရွှေရှန့်က ချိုးယုံခန်း၏ပုခုံးကို လှမ်းပုတ်လိုက်ရင်း ထပ်ပြောလိုက်သည်။
သူတို့ရဲ့လုပ်ငန်း ကြီးထွားလာတာနဲ့အမျှ စာရင်းတွေကို ကိုင်တွယ်ရပြီး ထောက်ပံ့ပို့ဆောင်ရေးတွေကို စီမံခန့်ခွဲရတဲ့ ယုံခန်းအတွက် ပိုခက်ခဲလာလိမ့်မယ်။
"မင်းက ငါ့ကို ယုံနေသေးတာလား?"
ချိုးယုံခန်းက ကျိရွှေရှန့်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး ခံစားချက်များ ရောထွေးနေပုံရသည်။
ကျိရွှေရှန့်က ချိုးယုံခန်း၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ခံစားနိုင်ခဲ့ပြီး သူတို့ညီအစ်ကိုနှစ်ဦး ဆွေးနွေးရမည့်အရာများ ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူက ချိုးယုံခန်း၏မျက်လုံးများကို ပြန်စိုက်ကြည့်လိုက်ပြီး စိတ်ရင်းအမှန်ဖြင့် ပြန်ပြောလိုက်သည်။
"ယုံခန်း၊ ချိုးယွဲ့ရဲ့ကိစ္စတွေအတွက် စိတ်မကောင်းပါဘူး။ သူ(မ)က အစွန်းရောက်လွန်းပြီး တစ်ရွာလုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အတွက် သူ့ကိုယ်သူ သေလမ်းကို တွန်းပို့လို ဖြစ်သွားခဲ့တယ်၊ ငါတို့အားလုံးမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါပေမယ့် သူ(မ)က သူ(မ)ဖြစ်ပြီး မင်းကတော့ မင်းပဲ။ သူမရဲ့အမှားတွေက မင်းနဲ့မဆိုင်ဘူး။ မင်းအပေါ် ငါ့ရဲ့ယုံကြည်မှုက ဘယ်တော့မှ မပြောင်းလဲဘူး၊ မင်းကို ငါ့ရဲ့အကောင်းဆုံးညီအစ်ကိုအဖြစ် အမြဲတမ်း ဆက်ဆံမှာပါ၊ ငါတို့တတွေ ဘုန်းအသရေနဲ့ စည်းစိမ်ဥစ္စာတွေကို အတူတကွ မျှဝေခံစားသွားကြမယ်"
ကျိရွှေရှန့်က ချိုးယုံခန်းကို လှုံဆော်ပေးနိုင်ခဲ့ပြီး သူ့မျက်လုံးများထဲသို့ ယုံကြည်မှုများ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ကောင်းပြီ၊ ငါ မင်းရဲ့ထောက်ပံ့ပို့ဆောင်ရေး လက်ထောက်ကောင်း ဖြစ်စေရမယ်။ ငါတို့တွေ အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ပြီး ချမ်းသာခြင်းနဲ့ ပျော်ရွှင်ခြင်းကို အတူတူ ခံစားကြမယ်”
ညီအစ်ကိုနှစ်ယောက်ကြားမှ အာဃာတများ ပြေလျော့သွားချိန်တွင် ကျိရွှေရှန့်က ယန်ကျစ်ကို သွားရှာလိုက်သည်။
ယန်ကျစ်က အလကား မစားချင်သောကြောင့် မြို့တော်၏ကာကွယ်ရေး အားကောင်းလာစေရန် နေ့စဉ် ကူညီပေးနေခဲ့သည်။ ထိုကဲ့သို့ ခက်ခဲသောအခြေအနေမျိုးတွင် မြို့သူမြို့သားများအား ကာကွယ်စောင့်ရှောက်ပေးပြီး တာဝန်ကို ဆက်လက်ထမ်းဆောင်နေကြသည့် မြို့စောင့်တပ်သားများကို တွေ့လိုက်ရသောကြောင့် သူတို့ သက်တော်စောင့်အဖွဲ့မှ လူများအားလုံး စိတ်ထဲတွင် အလွန် ခံစားနေကြရသည်။
သူတို့က သူတို့ရဲ့မိသားစုတွေကို ချန်မထားနိုင်လို့သာပေါ့... မဟုတ်ရင် သူတို့လည်း တာ့ထန်စစ်သည်တွေကို တိုက်ခိုက်ဖို့ မော့ချန်မှာ နေဖို့ ဆုံးဖြတ်မိလိမ့်မယ်။
ကျိရွှေရှန့်က ယန်ကျစ်ကို မြို့ရိုးပေါ်တွင် ရှာတွေ့သွားခဲ့သည်။ သူက ပြုံးလိုက်ပြီး အဝေးမှပင် ယန်ကျစ်ကို လက်သီးအုပ်ကာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုယန်၊ ခင်ဗျားက တကယ်ကို အလုပ်ကြိုးစားနေတာပဲ"
"ညီလေးကျိ မင်း ပြန်လာပြီလား?"
ယန်ကျစ်ကလည်း ကျိရွှေရှန့်ကို တွေ့သွားပြီး ပျော်ရွှင်သွားကာ သူ၏အလုပ်ကို ချထားပြီး ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။
"အစ်ကိုယန်၊ ကျွန်တော်မှာ မနေ့က မတိုင်ခင်အထိ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေခဲ့တယ်၊ အဲ့ဒါကြောင့် ဒီနေ့မှ ခင်ဗျားကို ဧည့်ခံဖို့ လာနိုင်တော့တယ်"
"ရပါတယ်"
ယန်ကျစ်က ငြင်းဆန်ရန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
အခု မြို့ရဲ့အခြေအနေက အရမ်း ခက်ခဲနေတာကို သူက ဘယ်လို သောက်စားနေနိုင်မှာလဲ?
“တကယ်တော့ အစ်ကိုယန်နဲ့ ဆွေးနွေးစရာတစ်ခု ရှိနေသေးတယ်”
ကျိရွှေရှန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယန်ကျစ်ကို မြို့ရိုးပေါ်မှ ဆင်းလာရန် ဖိတ်ခေါ်လိုက်သည်။
ကျိရွှေရှန့်က ယန်ကျစ်ကို ဧည့်ခံနေပြီး သူနှင့် တစ်ချို့ကိစ္စများ ဆွေးနွေးနေစဉ်တွင် စူးချင်းက ဝူလုတောင်သို့ လှည်းငါးစီးဖြင့် အပြေးအလွှား သွားနေခဲ့သည်။ သူမတို့က ကြယ်များ အောက်မှ အလင်းရောင်ကို အားကိုးကာ ခရီးဆက်နေကြပြီး သူမတို့ ထိုတောင်ပေါ်သို့ ရောက်သွားချိန်တွင် နောက်တစ်နေ့ မွန်းလွဲနေပြီ ဖြစ်သည်။
အားလုံး မောပန်းနွမ်းနယ်နေကြပြီး အထူးသဖြင့် ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့ ဖြစ်သည်။ တစ်ညလုံး မအိပ်ရသောကြောင့် သူမတို့၏မျက်လုံးများအောက်တွင် အမည်းရောင်အဝိုင်းများ ရှိနေကြသည်။ သို့သော်လည်း သူမတို့က အလုပ်လုပ်ရန် စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး တက်ကြွနေကြသည်။
ကြီးကျယ်ခမ်းနားသော အရာများ လုပ်ဆောင်ရန် အစ်မစူးချင်းနှင့်အတူ လိုက်ပါနိုင်ခဲ့ခြင်းကပင် သူမတို့အတွက် ကြည်နူးစရာ ဖြစ်နေခဲ့သည်။
“မင်းတို့ အားလုံး အနားယူကြဦး။ ငါ သားကောင် သွားရှာလိုက်ဦးမယ်။ ငါတို့ ညစာစားပြီးရင် အလုပ်စလုပ် ကြမယ်"
စူးချင်းက ဖြတ်သွားဖြတ်လာများ သူမတို့ကို ရှာမတွေ့စေရန် သူမတို့၏လှည်းများကို တောထဲတွင် ရပ်ခိုင်းလိုက်ပြီး သူမ အမဲလိုက်စဉ်တွင် သူတို့အားလုံး ထိုနေရာတွင် အနားယူနေရန် ညွှန်ကြားလိုက်သည်။
"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာလဲ? ငါတို့က ယောက်ျားတွေပါ။ ငါတို့ သွားမယ်"
ကျန်းလောင်ချီက စူးချင်းကို အမြန် လှမ်းတားလိုက်သည်။
သူတို့ ကပ်ဘေးကနေ စပြီး ထွက်ပြေးလာကတည်းက အစပိုင်းမှာ ယောကျာ်းလေးတွေက အစားအစာ ရှာဖွေခြင်းအလုပ်အတွက် တာဝန်ယူခဲ့ကြရတယ်။ နောက်ပိုင်း ဘယ်အချိန်က စခဲ့မှန်း မသိရပေမယ့် စူးချင်းနဲ့ ကောင်မလေးတွေက လူတိုင်းအတွက် အစားအစာရှာဖွေပေးဖို့ အများဆုံး လုပ်ကိုင်ပေးခဲ့ကြတယ်။
အခုလည်း လူတိုင်းက တစ်ညလုံး ကြိုးကြိုးစားစား လှည်းမောင်းလာကြရပြီး အမျိုးသမီးဖြစ်တဲ့ စူးချင်းက အမဲလိုက်သွားနေတာကို သူတို့ယောကျာ်းသားနှစ်ယောက်က ဘယ်လို အနားယူနေနိုင်မှာလဲ?
"နင်တို့နှစ်ယောက် အနားယူဖို့ အချိန် ယူရမယ်။ နောက်ပိုင်း ကျောက်မီးသွေး တူးဖော်ဖို့က နင်တို့ ယောကျာ်းလေးတွေရဲ့ အင်အားကို အဓိက လိုအပ်လာလိမ့်မယ်”
စူးချင်းက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ကျောက်မီးသွေးတူးခြင်းက ခွန်အားသုံးရသော အလုပ်ဖြစ်ပြီး မိန်းကလေးများ မလုပ်ဆောင်နိုင်ပေ။
စူးချင်း၏စကားကို ကြားလိုက်သော လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က အတင်းအကြပ် မပြောတော့ပေ။ သူတို့က လှည်းပေါ်မှ ခြင်းတောင်းများကို ဆွဲချလိုက်ကြပြီး လှည်းပေါ်တွင် စတင်အိပ်စက်လိုက်ကြသည်။
ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က စူးချင်းကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူမတို့နှစ်ယောက်စလုံးတွင် ဒူးလေးများ ရှိနေသောကြောင့် သူမတို့က စူးချင်း အမဲလိုက်ရာတွင် ကူညီပေးချင်နေကြသည်။
မိန်းကလေးနှစ်ယောက်၏မျှော်လင့်ချက်များ ပြည့်နေသည့်မျက်လုံးများကို မြင်နေရသော်လည်း စူးချင်းက ခပ်တည်တည်မျက်နှာထားဖြင့် လှမ်းပြောလိုက်သည်။
“မင်းတို့လည်း တရေးတမော အိပ်သင့်တယ်”
နောက်ဆုံးတွင် ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က စူးချင်း ထွက်သွားသည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။ သူမတို့ကလည်း လီတာ့နျိုတို့ကဲ့သို့ပင် လှည်းပေါ်မှ ခြင်းတောင်းများကို အောက်ချလိုက်ပြီး အိပ်စက်လိုက်ကြသည်။
သို့သော် ရာသီဥတုက အေးလွန်းနေပြီး လှည်းပေါ်မှာ လဲလျောင်းနေရသောကြောင့် သူမတို့ မည်သို့မျှ အိပ်မပျော်နိုင်ကြပေ။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကတော့ ဟောက်နေပြီဖြစ်သည်ကို မိန်းကလေးနှစ်ဦးက မြင်လိုက်ရသည်။ သူမတို့က သူတို့ အေးခဲသွားမည်ကို စိုးရိမ်သောကြောင့် ထင်းသွားရှာကြတော့သည်။
စူးချင်းက အချိန်ကုန်သက်သာစေရန် စနစ်ထဲမှ ရှောင်ချီအား သားကောင်ရှိမည့်နေရာကို မေးမြန်းလိုက်သည်။
ဖန်သားပြင်နားတွင် လဲလျောင်းနေသည့် ရှောင်ချီက ဖန်သားပြင်ကို လှည့်ကြည့်လိုက်ပြီး အရှေ့မြောက်ဘက်တွင် တောဝက်နှစ်ကောင်နှင့် တောဆိတ်အုပ်စုတစ်စု၊ တောင်ဘက်တွင် ဒရယ်ငတုံးသုံးကောင်၊ မြောက်ဘက်တွင် သားပေါက်လေးတစ်ကောင်ပါသော ဝက်ဝံနက်အထီးနှင့် အမတစ်ကောင်၊ အနောက်ဘက်တွင် တောယုန်များနှင့် ငှက်ရိုင်းများကို တွေ့သွားခဲ့သည်။ ထို့နောက်တွင် သူမက သူမဘာသာ သဘောထားကွဲလွဲနေခဲ့သည်။
သခင်ကို ဘယ်ဘက်ကို သွားဖို့ ပြောရင်ကောင်းမလဲ?
"ရှောင်ချီ?"
စူးချင်းက ရှောင်ချီ၏ အဖြေကို အကြာကြီး မစောင့်နိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ ထပ်အော်လိုက်သည်။
"သခင် ဘာစားချင်လဲ?"
ရှောင်ချီက ကြောက်စရာကောင်းသော ရွေးချယ်များကို သူမ မရွေးနိုငတော့သောကြောင့် သေချာအောင် စူးချင်းကိုသာ ပြန်မေးလိုက်သည်။
သခင် ဘာစားချင်လဲဆိုတာ သိရင် ပြောပြလို့ ရပြီ။
“ဘာမဆို အဆင်ပြေတယ်၊ အနီးဆုံးကို ရွေးပေး"
စူးချင်းက ရှောင်ချီ ရွေးချယ်မှ ပြုလုပ်ရန် ဝေခွဲမရ ဖြစ်နေမည်ဟု မမျှော်လင့်ထားသောကြောင့် သူမကို ညွှန်ကြားချက်တစ်ခုပေးလိုက်သည်။
“တောဝက်က အနီးဆဆုံးပါ။ အရှေ့မြောက်ဘက် မီတာတစ်ရာအကွာမှာ ရှိပါတယ်”
ရှောင်ချီက သူမသခင်၏ပြတ်သားသည့်အမိန့်အရ ချက်ချင်းပြန်ဖြေလိုက်သည်။ ၎င်းကို ကြားပြီးသည်နှင့် စူးချင်းက အရှေ့မြောက်ဘက်သို့ လျှောက်သွားလိုက်သည်။
တောဝက်များက လူကို မကြောကဘဲ မြက်ပင်များနှင့် သစ်ပင်များ၏ တိုးတက်သံကို ကြားလိုက်ရချိန်တွင် ခေါင်းကိုသာ တစ်ချက်မော့ကြည့်လိုက်ကြသည်။ စူးချင်းကို မြင်လိုက်ရချိန်တွင် ထိုတောဝက်များက မြေကြီးကို ခွာဖြင့်ရှပ်လိုက်ပြီး ကြောက်စရာကောင်းသည့် အသံဖြင့် စူးချင်းကို ခြိမ်းခြောက်နေခဲ့သည်။
ရှောင်ချီက ထိုတောဝက်နှစ်ကောင်ကို မြင်သွားခဲ့ပြီး သူမ၏သခင် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သောကြောင့် သူမကို သူမ၏သခင်နှင့်အတူ တိုက်ပွဲခွင့်ဝင့်ပြုရန် စနစ်ထဲမှ တောင်းဆိုနေခဲ့သည်။
"ရှောင်ချီက သခင်နဲ့အတူ အမဲလိုက်ချင်တယ်၊ ရမလား...ဟင်?"