ချစ်စရာရှောင်ချီလေး
Vol. 18 Ch. 260
“ကောင်းပြီ”
ရှောင်ချီ၏တောင်းဆိုမှုကို ကြားပြီးနောက် စူးချင်းက သဘောမတူခင် ခဏတာမျှ တုံ့ဆိုင်းနေခဲ့သေးသည်။
တကယ်တော့ သူမက ရှောင်ချီကို ကတိပေးထားခဲ့ပြီး ဒါက အခွင့်အရေးတစ်ခုပါပဲ။ ဒီနေ့မှစပြီး ရှောင်ချီက သူမရဲ့ဘေးနားကနေ ပွင့်ပွင့်လင်းလင်း လိုက်လာနိုင်လိမ့်မယ်။
သူမသခင်၏ခွင့်ပြုချက်ကို ရပြီးနောက် ရှောင်ချီက ပျော်ပျော်ရွှင်ရွှင်ဖြင့် စနစ်ထဲမှ ခုန်ဆင်းလာခဲ့သည်။ ရှောင်ချီက အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်ထက် အရပ်ရှည်ပြီး ဝက်ပေါက်ကလေးထက်ပင် ပိုထွားကြိုင်းနေသေးသည်။ သူမက လုံးဝန်းသောပုလဲလေးနှင့်တူပြီး ကံကောင်းစေသော ကျောက်စိမ်းကဲ့သို့လည်း တင့်တယ်ချောမွေ့နေလေသည်။
ရှောင်ချီက သူမ၏ပျော်ရွှင်မှုကို ဖော်ပြရန် သူမ၏နားရွက်ချွန်ချွန်လေးနှစ်ဖက်ကို စည်းချက်ညီညီ လှုပ်ခါနေခဲ့သည်။ သူမက သူမ၏ခေါင်းလေးကို မော့လိုက်ပြီး ချစ်စရာကောင်းသည့် အသံလေးဖြင့် သခင်ဖြစ်သူကို သတင်းပြန်ပို့လိုက်သည်။
“သခင်၊ ရှောင်ချီ ရောက်လာပါပြီ”
စူးချင်းက ချစ်စရာကောင်းလွန်းသည့် ရှောင်ချီ့ကို အပြုံးလေးဖြင့် ကြည့်နေခဲ့သည်။ သူမ၏ အေးစက်သော မျက်လုံးများတွင် အပြုံးရိပ်များ ရှိနေပြီး မျက်ခုံးပင့်ကာ ရှောင်ချီကို လှမ်းမေးလိုက်သည်။
"နင် သူတို့ကို အနိုင်ယူနိုင်လား?"
"သေချာတာပေါ့"
ရှောင်ချီက သူမ၏ရင်ဘတ်လေးကို သူမ၏လက်သီးသေးသေးလေးများဖြင့် ခပ်ဖွဖွ ပုတ်ပြလိုက်ရင်း သခင်ဖြစ်သူကို အာမခံလိုက်သည်။ သူမ၏ သေးငယ်သောအသွင်အပြင်လေးနှင့် သူမ၏ကြီးကြီးကျယ်ကျယ် အပြုအမူလေးက စူးချင်းကို တစ်ဖန် ရယ်မောစေခဲ့သည်။
စူးချင်းနှင့် ရှောင်ချီတို့ စကားပြောနေကြစဉ် တောဝက်နှစ်ကောင်က ရှေ့သို့ အသဲအသန် ပြေးလာကြပြီး ၎င်းတို့၏အစွယ်နှစ်ချောင်းကို အသုံးပြု၍ စူးချင်းကို ဦးတည်ကာ တိုက်ခိုက်လုဆဲဆဲ ဖြစ်နေခဲ့သည်။
သခင်ဖြစ်သူ၏ရှေ့တွင် ချစ်စဖွယ်ပြုမူတက်သည့် ရှောင်ချီက သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများကို ဖွင့်လိုက်ပြီး တောဝက်များကို အော်ငေါက်ခြိမ်းခြောက်လိုက်သည်။ ထို့နောက် သူမက လေထဲသို့ ပျံတက်သွားပြီး သူမ၏ လက်သီးဖောင်းဖောင်းလေးနှစ်ခုကို အသုံးပြုကာ တောဝက်တစ်ကောင်၏ မျက်လုံးများကို ထုနှက်လိုက်သည်။ သူမ၏အရှိန်က မြန်လွန်းလှသဖြင့် စူးချင်းပင်လျှင် သူမ မည်သို့ ထိုးနှက်လိုက်သည်ကို မမြင်လိုက်ရပေ။
အကောင်ငယ်လေး၏လက်သီးများက အဖြူရောင် အရိပ်နှစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဘန်း.....ဘန်း...ဘန်း... အူး....ဝူးးးး
တောဝက်အား လက်သီးဖြင့် ထိုးနှက်နေသည့် အသံများနှင့် တောဝက်၏အော်သံများကို ကြားနေရသည်။ ကျင်းနှစ်ရာအလေးချိန်ရှိသည့် တောဝက်ကြီးက မီတာဝက်သာသာအရွယ်ရှိသည့် ရှောင်ချီကြောင့် လွှင့်ထွက်သွားပြီး မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
တောဝက်တစ်ကောင်ကို လွင့်ပျံသွားစေလွှတ်ပြီးနောက် ရှောင်ချီ၏စိတ်အခြေအနေကလည်း တိုးတက်လာခဲ့ပြီး သူမက သူမ၏ဖြူဖွေးနေသည့် သွားသေးသေးလေးများကို အံကြိတ်ထားကာ နောက်ထပ်တောဝက်ဆီသို့ ပြေးသွားပြီး သူမရှေ့မှ ထိုတောဝက်ကို ပြင်းပြင်းထန်ထန် ထပ်ရိုက်နှက်နေတော့သည်။
“သခင်”
ပထမဆုံးတိုက်ပွဲကို အနိုင်ရပြီးနောက် ရှောင်ချီက စူးချင်းထံသို့ စိတ်လှုပ်ရှားစွာ ပြန်ပြေးလာခဲ့သည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများက သကြားလုံးလိုချင်သည့် ကလေးလေးကဲ့သို့ စူးချင်းကို မျှော်လင့်တကြီး စိုက်ကြည့်နေပြီး သခင့်ထံမှ ချီးမွမ်းမှုရရန် စောင့်ဆိုင်းနေပုံရသည်။
သူမ၏သခင်ထံသို့ ပြန်ရောက်လာသည်နှင့် တပြိုင်နက် အကောင်ငယ်လေးက သူမ၏ ချစ်စဖွယ် ခပ်တုံးတုံးပုံစံလေးသို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏သားမွေးများက ဆောင်းရာသီမှ နှင်းများထက် ပိုမိုဖြူစင်နေပြီး ပျော့ပျောင်းနေကာ ချောမွေ့နေသောကြောင့် တောဝက်တစ်ကောင်ကို သတ်နိုင်သည့် ကြမ်းတမ်းရက်စက်မှုများက သူမနှင့်လားလားမျှ မသက်ဆိုင်သလို ဖြစ်နေခဲ့သည်။
"မဆိုးပါဘူး"
စူးချင်းက မနေနိုင်တော့ဘဲ သူမ၏ချောမွေ့သော သားမွေးများကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ဦးခေါင်းလေးက ဝိုင်းစက်နေပြီး သူမ၏မျက်နှာဖောင်ဖောင်းလေးပေါ်မှ မျက်လုံးကြီးများက တောက်ပကာ အသက်ဝင်နေသလို သူမ၏နှုတ်ခမ်းလေးများမှာလည်း ဖောင်းအိနေလေသည်။ တိရိစ္ဆာန်များကို လူကဲ့သို့ အကဲဖြတ်လျှင် ရှောင်ချီက ချောမောလှပသည့် မိန်းကလေးသာ ဖြစ်ပေလိမ့်မည်။
"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်"
ရှောင်ချီက စူးချင်း၏ အတွင်းစိတ်မှ အတွေးများကို ကြားနိုင်ပြီး ဝမ်းသာအားရ ပြုံးနေခဲ့သည်။ သူမ၏မျက်လုံးလေးများကလည်း လှပသော လခြမ်းလေးအဖြစ်သို့ ကွေးညွတ်သွားကာ သူမ၏၏ ပွင့်ချပ်သုံးပွင့်ပုံစံ ပါးစပ်လေးတွင်လည်း လှပသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူမ၏သွားဖြူဖြူလေးများက ချွန်ထက်နေပြီး လွန်ခဲ့သည့်အခိုက်အတန့် သူမ အမဲလိုက်နေချိန်တွင် သူမ၏ထိုဖြူဖွေးနေသည့် သွားလေးများက ကြောက်မယ်ဖွယ်ကောင်းလှသည်။
စူးချင်းက သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ရှောင်ချီ၏ဝိုင်းစက်နေသည့် ဦးခေါင်းလေးကို ထပ်မံ ပွတ်သပ်လိုက်သည်။
ချောမွေ့နေတဲ့ ခံစားချက်က ထပ်ကြည့်မိလေလေ... ထပ် ထိချင်လေပဲ။ နူးညံ့ပျော့ပျောင်းမှုက လူကို စွဲလမ်းစေတယ်။
ထိုအချိန်တွင် ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့ကလည်း ထင်းပုံကြီးတစ်ပုံ ကောက်ယူထားပြီးသည်။ သူမတို့က လေပြင်းပြင်းထဲတွင် မီးဖိုထားခဲ့သောကြောင့် စောစောက ထည့်ထားခဲ့သည့်ထင်းများက ကုန်လုနီးပါးဖြစ်နေကာ ထင်းများ ထပ်ထည့်လိုက်ရသည်။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကတော့ မယုံနိုင်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ကြသည်။ အေးစက်သည့်လေက တိုက်ခတ်နေဆဲဖြစ်သော်လည်း မီးတောက်များ ရှိနေသောကြောင့် သိပ်မအေးလှပေ။
"ရှောင်ယင်.... ရှောင်ယင်..."
ကျန်းယွိရန်က မီးထဲသို့ ထင်းထည့်နေခဲ့ပြီး သူမ နောက်ထပ် ထင်းသွားထပ်ကောက်ရန် ပြင်ဆင်နေချိန်တွင် စူးချင်း ပြန်ရောက်လာသည်ကို သူမ မြင်လိုက်ရသည်။ စူးချင်းက သူမတို့ဆီသို့ လျှောက်လာနေပြီး သူမနောက်တွင် ဖြူဖြူဖွေးဖွေးနှင့် လုံးဝန်းနေသည့်အကောင်ငယ်လေးတစ်ကောင် လိုက်ပါလာခဲ့သည်။ ထိုအကောင်ငယ်လေးက သူ့၏အရွယ်အစားထက် အဆပေါင်းများစွာ ကြီးမားသော တောဝက်နှစ်ကောင်ကို သူ့၏ခြေသည်းသေးသေးလေးများဖြင့် ဆွဲလာနေလေသည်။
ကျိရှောင်ယင်ကလည်း စူးချင်းတို့ကို မြင်သွားခဲ့ပြီး သူမက ရှောင်ချီကို မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။
ဒါက ဘယ်လိုတိရစ္ဆာန်မျိုးလဲ? ဘာလို့ ဒီလောက်တောင် ချစ်ဖို့ ကောင်းနိုင်ရတာလဲ?
သူက ကြောင်ထက်ကြီးပြီး ခွေးထက် ပိုသေးတယ်၊ ယုန်အရွယ်လောက်ပဲ ရှိပေမယ့် နှင်းဖြူရောင်အမွေးတွေ၊ ပယင်းရောင် မျက်လုံးကြီးတွေနဲ့ နားရွက်ချွန်ချွန်နှစ်ခုအပြင် သုံးလွှာနှုတ်ခမ်းလေးတွေလည်း ရှိနေသေးတယ်။ အဲ့အကောင်ငယ်လေးက သူမကို မော့ကြည့်ပြီး ပြုံးပြနေလေရဲ့။
တိရိစ္ဆာန်တစ်ကောင် ပြုံးနေတာကို သူမ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။
ကျိရှောင်ယင်က အလွန်မှော်ဆန်သည်ဟု ခံစားနေရပြီး ချစ်ဖို့ကောင်းသည့် အကောင်ငယ်လေးကို တယုတယ ပွတ်သပ်ချင်နေခဲ့သည်။ နောက်ဆုံးတွင် သူမက စိတ်မထိန်းနိုင်တော့ဘဲ ထိုသို့ပြုရန် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
သူမက ရှောင်ချီက သူမကို ကိုက်လိုက်မည်ကိုပင် လုံးဝ မတွေးမိတော့ဘဲ သူမ၏လက်ဖြင့် ရှောင်ချီကို တိုက်ရိုက် ပွတ်သပ်လိုက်တော့သည်။
အို! နူးညံ့ပြီး ပျော့ပျောင်းလွန်းတယ်။ အရမ်းကို ပျော်စရာကောင်းတယ်။
ကျိရှောင်ယင်က ရှောင်ချီ၏ မျက်နှာလေးကို ညှစ်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အကောင်ငယ်လေး"
ရှောင်ချီက သူမ၏မျက်လုံးပြူးပြူးလေးများကို မျက်တောင်တဖျပ်ဖျပ် ခပ်နေပြီး ကျိရှောင်ယင်ကို ပြန်ကြည့်နေခဲ့သည်။
သူမရဲ့သခင်က ကျိရှောင်ယင်ကို အရမ်းသဘောကျတယ်၊ ရှောင်ချီကလည်း သခင် သဘောကျတဲ့သူကို သဘောကျတယ်။
သူမက သားရဲဘာသာစကားဖြင့် ကျိရှောင်ယင်ကို စကားပြန်ပြောနေခဲ့ပြီး သူမ၏ချိုမြိန်သောအသံလေးက ကျိရှောင်ယင်ကို ပန်းတစ်ပွင့်ကဲ့သို့ ပြုံးနေစေခဲ့သည်။ ကျိရှောင်ယင်က ထိုကဲ့သို့ ချစ်စရာကောင်းသည့် အကောင်ငယ်လေးကို ခွဲခွာရန် ဝန်လေးနေပြီး ရှောင်ချီကို ပွေ့ချီလိုက်သည်။
ရှောင်ချီက ကျိရှောင်ယင်၏ ရင်ခွင်ထဲမှ သူမ၏ခန္ဓာကိုယ်လေးကို ဆွဲထုတ်ပေးရန် သခင်ဖြစ်သူကို သူမ၏ ချစ်စဖွယ် မျက်လုံးကြီးများဖြင့် ကြည့်ကာ အကူအညီ တောင်းနေခဲ့သည်။
သခင်ရေ.... ကယ်ပါဦး...
ရှောင်ချီ၏မျက်ရည်မဲ့အမူအရာလေးကို ကြည့်နေရင်း စူးချင်းက ရယ်မောလိုက်သည်။
ဒီကောင်မလေးမှာ ထူးဆန်းတဲ့အမူအရာတွေ အများကြီးရှိနေတာပဲ...
"အစ်မ၊ ဒါက ဘယ်လိုသတ္တဝါလေးလဲ?"
ကျိရှောင်ယင်က ရှောင်ချီကို ပွေ့ဖက်ထားပြီး သူမ၏ချောမွေ့သော သားမွေးများကို ပွတ်သပ်နေခဲ့သည်။ သူမ၏ခန္ဓာကိုယ်လေးက ပျော့ပျောင်းလွန်းသဖြင့် အရိုးမရှိသလို ခံစားရစေပြီး ကြောင်ထက်ပင် ပိုချစ်စရာကောင်းနေခဲ့သည်။
စူးချင်းက ခေါင်းငုံ့လိုက်ပြီး ရှောင်ချီကို ပြန်ကြည့်နေကာ သူမ၏အကြည့်များက သူမ၏ကလေးလေးကို ကြည့်နေသည့် အမေအိုကြီးတစ်ယောက်၏အကြည့်ကဲ့သို့ နူးညံ့နေလေသည်။ ရှောင်ချီ၏ သနားစရာကောင်းသော အကြည့်လေးများကို မြင်လိုက်ချိန်တွင် စူးချင်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။
"ကံကောင်းစေတဲ့ မြင့်မြတ်သားရဲ"
သခင်ဖြစ်သူက သူမအား ကံကောင်းစေသည့်မြင့်မြတ်သားရဲဟု ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် ရှောင်ချီက ပျော်ပျော်ရွှင်ရွှင် ကခုန်ချင်နေခဲ့သည်။ သူမ၏ မျက်လုံးများမှ ကောင်းကင်ယံမှ ကြယ်လေးများကဲ့သို့ တောက်ပလာပြီး သခင်ဖြစ်သူကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေလေသည်။
"အိုး... သူ အရမ်းကြည့်ကောင်းနေတာ မဆန်းတော့ဘူး"
ကျိရှောင်ယင်က ရှောင်ချီ့ကို လုံးဝ လက်မလွှတ်နိုင် ဖြစ်နေခဲ့သည်။ ကျန်းယွိရန်ကတော့ ရှောင်ချီ အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားမိနေသော်လည်း ရှောင်ချီက ကျင်းရာနှင့်ချီ အလေးချိန်ရှိသည့် တောဝက်နှစ်ကောင်ကို မည်ကဲ့သို့ ဆွဲယူနိုင်ခဲ့သည်ကို သူမ ပို၍ သိချင်နေကာ အနည်းငယ် စိုးရိမ်နေခဲ့သည်။
သူမ ရှေ့တိုးသွားပြီး တောဝက်နှစ်ကောင်ကို ဆွဲကြည့်ဖို့ ကြိုးစားပြီးပြီ၊ သူမရဲ့လက်တစ်ဖက်နဲ့ဆိုရင် တစ်ကောင်တောင်မှ မလှုပ်လာနိုင်ဘူး။ ဒီအငယ်ကောင်လေးရဲ့ခွန်အားက အစ်ကိုကျုံးယုံရဲ့ခွန်အားနဲ့ ယှဉ်နိုင်နေပြီ။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က ကျိရှောင်ယင်၏ အသံကြောင့် နိုးလာခဲ့သည်။ သူတို့ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကျိရှောင်ယင်က ကြောင်ဖြူကြီးတစ်ကောင်ကို သူမလက်ထဲ၌ ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။
တောဝက်နှစ်ကောင်က မျက်နှာတစ်ဝက်လောက် ဖျက်ဆီးခံထားရပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေသည်။ နှစ်ယောက်သား ချက်ခြင်း ထိထိုင်လိုက်ပြီး လှည်းပေါ်မှ ဆင်းလိုက်ကြသည်။ သူတို့က စူးချင်းထံ ပြေးသွားကြပြီး ဟန်မဆောင်နိုင်သော မျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။
"စူးချင်း.... မင်းက အံ့သြစရာပဲ"
"သူ(မ)က သူတို့ကိုသတ်လိုက်တာ"
စူးချင်းက ရှောင်ချီ၏အောင်မြင်မှုကို လုမယူချင်ခဲ့ပေ။ သူမ ထပ်ကြည့်လိုက်ချိန်တွင် ရှောင်ချီ၏ဝင့်ထည်နေသည့် အပြုံးကို မြင်လိုက်ရသည်။
ဒီကောင်မလေးက မာန်တက်နေပြန်ပြီ။
“ဝိုး.....ဝူး.... ဝါး”
ရှောင်ချီက လီတာ့နျိုနှင့် ကျန်းလောင်ချီကို ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။ သူမက ချစ်စဖွယ်အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို ကယောင်ကတမ်း ပြုမူနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမက ကျိရှောင်ယင်၏လက်ထဲတွင် အတင်းအကြပ် ပွေ့ဖက်ခံထားရပြီး သူမ၏အစွမ်းထက်ရောင်ဝါကို မပြသနိုင်ခဲ့ပေ။
"အရမ်းချစ်ဖို့ ကောင်းတယ်"
လီတာ့နျိုက ရှောင်ချီကို မျက်လုံးများ စိုက်ကြည့်ရင်း သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ချီးမွမ်းလိုက်သည်။ သူ၏ယပ်တောင်သဖွယ်လက်ကြီးက သူမ၏ဦးခေါင်းကို ထိတော့မယောင် ပြုလာချိန်တွင် ရှောင်ချီက ရွံရှာစွာ ရှောင်ရှားလိုက်သည်။
ဒီလူသားတွေ.... ဘာကြောင့် သူတို့အားလုံးက သူမရဲ့ခေါင်းကို ထိချင်နေရတာလဲ?
ဒါပေမယ့် တခြားသူတွေ မဟုတ်ဘဲ သခင်က သူမရဲ့ခေါင်းကို ထိတာမျိုးကိုတော့ သူမ နှစ်သက်တယ်။
"ကြည့်စမ်းပါဦး၊ သူက ငါ့ကို မထီမဲ့မြင်ပြုနေတာလား?"
လီတာ့နျိုက ရှောင်ချီကို လက်ညှိုးထိုးပြနေပြီး ကျန်းလောင်ချီက လောကအသစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ရှောင်ချီကို အလွန်သတိထား လေ့လာနေခဲ့သည်။
"ရှောင်ယင်... မြန်မြန်ချလိုက်... မင်းကို မကိုက်မိစေနဲ့"
ရှောင်ချီက သူမ၏ချွန်ထက်သော သွားများကို ဖြဲပြလိုက်သည်။
သူမက သူ့ကို ကြင်ကြင်နာနာ နှုတ်ဆက်ခဲ့တယ်လေ၊ သူက သူမ ကိုက်မယ်လို့ ပြောနေတာလား?
"လီတာ့နျို၊ တောဝက်တွေကို ကိုင်တွယ်ပြီး စားဖို့ မြန်မြန်ပြင်ဆင်တော့။ စားပြီးရင် ကျောက်မီးသွေး သွားတူးရမယ်”
စူးချင်းက ရှောင်ချီကို မိတ်ဆက်ပေးရန် အားလုံးအတွက် အနည်းငယ်မျှသာ အချိန်ပေးခဲ့ပြီး အားလုံးကို စတင်လှုပ်ရှားခိုင်းလိုက်သည်။
ရှောင်ချီက အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးပြူးပြူးလေးများက တောက်ပနေလေသည်။
ကျောက်မီးသွေး တူးမှာလား? သူမလည်း လုပ်နိုင်တယ်!