စွမ်းရည်အပြည့်နဲ့ရှောင်ချီ
Vol. 18 Ch. 261
ရှောင်ချီက သူမ ကျောက်မီးသွေးတူးရာတွင် ကူညီတော့မည်ကို စူးချင်းက မသိသေးပေ။ သူမက လီတာ့နျိုနှင့် ကျန်းလောင်ချီတို့အား တောဝက်ကို ကိုင်တွယ်ပေးရန် တောင်းဆိုခဲ့သည်။ သူမတို့ ထွက်လာကတည်းက ဟင်းခတ်အမွှေးအကြိုင်များအပါအဝင် အိုးကြီးတစ်လုံးနှင့် လိုအပ်သောအိုးခွက်များကို ယူဆောင်လာကြသည်။ သူမက အမဲလိုက်ပြီး သားကောင်ကို ချက်ပြုတ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော်လည်း သူမက သူမနှင့်အတူ အစေ့အဆန်များ တစ်စေ့မျှ ယူမလာခဲ့ပေ။
အခု သူမတို့အဖွဲ့က ကြီးထွားလာပြီ။ တော်ဝင်ရုံးတော်က ချန်ယွိနဲ့ သူ့စစ်သည်တွေ အစာငတ်သေစေဖို့ သူတို့ရဲ့ရိက္ခာတွေကို အလွဲသုံးစား ပြုလုပ်ခဲ့ကြတယ်။ သူမနဲ့ ရွှေရှန့်ကတော့ သူတို့ကို လျစ်လျူမရှုထားနိုင်ဘူး။ လူများလေလေ စားနပ်ရိက္ခာပိုလိုလာလေလေဖြစ်နေပြီး အဆုံးမဲ့တွင်းနက်ကြီးလို နေ့တိုင်း နေ့တိုင်း ရိက္ခာဖြည့်ဆည်းဖို့ လိုအပ်နေတယ်။ သူမတို့ အပြင်ထွက်လာတာကြောင့် မြို့ထဲကလူတွေ ဝတလင်လင် စားနိုင်ဖို့ စားစရာ ချန်ထားပေးခဲ့တာပါ။
ရှောင်ချီက အရမ်းရဲရင့်လွန်းပြီး တောဝက်နှစ်ကောင်ကို တစ်ခါတည်းသတ်ပစ်လိုက်တယ်။ သူမတို့ငါးယောက်က တောဝက်တစ်ကောင်တောင် ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး။
အခု ရာသီဥတုလည်း အေးနေတော့ တောဝက်ကို အပြင်မှာ ထားလိုက်ရင် နှစ်ရက်သုံးရက်လောက် ထားတာတောင် အနံ့မထွက်နိုင်ဘူး။ မြို့ထဲကလူတိုင်း နည်းနည်းလောက် အာသာပြေစားဖို့ ပြန်ယူသွားနိုင်သေးတယ်။ တောဝက်ကို မြင်လိုက်ရင် လူတိုင်း ပျော်သွားမှာ သေချာတယ်။
လီတာ့နျိုကလည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ယာဂုကိုသာ စားနေခဲ့ရပြီး သူ့ဗိုက်ထဲမှ အဆီဓာတ်များ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူတို့ ကပ်ဘေးမှ ထွက်ပြေးနေခဲ့ရသည့်နေ့ရက်များကိုပင် သူ လွမ်းဆွတ်စပြုနေပြီ ဖြစ်သည်။ ထိုနေ့ရက်များ၌ ဟင်းလင်းပြင်တွင် နေထိုင်ကာ ဖြစ်သလို စားသောက်ခဲ့ရသော်လည်း ရက်အနည်းငယ်ကြာတိုင်း အသားစားရပြီး စိတ်ကျေနပ်ဖွယ် ဗိုက်ပြည့်ခြင်းမျိုးကို ခံစားရသည်။
မြို့ထဲသို့ ဝင်သွားကြပြီးစနောက် စားစရာ အသားမရှိတော့ပေ။
နောက်ဆုံးတွင် ယနေ့ အသားကို ပြန်မြင်လိုက်ရသောကြောင့် လီတာ့နျိုက တောဝက်ကို သန့်စင်အောင် ပြုလုပ်နေရင်း စူးချင်းက ဝမ်းသာအားရ အော်ပြောလိုက်သည်။
"စူးချင်း... ငါတို့ ဒီတောဝက်ကို ကုန်အောင်စားနိုင်တယ် အဲ့ဒါကို မင်း ယုံလား?"
စူးချင်းက သူ့ကို လှမ်းကြည့်လိုက်သော်လည်း သူမ၏မျက်နှာ အမူအရာကတော့ ပုံမှန်သာ ဖြစ်သည်။ လီတာ့နျိုကလည်း စူးချင်း၏လျစ်လျူရှုမှုများကို အချိန်အတော်ကြာကတည်းက ကျင့်သားရနေပြီဖြစ်သောကြာင့် မရှက်တော့ပေ။ သူက တောဝက်ကိုသာ ပျော်ပျော်ရွှင်ရွှင် အရေခွံဆက်ခွာနေခဲ့သည်။ သူတို့ထံတွင် သားသတ်ဓား မရှိသောကြောင့် ဝက်မွေး မရိတ်နိုင်ဘဲ အရေခွံခွာနေရခြင်းဖြစ်သည်။
ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့လည်း ရေသွားခပ်ခြင်း၊ ရေအိုးကို ဆေးကြောခြင်း၊ မီးမွှေးခြင်းနှင့် ထင်းများ စုဆောင်းခြင်း စသည့် လက်တိုလက်တောင်း အလုပ်များကို လုပ်နေကြသည်။ စူးချင်းက လီတာ့နျို၏ အရေခွံခွာထားသော တောဝက်အသားကို အပိုင်းပိုင်း လှီးဖြတ်နေခဲ့သည်။ အားလုံးက ဟင်းချက်ရင်း အလုပ်ရှုပ်နေကြသည်။
ထို့ကြောင့် ရှောင်ချီ ထွက်သွားလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။ ရှောင်ချီက သူမဘာသာ ထွက်သွားခဲ့ပြီး စနစ်အတွင်းမှ ပေါက်ပြားတစ်ချောင်းနှင့် တောင်းငါးလုံးကိုပင် ထုတ်ယူလိုက်သေးသည်။
စူးချင်းက အသားများကို အိုးထဲ ထည့်ပြုတ်လိုက်ပြီး အခြားတောဝက်ကို ကူညီကိုင်တွယ်ပေးရန် သွားနေချိန်တွင် ကျိရှောင်ယင်၏ အံ့သြတကြီး အော်သံကို ကြားလိုက်ရသည်။
"အကောင်ငယ်လေး ပျောက်သွားပြီ"
ထိုမှသာ ရှောင်ချီ ပျောက်ဆုံးနေကြောင်း စူးချင်းက သိသွားခဲ့သည်။ သို့သော် သူမ လုံးဝ မစိုးရိမ်ပေ။
ဒီကောင်မလေးက စနစ်ထဲကနေ ဒီရောင်စုံလောကကြီးကို ထွက်ခွင့်ရတာကြောင့် ကစားဖို့ ခိုးထွက်သွားတာ နေမှာပေါ့။
နောက်ဆုံးတော့ သူမက ကလေးပဲရှိသေးတာလေ။
“အဆင်ပြေပါတယ်။ သူ(မ) အပြင်ထွက်ပြီး ကစားတာ ဖြစ်မှာပေါ့"
စူးချင်းက ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်ပြီး သူမ၏အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။
ကျိရှောင်ယင်ကတော့ စိတ်ပူနေပြီး ရှောင်ချီကို ရှာရင်း ထင်းကောက်ရန် ကျန်းယွိရန်ကို ဆွဲခေါ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမတို့က သူမတို့ ဖွက်ထားခဲ့သည့် ကျောက်မီးသွေးလှိုဏ်ဂူကို တွေ့ရှိသွားခဲ့ပြီး အတွင်းမှ အသံတချို့ကို ကြားလိုက်ရသည်။ ထိုအသံက တစ်ခုခု တူးနေပုံရပြီး သူမတို့ အရင်က ပိတ်ထားခဲ့သည့် အပေါက်ကလည်း ပွင့်နေသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်က ကျန်းယွိရန်ကို စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
"မကောင်းတော့ဘူး၊ တစ်ယောက်ယောက်က ကျောက်မီးသွေးတွေ ခိုးနေတယ်။ အစ်မယွိရန်၊ ပြန်သွားပြီး အစ်မစူးချင်းကို သွားခေါ်လာခဲ့၊ ကျွန်မ ဒီမှာ စောင့်ကြည့်နေခဲ့မယ်"
"သတိထားနော်၊ နင် ဝင်မသွားနဲ့"
ကျိရှောင်ယင် ဂူထဲသို့ ဝင်သွားပါက အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် ကျန်းယွိရန်က သူမကို အရင် ကမန်းကတန်း ညွှန်ကြားလိုက်သည်။
"ကျွန်မ သိပါတယ်"
ကျိရှောင်ယင်က ခေါင်းညိတ်လိုက်ပြီး ကျန်းယွိရန် စိတ်ချစေရန် ပြန်ပြောလိုက်သည်။
“သွားပြီးတော့ အစ်မစူးချင်းကို မြန်မြန်သွား ရှာတော့။ ဒါက ကျွန်မတို့ရဲ့ ကျောက်မီးသွေးတွင်းပဲ”
ကျန်းယွိရန်ကလည်း အခြေအနေ ဆိုးရွားသည်ကို သိနေပြီး သူမက စူးချင်းကို ရှာရန် တောက်လျှောက် ပြန်သွားခဲ့သောကြောင့် သူမ အလွန် ပင်ပန်းကာ မောဟိုက်လာတော့သည်။
တစ်စုံတစ်ယောက်က သူမတို့၏ကျောက်မီးသွေးတွင်းကို ခိုးယူနေကြောင်း ကြားလိုက်ချန်တွင် စူးချင်း၏မျက်နှာက အေးခဲသွားခဲ့သည်။
သူမ ဂူအဝင်ဝကို ဖုံးကွယ်ထားခဲ့တာလေ။ ဘယ်လို ရှာတွေ့သွားခဲ့တာလဲ?
ရှေးခေတ်ကတည်းက သယံဇာတအတွက် စစ်ပွဲတွေအများကြီး စတင်ခဲ့ကြရတယ်။
ဤအခိုက်အတန့်တွင် စူးချင်းက သူမစိတ်ထဲတွင် ဤအရာကို စွဲစွဲမြဲမြဲ တွေးနေခဲ့သည်။
ဒီကျောက်မီးသွေးတွင်းက သူမတို့ အပိုင်ပဲ။ လာလုရဲတဲ့သူက သေရလိမ့်မယ်။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့လည်း အလွန်စိတ်ပူနေကြပြီး သူတို့က သူတို့၏ ပေါက်ပြားများကို ကောက်ကိုင်ကာ သူတို့၏အသက်ကို စွန့်၍ တိုက်ပွဲဝင်ရန် ကြံရွယ်နေကြသည်။
"နင်တို့နှစ်ယောက်က ဝက်သားအိုးကို စောင့်ကြည့်ထားလိုက်"
စူးချင်းက သူတို့ကို လိုက်ခွင့်မပြုခဲ့ပေ။
သူမကိုယ်တိုင် ကျောက်မီးသွေးတွင်းကို ပြန်ယူနိုင်ခဲ့တယ်။ တစ်စုံတစ်ယောက်ကတော့ ဝက်သားအိုးကို စောင့်ရှောက်မှ ဖြစ်မယ်။ အဲ့လိုမှ မဟုတ်ဘဲ ကပ်ဘေးဒုက္ခသည်တွေ ရောက်လာခဲ့ရင် ဝက်မွေးတောင် ကျန်တော့မှာ မဟုတ်ဘူး။
ကျန်းယွိရန်က သူမနှင့် ကျိရှောင်ယင်တို့၏ ဒူးလေးများကို ကောက်ကိုင်လိုက်ပြီး စူးချင်း၏ နောက်မှ အနီးကပ် လိုက်ပါသွားခဲ့သည်။ ထိုမိန်းကလေးများက စစ်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသောကြောင့် တိုက်ခိုက်ရမည်ကို မကြောက်တော့ပေ။ ကျောက်မီးသွေးတွင်းကို လုယူဝံ့သော မည်သူ့ကိုမဆို သူမတို့က တိုက်ခိုက်ကြပေလိမ့်မည်။
စူးချင်းနှင့် ကျန်းယွိရန်တို့ ပြန်ရောက်လာချိန်တွင် ကျိရှောင်ယင်က ဂူဝင်ပေါက်မှ ခြင်းတောင်းတစ်တောင်းအား ပျော်ပျော်ရွှင်ရွှင် ထုတ်ယူနေသည်ကို တွေ့လိုက်ရသည်။ သူမက ဂူတွင်းရှိလူနှင့် စကားပြောနေခဲ့ပြီး သူမတို့က နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြသည့် သူငယ်ချင်းကောင်းများကဲ့သို့ ရင်းရင်းနှီးနှီး ပြောဆိုနေကြသည်။
ကျိရှောင်ယင်၏လုပ်ရပ်ကြောင့် ကျန်းယွိရန်တစ်ယောက် စိတ်ရှုပ်သွားခဲ့သည်။ အဲ့လူက သူမတို့ရဲ့ကျောက်မီးသွေးတွင်းကို လုယက်ဖို့ ဒီကိုရောက်လာတာလေ.... ရှောင်ယင်က ဘာလို့ သူတို့နဲ့ ရောနှောနေသေးတာလဲ?
သူမက စိတ်မထိန်းနိုင်ဘဲ ကျိရှောင်ယင်ကို အော်ခေါ်လိုက်သည်။
"ရှောင်ယင်"
ကျိရှောင်ယင်က ကျင်းပေါင်းများစွာ အလေးချိန်ရှိသော ခြင်းတောင်းကြီးကို ဂူအပြင်သို့ ဆွဲထုတ်နေပြီး အင်အားသုံးကာ ရုန်းကန်နေရသည်။ သူမ၏မျက်နှာပင် နီမြန်းလာပြီး ကျန်းယွိရန်ဆီမှ သူမကို အော်ခေါ်သည့်အသံကို ကြားလိုက်ချိန်တွင် သူမက လှည့်ကြည့်လိုက်ကာ ကျန်းယွိရန်ကို လက်ပြန်ဝှေ့ယမ်းပြနေခဲ့သည်။
"မြန်မြန်လာ ကူမပေးပါဦး"
ထိုအခိုက်အတန့်တွင် ကျောက်မီးသွေးဂူထဲမှ ခေါင်းသေးသေးလေးတစ်လုံး ထွက်လာပြီး စူးချင်းက ကစားရန် ထွက်သွားသည်ဟု ထင်ထားခဲ့သည့် ရှောင်ချီ ဖြစ်နေခဲ့သည်။ စူးချင်း သူမကို တွေ့လိုက်ချိန်တွင် သူမ၏နှင်းဖြူရောင်အမွေးများက ကျောက်မီးသွေးများကြောင့် အနက်ရောင်သန်းနေပြီ ဖြစ်သည်။ သူမ၏ပယင်းမျက်လုံးကြီးများကတော့ လခြမ်းလေးများအဖြစ်သို့ ကွေးညွှတ်နေကာ အလွန်ပျော်ရွှင်နေပုံရသည်။
ရှောင်ချီက သူမ ကျောက်မီးသွေးတူးရာတွင် ကူညီပေးလိမ့်မည်ဟု စူးချင်းက မမျှော်လင့်ထားခဲ့ပေ။ စူးချင်း၏ မျက်လုံးများမှ နွေးထွေးမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဒီအကောင်ငယ်လေးက သူမအပေါ် သိတက်လွန်းတယ်။
ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့၏ ရှေ့တွင် ရှောင်ချီက သူမ၏သခင်ကို စကားမပြောရဲပေ။
သခင်က သူမကို လူတွေရဲ့ဘာသာစကားကို ပြောခွင့် မပေးခဲ့ဘူး၊ အဲ့ဒါက ဒီလူတွေ ကြောက်လန့်သွားမှာစိုးလို့ ပြောပြခဲ့တယ်။
ထို့ကြောင့် ရှောင်ချီက သူမ၏ပျော်ရွှင်မှုကို ဖော်ပြရန်အတွက် ကိုယ်ဟန်အမူအရာကိုသာ အသုံးပြုနိုင်ခဲ့သည်။ သူမက သခင်ဖြစ်သူကို ခေါင်းဝှေ့ယမ်း ပြနေကာ သူမ၏လက်ဖောင်းဖောင်းလေးနှစ်ချောင်းနှင့် သူမ၏ ဦးခေါင်းသေးသေးလေးကို စည်းချက်ညီညီ ဝှေ့ယမ်းကာ ပျော်ပျော်ရွှင်ရွှင် ကခုန်ပြနေခဲ့သည်။
ကျိရှောင်ယင်က ဤချစ်စရာအသွင်အပြင်လေးကို အလွန်နှစ်သက်နေပြီး သူမက ရှောင်ချီ၏ ခေါင်းလေးကို ထိရန် သူမလက်ကို ဆန့်တန်းလိုက်သည်။
"နင်က ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ?"
ရလဒ်အနေဖြင့် သူမ စိတ်ကူးထဲမှ ချောမွေ့မှုကို မခံစားရဘဲ ကျောက်မီးသွေးခဲ လက်တစ်ဆုပ်စာကိုသာ ပြန်ရလိုက်သည်။ ရှောင်ချီက ကျိရှောင်ယင်ကို ပြုံးပြနေပြီး ထိုအပြုံးက ဆိုးသွမ်းသောအပြုံးဖြစ်ပြီး ကြွားဝါနေပုံရသည်။
ရှောင်ချီ၏အရပ်အမြင့်က ကျောက်မီးသွေးအတွင်းထဲ၌ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်ဟု ဆိုရပေမည်။ သူမက အလွန်သန်မာသည့်အပြင် မီးအိမ်မရှိသည့် လှိုဏ်ဂူ၏အမှောင်ထဲတွင်ပင် မြင်နိုင်သောကြောင့် ကျောက်မီးသွေးများကို အလျင်အမြန် တူးနိုင်ခဲ့သည်။ ခဏအတွင်းမှာပင် ခြင်းတောင်းတစ်လုံး ဆွဲထုတ်နိုင်ခဲ့သည်။
စူးချင်းက လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကို အလုပ်ခွင် ဝင်ခိုင်းရန် မစောင့်နိုင်တော့ပေ။
အခု သူမ ကလေးအလုပ်သမားကို အသုံးချနေမိတယ်လို့ ခံစားနေရတယ်။
သို့သော် သူမက ရှောင်ချီကို ထွက်လာရန် တောင်းဆိုလိုက်သော်လည်း ရှောင်ချီက သူမစကားကို နားမထောင်တော့ပေ။ ရှောင်ချီက ကျောက်မီးသွေးများကို ပျော်ပျော်ရွှင်ရွှင် တူးဖော်နေရင်း ဂူထဲတွင် သီချင်းတစ်ပုဒ် ညည်းနေခဲ့သည်။
“ကျောက်မီးသွေး တူးဖော်ရတာ ဂုဏ်ယူစရာ... ငါက သခင်အတွက် ပိုက်ဆံရှာနေတာပါ"
သူမက အသုံးဝင်သော ရှောင်ချီ ဖြစ်ချင်ခဲ့သည်။
"အစ်မစူးချင်း၊ အစ်မ ဒီရတနာလေးကို ဘယ်ကနေ ကောက်ရလာတာလဲ? သူက အရမ်းချစ်စရာကောင်းတယ်"
ကျိရှောင်ယင်က ရှောင်ချီ့ကို အလွန် သဘောကျနေခဲ့သည်။ ရှောင်ချီက လူသားအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဟုပင် သူမ သံသယဖြစ်နေမိသည်။
ဒီအကောင်လေးက အသိဉာဏ်ရှိပြီး စွမ်းဆောင်နိုင်လွန်းတယ်။
သခင်ကို ကူညီတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ဘယ်သူ မြင်ဖူးလို့လဲ? သူတို့အားလုံးက သူတို့ရဲ့သခင်တွေ သူတို့အတွက် အစေခံပေးမှာကို စောင့်နေကြတာ မဟုတ်ဘူးလား?
(T/N: အဲ့တာကတော့ အမှန်ပဲ အိမ်ကကြောင်သခင်ကြီးကလည်း ကိုယ်တွေကို မျက်လုံးအကြည့်နဲ့ ခိုင်းစားနေတာ.... မကျေနပ်ရင် အမေ့ကို သွားတိုင်သေးတာနော်... တိုင်တဲ့သူ စုတ်မဟုတ် နားရွက်က လှုပ်ပြတက်သေးတယ်... ဒါပေမယ့်လည်း အဲ့တာကိုပဲ ချစ်နေရတာပါပဲ)
“တောင်ပေါ်က”
စူးချင်းက လန့်သွားပြီး အလွယ်ပြန်ဖြေလိုက်သည်။ သူမက ကျိရှောင်ယင်အား စနစ်အကြောင်း ပြောပြလျှင်ပင် ကျိရှောင်ယင်က နားလည်မည် မဟုတ်ပေ။
“ဒါဆို ဒီတောင်ပေါ်မှာ တခြားကံကောင်းစေတဲ့ သားရဲတွေ ရှိနေမလား? ကျွန်မလည်း သွားရှာလိုက်ဦးမယ်"
ကျိရှောင်ယင်က ရှောင်ချီကို အလွန်နှစ်သက်သော်လည်း အခြားသူ နှစ်သက်နေသည့်အရာကို မလုယူနိုင်သောကြောင့် သူမလည်း အခြားတစ်ကောင် ဖမ်းရန် တောင်ပေါ်သို့ သွားချင်နေခဲ့သည်။
“မဟုတ်ဘူး၊ တောင်ပေါ်မှာ ကံကောင်းတဲ့ သားရဲတစ်ကောင်ပဲ ရှိတယ်။”
စူးချင်းက မျက်နှာတည်တည်ဖြင့် လိမ်ညာခဲ့သော်လည်း အမှန်တစ်ခုတော့ ရှိနေသေးသည်။
ရှောင်ချီက ထူးခြားပြီး ဒီကမ္ဘာပေါ်မှာတောင် အခြားတစ်ကောင် မရှိနိုင်ပါဘူး။
ပြီးတော့ သူမက ရှောင်ချီကို အိမ်မွေးတိရစ္ဆာန်လို့ တစ်ခါမှ သဘောမထားခဲ့ဘူး။ သူမက ရှောင်ချီကို သူမရဲ့သူငယ်ချင်းလို သူမရဲ့ဆွေမျိုးလို သတ်မှတ်ထားခဲ့တာပါ။
စူးချင်း၊ ကျိရှောင်ယင်နှင့် ကျန်းယွီရန်တို့ ကျောက်မီးသွေးဖြင့်များ ပြန်ရောက်လာချိန်အထိ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က စိုးရိမ်နေကြသေးသည်။
"မင်းတို့က ငါတို့ လုပ်စရာတွေကို အကုန်လုပ်လာပြီးပြီ၊ ငါတို့က ဘာလုပ်ရတော့မှာလဲ?"
“နောက်ထပ် ရှိသေးတယ်။ သွားထပ်တူး!”
ကျန်းယွိရန်က ကျောက်မီးသွေးလိုဏ်ဂူဆီသို့ မေးငေါ့ပြရင်း နှုတ်ခမ်းစူလိုက်သည်။
တကယ်တော့ သူမက တုန်လှုပ်ချောက်ချားမှုကနေ ပြန်မနိုးထနိုင်သေးဘူး။ ဒီလောက်အရည်အချင်းရှိတဲ့ အကောင်ငယ်လေးကို တွေ့တဲ့အခါ သူမရဲ့အကိုကြီးနဲ့ အစ်ကိုကြီးလီတို့က ဘယ်လို တုံ့ပြန်မလဲဆိုတာ သူမ သိချင်ခဲ့တယ်။ သူတို့က သူမလိုမျိုး မအံ့သြကြဖူးလား?
စူးချင်းက ရှောင်ချီကို ဆုချရန်အတွက် သူမအတွက် မီးဖိုငယ်လေးတစ်ခု ပြင်ဆင်လိုက်သည်။ ရှောင်ချီက အသားကင်ကို အကြိုက်ဆုံးဖြစ်ပြီး သူမတို့ အပြင်ဘက်တွင် အသားကင်စာသည့်အချိန်တိုင်း ရှောင်ချီက စနစ်ထဲတွင် တံတွေးမျိုချနေခဲ့သူ ဖြစ်သည်။
ပြုတ်ထားသော ဝက်သား၏ရနံနှင့် တောဝက်သားကင်၏ရနံ့က လူတစ်စု၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုရနံ့များက တောထဲမှ ထွက်လာကြောင်း သေချာအောင် ပြင်းပြင်းထန်ထန် ရှူရှိုက်ပြီးနောက်တွင် သူတို့က တောင်ပေါ်မှ ဆင်းလာကာ တောအုပ်ထဲသို့ လျှောက်လာကြသည်။