အခန်း (၂၆၂)
Vol. 18 Ch. 262
ထိုအဖွဲ့တွင် လူ ၂၀ ကျော် ရှိပြီး ဓားများ ကိုင်ဆောင်ထားသည့် ရဲမက်များ၊ ပိုးထည်များ ဝတ်ဆင်ထားသည့် အမျိုးသမီးများနှင့် တရားဝင်အရာရှိ၀တ်စုံကို၀တ်ဆင်ထားသည့် အရာရှိ တစ်ဦးတို့ ပါ၀င်သည်။
သူတို့က ခရီးဝေးထွက်ခွာနိုင်မည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခရီးလမ်း၏မောပန်းနွမ်းနယ်မှုက ထိုသခင်ကြီး၏ခံ့ညားသော မြင့်မြတ်မှုကို ဆုံးရှုံးနေစေပြီ ဖြစ်သည်။ သူ့၏မျက်နှာက ညိုမဲနေပြီး မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နေခဲ့သည်။ သူက ရဲမက်နှစ်ယောက်၏အကူအညီဖြင့် တောထဲသို့ ဝင်လာခဲ့သည်။
စူးချင်း အသားပြုတ်နေသည့်နေရာသို့ ရောက်လာချိန်တွင် အိုးထဲတွင် ပြည့်နေသည့်အသားများ၏ရနံ့ကြောင့် သူ့၏ဖရိုဖရဲနှင့် မှိုင်းဝေနေသော မျက်လုံးများက တောက်ပလာကာ သူ့ဘေးရှိ ရဲမက်များကို အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“သွားယူလိုက်”
သူ့၏အမြင်တွင် သူလိုချင်သမျှကို စူးချင်းက သူ့အတွက်ပေးရမည် ဖြစ်သည်။ သူက အရာရှိဖြစ်ပြီး သူမက သာမန်တိုင်းသူပြည်သား ဖြစ်သည်။ သူက ထိုအမဲသားကို သွားတောင်းခိုင်းလျှင် နိမ့်ကျသည့်လယ်သမားငယ်လေးက သူ့အတွက် ပေးရသည်ကိုပင် ပျော်ရွှင်နေမည် ဖြစ်သည်။
ရဲမက်များကလည်း ထိုကဲ့သို့သော လာဘ်ပေးလာဘ်ယူ ကိစ္စများနှင့် အသားကျနေသူများ ဖြစ်ကြသည်။ သူတို့၏သခင်က ဘာမှ မပြန်လျှင်ပင် သူတို့က လုယူချင်နေပြီ ဖြစ်သည်။
ရဲမက်တစ်ယောက်က သူ့ဓားကို ပခုံးပေါ်တင်ကာ စူးချင်းဆီသို့ လျှောက်လာပြီး သူမကို ခပ်မာမာ အော်ပြောလိုက်သည်။
“ဟေ့ ဒီအသားအိုးကို သိမ်းလိုက်ပြီ”
ရိုင်းစိုင်းတယ်... ဆင်ခြင်တုံတရား ကင်းမဲ့တယ်.... အရှက်မရှိဘူး။ သူက တိုက်ရိုက် လုယူနေတာပဲ။
စူးချင်းကလည်း မျက်တောင်ပင်မခတ်ဘဲ အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ထွက်သွား"
ရဲမက်များက သာမန်လူများထက် ပိုသန်မာသောကြောင့် သူတို့သွားလေရာရာ၌ သာမန်လူများက သူတို့ကို ကြောက်လန့်ကြသည်။ ဤကလေးမလေးက သူကို မကြောက်မလန့် ပြန်လည်ဆူပူကြိမ်းမောင်းဝံ့မည်ဟု ထိုရဲမက်က လုံးဝမမျှော်လင့်ထားပေ။ သူက ရှက်ရွံ့သွားပြီး သူ့ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
“လာကြဟေ့၊ သူတို့က တော်ဝင်ရုံးတော်က အလိုရှိနေတဲ့ တရားခံပဲ၊ သူတို့ကို လာဖမ်းကြ”
စူးချင်းက အမှန်တကယ် အလိုရှိနေသည့် ရာဇ၀တ်ကောင် ဖြစ်နေမှန်း သူ သိနေခဲ့ခြင်း မဟုတ်ပေ။ သူ့စကားက တခြားသူများကို ချောက်ချရန် ပြောလိုက်သည့် အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ ထိုစကားက လူကောင်းတစ်ဦးကို ဖမ်းဆီးထောင်ချရန် ရာဇဝတ်သားကို ဖမ်းဆီးမည်ဟု အကြောင်းပြချက်ပေးခြင်းသာဖြစ်သည်။ ထိုသို့ အဖမ်းခံလိုက်ရသူက မသေခဲ့လျှင်ပင် အရေခွံခွာခံရပေလိမ့်မည်။ သူတို့အတွက် လုံလောက်သည့် အကျိုးကျေးဇူးများ မပေးနိုင်လျှင် အပြင်ပြန်ထွက်ရန် စဥ်းစားနေစရာ မလိုတော့ပေ။
ယနေ့တွင် သူက တူညီသောလှည့်ကွက်ကို ထပ်မံအသုံးပြုလိုသော်လည်း သာမန်လူထက် ပိုသည့် လူတစ်ဦးနှင့် တွေ့ဆုံရမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတွင် စူးချင်းက ထိုရဲမက်ကို စိုက်ကြည့်ရန် သူမ၏မျက်လုံးများကို ပင့်မော့လိုက်သည်။ သူမ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ လက်ထဲမှ ဟင်းရည်အပြည့်ပါသည့်ဇွန်းကို မြှောက်တင်ကာ ထိုလူဆီသို့ ပက်ဖြန်းလိုက်သည်။
ပွက်ပွက်ဆူနေသော ဟင်းရည်က ထိုရဲမက်၏မျက်နှာတပြင်လုံးဆီသို့ ပြန့်ကျဲသွားပြီး ဟင်းရည်ပူ အများအပြားက သူ့မျက်လုံးထဲသို့ ဝင်သွားခဲ့သည်။ သူက ပူလွန်းသောကြောင့် သူ့မျက်နှာကို အုပ်ကာ နာနာကျင်ကျင် အော်ဟစ် ခုန်ပေါက်နေလေသည်။
တဖက်မှ သခင်ကြီးက သူ့၏ရဲမက် အသား ပြန်ယူလာမည်ကို စောင့်နေဆဲဖြစ်ကာ မြေပြင်ပေါ်တွင် ခုံတစ်လုံး ချကာ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် စူးချင်းက သူ့ရဲမက်၏မျက်နှာကို ဟင်းရည်ပူပူဖြင့် လှမ်းပက်လိုက်သည်ကို သူ မြင် လိုက်ရသည်။
ထိုအရာက သခင်ကြီး၏မျက်နှာကို လုံးလုံးလျားလျား မည်းမှောင်သွားစေခဲ့သည်။
ခွေးကို ရိုက်ချင်ရင် ခွေးပိုင်ရှင်ရဲ့မျက်နှာကို အရင်ကြည့်ရမှာ မဟုတ်ဘူးလား? ဒီကလေးမလေးက ရဲတင်းလွန်းပြီး ပုန်ကန်ချင်နေတာ သိသာတယ်။
သို့သော်လည်း ထိုအရာရှိက စူးချင်း၏ ချစ်စဖွယ် အသွင်အပြင်ကို မြင်သွားပြီး ဆွဲဆောင်ခံလိုက်ရသည်။
သူမကို ဖမ်းပြီး ကိုယ်လုပ်တော်လုပ်ခိုင်းတာက ပိုကောင်းလိမ့်မယ်။
ထို့ကြောင့် သူက တခြား ရဲမက်များကို အမိန့်ပေးလိုက်သည်။
"သူ(မ)ကို ဖမ်းကြစမ်း"
ရဲမက်များက ဓားများကိုင်ကာ စူးချင်းကို ဝိုင်းထားလိုက်ကြသည်။ စူးချင်းကတော့ ဟင်းရည်နောက်တစ်ဇွန်းကို လှမ်းခပ်နေပြီး သူတို့ကို ကြည့်ပင်မော့ မကြည့်ပေ။
ထိုရဲမက်များကလည်း ခြေစောင့်ကာ နာနာကျင်ကျင် အော်ဟစ်ခုန်ပေါက်နေသည့် သူတို့၏လုပ်ဖော်ကိုင်ဖက်ကို တစ်ချက်ကြည့်ကာ အမှတ်တမဲ့ နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သွားကြသည်။ သူတို့ ဘေးကင်းနိုင်မည့် အကွာအဝေးကို အတည်ပြုပြီးမှ စူးချင်းထံသို့ အော်ပြောလိုက်သည်။
"မင်းရဲ့လက်နက်ကို ချပြီး အညံ့ခံလိုက်။ ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်"
စူးချင်းက သူမ၏အေးစက်သော မျက်လုံးများဖြင့် သူတို့ကို ငြိမ်သက်စွာ ပြန်ကြည့်နေခဲ့သည်။ သူမ၏အကြည့်များက တည်ငြိမ်နေပြီး ခံစားချက်ကင်းမဲ့နေသော်လည်း သူမ၏မျက်လုံးများတွင် လူသတ်ချင်စိတ်များ ရှိနေခဲ့သည်။ ထို့အပြင် သူမ၏မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။
တိုက်ခတ်နေသည့်လေက စူးချင်း၏အနက်ရောင်ဆံပင်များကို လွင့်ပျံနေစေပြီး သူမ၏မျက်နှာက ရေခဲအိုင်ကဲ့သို့ လေးနက်နေခဲ့သည်။ သူမက စကားမပြောသော်လည်း ထိုဖိအားက တခြားသူများအပေါ် အမြဲတမ်း လွှမ်းမိုးချုပ်ကိုင်ခဲ့သော ရဲမက်များကိုပင် အလွန်ကြောက်လန့်စေခဲ့ပြီး တစ်ယောက်မှ ရှေ့မတိုးလာရဲကြပေ။
ဒီမိန်းမမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဟန်ပန်ရှိတယ်။ သူမက အလွန်တရာ ထက်မြတ်လွန်းနေတာကြောင့် ဘယ်သူမှ သူမနားကို မချဉ်းကပ်သွားရဲဘူး။ သူမရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေက လူတွေကို စုပ်ယူနိုင်တဲ့ ရေကန်နက်ကြီးတစ်ခုလို ခံစားရစေတယ်။ အဲ့တာအပြင် သူမတစ်ကိုယ်လုံးမှာ သတ်ဖြတ်ခြင်းရောင်ဝါတွေ ဖုံးလွှမ်းနေသေးတယ်။ ဟင်းရည်ပူပူ တစ်ဇွန်းနဲ့ အပတ်ခံရရင်တောင် ဖျတ်ခနဲ သေမလို ခံစားရမှာ သေချာတယ်။
သူ့၏လက်အောက်ငယ်သားများက ကလေးမလေးတစ်ယောက်အား ထိတ်လန့်နေပြီး မသွားဝံ့ကြသည်ကို မြင်လိုက်ရသဖြင့် သခင်ကြီးက အလွန်ဒေါသထွက်နေခဲ့သည်။ သူက မတ်တပ်ထရပ်လိုက်ပြီး စူးချင်းဆီသို့ လျှောက်သွားကာ သခင်ကြီးတစ်ယောက်၏ဟန်ပန်ဖြင့် စူးချင်းအား ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။
“ငါက မော့ချန်ရဲ့စီရင်စုအမတ်ကြီးပဲ။ မင်းမှုထမ်းတွေကို တိုက်ခိုက်တာက ပုန်ကန်တာပဲ”
"စီရင်စုအမတ်?"
စူးချင်းက မျက်ခုံးပင့်ကာ သူ့ကို မော့ကြည့်လိုက်သည်။
မော့ချန်ရဲ့စီရင်စုအမတ်က ထွက်ပြေးသွားပြီ မဟုတ်ဘူးလား? ဒါက အသစ်ရောက်လာတဲ့သူလား? ဒါမှမဟုတ် အရင် အမတ်ဟောင်းက ပြန်လှည့်လာတာလား?
စူးချင်းက တာ့ထန်ပြည်ထောင်နှင့် စီးပွားရေးလုပ်ရန် ဆန္ဒရှိနေပြီး မော့ချန်က သူမတို့၏အခြေစိုက်စခန်း ဖြစ်သည်။ ထို့ကြောင့် ဤကဲသို့ဒုက္ခပေးနိုင်သည့် အရာမျိုး မရှိလျှင် အကောင်းဆုံးဖြစ်မည်ဟု သူမ တွေးလိုက်မိသည်။
ဒီလို အရာရှိမျိုး ရှိနေရင် ဒုက္ခတွေ အများကြီး ရှိလာလိမ့်မယ်။
စူးချင်း စကားမပြောသည်ကို မြင်လိုက်ရသောကြောင့် မော့ချန်၏စီရင်စုအမတ်က ထိုကလေးမလေး ကြောက်လန့်သွားသည်ဟု ထင်သွားခဲ့သည်။
တကယ်တော့ သာမန်ပြည်သူတွေက မင်းမှုထမ်းတွေကို ဘယ်လို ဆန့်ကျင်ရဲမှာလဲ?
သခင်ကြီးက နောက်သို့ ပြန်လှည့်လိုက်ပြီး သူ၏ရဲမက်များကို စိုက်ကြည့်လိုက်သည်။
“အသုံးမကျတဲ့ အမှိုက်တွေ”
အကြီးအကဲထံမှ ဆူပူကြိမ်းမောင်းခံရပြီးနောက် ရဲမက်များသည် စူးချင်းကို ဒေါသထွက်သွားကြသည်။ သူတို့က မျက်မှောင်ကုတ်ကာ သူမဆီသို့ လျှောက်လာကြသည်။
စူးချင်းကြောင့် မျက်နှာကို ဟင်းရည်ပူပူဖြင့် အပက်ခံထားရသည့်ရဲမက်က ပို၍ပင် ဒေါသထွက်နေပြီး စူးချင်းကို ပြန်မြင်လိုက်ရသည်နှင့် သူက သူ့ဓားကို မြှောက်ကာ စူးချင်းဆီကို ပြေးသွားနေရင်း ကျိန်ဆဲလိုက်သည်။
"ငါ--ိုး၊ ငါ မင်းကို သတ်မယ်"
သို့သော်လည်း ရလဒ်အနေဖြင့် သူ စူးချင်း အနားသို့ မကပ်နိုင်ခင် စူးချင်းက ဟင်းရည်ပူပူတစ်ဇွန်းကို သူ့အပေါ်သို့ ထပ်ပက်လိုက်သည်။ သူက ရှောင်တိမ်းရန် အမြန်ခေါင်း ငုံ့လိုက်သောကြောင့် သူ့နောက်တွင် ရပ်နေသည့် သခင်ကြီးက ဒုက္ခရောက်သွားခဲ့သည်။
ထိုသခင်ကြီးက သူ့၏တက်မက်စိတ်ကို မထိန်းချုပ်နိုင်သေးပေ။ သူက စူးချင်းကို ရဲမက်များကြောင့် ကြောက်လန့်စေပြီးမှ သူက လူကောင်းဝင်လုပ်ရန် ပြင်ဆင်ထားခဲ့သည်။ လက်ရှိအချိန်တွင် သူ ပါဝင်သွားမည်ဟု မမျှော်လင့်ခဲ့သော်လည်း ပွက်ပွက်ဆူနေသော အသားဟင်းရည်က သူ့မျက်နှာအနှံ့ ပြန်ကျဲလာပြီး သူလည်း ခုန်ပေါက်ကာ နာနာကျင်ကျင် အော်ဟစ်လိုက်ရသည်။
သူက ဒေါသတကြီးဖြင့် ရဲမက်များ အမိန့်ပေးလိုက်သည်။
“သူ(မ)က သစ္စာဖောက်ပဲ။ သူ(မ)ကို ဖမ်းကြစမ်း"
အမိန့်ကို ကြားလိုက်ပြီးနောက် ရဲမက်များ နေရာခွဲလိုက်ကြသည်။ စူးချင်းက မီးဖိုထဲတွင် လောင်ကျွမ်းနေသည့် သစ်ကိုင်းကြီးကြီး တစ်ချောင်းကို ထုတ်ယူလိုက်ပြီး မီးပွားများ ထုတ်လွှတ်နိုင်သည့် သစ်ကိုင်းဖြင့် ၎င်းတို့၏ မျက်နှာများကို ဦးတည် ရိုက်နှက်လိုက်သည်။
ဒီလူတွေအားလုံးက အရှက်ကင်းမဲ့လွန်းတယ်။ သူတို့ရဲ့မျက်နှာကို ချန်ထားပေးစရာ မလိုတော့ဘူး။
စူးချင်း ထိုထင်းချောင်းဖြင့် ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရချိန်တွင် ရဲမက်များက ထိုထင်းချောင်းကို ခုတ်ဖြတ်ရန် သူတို့၏ဓားများကို မြှောက်လိုက်ကြသော်လည်း ထင်းချောင်း၏အစွန်းကိုပင် မထိနိုင်ခဲ့ပေ။ ထိုထင်းချောင်းမှ မီးပွားများက သူတို့၏မျက်နှာဆီသို့ ပျံသန်းလာသည်ကိုသာ စောင့်ကြည့်နေကြရသည်။
သူ့မျက်နှာကို အသားဖြင့် ပြုလုပ်ထားသောကြောင့် ထိုထင်းချောင်းနှင့် ထိမိသည့်အခါ မီးလောင်ဒဏ်ရာကဲ့သို့သော နာကျင်မှုကို ခံစားကြရသည်။ သူတို့ မည်သို့ပင် ကြိုးစားရှောင်တိမ်းနေကာမှု မလွတ်မြောက်နိုင်တော့ပေ။
ယနေ့တွင် သူတို့ အင်အားကြီးမားသူတစ်ဦးနှင့် တွေ့ဆုံနေခဲ့ကြောင်း လူတိုင်း နားလည်သွားကြသည်။
ဒီမိန်းခလေးက အားနည်းပြီး နူးညံ့တဲ့ပုံပေါက်နေပေမယ့် သူမရဲ့တိုက်ခိုက်မှုတွေက ရက်စက်လွန်းတယ်။
မော့ချန်၏စီရင်စုအမတ်မင်းကတော့ အော်ဟစ်နေဆဲ ဖြစ်သည်။
“မင်းတို့ သူ(မ)ကို ဖမ်းနိုင်ရင် ဒီသခင်ကြီးက မင်းတို့စားဖို့ အသားတွေ ဆုချပေးမယ်”
သူက စူးချင်းကို ဖမ်းဆီးပြီး သူမ ချက်ပြုတ်ထားသည့် အသားအိုးကို သိမ်းယူကာ သူ့ရဲမက်များကို ဆုချရန် ကြံစည်ထားခဲ့သည်။ ဤသည်က အရင်းအနှီးမလိုသော အစီအစဥ်တစ်ခုဖြစ်သည်။
စူးချင်းက သူတို့ကို တိုက်ခိုက်နေရင်း မကောင်းသောအကြံတစ်ခုကို တွေးမိလိုက်သောကြာင့် သူတို့ကို ပြန်အော်လိုက်သည်။
"ငါက တာ့ထန်ရဲ့မင်းသမီးလေးပဲ။ နင်တို့က ငါ့ကို ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ။ ငါက နင်တို့ရဲ့မော့ချန် နင်းချေပြီး နင်တို့တွေရဲ့မိသားစုတွေအားလုံးကို သတ်ဖို့ ငါ့ခမည်းတော်ရဲ့တပ်တွေကို ခေါ်လာခိုင်းလိုက်မယ်"
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် မော့ချန်၏စီရင်စုအမတ်က ထိတ်လန့်သွားခဲ့သည်။ သူက တာ့ထန်ရဲ့မင်းသမီးကို စော်ကားမိသွားရင် တာ့ထန်ရဲ့ဧကရာဇ်အိုကြီးက သူ သေတာတောင် တိုက်ခိုက်တာကို ရပ်ပေးတော့မှာ မဟုတ်ဘူး။
မီးလောင်နေသည့် ထင်းချောင်း ကျိုးသွားချိန်တွင် စူးချင်းက ရဲမက်တစ်ယောက်၏လက်ထဲမှ ဓားကို လုယူပြီး မော့ချန်၏စီရင်စုအမတ်ကို ခုတ်ချလိုက်သည်။
"ဒီမင်းသမီးက နင့်ရဲ့ခွေးအသက်ကို လိုချင်တယ်"
မော့ချန်၏စီရင်စုအမတ်က အလွန်ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူ့ကို ကယ်တင်ရန် ရောက်လာသည့် ရဲမက်တစ်ယောက်က ဓားဖြင့် အထိုးခံလိုက်ရပြီး စီရင်စုအမတ်၏မျက်နှာတစ်ပြင်လုံးသို့ သွေးများ ပြန့်ကျဲသွားစေခဲ့သည်။ စီရင်စုအမတ်က ကြောက်လွန်းသောကြောင့် သူ့ခေါင်းကို အုပ်ကာ ငုံ့ချထားရင်း အကူအညီ တောင်းနေခဲ့သည်။ သူ ထွက်ပြေးချင်သော်လည်း သူ့ခြေထောက်များက အားနည်းနေပြီး သူ မတ်တပ်ပင် မရပ်နိုင်တော့ပေ။
စူးချင်းက သူ၏ ခြေထောက်များကြားထဲသို့ ဓားကို ဝှေ့ယမ်းလိုက်သောကြောင့် စီရင်စုအမတ်က အလွန်ကြောက်လန့်သွားပြီး ဘောင်းဘီထဲတွင် သေးပေါက်ချလိုက်သည်။ စူးချင်းက သူ့ခြေထောက်ပေါ်ရှိ အရွတ်တစ်ခုကို ဖြတ်ချလိုက်သောကြောင့် ထိုစီရင်စုအမတ်က အသတ်ခံနေရသည့်ဝက်သကဲ့သို့ နာကျင်စွာ အော်ဟစ်နေခဲ့သည်။
စူးချင်း၏ရက်စက်ကြမ်းကြုတ်မှုကို မြင်သောအခါ အခြားရဲမက်များက ကြောက်လန့်တကြား ပြန်ဆုတ်သွားကြသည်။
ဘယ်သူကမှ စီရင်စုအမတ်အတွက် သူတို့ရဲ့အသက်ကို စတေးဖို့ ဆန္ဒမရှိပါဘူး။
စီရင်စုအမတ်၏ဇနီးနှင့် သမီးတို့က အလွန်ကြောက်လန့်နေကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ စူးချင်းကို သက်ညှာပေးရန် တောင်းပန်နေကြသည်။
"မင်းသမီး၊ ကျွန်မတို့ရဲ့အသက်ကို ချမ်းသာပေးပါ"
စူးချင်းက သူတို့ကို မောက်မောက်မာမာ ဟန်ပန်ဖြင့် ငုံ့ကြည့်ကာ အမိန့်ပေးလိုက်ပြီး သူမ၏ အေးစက်သော အသံက ဒွါဒသမလတွင် တိုက်ခတ်လာသော မြောက်လေကဲ့သို့ အေးစက်နေခဲ့သည်။
"မင်းတို့ မော့ချန်မှာ ပေါ်လာတာကို ငါတွေ့တာနဲ့ မင်းတို့မိသားစုတစ်ခုလုံးကို အရေခွံခွာပြီး မင်းတို့ရဲ့နှလုံးတွေကို အရက်နဲ့ မြည်းပစ်မယ်”