← Chapters

မောင်းထုတ်လိုက်ခြင်း

Vol. 18 Ch. 263

မောင်းထုတ်လိုက်ခြင်း

Vol. 18 Ch. 263

စူးချင်း ထိုသို့ပြောလိုက်ချိန်တွင် သူမ၏လက်ထဲမှ သံမဏိဓားဖျားတွင် သွေးတွေ စီးကျနေဆဲ ဖြစ်သည်။ သူမ၏အမူအရာမှာ မရဏကမ္ဘာမှ တရားသူကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး တခြားသူများ၏ ရှင်ခြင်း၊ သေခြင်းကို အချိန်မရွေး စီရင်ဆုံးဖြတ်တော့မည်အတိုင်း အုံ့ဆိုင်းနေခဲ့သည်။

မော့ချန်စီရင်စုအမတ်က သူ့၏တံကောက်ကြောဒဏ်ရာ နာကျင်နေလွန်းသောကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ ထိုကဲ့သို့ အုံ့မှိုင်းပြီး ကြောက်စရာကောင်းနေသည့် စူးချင်းကို မြင်လိုက်ရချိန်တွင် သူက အလွန်ကြောက်လန့်သွားပြီး စူးချင်းက သူ့လည်ပင်းအား ပိုင်းဖြတ်လိုက်မည်ကို ကြောက်ရွံ့လွန်းသဖြင့် နာကျင်လျှင်ပင် မအော်ဝံ့တော့ပေ။

တရားဝင်ရာထူး ဆုံးရှုံးရင် အသက်ရှင်နိုင်သေးပေမယ့် အသက်ဆုံးရှုံးရင်တော့ ဘာမှကျန်တော့မှာ မဟုတ်ဘူး။

သူက ထရပ်ရန် ရုန်းကန်လိုက်ပြီး စူးချင်း၏ခြေရင်းတွင် ဒူးထောက်ကာ ကရုဏာထားပေးရန် တောင်းပန်နေခဲ့သည်။

"မင်းသမီးလေး၊ အသက်ကို ချမ်းသာပေးပါ ဒီယုတ်ညံ့တဲ့ အရာရှိက အခုပြန်လှည့်သွားပါ့မယ်”

"မင်း မော့ချန်ကို ခြေတစ်လှမ်း လှမ်းဖို့ သတ္တိရှိရင် မင်းရဲ့သင်္ချိုင်းအတွက် နေရာမရှိအောင် ငါ လုပ်ပေးမယ်"

စူးချင်း သွေးစွန်းနေသောဓား၏ ထိပ်ဖျားလေးကို သူ့မျက်ခွံပေါ် တင်ထားရင်း အေးတိအေးစက် အမိန့်ပေးလိုက်သည်။ ဓား၏ အေးစက်စက် အထိအတွေ့နှင့် သွေးညှီနံ့ ပြင်းပြင်းက မော့ချန်၏စီရင်စုအမတ်ကို အလွန်ကြောက်လန့်သွားစေပြီး သူ့၏တစ်ကိုယ်လုံး တောင့်တင်းသွားကာ လုံးဝ မလှုပ်ရှားဝံ့တော့ပေ။ သူက ငိုယိုပြီး စူးချင်းကို ကတိပေးနေခဲ့သည်။

"ကျွန်တော် မသွားဘူး။ မော့ချန်ကို ဘယ်တော့မှ မသွားတော့ပါဘူး"

"အခု ထွက်သွား!"

စူးချင်းက သူမ၏ဓားကို ဆုတ်ခွာလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူမ၏အေးစက်စက် အမိန့်ပေးသံက စီရင်စုအမတ်နှင့် သူ့၏ရဲမက်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး သူတို့အားလုံး တောထဲမှ ထွက်ပြေးရန် အသဲအသန် ရုန်းကန်နေကြသည်။

ထိုစီရင်စုအမတ်က‌ ရယ်စရာ အကောင်းဆုံးဖြစ်သည်။ စူးချင်းက သူ့၏တံကောက်ကြောအရွတ်ကို ဖြတ်တောက်ထားခဲ့သော်လည်း သူ့ဇနီးနှင့်သမီးက သူကို ကူတွဲပေးထားကာ သူက မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွလုပ်ရင်း တောထဲမှ ထွက်ခွာသွားခဲ့သည်။

ရဲမက်များထဲမှ ဘယ်သူကမှ သူ့ကို ဂရုမစိုက်တော့ပေ။ တောထဲမှ ထွက်သွားပြီးသည်နှင့် သူတို့က သူတို့၏သခင်ကို ခွဲခွာသွားကြပြီး သီးခြားထွက်ခွာသွားတော့သည်။

သူတို့က ဘယ်လို အမှုထမ်းတွေ မို့လို့လဲ? သူတို့က နိမ့်ကျတဲ့ ရဲမက်လေးတွေပါ၊ အသက်အန္တရာယ်ရှိတဲ့အလုပ်ကို ဘယ်သူက လုပ်ချင်တော့မှာလဲ? အခုတော့ ရဲမက်လည်း မဖြစ်ချင်တော့ဘူး။ စီရင်စုအမတ်ဆိုတာကိုလည်း ဂရုမစိုက်နိုင်ဘူး။

သူတို့က သူတို့ မြန်မြန်လွတ်မြောက်ရန် စီရင်စုအမတ်၏ရထားလုံးကိုပင် လုယူသွားကြသည်။ မူလက မြင့်မြတ်ပြီး တန်ခိုးအာဏာကြီးမားသော စီရင်စုအမတ်က လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။

“ပြန်မလာပါနဲ့လို့ ရှင့်ကို ကျွန်မ ပြောခဲ့တယ်၊ ဒါပေမယ့် ရှင့်ပဲ စည်းစိမ်ဥစ္စာက အန္တရာယ်ကြားကနေ လာတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? တာ့ထန်ကလူတွေက လူတွေရဲ့အသားကို စားပြီး လူသွေးကို သောက်ကြတဲ့ သားရဲကောင်တွေပဲ”

စီရင်စုအမတ်၏ဇနီးက ငိုယိုနေရင်း ခင်ပွန်းဖြစ်သူကို ညည်းညူပြနေခဲ့သည်။ စီရင်စုအမတ်၏မျက်နှာကလည်း ဖြူဖျော့နေပြီး သူ့အမူအရာက စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။

သူ တကယ်ကို ပြန်မလာခဲ့သင့်ဘူး။

စူးချင်းက စီရင်စုအမတ်နှင့် ရဲမက်များကို မောင်းထုတ်လိုက်ပြီး အသား ဆက်ကင်ရန် ပြန်လာခဲ့သည်။ အသားက မီးထဲတွင် အဆီများ ထွက်လာပြီး မွှေးရနံ့က လူတိုင်းကို စွဲဆောင်နေခဲ့သည်။

ထိုနေရာတွင် တိုက်ပွဲဖြစ်နေကြောင်း မည်သူမျှ မသိခဲ့ကြပေ။ ရှောင်ချီက ကျောက်မီးသွေးလှိုဏ်ဂူအတွင်း ကူညီပေးနေသောကြောင့် ကျောက်မီးသွေးလှည်းငါးစီးကို အလွန်လျင်မြန်စွာ တူးထုတ်နိုင်ခဲ့ကြသည်။ ရှောင်-ဖက်တီးလေး-ချီ၏ ဝဝတုတ်တုတ် အဖြူရောင်ကိုယ်လုံးလေးကလည်း ကျောက်မီးသွေးကဲ့သို့ နက်မှောင်နေပြီ ဖြစ်သည်။ သူမ ပြုံးလိုက်မှသာ သွားဖြူလေးများ ပေါ်လာတက်သည်။

သူမက သူမခန္ဓာကိုယ်ပေါ်ရှိ အမွေးများကို အစွမ်းကုန် လှုပ်ခါနေခဲ့သော်လည်း ကျောက်မီးသွေးမှုန် အနည်းငယ်ကိုသာ ခါထုတ်လိုက်ခဲ့သည်။ သန့်ရှင်းမှုကို နှစ်သက်သော ရှောင်ချီက ဤမျှညစ်ပတ်နေမှုကို လုံးဝ သည်းမခံနိုင်တော့။ သခင်ဖြစ်သူက သူမအား မချစ်တော့မည်ကိုလည်း စိုးရွံ့သွားသော ရှောင်ချီက ရေချိုးရန် ရေရှိရာသို့ ပြေးသွားတော့သည်။

ကျိရှောင်ယင်က ဤအကောင်ငယ်လေး ပျောက်သွားမည်ကို စိုးရိမ်သောကြောင့် သူမနောက်သို့ လိုက်သွားခဲ့သည်။

"မြင့်မြတ်တဲ့သားရဲလေး၊ မပြေးနဲ့၊ မပြေးနဲ့လေ"

ရှောင်ချီက ပို၍ပင် လျင်လျင်မြန်မြန် ပြေးသွားခဲ့ပြီး ယခင်က စူးချင်း ရေချိုးခဲ့ဖူးသည့် မြစ်ကို ရှာတွေ့သွားကာ လှလှပပ ကျွမ်းထိုးပြီး မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။

ကျိရှောင်ယင်က နောက်မှ ပြေးလိုက်လာခဲ့ပြီး ရှောင်ချီ ရေထဲသို့ကျသွားသည်ကို သူမ မြင်လိုက်ရသည်။ သူမက အလွန်စိတ်​ပူ​နေပြီး ​ရေထဲသို့ လိုက်ခုန်​ချသွားခဲ့သည်​။ သူမက သူမ ရေနစ်ဖူးသည်ကိုလည်း မေ့သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရေက မနက်နေခဲ့ပေ။ သို့သော် ဆောင်းဦးနှောင်းပိုင်းဖြစ်၍ မြစ်ရေက အရိုးခိုက်အောင် အေးစက်နေလေသည်။ ရေထဲသို့ ခုန်ချလိုက်ချိန်တွင် သူမ၏ခြေထောက်များ အေးခဲတောင့်တင်းသွားပြီး ရေထဲတွင် တုန်တုန်ယင်ယင်သာ ရပ်နေလိုက်ရပြီး စကားမပြောနိုင်တော့ပေ။

အဆုံးတွင် ရေချိုးပြီးသွားသည့် ရှောင်ချီက သူမနောက်တွင် တစ်ခုခု မှားနေကြောင်း သတိပြုမိသွားခဲ့သည်။ သူမက ကျိရှောင်ယင်ကို ရေထဲမှ ဆွဲထုတ်ပြီး ကမ်းပေါ်သို့ ပြန်တက်လာခဲ့သည်။ ကျိရှောင်ယင်က မရပ်မနား တုန်ယင်နေပြီး သူမ၏နှုတ်ခမ်းလေးများက ခရမ်းရောင်ဖြစ်နေပြီ ဖြစ်သည်။

ထိုအခြေအနေကို မြင်လိုက်သည့် ရှောင်ချီက နွေးထွေးစေသည့် တော်ဝင်ဆေးလုံးတစ်လုံး ထုတ်ယူပြီး သူမကို လှမ်းပေးလိုက်သည်။ ရှောင်ချီပေးလာသည့်ဆေးကို မြင်လိုက်ချိန်တွင် ကျိရှောင်ယင်က ဘာဆေးလဲဟုပင် မမေးဘဲ သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရှောင်ချီက သူမ၏ပယင်းရောင်မျက်လုံးလေးများကို မှိတ်တုတ်မှတ်တုတ် လုပ်နေပြီး ကျိရှောင်ယင်ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများက ကျိရှောင်ယင်၏ရင်ကို ထိမိသွားစေခဲ့သည်။

နွေးထွေးစေသည့် တော်ဝင်ဆေးလုံးကို စားပြီးနောက် အရိုးဖောက်အောင် အေးခဲနေသည့် အအေးဓာတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုအချိန်မှသာ ကျိရှောင်ယင်က ရှောင်ချီကို စတင်စပ်စုမေးမြန်းတော့သည်။

"နင် ငါ့ကို ဘာဆေးပေးလိုက်တာလဲ? အဲ့ဒါက နတ်ဆေးပဲ။ စားပြီးတာနဲ့ လုံးဝ မအေးတော့ဘူး"

ရှောင်ချီက ခေါင်းမော့လိုက်ပြီး သူမကို ပြန်ပြုံးပြလိုက်သည်။ သူမ လူသားဘာသာစကား မပြောနိုင်သော်လည်း သားရဲဘာသာစကားကို ပြောနိုင်သောကြောင့် ကျိရှောင်ယင်နှင့် စတင်စကားပြောနေတော့သည်။

ကျိရှောင်ယင်ကတော့ စိတ်ရှုပ်သွားခဲ့သည်။

ဒီကောင်ငယ်လေးက ဘာတွေ ပြောနေတာလဲ? သူမ ဘာမှ နားမလည်ဘူးလေ။

ကျောက်မီးသွေးအပြည့်ပါသည့် ခြင်းတောင်းများကို ပြန်သယ်နိုင်ရန် အားလုံး အတူတူ ဝိုင်းဝန်းလုပ်ကိုင်ရမည် ဖြစ်သော်လည်း ရှောင်ချီက ကျောက်မီးသွေးတူးသည့်အလုပ်ကိုသာ လုပ်ပေးခဲ့သောကြောင့် လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က မည်သူ့ကိုမျှ ကျောက်မီးသွေး သယ်ရန် ခွင့်မပြုခဲ့ပေ။ သူတို့က အားလုံးကို သူတို့ဘာသာ သယ်ဆောင်ရန် ဆုံးဖြတ်ထားကြသည်။

သူတို့ ပြန်ရောက်လာချိန်တွင် စူးချင်း ချက်ပြုတ်ထားသည့်အသားကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သူတို့ထံတွင် တူများ မရှိလျှင်ပင် အဆင်ပြေနေသေးသည်။ မိုးမခကိုင်းများကို ခုတ်ကာ အခေါက်ခွာပြီး တူအဖြစ် အသုံးပြုနိုင်သည်။ အသားစားခြင်းကို လုံးဝ မထိခိုက်စေပေ။

စူးချင်းက အဆီဝင်းနေသော အသားတစ်ပိုင်းကို ရှောင်ချီအား လှမ်းပေးလိုက်သည်။ ရှောင်ချီက ဝမ်းသာအားရ ပြုံးနေပြီး သူမ၏သခင်ကို သူမ၏ပယင်းရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေကာ သူမ၏သခင်ကို ကျေးဇူးတင်ကြောင်း ပြောရန် သူမ၏ ထူထဲရှည်လျားသည့် မျက်တောင်များကို တဖျပ်ဖျပ် ခတ်ပြနေခဲ့သည်။

စူးချင်း၏ ပါးစပ်ထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

ဒီကောင်မလေးကို ပေးရတဲ့အရာတိုင်းက ထိုက်တန်တယ်။

အားလုံး ဝဝလင်လင် စားသောက်ပြီးနောက်တွင် စူးချင်းက ကျိရှောင်ယင်နှင့် အခြားလူများကို ကျောက်မီးသွေးလှိုဏ်ဂူသို့ ပြန်ခေါ်သွားပြီး သစ်ကိုင်းခြောက်များနှင့် မြက်များကို အသုံးပြုကာ ဝင်ပေါက်ကို ဖုံးအုပ်လိုက်သည်။

ကောင်းကင်က အစောကြီး မဲမှောင်သွားပြီး ငါးနာရီထိုးတွင်ပင် မိုးချုပ်နေပြီ ဖြစ်သည်။ စူးချင်းတို့က ညအချိန်ကို အခွင့်ကောင်းယူကာ အမြန်ပြန်ရန် ဆုံးဖြတ်လိုက်ကြပြီး သူမတို့က မနက်ဖြန် မော့ချန်သို့ ပြန်ရောက်ရန် မျှော်လင့်နေကြသည်။

လီတာ့နျို၊ ကျန်းလောင်ချီနှင့် ရှောင်ချီတို့က တစ်ယောက်လျှင် သုံးယောက်စာ စားနိုင်ပြီး တောဝက်၏တစ်ဝက်ကို စားသောက်လိုက်ကြပြီ ဖြစ်သည်။

ထို့နောက် စူးချင်းက ကျန်နေသည့် တောဝတ်အရှင်တစ်ကောင်၊ ဝတ်သားပြုတ်တစ်ဝက်နှင့် ဝက်လက်၊ ဝက်ခြေထောက်များတို့ ထည့်ရန် မိုးမခင်းခြင်းတောင်းနှစ်တောင်း ထပ်ယက်လိုက်သည်။

စူးချင်းက သူမ၏လူများနှင့်အတူ အပြေးပြန်လာခဲ့သည်။ သူမတို့ လမ်းတစ်ဝက်သို့ ရောက်သွားချိန်တွင် မြင်းအမြန်စီးလာသည့် လူတစ်ယောက်ကို သူမ တွေ့လိုက်ရသည်။ လရောင်က ထိုလူ၏အပေါ်သို့ ဖြာကျနေပြီး သူက သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့်တူ ဆင်တူနေသည်။

စူးချင်း၏အမြင်အာရုံက ကောင်းမွန်းလွန်းသောကြောင့် မြင်းစီးလာသူက မည်သူဖြစ်ကြောင်းကို အဝေးမှပင် သူမ မြင်နေရသည်။

ရှောင်ချီက စူးချင်းအနီးရှိ လှည်းခုံပေါ်တွင် ထိုင်နေသောကြောင့် သူမလည်း ကျိရွှေရှန့်ကို မြင်သွားခဲ့သည်။ အကောင်ငယ်လေးက နှုတ်ခမ်းစူလိုက်ပြီး ကျိရွှေရှန့်ကို စိတ်မချမ်းမသာ ဖြစ်နေသည့် မျက်လုံးကြီးများဖြင့် လှမ်းကြည့်လိုက်သည်။

ဒီအမျိုးသားသခင်က သူမရဲ့သခင်ကို ထပ်ဖမ်းဖို့ ဒီကို ရောက်လာပြန်ပြီ။

ကျိရွှေရှန့်ကလည်း လှည်းတန်းကို အဝေးမှ မြင်နိုင်ခဲ့ပြီး မြင်း၏ကျောကုန်းကို သူ့ဒူးဖြင့် ထပ်ညှစ်ကာ မြင်းကို အမြန်စီးနှင်လာခဲ့သည်။ စူးချင်းနားသို့ ရောက်လာချိန်တွင် သူက မြင်း၏ဇက်ကြိုးကို ဆွဲလိုက်ပြီး မြင်းနက်ကြီးက ပတပ်ရပ်လိုက်ကာ ဟီသံများ ထွက်လာလခဲ့သည်။ ကျိရွှေရှန့်က သူ့၏အနက်ရောင်မျက်လုံးများဖြင့် စူးချင်းကို စိုက်ကြည့်နေကာ ပြုံးပြ‌နေခဲ့သည်။

"စူးချင်း"

သူမကို မြင်လိုက်ရတာနဲ့ သူ့ရဲ့မငြိမ်မသက်ဖြစ်နေတဲ့ စိတ်က ပြေလျော့သွားပြီ။

“အစ်ကိုကြီး”

သူမ၏အစ်ကိုကြီးရောက်လာသည်ကို မြင်လိုက်ချိန်တွင် ကျိ‌ရှောင်ယင်က သူမ၏လှည်းပေါ်မှ ဝမ်းသာအားရ ခုန်ချပြီး ပြေးလာခဲ့သည်။ သူမ၏ချိုမြိန်သာယာသော အသံက လေထဲတွင် လွင့်ပျံနေပြီး ငွေခေါင်းလောင်းလေးနှင့် ဆင်တူနေသည်။ သူမ၏ တောက်ပသော အပြုံးက သူမ၏အစ်ကိုကြီးထံမှ ချီးမွမ်းခံရန် စိတ်စောနေပုံပြီး ကြွားဝါချင်မှု အနည်းငယ်ကို သယ်ဆောင်ထားခဲ့သည်။

“ညီမလေးတို့ ကျောက်မီးသွေး လှည်းငါးစီးစာ တူးခဲ့တယ်”

"မဆိုးပါဘူး"

ကျိရွှေရှန့်က သူ့ညီမလေးကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးဖြင့် ချီးကျူးစကားဆိုလိုက်သည်။ ထို့နောက် သူ့အကြည့်က စူးချင်းဆီသို့ ပြန်ရောက်သွားပြီး စူးချင်းကိုသာ တစိုက်မက်မက် စိုက်ကြည့်နေခဲ့သည်။

"ကိုယ် မင်းကို ရှာဖို့ တာ့ထန်ကို သွားခဲ့တယ်၊ ဒါပေမယ့် မင်းကို မတွေ့ခဲ့ဘူး"

ကျိရွှေရှန့်က သူ့မြင်းပေါ်မှ ခုန်ဆင်းလာပြီး စူးချင်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူက သူမကို ထပ်ပြုံးပြလိုက်ပြီး "ဘယ်သူမှ မင်းကို ထိခိုက်‌အောင် မလုပ်နိုင်မှန်း ကိုယ် သိနေပေမယ့် စိုးရိမ်နေတုန်းပဲ"

“အင်း”

စူးချင်းက ကျိရွှေရှန့်၏ တလက်လက်တောက်နေသော မျက်လုံးများမှ အပြုံးရိပ်များ မြင်နိုင်ခဲ့သည်။

သူမတို့ နောက်ဆုံးတွေ့ခဲ့တာ သုံးရက်ရှိနေပြီ၊ တကယ်‌တော့ သူမ သူ့ကို လွမ်းနေပြီ။

ကျိရွှေရှန့်က သူမကိုရှာရန် တာ့ထန်သို့ သွားခဲ့ကြောင်း သိလိုက်ရချိန်တွင် သူမ၏မျက်လုံးထဲမှ အပြုံးများကလည်း ပိုနက်ရှိုင်းလာခဲ့သည်။

ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်က တကယ်ကောင်းတယ်။ နေရောင်က ရေခဲတွေအပေါ်ကို ဖြတ်ကျော်လိုက်သလို သူမရဲ့နှလုံးသားကို နွေးထွေးစေခဲ့တယ်။

ကျိရွှေရှန့်၏အကြည့်များက ရှောင်ချီဆီသို့ ရောက်သွားပြီး သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်လာခဲ့သည်။

ဒီအကောင်လေးက ဘယ်လို အကောင်မျိုးလဲ?

သူမ၏ အမျိုးသားသခင်က သူမဆီသို့ ကြည့်လိုက်သည်ကို မြင်လိုက်သောကြောင့် ရှောင်ချီက သူမ၏ ခန္ဓာကိုယ်လေးကို တည့်တည့်မတ်မတ် ဆန့်ထားလိုက်ပြီး သူမ၏လက်သေးသေးလေးများကို နောက်သို့ ပို့ထားလိုက်သည်။ သူမ၏ ဆူးတစ်ထောင်ထောင်နှင့် မာန်ဝင့်နေသော အသွင်အပြင်က ကျိရွှေရှန့်ကို သဘောကျစေခဲ့သည်။

"ဒါက ဘယ်လိုတိရစ္ဆာန်လေးလဲ? သူက ရယ်စရာကောင်းတယ်”

အမျိုးသားသခင်က သူမကို ရယ်စရာကောင်းသည်ဟု ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် ရှောင်ချီက သူ့ကို မျက်လုံးပြူးပြလိုက်ပြီး စိတ်ထဲမှ ဆူပူလိုက်သည်။ “ဘာ ရယ်စရာကောင်းတာလဲ? ငါက ချစ်စရာကောင်းတဲ့ မိန်းကလေးပါနော်"

စူးချင်းက ရှောင်ချီကို ဘေးတစောင်း ငဲ့ကြည့်လိုက်ပြီး သူမ၏ဒေါသထွက်သောအကြည့်နှင့် ဒေါသကြောင့် ခပ်ဖောင်းဖောင်းဖြစ်သည့် အမူအရာလေးကို မြင်လိုက်ရသည်။ သူမက စိတ်မထိန်းနိုင်တော့ဘဲ ရှောင်ချီ၏ခေါင်းလေးကို ပွတ်သပ်ကာ သူမကို ကျိရွှေရှန့် တရားဝင်မိတ်ဆက်ပေးရန် ဆုံးဖြတ်လိုက်သည်။

"သူ(မ)ကို ရှောင်ချီလို့ ခေါ်တယ်၊ ကျွန်မရဲ့မင်္ဂလာသားရဲလေး..."

All Chapters