စီးပွားရေးလုပ်ခြင်း
Vol. 18 Ch. 264
ကြည့်လိုက်လေ.... သခင်ရဲ့စကားတွေက အရမ်းကောင်းတယ်...
သခင်ဖြစ်သူ၏စကားကြောင့် ရှောင်ချီက အလွန်ဝမ်းသာသွားပြီး သူမသခင်၏လက်အောက်သို့ သူမ၏ခေါင်းလေးကို တိုးဝင်လာသည်။
သခင့်ရဲ့လက်က အရမ်းနူးညံ့တယ်။
ပြီးတော့ ရှောင်ချီက မင်္ဂလာသားရဲလေးဆိုတဲ့ နာမည်ကို သဘောကျတယ်လေ။
"မင်္ဂလာသားရဲလား? ဒါကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ။ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်”
ရှောင်ချီ၏ရယ်စရာကောင်းသော အကြည့်လေးများက စိတ်ဝင်စားစရာ ကောင်းနေသည်ဟု ကျိရွှေရှန့်က ခံစားနေမိသည်။ သူက စူးချင်းကို တုပပြီး ရှောင်ချီကို လှမ်းမထိဘဲ မနေနိုင်ခဲ့ပေ။ သူက ကိုယ်ခံပညာကို တစ်နှစ်ပတ်လုံး လေ့ကျင့်ခဲ့သောကြောင့် သူ၏လက်များက အလွန်ကြမ်းတမ်းနေခဲ့သည်။ သူက ရှောင်ချီ၏ ခေါင်းကို လှမ်းထိလိုက်သည်နှင့် ရှောင်ချီက သူမ၏သွားလေးများဖြင့် ကျိရွှေရှန့်ကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည်။
“ဒီအကောင်ငယ်လေးက တော်တော် ရဲတင်းတယ်”
ရှောင်ချီက သူ့ကို သူမ၏သွားလေးများဖြင့် ကိုက်လိုက်သည်ကို မြင်လိုက်သောအချိန်တွင် ကျိရွှေရှန့်က အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း အကောင်ငယ်လေးဟု အခေါ်ခံလိုက်ရသည့် ရှောင်ချီကတော့ သူ့ကို မျက်စောင်းထိုးနေခဲ့သည်။
"ဟား ဟား"
ဤအကောင်ငယ်လေးက အလွန်ချစ်ဖို့ ကောင်းသည်ဟု တွေးမိသောကြောင့် ကျိရွှေရှန့်က ကျယ်လောင်စွာ ရယ်မောမိသည်။
ကျိရွှေရှန့်က ရှောင်ချီကို အချိန်အတော်ကြာအောင် စနောက်နေခဲ့ပြီး နောက်ဆုံးတွင် သူတို့ ခရီးပြန်ဆက်ခဲ့ကြသည်။ လမ်းတွင် စူးချင်းက ကျိရွှေရှန့်ကို ယဲ့လွီချွမ်းအကြောင်း ပြောပြလိုက်သည်။
"ရွှေရှန့်၊ ကျွန်မ တာ့ထန်မှာ ယဲ့လွီချွမ်းကို တွေ့ခဲ့တယ်။ သူက တာ့ထန်ရဲ့တတိယမင်းသားပဲ”
"အို၊ ယဲ့လွီချွမ်းက မင်းသားတစ်ပါးလား?"
ထိုစကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က အံ့အားသင့်သွားခဲ့သည်။
သူတို့ တာ့ချန်မှာ တွေ့ကြတုန်းက ယဲ့လွီချွမ်းက သာမန်လူ မဟုတ်ဘူးလို့ သူ ခံစားမိပေမယ့် တာ့ထန်ရဲ့တတိယမင်းသားဖြစ်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။
စူးချင်းက ခေါင်းညိတ်လိုက်ပြီး ယဲ့လွီချွမ်းနှင့် သူမ၏သဘောတူညီချက်အကြောင်း ကျိရွှေရှန့်ကို ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မ သူနဲ့ သဘောတူညီမှုလုပ်ပြီးပြီ။ သဘက်ခါ၊ တာ့ထန်နယ်စပ်ကို ကုန်ပစ္စည်းတွေ ပို့ပေးမယ်လို့ ပြောခဲ့တယ်။ ကျွန်မတို့က သူ့ကို ကျောက်မီးသွေးတွေ ပေးမယ်၊ သူက သားရေနဲ့ သိုးတွေ နွားတွေ ပြန်ပေးလိမ့်မယ်”
ကျိရွှေရှန့်က စူးချင်း၏ လှည်းဘေးမှ မြင်းစီးနေခဲ့ပြီး သူမ၏စကားကို ကြားလိုက်ချိန်တွင် သူက အနက်ရောင်ကျောက်စိမ်းခါးချိပ်တံဆိပ်ပြားကို ထုတ်ယူလိုက်ရင်း "ဒါဆို ကိုယ့်ရဲ့ ဒီခါးချိတ်တံဆိပ်ပြားက အသုံးမဝင်တော့ဘူးပေါ့"
"ဒါက ဘာလဲ?"
စူးချင်းက ခါးချိတ်တံဆိပ်ပြားကို လှမ်းယူလိုက်သည်။ ထိုအရာတွင် ကျိရွှေရှန့်၏ကိုယ်အပူချိန် ရှိနေသေးပြီး ကြီးကျယ်ခမ်းနားသည့် ချီလင်တစ်ကောင်၏ရုပ်ပုံလည်း ရှိနေသည်။
"တာ့ထန်ရဲ့ဧကရီက ကိုယ့်ကို ပေးလိုက်တာ။ အဲဒါက ကိုယ် တာ့ထန်ကို လွတ်လွတ်လပ်လပ် ဝင်ခွင့်ရနိုင်မယ့် ခါးချိတ်တံဆိပ်ပြားပဲ"
ကျိရွှေရှန့်က စူးချင်းကို ရှင်းပြလိုက်သည်။
စူးချင်းက မျက်ခုံးပင့်လိုက်ပြီး "ဧကရီက ရှင့်ကို ဘာလို့ အဲ့လိုတံဆိပ်ပြားတစ်ခု ပေးလိုက်တာလဲ?"
“ကိုယ် သူ(မ)ရဲ့သားသမီးတွေကို ကယ်တင်ခဲ့တာကြောင့်ပါ။ ဒါက ကိုယ် ရခဲ့တဲ့ ဆုလာဘ်ပဲ”
ကျိရွှေရှန့်၏ကြယ်ရောင်မျက်လုံးများက စူးချင်းကို ချစ်ခင်စွာ ကြည့်နေခဲ့ပြီး သူ့မျက်လုံးများက ကြီးမားကျယ်ပြန့်သော ကြယ်သမုဒ္ဒရာကြီးနှင့် ဆင်တူနေခဲ့သည်။
“ဒုတိယမင်းသားကို ကယ်တင်ဖို့ မင်း ပေးခဲ့တဲ့ ဆေးကို ကိုယ် သုံးခဲ့တယ်။ အတိအကျပြောရရင် မင်းကြောင့် ရွှေလျန်တစ်ရာ ပြန်ရလာခဲ့တယ်"
"ရှင် ဒုတိယမင်းသားကို ကယ်တင်ခဲ့တာလား?"
ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
စူးချင်းတစ်ယောက် မယုံနိုင်အောင် ဖြစ်နေခဲ့ရသည်။
ကျိရွှေရှန့်က ပထမမင်းသားနှင့် ဒုတိယမင်းသားတို့ကြားမှ ပဋိပက္ခအကြောင်းကို စူးချင်း မသိသေးဘူးဟု ထင်နေသောကြောင့် သူမကို အသေးစိတ်ရှင်းပြလိုက်သည်။
“ဟုတ်တယ်၊ ဘာဖြစ်သွားလဲတော့ မသိဘူး၊ ဒါပေမယ့် ပထမနဲ့ ဒုတိယမင်းသားက သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြတယ်။ ပထမမင်းသားက လူသားနတ်ဆိုးတွေကို ပျိုးထောင်ထားပြီး လူသားနတ်ဆိုးက ဒုတိယမင်းသားကို တိုက်ခိုက်တော့ ကိုယ် သူ့ကို မြှားနဲ့ ပစ်လိုက်တယ်။ နောက်ပိုင်း ဒုတိယမင်းသား ဒဏ်ရာအပြင်းအထန်ရသွားတဲ့ အချိန်မှာလည်း မင်းပေးခဲ့တဲ့ဆေးကို ကိုယ် ထုတ်ပေးလိုက်တယ်။ ဒုတိယမင်းသားရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီခါးချိတ်တံဆိပ်ကို ပြန်ရခဲ့တာ”
"ရှင်က လူသားနတ်ဆိုးတွေကို သတ်လိုက်တာလား?"
စူးချင်းက ရှုပ်ထွေးသောအကြည့်ဖြင့် ကျိရွှေရှန့်ကို ပြန်ကြည့်လိုက်သည်။ ရွှေရှန့်က လူသားနတ်ဆိုးတွေကို သတ်လိုက်တာလား? ယဇ်ပူဇော်တဲ့သူ ထွက်ပြေးသွားတာ အံ့သြစရာ မရှိတော့ဘူး။
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ?"
ကျိရွှေရှန့်ကလည်း စူးချင်း၏အမူအရာ ထူးဆန်းနေသည်ကို မြင်သွားပြီး သူမကို ပြန်မေးလိုက်သည်။
စူးချင်းက ခေါင်းယမ်းလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး၊ ပထမမင်းသားနဲ့ ဒုတိယမင်းသားက ဘာလို့ တိုက်ခိုက်ခဲ့ကြတာလဲ ရှင် သိလား?”
စူးချင်းက ကျိရွှေရှန့်ကို ပြုံးပြုံးလေး ဆက်ကြည့်နေခဲ့သည်။ သူမ၏အပြုံးကို မြင်သည်နှင့် ကျိရွှေရှန့်ကလည်း ချက်ချင်း တုံ့ပြန်ခဲ့သည်။
"အဲဒါက မင်းပဲလား?"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်မ ဒုတိယမင်းသားဆီ သွားပြီး ပထမမင်းသားက လူသားနတ်ဆိုးကို အသုံးပြုပြီး သူ့ကို သတ်ချင်နေတယ်လို့ သွားပြောခဲ့တယ်။ ပထမမင်းသားက ကျွန်မကို ဖမ်းဖို့ သူ့တပ်တွေကို ခေါ်ထုတ်လာတဲ့အခါ သူတို့ တိုက်ပွဲစခဲ့ကြတယ်။ ကျွန်မက မီးကို ကူဖို့ အရှေ့လေကိုတောင် လွှတ်ပေးခဲ့သေးတယ်။ ကံမကောင်းတာက ရှင် လူသားနတ်ဆိုးကို သတ်လိုက်တဲ့အချိန်မှာ ကျွန်မ နောက်ကွယ်ကလူကို ဖမ်းမိဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
“ကိုယ်လား?”
ကျိရွှေရှန့်က အလွန် စိတ်မကောင်းဖြစ်သွားခဲ့သည်။
"ထားလိုက်ပါတော့၊ ဒါကလည်း ကောင်းနေပါပြီ။ တာ့ထန်က ပရမ်းပတာ ဖြစ်နေတော့ သူတို့ မော့ချန်ကို ခဏတာအတွင်း တိုက်ခိုက်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီခါးချိတ်တံဆိပ်ပြား ရှိနေရင် ကျွန်မတို့ တာ့ထန်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်ပြီး ငွေအရင်ရှာနိုင်လိမ့်မယ်"
စူးချင်းက နောင်တတရားကြောင့် စိတ်အနှောက်အယှက်အဖြစ်ခဲမည့်သူ မဟုတ်ဘဲ ဖြစ်ပြီးခဲ့သည့် အဖြစ်အပျက်များကို အေးအေးဆေးဆေး လက်ခံလိုက်သည်။
“ကောင်းပြီလေ၊ အဲဒီနတ်ဆိုးကောင် တာ့ထန်မှာ ရှိနေသရွေ့ သူ့ကို အခု မဟုတ်ရင်တောင် နောက်ပိုင်းမှာ ဖမ်းနိုင်လိမ့်မယ်။ သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်မယ်"
ကျိရွှေရှန့်က သူ့အမှားအတွက် ပြင်ထားသည့်အနေဖြင့် ထိုနောက်ကွယ်မှလူကို ဖမ်းနိုင်ရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ကျိရွှေရှန့်၏ခါးချိတ်တံဆိပ်ပြား ရှိနေသောကြောင့် စူးချင်းက တတိယမင်းသားနှင့် အရောင်းအဝယ် လုပ်ရန်အတွက် တာ့ထန်သို့ သွားရန် သဘက်ခါအထိ စောင့်နေစရာ မလိုတော့ပေ။ ကျောက်မီးသွေးလှည်းများကို မော့ချန်သို့ မ၀င်တော့ဘဲ တာ့ထန်သို့ တိုက်ရိုက်မောင်းသွားတော့မည် ဖြစ်သည်။
"ရှောင်ယင် မင်း ပြန်ရောက်ရင် ငါတို့ကို နှစ်ရက်စောင့်ဖို့ သူဌေးယန်ကို ပြောပေး"
စူးချင်းက ကျိရှောင်ယင်ကို လီတာ့နျိုတို့နှင့်အတူ မော့ချန်သို့ ပြန်သွားရန် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့၊ အစ်မ သတိထားသွားနော်”
ကျိရှောင်ယင်က ခေါင်းညိတ်သဘောတူလိုက်သည်။
အစ်မစူးချင်းနဲ့ အစ်ကိုကြီးက တာ့ထန်ကို အရေးကြီးကိစ္စနဲ့ သွားမယ်ဆိုတာ သူမ သိပါတယ်၊ အဲ့ဒါကြောင့် သူမ လိုက်ချင်တယ်လို့ မပြောတော့ဘူး။ သူမသာ လိုက်သွားခဲ့ရင် သူမက ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး အစ်မစူးချင်းနဲ့ အစ်ကိုကြီးကို ထိခိုက်စေလိမ့်မယ်။
“အင်း၊ တောဝက်ကိုလည်း ပြန်ယူသွားကြဦး”
စူးချင်းက ခေါင်းညိတ်ပြပြီး လီတာ့နျိုနှင့် ကျန်းလောင်ချီတို့အား တောဝက်သယ်သွားရန် ညွှန်ကြားလိုက်သည်။ ကျိရွှေရှန့်၏မြင်းကို သူတို့ သုံးနိုင်ရန် ပေးထားခဲ့လိုက်သည်။
ဘာပဲဖြစ်ဖြစ် မြို့တံခါးနဲ့ သိပ်မဝေးတော့ဘူးလေ။
စူးချင်းနှင့် ကျိရွှေရှန့်တို့က ကျောက်မီးသွေးလှည်းငါးစီးဖြင့် တိုင်းပြည်နှစ်ခု၏နယ်စပ်ကို ဖြတ်ကျော်ကာ တာ့ထန်၏အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
လမ်းပေါ်တွင် ကင်းလှည့်နေသည့် တာ့ထန်စစ်သည်များနှင့် တွေ့ဆုံရလျှင် ကျိရွှေရှန့်က သူ့၏ခါးချိတ်တံဆိပ်ပြားကို ဆွဲထုတ်လေ့ရှိသည်။ ထိုခါးချိတ်တံဆိပ်ပြားက တော်ဝင်မိသားစု၏ပစ္စည်းတစ်ခုဖြစ်သည်။ ဟန်လူမျိုးများက တော်ဝင်မိသားစု၏တံဆိပ်ကို အဘယ်ကြောင့် ပိုင်ဆိုင်နေသည်ကို တာ့ထန်စစ်သည်များကလည်း သိချင်နေကြပြီး မည်သို့ပင်ဖြစ်စေ ထိုခါးချိတ်တံဆိပ်ပြားကို မြင်နေရသောကြောင့် သူတို့ကို လွှတ်ပေးလိုက်ရသည်။
စူးချင်းတို့က နှစ်ယောက်သား လမ်းပေါ်တွင် ဆွေးနွေးခဲ့ကြပြီး သူတို့ ယဲ့လွီချွမ်းနှင့် ပတ်သတ်နေမှုကို မဖော်ပြရန် ဆုံးဖြတ်လိုက်ကြသည်။ ယဲ့လွီချွမ်းက မင်းသားတစ်ပါး ဖြစ်နေသောကြောင့် ဧကရီက သူ့အပေါ် စိုးရိမ်မှုများ ရှိနေနိုင်သည်။ ထို့ကြောင့် သူတို့နှင့် ယဲ့လွီချွမ်းကြားမှ ခင်မင်မှုကို ဖုံးကွယ်ထားရန် ကျိရွှေရှန့်က ဆုံးဖြတ်လိုက်သည်။
ကျိရွှေရှန့်က လှည်းများကို စျေးထဲသို့ ဦးစွာ မောင်းသွားပြီး စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် စူးချင်းက ယဲ့လွီချွမ်းကို တိတ်တဆိတ် သွားရှာနေခဲ့သည်။ သူမတို့၏ သဘောတူညီချက်အရ ယဲ့လွီချွမ်းက သူမတို့၏ ကုန်ပစ္စည်းများကို လာယူရန် သူ့၏လူများကို ကုန်သည်အဖြစ် ဟန်ဆောင်စေမည် ဖြစ်သည်။ ထိုလူများကပင် နွား၊ သိုးနှင့် သားရေတို့ကို ယူလာပေးမည် ဖြစ်သည်။
စူးချင်း ယဲ့လွီချွမ်း၏စခန်းသို့ ရောက်လာခဲ့ပြီး ယခုတကြိမ်တွင် သူမက မိန်းမပျိုလေးအသွင်ဖြင့် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပထမမင်းသားနှင့် ဒုတိယမင်းသား၏ အတွင်းရေးပဋိပက္ခကို နှိုးဆော်ပေးခဲ့သည့် တရားခံက သူမဖြစ်ကြောင်း မည်သူမျှ မှတ်မိနိုင်မည်မဟုတ်ပေ။
တတိယမင်းသားကို လိုက်ရှာနေသည့် ဟန်မိန်းခလေးကို မြင်လိုက်ရသောကြောင့် စစ်သည်များက သူမကို အပြင်တွင်သာ စောင့်ခိုင်းထားခဲ့သည်။ တတိယမင်းသားက သူ့ကို ရှာနေသည့် ဟန်မိန်းကလေးအကြောင်း ကြားလိုက်ချိန်တွင် စူးချင်းဟု တွေးလိုက်မိသည်။ သို့သော်လည်း တော်တော်ထူးဆန်းနေသည်ဟု သူ တွေးလိုက်မိသေးသည်။
သူနဲ့ စူးချင်းက သဘက်ခါမှ ကုန်ပစ္စည်းတွေ လွှဲပြောင်းပေးဖို့ သဘောတူခဲ့ကြတာလေ။ သူမက ဘာလို့ နှစ်ရက်စောပြီး ရောက်လာတာလဲ?
ထိုသို့တွေးမိသော်လည်း ယဲ့လွီချွမ်းက သူမကို ကြိုဆိုရန် အမြန်ထွက်ခွာလာခဲ့သည်။ ယနေ့တွင် သူက တာ့ထန်တော်ဝင်မိသားစု၏ တော်ဝင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့သည်။ သူ၏အနက်ရောင် ၀တ်ရုံတွင် စပါးအုံးမြွေများ ပန်းထိုးထားပြီး ခါးပတ်ပတ်လည်မှ ရွှေခါးပတ်က သူ့၏မြင့်မြတ်သော အဆင့်အတန်းကို အတိအကျ ဖော်ပြနေသည်။ စူးချင်းကို တွေ့လိုက်ချိန်တွင် သူက နွေးထွေးသောအပြုံးကို ချက်ချင်း ဖော်ထုတ်ပြလာခဲ့ပြီး သူမကို တဲဝိုင်းထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
"သခင်မလေးစူး၊ ကျေးဇူးပြုပြီး ဝင်ပါ"
“အင်း”
စူးချင်းနှင့် ယဲ့လွီချွမ်းတို့၏ကြားထဲမှ စီးပွားရေးလုပ်ငန်းကို လျှို့ဝှက်ထားသောကြောင့် သူမက ခေါင်းညိတ်ပြလိုက်ပြီး ယဲ့လွီချွမ်းနှင့်အတူ တဲဝိုင်းအတွင်းသို့ လိုက်ပါသွားခဲ့သည်။
“မယ်တော်အတွက် သခင်မလေးစူး ပေးခဲ့တဲ့ ဆေးက အရမ်းထိရောက်တယ်။ မယ်တော်က သူ(မ)ရဲ့ကယ်တင်ရှင်ကို တွေ့ချင်နေတယ်”
ယဲ့လွီချွမ်းက စူးချင်းကို သူ့အမေ၏တဲနန်းထဲသို့ ဖိတ်ခေါ်ပြီး စူးချင်းကို ကြိုတင် အသိပေးလိုက်သည်။
စူးချင်းက သူ့မယ်တော်အတွက် ဆေးညွှန်းချန်ထားပေးခဲ့တယ်၊ အဲ့ဆေးကြောင့် သူ့မယ်တော်မှာ ရှိနေတဲ့ အဆိပ်အများစုကို ကုသနိုင်ခဲ့တယ်။ အခု သူ့မယ်တော်က အရည်ဖြစ်နေတဲ့ အစာအစားအချို့ကို စားနိုင်နေပြီ၊ သူမရဲ့အသားအရေကလည်း နေ့စဉ်နဲ့အမျှ တိုးတက်နေတယ်။ အခု ခေါင်းအုံးကို မှီပေးထားရင် ထတောင် ထိုင်နိုင်နေပြီ။
ယဲ့လွီချွမ်းက စူးချင်းကို အလွန်ကျေးဇူးတင်နေခဲ့ပြီး သူမကို အမြင့်ဆုံးသော ကြင်နာမှု ပေးအပ်ခဲ့သည်။ သူက စူးချင်းအတွက် ကန့်လန့်ကာကို ရုတ်သိမ်းပေးခဲ့ပြီး သူမကို တဲနန်းထဲသို့ တလေးတစား ဖိတ်ခေါ်လိုက်သည်။
စူးချင်းက တဲနန်းထဲသို့ ဝင်သွားခဲ့သည်။ အတွင်းရှိ အပူချိန်က သူမခန္ဓာကိုယ်ပေါ်ရှိ အအေးဓာတ်ကို ဖယ်ထုတ်ပစ်လိုက်သည်။ တဲကြီးက လေပူများဖြင့် ပြည့်နေပြီး နောက်ဆုံးအကြိမ်က သူမ ကုသပေးခဲ့သည့် အမျိုးသမီးက နူးညံ့ပျော့ပျောင်းသော ညောင်စောင်းပေါ်တွင် ထိုင်ကာ ပြုံးနေလေသည်။
သူမ၏မျက်နှာက အတော်လေး ဖြူဖျော့နေသေးသော်လည်း သူမက ထိုနေရာတွင် ထိုင်နေရင်း သိမ်မွေးစွာ ပြုံးနေခဲ့သည်။ သူမ၏အပြုံးက နွေဦးလေညင်းကဲ့သို့ နွေးထွေးနေပြီး တခြားလူကို ကြည်နှူးစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်နေသည်။
သူမ၏သားတော် တဲနန်းထဲသို့ ဖိတ်ခေါ်လာသည့် မိန်းခလေးကို မြင်လိုက်ချိန်တွင် ယဲ့လွီချွမ်း မိခင်၏မျက်လုံးများက တောက်ပလာသည်။
ဘယ်လောက်တောင်လှတဲ့ မိန်းကလေးလဲ? ဒီမိန်းခလေးက သူမရဲ့သားတော်အတွက် ပြီးပြည့်စုံတဲ့ လက်တွဲဖော်ဖြစ်နိုင်တယ်။