← Chapters

မြို့တော်ကို ပိတ်ဆို့ထားတယ်

Vol. 18 Ch. 268

မြို့တော်ကို ပိတ်ဆို့ထားတယ်

Vol. 18 Ch. 268

“ဒုတိယမင်းသားက ဧကရီကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”

"ဧကရီက အပြင်ထွက်သွားတယ်"

"ဘယ်ကိုသွားလဲဆိုတာ သိခွင့်ရှိမလား? ဒုတိယမင်းသားက အလျင်လိုနေလို့ပါ”

စူးချင်းက လျှို့ဝှက်ခန်ထဲမှ အမြန် ပြန်ထွက်လာခဲ့ပြီး တဲနန်း၏အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ တဲနန်း၏အပြင်ဘက်တွင် ဒုတိယမင်းသား၏တဲနန်းမှ အစေခံတစ်ဦးက ဧကရီကို ရှာဖွေရန် ရောက်ရှိနေခြင်း ဖြစ်ပြီး တံခါးစောင့်က ဧကရီ မရှိကြောင်း ပြန်ဖြေခဲ့သော်လည်း သူမက စိုးရွံ့နေသည့်အမူအရာဖြင့် ပြန်မေးနေခဲ့သည်။

"ဧကရီမယ်မယ်က ပထမမင်းသားရဲ့တဲစခန်းကို သွားတယ်"

အစောင့်က ဒုတိယမင်းသား၏အစေခံကို ပြောပြလိုက်ပြီး ခဏအကြာ ခြေသံများ ထပ်ကြားရကာ ထိုခြေသံများက စူးချင်းနှင့် တဖြည်းဖြည်း ဝေးသွားခဲ့သည်။

ထိုအသံများကို နားထောင်နေပြီးနောက် စူးချင်းက လျှို့ဝှက်ခန်းဆီသို့ ပြန်လျှောက်လာခဲ့သည်။ သူမ ပြန်ဝင်သွားသည့်အခိုက်အတန့်တွင် ရှောင်ချီက ပူဇော်စားပွဲပေါ်တွင် ရပ်နေကာ ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းအား ကြိုးကြိုးစားစား လှည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ဗုဒ္ဓရုပ်ပွားတော်၏ဦးခေါင်းက လှည်သွားပြီး ထိုဗုဒ္ဓရုပ်ပွားတော်၏အနောက်ဘက်မှ နံရံတွင် တံခါးပေါက်ကဲ့သို့ အပေါက်တစ်ပေါက် ပွင့်လာခဲ့သည်။

စူးချင်း၏မျက်လုံးထဲသို့ ဝင်ရောက်လာသည့်အရာများက ရွှေတုံးများ၊ ရှားပါးရတနာများ ပြည့်နေသည့် သေတ္တာကြီးများပင် ဖြစ်သည်။ ထိုသေတ္တာများအားလုံးတွင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် ပြည့်နှက်နေပြီး လျှို့ဝှက်ခန်းတစ်ခုလုံး ရွှေရောင်တောက်ပနေစေ‌သည်။

တော်ဝင်မိသားစုဝင်တွေက ချမ်းသာလွန်းတယ်။ သာမန်လူတွေ သက်တမ်းအပြည့်နေရရင်တောင် ဒီမှာဝှက်ထားတဲ့ ရတနာတွေက သူတို့တစ်ဘဝလုံး သုံးလို့ကုန်မှာ မဟုတ်ဘူး။

သို့သော်လည်း စူးချင်းက ထိုရတနာများကို ဂရုမစိုက်နိုင်သေးဘဲ အနှစ်တစ်ထောင်လင်ဇီးကို အရင်ဆုံး ရှာဖွေနေခဲ့သည်။ ရှောင်ချီကလည်း လျှို့ဝှက်ခန်းထဲသို့ လိုက်ဝင်လာခဲ့ပြီး သူမ၏နှင်းဖြူရောင်ခန္ဓာကိုယ်လေးပေါ်သို့ ရွှေရောင်အလင်းတန်းများ ဖြာကြနေရာ သူမက ရွှေရောင်နတ်သားရဲလေးနှင့် တူနေပြန်သည်။

ရှောင်ချီက ရွှေရောင်စားပွဲတစ်လုံးပေါ်သို့ ခုန်တက်ကာ အနက်ရောင်နံ့သာဖြူသေတ္တာကို လှမ်းယူလိုက်ပြီး စူးချင်းအား လွှဲပေးလိုက်သည်။

"သခင်၊ လင်ဇီးက ဒီမှာ"

စူးချင်းက သေတ္တာကို ဖွင့်လိုက်ပြီး အတွင်းဘက်မှ လင်ဇီးကို စစ်ဆေးလိုက်သည်။ ထိုလင်ဇီးက အမှန်ပင် အနှစ်တစ်ထောင်သက်တမ်းရှိပြီး အညိုရင့်ရောင်အစင်းကြောင်းများ ရှင်းရှင်းလင်းလင်း ရှိနေလေသည်။ အဝါရောင်ဖျော့ဖျော့တစ်ခု တောက်ပနေပြီး ရွှေရောင်အလင်းတန်းများကပင် ထိုလင်ဇီး၏ဝိညာဉ်စွမ်းအင်မှ အလင်းရောင်ကို မချိုးနှိမ်ထားနိုင်ခဲ့ပေ။

စူးချင်းက ထိုသေတ္တာလေးကို သူမ၏စနစ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူမက ရွှေငွေလက်ဝတ်ရတနာများကို တစ်ချက်ကြည့်ကာ မဆိုင်းမတွ ဖယ်ရှားလိုက်သည်။

ဒါတွေက ရောင်းတဲ့အချိန်မှာ ဒုက္ခများတယ်။

စူးချင်းက ရွှေတုံးသီးသန့်များကိုသာ ယူဆောင်သွားချင်ပြီး ရွှေငွေလက်ဝတ်ရတနာများကို မလိုချင်တော့ပေ။

ရှောင်ချီကလည်း သူမ၏သခင်အတွက် ရွှေတုံးများကို ကူသယ်ပေးရန် ကြိုးစားနေခဲ့သည်။ သူမက အလွန်သန်မာလှပြီး ရွှေသေတ္တာကြီးတစ်တုံးကို အလွယ်လေး မယူနိုင်ခဲ့သည်။ ဧကရီ၏ဘဏ္ဍာတော် တစ်ဝက်ကို သိမ်းယူပြီးနောက်မှာသာ နှစ်ယောက်စလုံး ရပ်တန့်သွားကြသည်။

"ငါတို့ မြန်မြန် ထွက်သွားရမယ်"

စူးချင်းက အချိန်ကို တွက်ချက်လိုက်ပြီး ဧကရီ ပြန်လာမည်ကို စိုးရိမ်နေသောကြောင့် ကျန်နေသည့် ရွှေငွေလက်ဝတ်ရတနာတစ်ဝက်ကို ထပ်သိမ်းဆည်းလိုက်ကာ ကျန်တစ်ဝက်ကို ဧကရီအတွက် ချန်ထားပေးခဲ့သည်။ ထိုအရာက ဧကရီကို သိသိသာသာ နာကျင်ထိခိုက်စေမည် ဖြစ်သည်။

တစ်ချက်ကြည့်ရုံနဲ့ ဒီဧကရီက ရည်မှန်းချက်ကြီးပြီး မော့ချန်နဲ့ တာ့ရှားပြည်ထောင်ကို မက်မောနေတာ သိသာနေတယ်။ စစ်ပွဲအတွက်က ပိုက်ဆံလိုတယ်။ သူမက ဧကရီရဲ့ပိုက်ဆံတွေ အားလုံးကို သိမ်းသွားလိုက်ရင် ဧကရီက မော့ချန်ကို ကျူးကျော်ချင်ရင်တောင် အင်အားမဲ့သွားလိမ့်မယ်။

စူးချင်းက ဗုဒ္ဓရုပ်ပွားတော်အား မူလအခြေအနေအတိုင်း ပြန်ထားလိုက်ပြီး လျှို့ဝှက်ခန်းထဲမှ အမြန် ပြန်ထွက်ခွာလာခဲ့သည်။

ထို့နောက် သူမက တဲနန်း၏အပြင်ဘက်သို့ ထွက်လာခဲ့ပြီး အစောင့်များက သူမကို လိုက်ကြည့်နေသော်လည်း မတားကြပေ။ စူးချင်းက မီးဖိုခန်းဆီသို့ တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည်။

စူးချင်းက မီးဖိုချောင်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသဖြင့် အစောင့်များက သူတို့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကြသည်။

စူးချင်းက နန်းတွင်းအစေခံဟုန်ကျူကို ဖမ်းဆီးထားခဲ့သည့် တဲဆီသို့ ပြန်သွားခဲ့ပြီး သူမတို့၏အဝတ်အစားများကို ပြန်လဲလှယ်ကာ ဟုန်ကျူကို နံရံတွင် ကပ်မှီပေးထားလိုက်သည်။ သူမက တာ့ထန်စစ်သည်များ၏စစ်ဝတ်စုံကို ပြန်လဲထားခဲ့ပြီး ဧကရီ၏တဲနန်းထဲမှ ရင်ကော့ကာ ထွက်ခွာလာခဲ့သည်။

စူးချင်းတစ်ယောက် လုံ့လဝီရိယအပြည့် စိုက်ထုတ်ပြီး ဧကရီ စုဆောင်းထားသည့် ရွှေတုံးများကို သိမ်းယူနေချိန်တွင် ကျိရွှေရှန့်က စျေးထဲတွင် ရှိနေကာ အရောင်းအဝယ် လုပ်ရန် တတိယမင်းသား စေလွှတ်လိုက်သည့်တာ့ထန်များနှင့် တွေ့ဆုံနေခဲ့ပြီ ဖြစ်သည်။

ထိုမတိုင်ခင်တွင် အခြားလူများက ကျိရွှေရှန့်ထံ လာရောက်စူးစမ်းခဲ့ကြသည်။ သူ့၏မွေးစားအဖေ အသက်ရှင်နေချိန်က ကျိရွှေရှန့်အား တာ့ထန်ဘာသာစကား သင်ကြားပေးခဲ့သောကြောင့် ကျိ‌ရွှေရှန့်က တာ့ထန်ဘာသာစကားကို တက်မြောက်နေပြီးသား ဖြစ်သည်။

အရင်တုန်းကတော့ သူ့ရဲ့မွေးစားအဖေက သူ့ကို ဘာလို့ ဒီလျှာလိပ်စေတဲ့ ဘာသာစကား သင်ပေးခဲ့မှန်း သူ နားမလည်ခဲ့ဘူး။ အခုတော့ သူ့မွေးစားအဖေက အမြော်အမြင် ကြီးပြီး သူ တာ့ထန်နဲ့ အနှေးနဲ့ အမြန် ရင်ဆိုင်ရမယ်ဆိုတာကို သူ့မွေးစားအဖေက ကြိုတင်တွက်ဆခဲ့မှန်း သူ နားလည်လာခဲ့ရတယ်။

လာရောက်မေးမြန်းကြသော တာ့ထန်ကုန်သည်များက ကျောက်မီးသွေးကို မမြင်ဖူးသောကြောင့် ရောင်းဝယ်ဖောက်ကားခြင်း မပြုဝံ့ကြပေ။ ကျိရွှေရှန့်ကလည်း သူတို့ထံသို့ ရောင်းချရန် ဆန္ဒမရှိသောကြောင့် အလျင်စလို ဖြစ်နေခြင်းမျိုး မရှိဘဲ သူတို့ကို မရှင်းပြတော့ပေ။ စူးချင်းက တတိယမင်းသားကို သွားရှာနေသောကြောင့် သူတို့ ယူလာသမျှ မရောင်းရမည်ကို စိုးရိမ်နေစရာ မလိုပေ။

နောက်ဆုံးတွင် တာ့ထန်ဝတ်စုံဝတ်ထားသည့် ကုန်သည်နှစ်ဦးက သူ့ဆီသို့ လမ်းလျှောက်လာကြပြီး သူတို့က အလွန်သန်မာကာ အသက်လေးဆယ်ခန့် ရှိကြပုံပေါ်သည်။ သူတို့၏နောက်တွင် သားမွေးနှင့် သားရေ လှည်းနှစ်စီးစာ၊ အဝါ‌ရောင်နွားသုံးကောင်နှင့် ဆူဖြိုးသော သိုးငါးကောင်ကို ဆွဲယူလာကြသည်။

အထည်လုပ်ငန်းကို အထူးပြုသည့် ကုန်သည်တစ်ဦးက သူတို့ထံ အလျင်အမြန် ချဉ်းကပ်သွားပြီး သူတို့၏ပစ္စည်းများကို ဝယ်ယူလိုသော်လည်း သူတို့က ငြင်းဆိုလိုက်သည်။ သူတို့က စျေးထဲသို့ တိုးဝင်လာပြီး ကျိရွှေရှန့်နှင့် ကျောက်မီးသွေးလှည်းငါးစီးကို တွေ့ပြီးနောက် သူ့အနားသို့ လျှောက်လာကြသည်။

"ဒါတွေကို ဘယ်လို ရောင်းဝယ်မှာလဲ?"

သူတို့က ဆိုးဝါးသော အလယ်ပိုင်းလွင်ပြင်၏ဘာသာစကားဖြင့် ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။

"ကျောက်မီးသွေးတစ်လှည်းအတွက် သားရေအကောင်းစားလှည်းတစ်စီး"

ကျိရွှေရှန့်က သူတို့၏လှည်းပေါ်ရှိ သားရေကို ညွှန်ပြရင်း ပြန်ဖြေလိုက်သည်။ ထိုစီးပွားရေးသမား နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏အနောက်ဘက်သို့ ကြည့်လိုက်ကြပြန်သည်။

ကျိရွှေရှန့်က သူတို့၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ပြီး မဝေးလှသော လမ်းထောင့်တွင် ရပ်နေသည့် အရပ်ရှည်ရှည် အသွင်အပြင်တစ်ခုကို တွေ့သွားခဲ့သည်။ ထိုလူက ယဲ့လွီချွမ်းဖြစ်ပြီး ယနေ့တွင် သူက ဟန်လူမျိုးတို့၏အဝတ်အစားများကို မ၀တ်ထားဘဲ တာ့ထန်၏လူကြီးလူကောင်းများ ဝတ်ဆင်လေ့ရှိသော ၀တ်ရုံရှည်ကို ဝတ်ဆင်ထားကာ ရွှေခါးပတ်ကို ပတ်ထားပြီး နွားသားရေဖိနပ်ကို စီးထားသည်။ သူက ဂုဏ်သိက္ခာရှိပြီး မွန်မြတ်သည့်ပုံပေါ်နေလေသည်။

ကျိရွှေရှန့်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ယဲ့လွီချွမ်းကလည်း အပြုံးဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“လဲလှယ်မယ့်တန်ဖိုးကို သဘောတူတယ်၊ ဒါပေမယ့် ငါတို့မှာ သားရေလှည်းနှစ်စီးစာပဲ ရှိတယ်။ ဒီနွားတွေနဲ့ သိုးတွေကိုရော လဲလှယ်လို့ရမလား?"

ယဲ့လွီချွမ်း၏ခွင့်ပြုချက်ကို ရရှိပြီးနောက် တာတာနှစ်ယောက်က ကျိရွှေရှန့်နှင့် စကားထပ်ပြောလာခဲ့ကြသည်။

“ရတယ်”

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ ဒီကျောက်မီးသွေးကို ဘယ်လောက်နဲ့ ရောင်းရမယ်ဆိုတာကို သူ မသိသေးဘူး။ ဒါပေမယ့် ဒီအရာကို ဘယ်သူမှ မရောင်းဖူးပေမယ့် တာတာလူမျိုးတွေက ဒီကျောက်မီးသွေးကို သုံးလိုက်မိတာနဲ့ အရမ်းကောင်းတဲ့အရာဆိုတာကို သူတို့ သိသွားကြလိမ့်မယ်။

အရည်အသွေကောင်း သားရေပစ္စည်းလှည်းနှစ်စီးစာ၊ နွားသုံးကောင်နှင့် သိုးငါးကောင်ကို ကျောက်မီးသွေးလှည်းငါးစီးစာနှင့် လဲလှယ်ရမည် ဖြစ်သည်။ ကျိရွှေရှန့်က ကောင်းမွန်သည့် သဘောတူညီချက်တစ်ခုဟု ခံစားလိုက်ရသည်။

ထိုကုန်သည်နှစ်ယောက်က ကျိရွှေရှန့်၏လက်ထဲမှ ကျောက်တုံးအနက်များကို သူတို့ကုန်စည်များနှင့် ရက်ရက်ရောရော လဲလှယ်နေသည်ကို မြင်လိုက်ရသောကြောင့် တခြားကုန်သည်များက ထိုနှစ်ယောက် မိုက်မဲလွန်းသည်ဟု ထင်နေကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့က ထိုကျောက်တုံးအနက်များအကြောင်း သိချင်နေကြသည်။

တန်ဖိုးမရှိတဲ့ အရာဖြစ်နေရင် ဘယ်သူက ဒီလိုမျိုးလဲလှယ်မှာလဲ?

လူတို့၏ စပ်စုချင်စိတ်က ကြောက်စရာကောင်းလှသည်။ တစ်စုံတစ်ယောက်က ဝယ်ယူလိုက်သောကြောင့် ထိုအရာက ကောင်းမွန်မည်ဟုလည်း စတင်တွေးနေကြသည်။ ထိုကြောင့်လည်း တစ်ချို့ကုန်သည်များက သူတို့၏ကုန်ပစ္စည်းများရောင်းရာတွင် ယုံကြည်မှုကို အသုံးပြုလေ့ရှိကြသည်။

တခြားကုန်သည်များက အားမလိုအားမရ ဖြစ်နေကြပြီး ထိုကျောက်တုံးအနက်များအား စမ်းသပ်သည့်အနေဖြင့် လဲလှယ်မပေးခဲ့မသည့်အတွက် နောင်တရနေကြသည်။

တကယ်လို့ ဒါက ငွေအမြောက်အမြားရနိုင်တဲ့ ပစ္စည်းဖြစ်နေရင် သူတို့ ငွေရှာနိုင်မယ့် အကောင်းဆုံးအခွင့်အရေးကို လက်လွတ်ဆုံးရှုံးပြီလေ။

ကုန်ပစ္စည်းများကို အောင်မြင်စွာ လဲလှယ်ပြီးနောက်တွင် ကျိရွှေရှန့်က မော့ချန်သို့ ပြန်ချင်နေခဲ့သည်။ သူက စူးချင်း အကြောင်းမေးရန် ယဲ့လွီချွမ်းကို သွားရှာချင်သော်လည်း ယဲ့လွီချန်းက အရင်ထွက်သွားနှင့်ပြီဖြစ်သည်။

ကျိရွှေရှန့်က စူးချင်းကို သွားရှာချင်နေသော်လည်း သူ ပြန်ရခဲ့သည့် ကုန်ပစ္စည်းများကို ထားခဲ့ရန်လည်း မဖြစ်နိုင်ပေ။ သူ စူးချင်းကို အလွန်စိတ်​ပူ​နေသောကြောင့် သူ့မျက်​ခုံးများက ရှုံ့တွနေ​တော့သည်​။ ရံဖန်ရံခါတွင် သူက တတိယမင်းသားပေါ်လာခဲ့သည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်နေခဲ့သည်။

သူက ထိုနေရာတွင် ဆက်ရှိနေသောကြောင့် တခြားကုန်သည်များက သူ့ဘေးသို့ ဝိုင်းဖွဲ့လာပြီး ထိုကျောက်တုံးအနက်များအား မည်သည့်နေရာတွင် အသုံးပြုရသည်ကို မေးမြန်းလာခဲ့ကြသည်။

ကျိရွှေရှန့်က သူတို့ကို ရွှေအနက်ဟု ပြန်ပြောလိုက်သည်။ အကျဥ်းအားဖြင့် ထို‌ရွှေအနက် အနည်းငယ်ဖြင့် အိမ်ကို တစ်ညလုံး နွေးထွေးစေနိုင်ပြီး ထိုကျောက်တုံးလှည်းတစ်စင်းစာက အရည်အသွေးကောင်းသည့် မီးသွေးဆယ်လှည်းစာဖြင့် အစားထိုးနိုင်‌ကြောင်း ပြောပြလိုက်သည်။

ထိုကျောက်တုံးလှည်းတစ်လှည်းစာက မီးသွေးလှည်းဆယ်စီးစာနှင့် ညီမျှသည်ဟု ကြားလိုက်ရချိန်တွင် ထိုကုန်သည်များက သူတို့ စောစော မဝယ်မိသည့်အတွက် နောင်တရသွားကြသည်။

တာ့ထန်တွင် ဆောင်းရာသီက ကြာရှည်လှပြီး အေးခဲလွန်းသောကြောင့် ရေက ရေခဲအဖြစ်သို့ ပြောင်းလဲသွားတက်သည်။ ထို့ကြောင့် မီးသွေးက အလွန်စျေးကြီးလှသည်။ တချို့လူများက နွားချေးများကို မီးရှို့လေ့ရှိကြသော်လည်း အပူချိန်မကောင်းသည့်အပြင် အနံအသက်လည်း မကောင်းပေ။

ကြွယ်ဝသောမိသားစုများကတော့ နွားချေးကဲ့သို့ အဆင့်နိမ့်အရာများကို အသုံးမပြုကြပေ။ သူတို့က အနွေးဓာတ် ရစေရန် အရည်အသွေးမြင့် မီးသွေးများကို ဝယ်ယူအသုံးပြုကြသည်။

တာ့ရှားပြည်ထောင်မှ မီးသွေးသယ်ယူရသည့် ကုန်ကျစရိတ်က အလွန်မြင့်မားသောကြောင့် မီးသွေးဈေးနှုန်းကလည်း အလွန်မြင့်မားလှသည်။ သို့သော် နန်းတော်ရှိ မှူးမတ်များက ငွေမလောက်နေခြင်းမျိုး မရှိသောကြောင့် မည်မျှပင် ဈေးကြီးသည်ဖြစ်စေ သူတို့က ဝယ်ယူနိုင်သည်။

ထို့နောက် သူတို့က ကျိရွှေရှန့်က သူ့၏သားရေများ ပြန်ရောင်း မရောင်း မေးလာကြပြန်သည်။ ကျိရွှေရှန့်က ၎င်းကို ဖုံးကွယ်ထားရန် မလိုလားဘဲ ၎င်းတို့အား တာ့ရှားပြည်ထောင်သို့ ပြန်ရောင်းချမည့်အကြောင်း ပြောပြလိုက်သည်။

ဒီလူတွေက သူ့အတွက် ဈေးကွက်တစ်ခု ဖြစ်လာမှာလေ။ တာ့ထန်မှာက စားကျက်မြေပေါများပြီး နွားနဲ့ သိုးတွေကို အဓိက မွေးမြူကြ‌တယ်၊ သူတို့မှာ အပေါဆုံးက သားရေ၊ သိုးနဲ့နွားတွေပဲ။

စျေးနေ့တွေဆိုရင် သူတို့က သူတို့မှာရှိတဲ့ သားရေ၊ နွားနဲ့ သိုးတွေကို သူတို့ လိုအပ်တဲ့ အိမ်သုံးပစ္စည်းအချို့နဲ့ လဲလှယ်လေ့ရှိကြတယ်။ တာ့ရှားပြည်ထောင်မှာ ရှိတဲ့လူတွေက သူတို့ရဲ့သိုးတွေ၊ နွားတွေကို လိုချင်ကြပေမယ့် နှစ်နိုင်ငံစစ်ပွဲ ဖြစ်ပွားနေမှာတော့ ဒီလို ‌ပေါများတဲ့ကုန်စည်တွေအတွက် ခရီးရှည်ထွက်ဖို့ မထိုက်တန်ဘူး။

ထိုအကြောင်းအရာများကြောင့် သူတို့က ကျိရွှေရှန့်ကို ဝိုင်းထားလိုက်ကြသည်။

ယခုအချိန်တွင် ကျိရွှေရှန့်ကလည်း ပြန်မထွက်ခွာနိုင်ဘဲ စူးချင်းပြန်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

တစ်ဘက်မှ စူးချင်းကလည်း ဧကရီ၏တဲနန်းထဲမှ ပြန်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူမ ကျိရွှေရှန့်ကို ရှာရန် စျေးထဲသို့ ဦးတည်နေချိန်တွင် ဧကရီ၏ဖီးနစ်ဝေါယာဥ် ပြန်ရောက်လာသည်ကို သူမ တွေ့လိုက်ရသည်။ တော်ဝင်သက်တော်စောင့်များက ထိုရထားလုံးကို လေးဘက်လေးလန် ကာကွယ်ပေးထားကြသည်။

တာ့ထန်နိုင်ငံတော်၏အဆင့်အတန်း သတ်မှတ်မှုက တင်းကျပ်လှသည်။ ဧကရီ၏ ဖီးနစ်ဝေါယာဥ် ရောက်လာသောအချိန်တွင် အခြားသူများက နောက်ပြန်ဆုတ်ရသည်။ စူးချင်းကလည်း သူမတို့နှင့် တွေ့ဆုံသွားခဲ့ပြီး ချက်ချင်း မထွက်ခွာနိုင်တော့ပေ။ သူမ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ရပြီး ဝေါယာဥ်ဖြတ်ကျော်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။

တဲဝိုင်းသို့ ပြန်ဝင်ပြီးနောက် ဝေါယာဥ်က ရပ်သွားပြီး ဧကရီက ဝေါယာဥ်ပေါ်တွင် ထိုင်နေရင်း မည်းမှောင်သောမျက်နှာဖြင့် အမိန့်ပေးလိုက်သည်။

"တစ်မြို့လုံးကို ပိတ်ဆို့ပြီး မင်းသမီးကို တိုက်ခိုက်တဲ့ အမျိုးသမီးကို ဖမ်းလာခဲ့ကြ"

All Chapters