ထိုက်တောင်ကို မမြင်ခဲ့မိဘူး
Vol. 18 Ch. 269
စူးချင်းက သူမ၏မျက်လုံးများကို ပင့်မော့လိုက်ကာ ဝေါယာဥ်ပေါ်မှ ဆင်းလာသော ဧကရီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုနေသည့် အရိပ်များသာ ရှိနေခဲ့သည်။
‘ဟ ဟ.... ကျွန်မက ရှင့် ရှေ့မှာ ရှိနေတယ်လေ၊ ဒါပေမယ့် ရှင်က ဒီကြီးမြတ်တဲ့ သခင်မလေးကို မမြင်နိုင်ခဲ့ဘူးလေ'
ကျိရွှေရှန့်က စူးချင်း ပြန်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဒီတစ်ခေါက် သူတို့နဲ့အတူ လူပိုတွေ မခေါ်လာမိတာက အဆင်မပြေ ဖြစ်စေခဲ့တယ်။ သူ စူးချင်းကို သွားရှာချင်နေပေမယ့် ကုန်ပစ္စည်းတွေကို စောင့်ရှောက်ပေးမယ့်သူ မရှိတော့ ထွက်သွားလို့ မရဘူး။
ကျိရွှေရှန့်က စူးချင်း ထွက်သွားသည့် လမ်းကြောင်းကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်ပြန်သည်။
တတိယမင်းသား ရောက်လာခဲ့ပေမယ့် သူမက ပြန်ရောက်မလာသေးဘူး။ ဒါဆို သူမ ဘာတွေ လုပ်နေတာလဲ? သူမ ထွက်သွားတုန်းက တတိယမင်းသားကို သွားရှာမယ်လို့ ပြောသွားခဲ့တာ မဟုတ်ဘူးလား?
ကျိရွှေရှန့်က စူးချင်း တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ပြီး ထိုအချိန်မှာပင် လမ်းပေါ်၌ ပရမ်းပတာ ဖြစ်လာသည်ကို သူ သတိပြုမိလိုက်သည်။ ဓားနှင့် လှံများကို ကိုင်ဆောင်ထားသော တာ့ထန်စစ်သည်များက တာ့ထန်အဝတ်အစားဝတ်ဆင်ထားသည့် အမျိုးသမီးငယ်များကို လမ်းတလျှောက် စစ်ဆေးနေကြသည်။
ကျိရွှေရှန့်၏နှလုံးသားထဲတွင် အချက်ပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး စူးချင်းကို အမှတ်တမဲ့ တွေးလိုက်မိသည်။
ဒီတာ့ထန်စစ်သည်တွေက သူမကို ရှာနေတာဖြစ်နိုင်လား?
ထိုအတွေး သူ့စိတ်ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ကျိရွှေရှန့်က စူးချင်းကို ပို၍ပင် စိတ်ပူလာခဲ့သည်။ သူက ကုန်ပစ္စည်းများ ဂရုမစိုက်နိုင်တော့ဘဲ သာမာန်ဆန်ပြီး ရိုးသားသည့်အသွင်အပြင်ရှိသော တာ့ထန်ကုန်သည်တစ်ဦးကို ရှာဖွေကာ သူတို့၏ကုန်ပစ္စည်းများကို ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုလိုက်သည်။ ကျိရွှေရှန့်က သူ ပြန်ရောက်လာလျှင် ထိုလူအား ငွေတလျန် ချီးမြှင့်မည် ဖြစ်သည်။
ထိုကုန်သည်ကလည်း အလွယ်တကူ သဘောတူလိုက်သည်။ ကျိရွှေရှန့်က လှည်းနှင့် ကုန်ပစ္စည်းများကို ထိုကုန်သည်ထံ အပ်ထားခဲ့ပြီး စူးချင်းကို ရှာဖွေရန် စတင်ပြင်ဆင်လိုက်သည်။
သို့သော်လည်း မုတ်ဆိတ်မွေးကောက်ကောက်နှင့် တာ့ထန်အမျိုးသားတစ်ဦးက သူ့ကို တားဆီးခဲ့သည်။ ဤလူက သားရေဝတ်ရုံကို ဝတ်ဆင်ထားပြီး သားမွှေးဦးထုပ် ဆောင်းထားသူဖြစ်သည်။ သူ့၏မျက်နှာတစ်ဝက်တွင် မီးလောင်ဒဏ်ရာများ ဖုံးလွှမ်းနေပြီး အသက် ၄၀ ခန့်ရှိကာ သူ့၏မျက်လုံးများက ထူးထူးခြားခြား တောက်ပနေသည်။
ကျိရွှေရှန့် ထွက်သွားတော့မည်ကို မြင်လိုက်သည်နှင့် သူက ကျိရွှေရှန့်ကို လှမ်းတားလိုက်ပြီး တာ့ထန်ဘာသာစကားဖြင့် ကမ်းလှမ်းလိုက်သည်။
“ငါ မင်းရဲ့ အနက်ရောင်ကျောက်တုံးတွေ အရမ်းစိတ်ဝင်စားတယ်။ ငါတို့ သေသေချာချာ ဆွေးနွေးလို့ ရတယ်”
“နောက်တစ်ရက်မှ ဆွေးနွေးကြရအောင်... ဒီနေ့ ကျုပ် အရေးတကြီး လုပ်စရာ ရှိတယ်"
ကျိရွှေရှန့်က သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။ သူက စူးချင်းကို ရှာချင်နေပြီး ထိုလူကို ရှောင်သွားချင်သော်လည်း ထိုလူက သူ့ကို နောက်တစ်ကြိမ် တားဆီးလိုက်သည်။ သူက ကျိရွှေရှန့်နှင့် အမှန်တကယ် ဆွေးနွေးချင်နေပုံရပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ ကျိရွှေရှန့်ကို ပွင့်ပွင့်လင်းလင်း ထပ်ပြောလိုက်သည်။
"စျေးနှုန်းကို ညှိနှိုင်းလို့ရပါတယ်၊ ငါ ပေးတဲ့ စျေးက အဆငပြေစေရပါမယ်"
ထိုလူက အနက်ရောင်ကျောက်တုံးများအား စျေးကြီးပေးဝယ်ချင်နေကြောင်း ကြားလိုက်ရချိန်တွင် စျေးထဲမှ ကုန်သည်များက ပို၍ပင် စိတ်မကောင်း ဖြစ်သွားကြသည်။
သူတို့သာ တုံ့ဆိုင်းနေခဲ့ဘူးဆိုရင် အမြတ်အစွန်းတွေ အများကြီးရနိုင်ခဲ့မှာ သေချာတယ်။
"အခု ပစ္စည်းတွေ ရောင်းကုန်သွားပြီ"
ထိုလူက သူ့ကို တမင်တားထားသည်ကို နားလည်သွားသောကြောင့် ကျိရွှေရှန့်၏အမူအရာက ချက်ချင်း မှောင်သွားပြီး သူ့အသံတွင် စိတ်မရှည်မှုများ ရောပါနေခဲ့သည်။
"ဒီအသုတ်ရောင်းကုန်သွားရင်တောင် နောက်တစ်သုတ် ရှိဦးမှာပဲလေ"
ထိုတာ့ထန်ကုန်သည်က ပြောရခက်လွန်းပြီး ကျိရွှေရှန့်၏ စိတ်မရှည်သော ငြင်းပယ်မှုကိုပင် သူက စိတ်မဆိုးဘဲ အပြုံးဖြင့် ဆက်လက်နှောင့်ယှက်နေခဲ့သည်။
သို့သော်လည်း ထိုလူ၏ အပြုံးတစ်ဝက် မျက်လုံးများက ကျိရွှေရှန့်ကို နားမလည်နိုင်သော ရင်းနှီးမှုများ ပေးစွမ်းနေခဲ့သည်။ ထို့ကြောင့် သူက ရှင်းရှင်းလင်းလင်း ပြန်မေးရန် ကြံရွယ်လိုက်သော်လည်း တာ့ထန်စစ်သည်နှစ်ယောက်က လှံများကိုင်ဆောင်ကာ ပြေးလာသည်ကို သူ တွေ့လိုက်ရသည်။ သူတို့က ဈေးထဲမှ ကုန်သည်တစ်ယောက်၏သမီးကို အော်ဟစ်ဖမ်းဆီးနေကြသည်။
“ဒီမှာ တစ်ယောက်”
ထိုတာ့ထန်မိန်းကလေးက သူမ ကျူးလွန်ခဲ့သော ပြစ်မှုကို မသိဘဲ တာ့ထန်စစ်သည်များ၏ သူမ၏လည်ပင်းပေါ်သို့ ဓားတင်လိုက်သောကြောင့် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။
ထိုမိန်းခလေး၏ဖခင်ဖြစ်သည့် ကုန်သည်က တာ့ထန်စစ်သည်များထံ အလျင်အမြန် ချဉ်းကပ်သွားပြီး သူ့၏သမီး မည်သည့်ရာဇ၀တ်မှုကျူးလွန်ခဲ့သည်ကို မေးမြန်းနေခဲ့သည်။
"ထွက်သွား"
သို့သော်လည်း တာ့ထန်စစ်သည်များက သူနှင့်စကားပြောရန်ပင် နှောင့်နှေးနေနိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့က ထိုကုန်သည်ကို တွန်းထုတ်ပြီး လမ်းမလျှောက်နိုင်တော့အောင် ကြောက်ရွံ့နေသည့် သနားစရာမိန်းကလေးကို ဆွဲခေါ်သွားကြသည်။
ကျိရွှေရှန့်က သူ့ရှေ့မှ မုတ်ဆိတ်မွေးနှင့်ကုန်သည်ကို ပြန်ကြည့်လိုက်ရင်း သူ့နှလုံးက တစ်ချကစောင့်ခုန်သွားသည်။ ထိုလူက သူ့ကို ပြုံးပြနေသည်အား သူ မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် ထိုအမူအရာက အလွန်ရင်းနှီးနေခဲ့သည်။
"ခင်ဗျားက ဒီပစ္စည်းတွေကို စိတ်ဝင်စားနေမှတော့ စကားကောင်းကောင်း ပြောဖို့ နေရာတစ်ခုလောက် အရင်ရှာလိုက်ရအောင်"
ကျိရွှေရှန့်က ထွက်ခွာရန် အလျင်မလိုတော့ဘဲ လက်သီးအုပ်ကာ ထိုလူအား ပြန်ပြောလိုက်သည်။
“ကောင်းပြီ”
ထိုကုန်သည်က အပြုံးဖြင့် သဘောတူလိုက်သောကြောင့် ကျိရွှေရှန့်က သူ့၏ကုန်ပစ္စည်းလှည်းများဆီသို့ ပြန်သွားလိုက်သည်။
သူ ထွက်မသွားခဲ့သော်လည်း သူတို့ သဘောတူထားပြီးသားဖြစ်နေသောကြောင့် ကျိရွှေရှန့်က သူ ပစ္စည်းအပ်ခဲ့သည့်ကုန်သည်ကို ငွေတလျန်ပေးလိုက်သေးသည်။
"ခင်ဗျားက ဘာဝယ်ချင်လို့လဲ?"
သို့သော် တစ်ဖက်လူက တစ်စုံတစ်ခုကို ရောင်းနေပုံရသည့် လေသံဖြင့် သူ့ကို စကားပြန်ပြောလမည်ဟုတော့ ကျိရွှေရှန့်တစ်ယောက် မမျှော်လင့်ထားခဲ့မိပေ။
"ကျုပ်လှည်းတွေကို စောင့်ရှောက်ပေးတဲ့ အဖိုးအခ"
ကျိရွှေရှန့်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ ထိုကုန်သည်၏မျက်လုံးများထဲမှ ပရိယာယ်နှင့် လောဘဇောကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်၏မျက်လုံးများမှ အေးစက်သည့်အလင်းရောင်များ ထွက်လာခဲ့သည်။
ဒီလူက သူ့ပစ္စည်းတွေကို သိမ်းယူဖို့ ကြိုးစားနေတာလား?
"လှည်းစောင့်ရှောက်ခ ဆိုတာက ဘာကို ပြောတလဲ? ဒီပစ္စည်းတွေ အားလုံးက ငါ့ဥစ္စာတွေပဲ၊ ဒီလှည်းကလည်း ငါ့လှည်းပဲ။ လှည်းကြည့်ပေးခ ပေးနေစရာ မလိုဘူး"
တစ်ဖက်လူက ဆက်ပြီး မသိဟန်ဆောင်နေကာ ဤလူများက တစ်နှစ်ပတ်လုံး စျေးထဲတွင် ရှိနေပြီး အဖွဲ့မျး ထူထောင်ထားကြပုံပေါ်သည်။ ထိုကုန်သည်က သူ့ကုန်ပစ္စည်းများ ဖြစ်ကြောင်း စတင်ငြင်းဆိုလိုက်သည့်အချိန်မှစ၍ အခြားကုန်သည်များက သူတို့ကို ဝိုင်းထားလိုက်ကြသည်။
အလယ်ပိုင်းလွင်ပြင်မှ လူတစ်ဦး တာ့ထန်တွင် ဓါးပြတိုက်ခံရလျှင် တရားမျှတမှုရှာရန် နေရာမရှိပေ။ ထို့ကြောင့် သူတို့က လုံးဝ မကြောက်ရွံ့ဘဲ ကျိရွှေရှန့်၏ပစ္စည်းများကို ဝါးမျိုချင်နေကြသည်။
ကျိရွှေရှန့်က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး သူက လူတိုင်း၏အတွေးကို ဖတ်နိုင်ပုံဖြင့် ရယ်မောလိုက်သည်။ ထို့နောက် ဧကရီပေးထားသည့် ခါးချိတ်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
“မင်းက ငါ့ပစ္စည်းတွေကို မင်းအပိုင်လို့ ငြင်းချင်နေတာလား? သေမှာ မကြောက်ဘူးလား?”
ကျိရွှေရှန့်၏လက်ထဲမှ ခါးချိတ်တံဆိပ်ပြားကို တွေ့လိုက်ရချိန်တွင် ထိုကုန်သည်များက မည်သည့်အရာမှန်း သတိမပြုမိကြပေ။ သူတို့က သိချင်စိတ်ဖြင့် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြပြီး မှန်းဆနေကြသည်။
ကျိရွှေရှန့်ထဲမှ ထွက်ပေါ်နေသည့် ရောင်ဝါကလည်း ပြင်းထန်လွန်းသောကြောင့် သူတို့ ကမောက်ကမ စကားများ မပြောရဲကြပေ။ ကျိရွှေရှန့်၏ကုန်ပစ္စည်းများကို လိုချင်နေသည့် ကုန်သည်ကတော့ ထိုအရာကို လက်မခံချင်ဘဲ ထိုဟန်လူမျိုး၏လက်ထဲမှ ခါးချိတ်တံဆိပ်ပြားက သူတို့၏တာ့ထန်တွင် အထောက်အကူဖြစ်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
“အားလုံးပဲ၊ သူ့စကားကို နားမထောင်ကြနဲ့၊ သူက တာ့ရှားက သူလျှိုတောင် ဖြစ်နိုင်သေးတယ်။ ငါတို့က သူ့ကို ဖမ်းပြီး ရုံးတော်ပို့လိုက်ရင် ဆုလာဘ်တောင် ရနိုင်တယ်!”
သူ အော်ပြောလိုက်သည့် အခိုက်အတန့်တွင် တခြားလူများက စိတ်အားထက်သန်လာကြပြီး ကျိရွှေရှန့်ကို ဖမ်းရန် အလျင်အမြန် ရှေ့တိုးလာကြသည်။
သားရေအင်္ကျီဝတ်ထားသည့် မုတ်ဆိတ်မွေးနှင့် တာ့ထန်ကုန်သည်က ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။ သူက တိမ်ထဲတွင် ရပ်နေသည့် တောရိုင်းကြိုးကြာငှက်ကဲ့သို့ လက်နှစ်ဘက်နောက်ပစ်ကာ မတ်တပ်ရပ်ကြည့်နေပြီး ကျိရွှေရှန့်ကို ကူညီရန် ရည်ရွယ်ချက် လုံးဝ မရှိဖြင့် အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
ကျိရွှေရှန့်ကလည်း သူ့ကို ခပ်မြူးမြူး ပြန်စိုက်ကြည့်လိုက်ပြီး သူ့ကို ဖမ်းရန် အပြေးအလွှားရောက်လာကြသည့် တာ့ထန်ကုန်သည်များ အားလုံးကို ကန်ထုတ်ပစ်လိုက်သည်။
ထိုနေရာတွင် ရန်းရင်းဆန်ခတ် ဖြစ်နေကြပြီး ဟန်လူမျိုးတစ်ယောက် သူတို့၏တာ့ထန်ကုန်သည်များအား ရိုက်နှက်နေကြောင်း ကြားသိလိုက်ချိန်တွင် တာ့ထန်စစ်သည်များက သူတို့၏လက်နက်များကို မြှောက်ကာ ကျိရွှေရှန့်ကို ဝိုင်းထားလိုက်ကြသည်။
ကျိရွှေရှန့်၏မျက်နှာက အေးစက်နေပြီး သူက လူအုပ်ကို ပတ်ပတ်လည်လိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက သူလက်ထဲမှ ကျောက်စိမ်းပြားကို လေထဲတွင် မြှောက်ပြထားလိုက်သည်။ ထိုခါးချိတ်တံဆိပ်ပြားကို မြင်လိုက်ချိန်တွင် တာ့ထန်စစ်သည်များက သူတို့၏ဓားနှင့် လှံများကို အဆောတလျင် ပစ်ချလိုက်ကြပြီး သူတို့၏အမူအရာများကလည်း မျက်မှောင်ကြုတ်နေရာမှ လေးစားသည့်အသွင်သို့ ပြောင်းလဲသွားကြသည်။
ကျိရွှေရှန့်က သူ့၏ကုန်ပစ္စည်းများကို သိမ်းယူချင်နေသည့် ကုန်သည်ကို ညွှန်ပြလိုက်ပြီး "ဒီလူက ငါ့ရဲ့ပစ္စည်းတွေကို လိမ်ယူချင်နေတယ်"
တာ့ထန်စစ်သည်များက ကျိရွှေရှန့်ကို ဝိုင်းရံထားစဉ်တွင် ထိုကုန်သည်က ကျေနပ်နေဆဲ ဖြစ်သည်။
တာ့ရှားပြည်ထောင်ရဲ့ နှိမ့်ကျတဲ့ အောက်တန်းစား သာမန်ပြည်သူတစ်ယောက် ဘယ်လိုလုပ်ပြီး သူတို့ရဲ့နယ်မြေမှာ လာရမ်းကားရဲရတာလဲ?
အခု သူတို့က သူ့ပစ္စည်းတွေကို သိမ်းပိုက်နိုင်တော့မယ်။ ဒီလူကတော့ တာ့ထန်ကနေ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မေ့ပစ်ရတော့မယ်။
သို့သော် ခါးဆိပ်တံဆိပ်ပြားကို မြင်လိုက်သည်နှင့် စစ်သည်များက ဤမျှလောက် လေးစားနေကြမည်ဟုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ကုန်သည်များအားလုံး ထိတ်လန့်သွားကြသည်။
သူတို့ အရေးကြီးတဲ့ပုဂ္ဂိုလ်ကြီးကို စော်ကားမိတာဖြစ်နိုင်မလား?
ကျိရွှေရှန့်ကို မျက်နှာသာပေးရန်အတွက် တာ့ထန်စစ်သည်များ၏ ခေါင်းဆောင်ငယ်လေးက သူ့ဓားကို ထိုကုန်သည်၏လည်ပင်းပေါ်တင်လိုက်ပြီး တင်းမာသောအမူအရာဖြင့် ပြစ်တင်ဆုံးမလိုက်သည်။
"မင်းက ဒုက္ခရှာရဲတယ်လား?"
“ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ဒုက္ခမပေးဝံ့ပါဘူး”
အေးစက်စက် ဓားက သူ့လည်ပင်းပေါ်ရောက်လာသောကြောင့် ထိုကုန်သည်က အလွန်ကြောက်လန့်သွားပြီး ဘောင်းဘီထဲတွင် သေးထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ကျိရွှေရှန့်ကို တောင်းပန်နေခဲ့သည်။
"ကျွန်တော်မျိုးက မျက်စိကန်းပြီး ထိုက်တောင်ကြီးကို မမြင်မိပါဘူး၊ လူကြီးမင်းကို စော်ကားမိခဲ့ပါတယ်၊ ခွင့်လွှတ်ပေးပါ"
“အရာရှိကြီး၊ ကျွန်တော်မျိုး ပြောပြရမယ်ဆိုရင် မူလက သားရေလှည်းငါးစီး ရှိပေမယ့် အခု လှည်းနှစ်စီးပဲ ကျန်တော့တယ်။ လှည်းသုံးစီး အခိုးခံလိုက်ရတယ်”
ကျိရွှေရှန့်က အားနည်းသူများကို အနိုင်ကျင့်တက်ပြီး အားကြီးသူများကို ကြောက်ရွံ့တက်သည့် ထိုတာတာကုန်သည်ကို ငုံ့ကြည့်ရင်း စကားစလိုက်သည်။
တကယ်လို့ သူက တာ့ရှားပြည်ထောင်မှ သာမန်ကုန်သည်တစ်ဦးဖြစ်ခဲ့ရင် သူတို့က ဒီကုန်ပစ္စည်းတွေကို ဝါးမျိုသွားလိမ့်မယ်။ ဒ့ါကြောင့် သူက ဒီကုန်သည်ကို ကရုဏာကင်းကင်းနဲ့ တန်ပြန် တိုက်ခိုက်ရမယ်။
ထိုကုန်သည်က တရားမျှတမှုအတွက် ပြန်အော်လိုက်သည်။
“သားရေ လှည်းငါးစီးတဲ့လား? အဲ့ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ? အဲ့ဒါကို ကောင်းကင်နဲ့မြေကြီးတောင် သိတယ်၊ ငါက ဘာလို့ အဲ့လို လုပ်ရမှာလဲ?!"
ထိုကုန်သည်က တာ့ထန်၏စစ်သည်ခေါင်းဆောင် ဆီသို့ တွားသွားကာ ထိုစစ်သည်ခေါင်းဆောင်၏ခြေထောက်ကို ဖက်ထားရင်း သူ့၏အပြစ်ကင်းမှုအတွက် တောင်းပန်နေခဲ့သည်။ သူက အနားတွင် ရှိနေသည့် ကုန်သည်များကို လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်သေးသည်။
“အရာရှိကြီး သူတို့ကို မေးလို့ ရပါတယ်။ သူတို့က ကျွန်တော်မျိုးအတွက် သက်သေခံပေးနိုင်ပါတယ်။ သားရေတွေက လှည်းနှစ်စီးစာပဲ ရှိတာပါ”