← Chapters

ပြင်းထန်သော တိုက်ပွဲ

Vol. 6 Ch. 573

ပြင်းထန်သော တိုက်ပွဲ

Vol. 6 Ch. 573

"လီရွှေရောင် မျက်လုံး ..."

ချန်းဖန်သည် ထိုနတ်ဘုရား စွမ်းအားကို အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ချိုးဖျက်စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။

ရွှေရောင်လီ မီးတောက် မျက်လုံးသည် "အချိန် ကုန်လွန်ခြင်း" ပြီးလျှင် ချန်းဖန်၏ အစွမ်း အထက်ဆုံး နတ်ဘုရား စွမ်းအားလည်း ဖြစ်သည်။

ရွှေရောင် မီးတောက် နဂါးနှစ်ကောင်က လေထုကို ဝါးမျိုကာ ပြင်းထန်သော အပူချိန်ကို ထုတ်လွှတ်သည်။ ထိုနဂါးများမှ ထုတ်လွှတ်နေသော အပူချိန်မှာ ကမ္ဘာ့ အမတေ ကျောက်ရည်ပူများထက်ပင် ပိုမို ပူလောင် နေ၏။

"ဘုန်း ..."

နဂါးများက ပျံဝဲကာ တစ္ဆေမြို့စား ရှိရာသို့ တိုးဝင် တိုက်ခိုက်သည်။

"လာစမ်း ..."

တစ္ဆေမြို့စားက အော်ဟစ်ရာတွင် သူ၏ နောက်ရှိ အမှောင် စွမ်းအားများ ထကြွလာ၏။

တစ်ချိန်တည်းတွင်ပင် သူက သေဆုံးခြင်း ရုပ်တုကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မြေပြင်နှင့် ကိုင်ရိုက်လိုက်သည်။ ထိုအခါ ကျိန်စာများက ရုပ်တုမှ ပြန့်ကား ထွက်လာကာ သွေးရောင် အလင်းကို ထုတ်လွှတ်လေ၏။

လီရွှေရောင် နဂါးများကား ကျယ်လောင်စွာ ဟိန်းဟောက်၍ သွေးရောင် အလင်းများကို ကျော်ဖြတ်၏။ တစ်ခဏ အတွင်းမှာပင် သွေးရောင် အလင်းများ အားလုံး ဖျက်ဆီး ခံရကာ ရွှေရောင်နဂါးက ရှေ့သို့ ဆက်၍ တိုးလာခဲ့သည်။

"မလုပ်နဲ့ ..."

တစ္ဆေမြို့စား၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွား၏။

သူကား နှစ်သုံးရာ နေခဲ့သည့်တိုင် ယခုကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ရင်မဆိုင်ဖူးခဲ့ချေ။

သူတော်စင် အန်တိုနီယိုနှင့် ယှဉ်ပြိုင်စဉ်ကပင် သူ့တွင် ယခုကဲ့သို့ ကြောက်ရွံ့စိတ် မဖြစ်ခဲ့ချေ။

"သေလိုက် ..."

ထိုအချိန်မှာပင် ချန်းဖန်၏ မျက်လုံးများ၌ ရွှေရောင် မီးတောက်များ ထပ်မံ ပေါ်ထွက်လာကာ လမ်းတစ်လျှောက်ရှိ အရာ အားလုံးကို တိုက်စား၏။

သွေးမူးမတ်၏ အထီးကျန်သွေးဓား၊ သေခြင်း နတ်ဆိုး၏ ကျိန်စာများ ... မည်သည့် အရာမဆို လီရွှေရောင် မီးတောက်များ၏ လောင်ကျွမ်းမှုကို မခုခံနိုင်ခဲ့ချေ။ အရာအားလုံး ဖျက်ဆီးခံရလေ၏။

"ငါတို့ ဆရာ ပြန်ပြီး အသာစီး ရလာပြီ ..."

အားရှို့က တိုက်ပွဲ အပြောင်းအလဲကို ကြည့်ရင်း ပျော်ရွှင် စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။ ယူကီရှိရိုဆာ အပါအဝင် မြောက်ပိုင်းချုံး၏ ပညာရှင်များမှာ ယခုမှ သက်ပြင်း ချနိုင်ကြတော့သည်။

သို့သော်လည်း သူတို့၏ ပျော်ရွှင်မှုများကား တာရှည် မခံခဲ့ချေ။

"သွေး ..."

ရုတ်တရက် အဝေး တစ်နေရာမှ တိုးညှင်းသော အသံတစ်ခု လူတိုင်း၏ နားစည် အတွင်းသို့ ဝင်ရောက် ရိုက်ခတ်လာ၏။

ထိုရေရွတ်သသည် ငရဲပြည်မှ နှိပ်စက်သူ မိစ္ဆာများ ချွန်လိုက်သော လေချွန်သံ အလား လူတိုင်းကို ကြက်သီးထ သွားစေသည်။ ထိုအရာ၏ ဖြစ်တည်မှုသည် ရှေ့ဟောင်းဆန်ကာ မိစ္ဆာနှင့် နတ်ဆိုးများ၏ သဘာဝကို သယ်ဆောင်ထား၏။

"သွေး ..."

အသံက တိုးညင်းစွာ ပျောက်ကွယ် သွားသွားချင်းပင် ကောင်းကင်၌ သွေးမြစ်ကြီး တစ်စင်း အရှိန်အဟုန်ဖြင့် ပေါ်လာ၏။

ထို သွေးမြစ်က ချန်းဖန်နှင့် တစ္ဆေမြို့စားတို့၏ အကြားသို့ ဝင်ရောက် တားဆီးသည်။

"ဝေါ ..."

သွေးမြစ်သည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ကောင်းကင်၌ ပျံသန်းနေဆဲ ဖြစ်သော ချန်းဖန်၏ ဓားကိုးစင်းကို ဝါးမျိုရန် ကြိုးစား၏။

သွေးမြစ်ကြီး၏ ဝါးမျိုမှုတွင် ချန်းဖန်နှင့် ဓားကိုးစင်း အကြားမှ ချိတ်ဆက်မှုကား တဖြည်းဖြည်း အားနည်းလာခဲ့တော့သည်။

တစ်ချိန်တည်းတွင်ပင် တစ္ဆေမြို့စားသည် သွေးမြစ်ဆီသို့ တိုးဝင်ကာ သွေးများကို အငမ်းမရ စုပ်ယူ၏။ ထိုခဏတွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက တဖြည်းဖြည်း မှေးမှိန်ကာ ပြန်လည် ပျောက်ကွယ်သွား၏။

"ဝေါ ..."

သွေးမြစ်က ကျယ်လောင်စွာ အော်ကြွေးရင်း ရွှေရောင် မီးတောက် နဂါးများကို ပိတ်ဆို့သည်။ ရွှေရောင် နဂါးများသည် အလွန်အမင်း ပူပြင်းသော်လည်း သွေးမြစ်ကြီးက ဂရုစိုက်ခြင်း မရှိချေ။

"ချန်းပေ့ရွှမ်း ... သွေးမြစ်က ငါတို့ သွေးမျိုးဆက်ရဲ့ အစွမ်း အထက်ဆုံး နတ်ဘုရား လက်နက်ကွ ... ဒီ လက်နက်ကို ငါတို့ တစ်ခါမှ ထုတ်မသုံးခဲ့ဖူးဘူး ... သွေးမြစ် လက်နက်က လူ သန်းပေါင်းများစွာရဲ့ သွေးတွေနဲ့ လုပ်ထားတာ ... မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ... ဒါကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့် မနေနဲ့ ..."

အမှောင်မြို့စားက ပြုံးရင်း အော်ဟစ် ပြောလိုက်သည်။ သူကား သူတို့၏ သွေးမြစ် လက်နက် အပေါ်၌ အလွန်အမင်း ယုံကြည်ချက် ပြင်းထန် နေခဲ့သည်။

ချန်းဖန်ကမူ သူ့အား စကား တစ်ခွန်းပင် ပြန်မပြောပဲ ကျင့်စဉ်ကိုသာ နှစ်ဆ မြှင့်လိုက်သည်။

ထိုအချိန်၌ အမှောင်မြို့စား၏ စကားကြောင့် ယူကီရှီရိုဆာ၏ နှလုံးသားမှာ ရေခဲဂူ တစ်ခု အတွင်းသို့ နစ်မြုပ်သွားသည့် အလား အေးစက် နေချေပြီ ဖြစ်သည်။

အမှောင်ခုံရုံး၌ ထိုမျှလောက် အစွမ်းထက်သော လက်နက် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။

"ရှဲ ... ရှဲ ..."

လီရွှေရောင် မီးတောက်များက ဆက်လက် လောင်ကျွမ်းနေသော်လည်း ထိုအရာများကား အကန့်အသတ် ရှိ၏။

သုံးမိနစ် အကြာ၌ ချန်းဖန်၏ မီးတောက် နဂါးများ ပျောက်ကွယ်သွားကာ ရွှေရောင် မီးတောက် နှစ်ခုသာ ကျန်ရှိတော့သည်။

ထို မီးတောက် နှစ်ခုသည်လည်း အချိန်မရွေး ငြိမ်းသေတော့မည့် အလား တဖြည်းဖြည်း အားနည်းလာနေခဲ့သည်။

တစ်ချိန်တည်းတွင်ပင် တဝေါဝေါ စီးဆင်းနေသည့် သွေးမြစ်ကြီးသည် ချန်းဖန်နှင့် ပိုမို နီးကပ်လာခဲ့သည်။

"ဘုန်း ..."

ချန်းဖန်က မိုးကြိုး တံဆိပ်တုံးကို အသက်သွင်း၍ တိုက်ခိုက်လိုက်သော်လည်း မိုးကြိုးများမှာ သွေးမြစ်ကို ဖျက်ဆီးနိုင်စွမ်း မရှိချေ။

"ဆရာ ရှုံးတော့မှာလား ..."

အားရှို့နှင့် အခြားလူများကား အလွန်တရာပင် စိတ်လှုပ်ရှား နေကြပြီ ဖြစ်သည်။ သူတို့၏ မျက်နှာများကား သွေးမရှိသည့် အလား ဖြူရော်၍ပင် နေကြသည်။

အခြား လာရောက်ကြည့်ရှုကြသည့် ပညာရှင်များသည်လည်း ခေါင်းကိုသာ ဘယ်ညာ ခါယမ်းနေမိကြတော့၏။

"ချန်းပေ့ရွှမ်းက တကယ်ပဲ အစွမ်းထက်ပါ ပေတယ် ... ဒါပေမဲ့ သူ့ရဲ့ ခွန်အားက အမှောင် သခင်ကြီးတွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုနဲ့ ယှဉ်လို့ မရသေးဘူး ... အမှောင် သခင်ကြီးတွေက ရာစုနှစ် သုံးခုလောက် အထိ ကမ္ဘာကို စိုးမိုးနိုင်ခဲ့တဲ့ သူတွေ ... ဒီတော့ သူတို့ဆီမှာ ကမ္ဘာ တစ်ခုလုံးက လျှို့ဝှက် လက်နက် ရတနာတွေ မရေမတွက်နိုင်အောင်ကို ရှိတာ မဆန်းပါဘူး ..."

အချို့သော ပညာရှင်များကမူ တစ်ဖက်သတ် တိုက်ပွဲကို ဆက်လက်၍ မမြင်ချင်တော့သည့် အလား ခေါင်းများကို ခါယမ်းရင်း ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ အမှောင်ခုံရုံးကို အားပေးသူများမှာမူ တောက်ပသော မျက်လုံးများဖြင့် အောင်ပွဲခံရန် အဆင်သင့် ဖြစ်၍ နေကြသည်။

ထိုအချိန်တွင်ပင် ...

"ဘုန်း ..."

ရုတ်တရက် ပေါက်ကွဲမှု တစ်ခု အဝေးမှ ထွက်ပေါ်လာ၏။ ထိုအသံနှင့် အတူ ကြီးမားသော ကိုယ်ကာယကြီး တစ်ခုမှာ "ဝှစ် စတယ်ရီယာ" စံအိမ်၏ ဝန်းနံရံများကို ကျော်ဖြတ်ကာ လွင့်စဉ်လာသည်။

ထိုအရာကား ထုံရှန်းပင် ဖြစ်သည်။ ထုံရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးရား ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်လို့ နေသည်။ သူကား တိုက်ပွဲ၌ အရေးနိမ့်ခဲ့သည်မှာ ကျိန်းသေပေသည်။

"ဟားဟား ... လာဦးလေကွာ ..."

စစ်နတ်ဘုရား ဘားက ထုံရှန်း လွင့်စဉ်လာသော အပေါ်အတိုင်း ထွက်လာ၍ ခဏ အတွင်းမှာပင် အားလုံး၏ ရှေ့သို့ ရောက်လာခဲ့သည်။

သူ၏ လက်တွက်မူ ကြေးရောင် တလက်လက် တောက်ပနေသော စစ်ပုဆိန်ကြီး တစ်ခုကို ဆွဲကိုင်ထားသည်။ ထို ပုဆိန်သည်လည်း ဝိညာဉ် ရတနာ တစ်ခုပင် ဖြစ်သည်။

စစ်နတ်ဘုရားဘားမှာ ခွန်အား သက်သက်ဖြင့်ပင် ထုံရှန်းထက် ပိုမို သန်မာရာ ဝိညာဉ် လက်နက်အား ဆွဲကိုင်လိုက်သော အခါ၌ကား သူသည် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်း သွားသည်။ ထုံရှန်း အနေဖြင့် သူ့အား လုံးဝ မယှဉ်နိုင်တော့ချေ။

"ထုံရှန်းတောင် အကန့်အသတ်ကို ရောက်သွားပြီလား ..."

မြောက်ပိုင်းချုံး၏ ပညာရှင်များမှာ သက်ပြင်းရှိုက် လိုက်မိကြသည်။

မြောက်ပိုင်းချုံးဂိုဏ်း၌ ထုံရှန်းကား အစွမ်း အထက်ဆုံး တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင် ရှုံးနိမ့်ခဲ့ရသည့် အပြင် ဂိုဏ်းချုပ် ချန်းဖန် သည်လည်း အရေးနိမ့် နေရာ ကျန်လူများ အတွက် အသက်ရှင်သန်ရန် အခွင့်အရေးမှာ အလွန် နည်းပါးသွားပြီ ဖြစ်သည်။

ထိုအတွေးဖြင့် မြောက်ပိုင်းချုံးဂိုဏ်း ကျင့်ကြံသူများ၏ စိတ်များ မတည်မငြိမ် ဖြစ်ကာ အစီအရင်မှာလည်း တိုက်ခိုက်ရေး စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် ယူကီရှီရိုဆာက ကြားဝင်၍ စီရင်သူများကို တားဆီးလိုက်ရသည်။

"မြောက်ပိုင်းချုံးဂိုဏ်း တကယ်ပဲ ရှုံးနိမ့်ရတော့မှာလား ..."

လူတိုင်းကား တိုက်ပွဲ၌ စိတ်နစ်နေကြရာ အသက်ရှူရန်ပင် မေ့လျော့နေကြတော့၏။

***

All Chapters