ရှေ့မတိုးနိုင်ရင် နောက်ဆုတ်မယ်
Vol. 19 Ch. 285
တိုက်ပွဲမရောက်သေးခင် မင်း ရှေ့မတိုးနိုင်ရင် အရင် နောက်ဆုတ်ပေးရမယ်....
သူနဲ့ ဧကရီနဲ့ ဒုတိယမင်းသားကြားက ဆက်ဆံရေးက မီးနှင့်ရေလိုဖြစ်လာပြီး သဟဇာတမဖြစ်တော့တဲ့ အနေအထားကို ရောက်နေပြီ၊ တစ်ဘက်က သူ့ကို သည်းမခံနိုင်တဲ့အဆင့်ကိုလည်း ရောက်ရှိနေပြီ။ နောက်တဆင့်က ဘယ်သူ ရှေ့တိုးတာ ပိုမြန်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်။
စူးချင်းက ခေါင်းညိတ်လိုက်သည်။
သူ့မှာ အစီအစဥ် ရှိနေပုံရတာကြောင့် သူမအနေနဲ့ စိတ်ပူစရာ မလိုတော့ဘူး။
ယဲ့လွီချွမ်းက သူ့ကိုယ်သူတောင် မကာကွယ်နိုင်ခဲ့ရင် အနာဂတ်မှာ ဒီတိုင်းပြည်ကို အုပ်စိုးဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။
လျှို့ဝှက်လမ်းကြောင်းက ယဲ့လွီချွမ်း၏တဲနန်းအောက် တည့်တည့်တွင် ဖြစ်သည်။ သူက စူးချင်းကို ခန်းမဆောင်ထဲသို့ ခေါ်သွားခဲ့ပြီး သူ့၏ကျားသားရေထိုင်ခုံကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ကြမ်းခင်းသားရေပြားကို လှန်လိုက်ပြီး တစ်နေရာရာကို ဖိလိုက်ရာ သူ့၏ကုလားထိုင်အောက်တွင် အေးစက်ပြီး မှောင်မည်းနေသော ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာခဲ့သည်။
"သခင်မလေးစူးကို ဒုက္ခများစေမိလို့ တောင်းပန်ပါတယ်”
ယဲ့လွီချွမ်းက စူးချင်းကို တောင်းပန်ပြီးရင်း တောင်းပန်နေခဲ့သည်။
"ဂရုစိုက်ပါ"
စူးချင်းက လျှို့ဝှက်လမ်းကြောင်းထဲသို့ ခုန်မဆင်းမီ သူ့ကို ထိုစကားတစ်ခွန်းသာ ပြန်ပြောခဲ့သည်။ သူမ ခုန်ဆင်းသွားသည်နှင့်တစ်ပြိုင်နက် ယဲ့လွီချွမ်းက လျှို့ဝှက်လမ်းကြောင်းကို အမြန် ပြန်ပိတ်လိုက်သည်။
စူးချင်း ထွက်သွားပြီးချိန်တွင် ဧကရီက တော်ဝင်အစောင့်များနှင့်အတူ ယဲ့လွီချွမ်း၏တဲစခန်းဆီသို့ အမြန်ရောက်လာခဲ့သည်။
ယဲ့လွီချွမ်းက အသက်ကို ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းရင်း ဧကရီကို ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့သည်။
တစ်ဖက်တွင် စူးချင်းက လျှို့ဝှက်လမ်းထဲတွင် ရှိနေပြီး ထိုနေရာက အလွန်မှောင်မည်းနေသဖြင့် သူမလက်ချောင်းများကိုပင် သူမ မမြင်နိုင်တော့ပေ။ စူးချင်းက ရှောင်ချီကို မီးထွန်းခိုင်းလိုက်ပြီး ထိုမီးရှူးတိုင်ကြောင့် ပို၍ ရှင်းရှင်းလင်းလင်း မြင်လာနိုင်ခဲ့သည်။
လျှို့ဝှက်လမ်းက နှစ်မီတာခန့်မြင့်ပြီး အများအားဖြင့် တာတာများက သဲမြေဖြင့် ဆောက်လုပ်လေ့ရှိသောကြောင့် မြေပြိုကျပါက အန္တရာယ် မရှိစေရန် သစ်လုံးများ၊ ပျဉ်များဖြင့် ထောက်မ ကာရန်ထားသည်။ လျှို့ဝှက်လမ်းအတွင်းမှ အေးစက်သောလေက ပြင်းထန်လွန်းလှပြီး မီးတိုင်ပေါ်မှ မီးတောက်များပင် လူးလွန့်နေလေသည်။
စူးချင်းက မျက်ခုံးပင့်လိုက်သည်။
သူမ ထင်ထားတဲ့အတိုင်းပဲ ဒီယဲ့လွီချွမ်းမှာလည်း အစီအစဉ် ရှိပုံရတယ်၊ တကယ်တော့ သူကလည်း သူများဆီကနေ ဖိနှိပ်ခံရတာ များလွန်းပြီး သည်းမခံနိုင်တော့တဲ့ပုံပါပဲ။
လျှို့ဝှက်လမ်းမှ ထွက်သွားပြီးနောက် စူးချင်းက ထိုနေရာတွင် တာ့ထန်လူမျိုးများ၏ သင်္ချိုင်းတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ လျှို့ဝှက်လမ်း၏အဝင်ပေါက်က သင်္ချိုင်းအနောက်ဘက်တွင် ရှိနေပြီး နံရံပေါ်တွင် ငေါ့ထွက်နေသော ကျောက်တုံးတစ်ခု ရှိသည်။ စူးချင်းက ရှေ့သို့ တိုးသွားလိုက်ပြီး ထိုကျောက်တုံးကို ဖိချလိုက်ရာ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး သင်္ချိုင်းနံရံလည်း ပွင့်သွားခဲ့သည်။ သင်္ချိုင်းဂူနံရံတွင် တံခါးပေါက်တစ်ခု ကွဲအက်လာခဲ့ပြီး သိသာသောအလင်းရောင်တစ်ခု သူမရှေ့သို့ ရောက်လာသည်။ သူမရှေ့တွင် အပြာရောင်ကောင်းကင်၊ တိမ်ဖြူများနှင့် ရွှေရောင်သန်းနေသည့် နေရောင်ခြည်ကို မြင်နေရသည်။
တံခါးဖွင့်သံကြောင့် သင်္ချိုင်းအတွင်း တရားထိုင်နေသည့် ဝတ်ရုံနက်လူကို အနှောင့်အယှက် ဖြစ်သွားစေပုံရသည်။ သူက အသံလာရာဆီသို့ ရုတ်တရက် လှည့်ကြည့်လာခဲ့သည်။ စူးချင်းက သင်္ချိုင်းထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့ပြီး သူမလည်း ထိုအနက်ရောင်၀တ်လူ တရားထိုင်နေသည်ကို တွေ့သွားခဲ့သည်။
ဒါကို အားထုတ်မှု မရှိဘဲ လွယ်လွယ်ရတာမျိုးလို့ သတ်မှတ်နိုင်တယ်။
စူးချင်းက သူ့ကို အေးစက်စက် ပြုံးပြလိုက်ပြီး "တိုက်ဆိုင်လိုက်တာ"
ထိုအနက်ရောင်ဝတ်လူက အလွန်ကြောက်လန့်သွားပြီး မြေအောက်မှ ရုတ်တရက် ထိုးထွက်လာသည့် စမ်းချောင်းကဲ့သို့ မြေပြင်မှ ခုန်ထကာ ပြေးရန် ကြံစည်လိုက်သည်။
စူးချင်းအတွက်ကတော့ သူမက သူ့ကို နောက်ဆုံးမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
သူမက သူ့ကို ဘယ်လို ထွက်ပြေးခွင့်ပေးနိုင်မှာလဲ?
သို့သော်လည်း စူးချင်း သူ့ကို လိုက်မဖမ်းရသေးခင်မှာ ရှောင်ချီက စနစ်ထဲမှ ပြေးထွက်လာခဲ့သည်။ သူမ၏ဖြူဖြူဖွေးဖွေး ခန္ဓာကိုယ်လေးက အနက်ရောင်၀တ်လူဆီသို့ တိုးဝင်သွားခဲ့သည်။ ထိုအနက်ရောင်၀တ်လူက မြူဗုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သော်လည်း သူ မီးခိုးများထဲမှ မထွက်သွားနိုင်မီ ရှောင်ချီ၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသည်။
ထိုလူ့ကို အောင်မြင်စွာ ဝင်တိုက်ပြီးနောက် ရှောင်-ဖက်တီးလေး-ချီက သူမ၏ ခန္ဓာကိုယ်တုတ်တုတ်လေးကို လေထဲသို့ ထိုးတက်သွားစေပြီး မြေပြင်ပေါ်သို့ ပြန်ကျစေကာ မြေပြင်ပေါ်တွင် လဲကျနေသည့် အနက်ရောင်ဝတ်အမျိုးသားပေါ်သို့ အပြင်းအထန် ဖိချလိုက်သည်။
"အား"
အနက်ရောင်၀တ်အမျိုးသား၏အရိုးများက ကျိုးသွားပုံရကာ သူက နာကျင်စွာ အော်ဟစ်လိုက်သောကြောင့် သူ့၏ကျီးကန်းကဲ့သို့ စူးရှသောအသံကြီး ထွက်ပေါ်လာလေသည်။ စူးချင်းက ရှေ့သို့ တိုးသွားပြီး အောက်သို့ ငုံ့ကာ ထိုလူ့၏မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။
သူက မျက်ခုံးမွှေးမရှိသည့် သိမ်းငှက်မျက်လုံးချိုင့်ချိုင့်များနှင့် နှာတံတောက်တောက်ကို ပိုင်ဆိုင်သည့် ပိန်ပါးခြောက်ကပ်နေသည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် အကော်ဒီယံနှင့်တူပြီး သူ၏အရေပြားက သွေ့ခြောက်နေသောသစ်ပင်၏အခေါက်ကဲ့သို့ ဖြစ်နေလေသည်။
ရုတ်တရက် ကြည့်လိုက်လျှင် သူက လူနှင့်မတူဘဲ လင်းယုန်တစ်ကောင်နှင့်တူနေလေသည်။
စူးချင်းက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။
သူက အဲဒီနေ့က ဧကရီနန်းတော်မှာ သူမ တွေ့ခဲ့ရတဲ့ တာအိုဘုန်းကြီး မဟုတ်ဘူးလား?
သူဆိုတာ သူမ သိသင့်တယ်။ အများအားဖြင့်တော့ တာအိုဘုန်းကြီးတွေက မရိုးမဖြောင့်တဲ့အရာတွေကို နှစ်သက်ကြတယ်။
"ငါ့ကိုသက်ညှာပေးပါ၊ ငါ့ကို သက်ညှာပေးပါ"
ယဲ့ချန်းရှန့်က သနားညှာတာပေးရန် တောင်းပန်နေပြီး သူ့လက်က သူ့ရင်ဘတ်ထဲသို့ မသိမသာ ရောက်ရှိသွားခဲ့သည်။ ရှောင်-ဖက်တီလေး-ချီက သူ၏လှုပ်ရှားမှုကို သတိပြုမိနေပြီး သူ့အပေါ်တွင် အုပ်မိုးထားသည့် ချွန်ထက်သောသွားများကို ဖွင့်ကာ ထိုလူ၏ခြောက်သွေ့နေသော ခြေချောင်းများကို ကိုက်ချလိုက်သည်။
"အား"
ယဲ့ချန်းရှန့်က ထအော်လိုက်သည်။ စူးချင်းက ရှေ့တိုးသွားပြီး သူ့လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်သောကြောင့် သူ အကြားကြီး အကိုက်မခံရတော့ပေ။
ယဲ့ချန်းရှန့်၏လက်ထဲမှ အရာဝတ္ထုကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုအရာက ခိုဥနှင့်တူသောအဖြူရောင်အရာတစ်ခု ဖြစ်သည်။ စူးချင်း ကြည့်နေစဥ်မျာပင် တစ်ခုခု ပြောင်းလဲသွားပြီး အလွန်ဖြူစင်ပုံရသော ဥကလေးက မြင်သာသော အရှိန်ဖြင့် အဆိပ်ရှိသော မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး စူးချင်းဆီသို့ ပျံတက်လာခဲ့သည်။
စူးချင်းက သူမ၏ ဓားကို မြှောက်လိုက်ပြီး ထိုမြွေ၏ခေါင်းကို ခုတ်ချလိုက်သည်။ မြွေ၏ခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးမှ ထပ်ခုန်လိုက်သောကြောင့် ယဲ့ချန်းရှန့်၏နှာခေါင်းကို အသေအချာ ကိုက်မိသွားခဲ့သည်။
ယဲ့ချန်းရှန့်၏မျက်လုံးများက ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့သည်။ သို့သော် သူ အော်ဟစ်ရန်ပင် အချိန်မရှိတော့ပေ။ သူ့မျက်နှာက လျင်မြန်သောအရှိန်ဖြင့် စိမ်းပြာရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့၏ပါးစပ်၊ နှာခေါင်း၊ နား၊ ပါးစပ်စသည့် ဒွါရခုနစ်ပေါက်တို့မှ အနက်ရောင်သွေးများ စီးကျလာသည်။
သူ သေသွားပြီပဲ။
ဤသည်မှာ အဆိပ်အလွန်ပြင်းသည့်မြွေတစ်ကောင် ဖြစ်သည်။ ယဲ့ချန်းရှန့်က ထိုမြွေကို သူကိုယ်တိုင် မွေးမြူထားပြီး ထိုမြွေဖြင့် လူသတ်ရခြင်းက သူ အနှစ်သက်ဆုံးနည်း ဖြစ်သည်။ ယခု သူက ထိုမြွေကို သူ့အတွက် ကောင်းကောင်း ပြန်အသုံးချနိုင်ခဲ့သည်။
စူးချင်းက လူသားနတ်ဆိုးများအကြောင်း မေးချင်နေသေးသော်လည်း ထိုလူက သေသွားပြီ ဖြစ်သောကြောင့် သူမ မမေးနိုင်တော့ပေ။ သို့သော် တတိယမင်းသား၏ လျှို့ဝှက်လမ်းကြောင်း အပြင်ဘက်တွင် သူ့ခန္ဓာကိုယ်ကို ထားခဲ့ရန် မသင့်တော်သောကြောင့် သူမက အလောင်းဖျက်ဆေးမှုန့်ကို ထုတ်ကာ ထိုအလောင်းကို အရည်ဖျော်လိုက်သည်။
တာ့ထန်မှ ကိစ္စများ ပြီးဆုံးသွားပြီးနောက် စူးချင်းက မော့ချန်သို့ အပြေးပြန်လာခဲ့သည်။ ချန်ယွိကတော့ စူးချင်းကို မြင်လိုက်ရမှ သက်ပြင်းချနိုင်ခဲ့သည်။
“သခင်မလေးစူး၊ မင်း ပြန်လာလာ ကောင်းတယ်၊ မပြန်မလာသေးရင် ငါ မင်းကို ရှာဖို့ ငါ့စစ်သည်တွေကို ခေါ်လာဖို့ ပြင်နေပြီ။ မနေ့ညက ငါတို့ တစ်ညလုံး စောင့်ကြည့်နေပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေကို ခိုးယူဖို့ ဘယ်သူမှ ရောက်မလာခဲ့ဘူး”
သခင်မလေးစူးက သခင်လေးရဲ့ချစ်သူလေ။ သူမ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ သခင်လေးကို မျက်နှာချင်းဆိုင်ရဲတော့မှာ မဟုတ်ဘူး။
“ကျွန်မ သူ့ကို သတ်လိုက်ပြီ။ အခုအချိန်မှာ မော့ချန်က အရမ်းလုံခြုံနေပါပြီ”
စူးချင်းက မနေ့ညကတည်းက လုံးဝ မအိပ်ရဘဲ တစ်ရက်လုံး ပြေးလွှားနေရသောကြောင့် သူမ အလွန်ပင်ပန်းနေပြီ ဖြစ်သည်။ သူမက ချန်ယွိကို အနည်းငယ်ရှင်းပြပြီး အနားယူရန် ပြန်သွားခဲ့သည်။
ကျိရှောင်ယင်နှင့် သူမ၏မွေးစားအမေတို့က အိမ်တွင် ချည်ဖိနပ်များ ပြုလုပ်နေကြသည်။ ၎င်းတို့ကို သိုးသားရေဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ထိုသားရေဖိနပ်များက အအေးနှင့် အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သောကြောင့် ဖိနပ်အတွင်းပိုင်းက အလွန်နွေးထွေးလှသည်။
ဤသည်မှာ တာ့ထန်လူမျိုးများထံမှ သူမ သင်ယူခဲ့သော အရာဖြစ်သည်။ သူတို့က သူတို့၏ဖိနပ်များကို သိုးသားရေဖြင့် ပြုလုပ်ထားသောကြောင့် နှင်းများပေါ်တွင် လမ်းလျှောက်ရန်က သူတို့အတွက် ပြဿနာမရှိပေ။
"မွေးစားအမေ၊ အစ်မစူးချင်းက အန္တရာယ်တွေ့နေတာ ဖြစ်နိုင်လား?"
အမေနှင့် သမီးက ဖိနပ်ချုပ်ရင်း စူးချင်း ပြန်အလာကို စောင့်မျှော်နေကြသည်။ နောက်ဆုံးတွင် ကျိရှောင်ယင်က သည်းမခံနိုင်တော့ဘဲ သူမ၏မွေးစားအမေကို စိုးရိမ်နေသည့်လေသံဖြင့် လှမ်းမေးလိုက်သည်။
“သူ(မ) အဆင်ပြေမှာပါ။ မင်းရဲ့အစ်မ စူးချင်းမှာ နတ်ဘုရားတွေက ပေးထားတဲ့ ကောင်းချီးတွေ ရှိတယ်”
အမျိုးသမီးလီက ကျိရှောင်ယင်ကို နှစ်သိမ့်ပေးလိုက်သည်။
တကယ်လည်း စူးချင်းမှာ ကောင်းချီးတွေ ရှိနေပြီး ကောင်းကင်ဘုံက စူးချင်းကို ကာကွယ်ပေးလိမ့်မယ်လို့ သူမ ခံစားမိနေတာပါ။
"ကျွန်မ ပြန်ရောက်ပြီ"
စူးချင်းက သူမ၏မွေးစားအမေနှင့် ကျိရှောင်ယင်တို့ သူမအတွက် စိတ်ပူနေသည်ကို တံခါးဝမှ ကြားလိုက်ရပြီး သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားခဲ့သည်။
အရင်တုန်းက သူမ ဘာပဲလုပ်လုပ် ဘယ်သူ့ကမှ သူမကို တွေးနေမှာ မဟုတ်ဘူး။ ဒါက မိသားစုရှိတဲ့သူနဲ့ တစ်ကိုယ်တည်းသမားကြားက ကွာခြားချက်ပဲ ဖြစ်လိမ့်မယ်။
"အစ်မစူးချင်း၊ နောက်ဆုံးတော့ အစ်မ ပြန်လာပြီ"
စူးချင်း၏အသံကို ကြားသည်နှင့် ကျိရှောင်ယင်က သူမ၏အလုပ်ကို ချထားပြီး ခန်ပေါ်မှ ခုန်ဆင်းလာကာ လေးလေးနက်နက် မေးလိုက်သည်။
“အစ်မ ဗိုက်ဆာနေလောက်ပြီ၊ ကျွန်မ အစ်မအတွက် ချက်ပြုတ်ပေးမယ်"
"အင်း ငါ ဗိုက်ဆာနေပြီ"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
သူမ မနေ့ညကတည်းက ဘာမှ မစားရသေးဘူး။ အခု ဗိုက်ဆာလွန်းလို့ ဗိုက်တောင်အောင့်နေပြီ။
သူမ၏အစ်မစူးချင်း ဗိုက်ဆာနေပြီဟု ကြားလိုက်ရသဖြင့် ကျိရှောင်ယင်က ရပ်မနေတော့ဘဲ မီးဖိုချောင်သို့ ပြေးသွားတော့သည်။ သူမက ဆိတ်နို့ကို အရင် အပူပေးပြီး ပန်းကန်လုံးထဲသို့ ထည့်လာကာ “အစ်မ၊ ဒီဆိတ်နို့ကို အရင်သောက်ထားလိုက်ပါ။ ကျွန်မ ဗန်းမုန့်လုပ်ပေးမယ်"
သူမက အလုပ်ကြိုးစားသော ပျားလေးတစ်ကောင်ကဲ့သို့ ဝင်လိုက်ထွက်လိုက် အလုပ်များနေခဲ့သည်။
စူးချင်းက သူမကို အပြုံးဖြင့်သာ ကြည့်နေခဲ့သည်။ ထို့နောက် သူမက ဆိတ်နို့ပူပူကို ကောက်ယူကာ မော့သောက်လိုက်သည်။ ဆိတ်နို့တစ်ပန်းကန် သောက်ပြီးနောက် သူမတစ်ကိုယ်လုံး ပူနွေးလာတော့သည်။
ကျိရှောင်ယင်တစ်ယောက် မီးဖိုချောင်တွင် ချက်ပြုတ်ရန် အလုပ်များနေချိန်တွင် စူးချင်း ပြန်လာကြောင်း သိသွားသော ချိုးယုံခန်းက သူမကို တွေ့ရန် ရောက်လာခဲ့သည်။ သူ တံခါးဝသို့ ဝင်လိုက်သည်နှင့် ကျိရှောင်ယင်က အိုးကြီးထဲသို့ ဗန်းမုန့်များ ထည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက အလုပ်ရှုပ်နေသော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ချိုးယုံခန်း၏ ချောမောသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ရှောင်ယင်၊ မင်းရဲ့အစ်မစူးချင်း အိမ်မှာ ရှိနေလား?"
"အစ်ကိုယုံခန်း၊ အစ်မစူးချင်းက အိမ်မှာ ရှိတယ်"
ချိုးယုံခန်းကို မြင်လိုက်ရသော ကျိရှောင်ယင်ကလည်း ဝမ်းသာအားရ ပြန်အော်ပြောလိုက်သည်။ သူမ၏အသံလေးက ပျားရည်နှင့် ရောထားသလို ချိုမြိန်နေခဲ့သည်။
"ဟင်းချက်နေတာလား?"
ချိုးယုံခန်းက ကျိရှောင်ယင်၏စကားသံကို နားထောင်ရခြင်းအား သဘောကျသည့်အတွက် သူမကို ထပ်မေးလိုက်သည်။
"ဟုတ်တယ်၊ အစ်ကိုယုံခန်းရော စားပြီးပြီလား?"
ကျိရှောင်ယင်က ဗန်းမုန့်များကို အိုးအစွန်းတွင် တင်လိုက်ရင်း ချိုးယုံခန်းကို အပြုံးဖြင့် ပြန်မေးလိုက်သည်။
"ငါ စားပြီးပြီ"
"ငါ စူးချင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိလို့ လာခဲ့တာပါ"
ချိုးယုံခန်းက ကျိရှောင်ယင်၏ တောက်ပသော အပြုံးကို ကြည့်နေရင်း ရွှင်မြူးနေလေသည်။ သူက စကားပြောနေရင်း ပြုံးနေကာ ကျိရှောင်ယင်၏မျက်နှာမှ အကြည့်လွှဲရန် တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် သူက အိမ်ထဲကို ဝင်ရန် အလျင်စလို ဖြစ်မနေခဲ့ပေ။
"ယုံခန်း၊ ဘာကိစ္စရှိလို့လဲ?"