ဥစ္စာဓန ရှာဖွေခြင်း (အပိုင်း ၂)
Vol. 19 Ch. 272
စူးချင်းက ရုံးတော်သို့ ပြန်လာခဲ့ပြီး ကျုံးယုံက တောဝက်ကို အမွေးရိတ်ကာ အသားများကိုလည်း လှီးဖြတ်ပြီး စားပွဲပေါ်တင်ထားသည်ကို သူမ တွေ့လိုက်ရသည်။
တောဝက်များက ဆူဖြိုးလွန်းပြီး သူတို့အားလုံးအတွက် အသား လုံလောက်စေခဲ့သည်။ အဆီများမှ ဆီထုတ်ယူနိုင်ပြီး ထိုတောဝက်မှ ထုတ်ထားသည့် ဆီက တစ်ရွာလုံးအတွက် တစ်လစာ လုံလောက်မည့် ပမာဏ ဖြစ်သည်။ ဝက်ဆီဖက်များကလည်း အရက်နှင့်တွဲစားရန် အလွန်မွှေးကြိုင်သော ဟင်းလျာတစ်မျိုး ဖြစ်သည်။
စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ကျုံးယုံက အပြုံးအကြီးကြီးဖြင့် စူးချင်းဆီသို့ ရောက်လာကာ အသားများကို ညွှန်ပြရင်း အော်ပြောလိုက်သည်။
"ဆရာ၊ အသား"
ဒီရက်အနည်းငယ်အတွင်းမှာ သူ အသား မစားနိုင်ခဲ့ဘူး။ သူ အသားတွေကို ကြည့်နေရင်း ပွေ့ဖက်ပြီး အစိမ်းတောင် စားချင်နေမိတယ်။
စူးချင်းက ကျုံးယုံ၏ကလေးသဖွယ် အပြုံးကို မြင်လိုက်ပြီး သူမလည်း မပြုံးဘဲ မနေနိုင်တော့ပေ။
“နောက်မှ မင်းအတွက် အရသာရှိတာ တစ်ခုခု လုပ်ပေးမယ်”
"ဆရာအတွက် မီးမွှေးပေးမယ်"
စူးချင်းက သူ့အတွက် အရသာရှိသည့် တစ်ခုခု ချက်ပေးမည်ဟု ပြောနေသည်ကို ကြားလိုက်ချိန်တွင် ကျုံးယုံ၏ ပါးစပ်ထဲတွင် တံတွေးများ စို့လာပြီး ရွှင်ရွှင်မြူးမြူး မီးမွှေးနေတော့သည်။
"ရှောင်ချီ၊ နင်က ငါ့ကို စိတ်ပူရအောင် လုပ်ခဲ့တာပဲ"
ကျိရှောင်ယင်က အပြင်မှ ပြန်ရောက်လာခဲ့ပြီး ရှောင်ချီ့ကို တွေ့လိုက်ရသောကြောင့် သက်ပြင်းတစ်ချက်ချရင်း ညည်းညူလိုက်သည်။ သူမက ရှောင်ချီ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေပြီး အစ်မ စူးချင်းအား မရှင်းပြနိုင်မည်ကို ကြောက်ရွံ့နေသောကြောင့် ရှောင်ချီ ပြန်လာမည့်အချိန်ကို မြို့တံခါးတွင် တချိန်လုံး စောင့်နေခဲ့သည်။ ယခု သူမ အိမ်သာသွားနေခဲ့ပြီး စူးချင်း ပြန်ရောက်လာသည်ကို သိလိုက်ရသောကြောင့် မည်သို့ တောင်းပန်ရမည်ကို စဉ်းစားကာ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်ချီက သူမ၏ လက်ဖောင်းဖောင်းလေးများဖြင့် သူမခေါင်းကို ကုတ်နေပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
အစ်မရှောင်ယင်ကို စိတ်ပူအောင်လုပ်ခဲ့မိတာက ရှောင်ချီအမှားပါပဲ။
ရှောင်ချီ၏ သူမဘာသာသူမ အပြစ်တင်နေသည့်ပုံရိပ်လေးက ကျိရှောင်ယင်၏နှလုံးသားကို ပျော့ပျောင်းသွားစေခဲ့သည်။ ထို့ကြောင့် သူမက ဒေါသမထွက်တော့ဘဲ ငုတ်တုတ်ထိုင်ကာ အချိန်ကောင်းလေးဖြစ်အောင် ကြိုးစားလိုက်တော့သည်။
ရှောင်ချီက သူမ အမှားတစ်ခုခု လုပ်ခဲ့မိပြီး သူမ၏အမှားကို ပြင်ဆင်ချင်သောကြောင့် အစ်မရှောင်ယင်ကို သူမခေါင်းလေးအား ထိခွင့်ပြုထားခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် သူမ စိတ်ထဲမှ ညည်းညူနေခဲ့သည်။
'ငါ့ခေါင်းကတော့ အနှေးနဲ့အမြန် ပြောင်သွားတော့မယ်'
သူမ၏ထိပ်ပြောင်နေသော အသွင်အပြင်ကို ပြန်တွေးမိသောကြောင့် ရှောင်ချီတစ်ကောင် ရင်တုန်နေမိသည်။
ရှောင်ချီက သူမ ထိပ်ပြောင်နေမည့်အသွင်အပြင်ကို တွေးတောနေစဥ်တွင် ကျိရှောင်ယင်က သူမအား သယ်ဆောင်လာပြီး အိမ်ထဲသို့ ပြန်ပေးဆွဲသွားတော့သည်။
သူမ၏ အသံကြည်ကြည်လေးတွင် ရွှင်မြူးရိပ်များ ပြည့်နေပြီး "မွေးစားအမေ၊ ကြည့်စမ်းပါဦး၊ ဒါက ရှောင်ချီပါ"
ရှောင်ချီနှင့် ကျိရှောင်ယင်တို့ အချိန်ကောင်းလေး ရှိနေသည်ကို မုင်နေရသောကြောင့် စူးချင်းက ရှောင်ချီ သူစိမ်းများအား ကြောက်နေမည်ကို မစိုးရိမ်တော့ပေ။ သူမက ယနေ့ညတွင် ခေါင်းဆောင်ယန်နှင့် သူ့လူများအား ညစာကျွေးမည်ဟု ပြောခဲ့သောကြောင့် သူမ အမြန်ချက်ပြုတ်ရတော့မည် ဖြစ်သည်။
ဒါက သူမအတွက်တော့ အရမ်းရိုးရှင်းပါတယ်။ အရင်ဆုံး ဆီထုတ်ဖို့ အဆီတုံးနဲ့ အဆီပြင်တွေကို အရင် လှီးဖြတ်လိုက်တယ်။ အဆီတွေကို အတုံးကြီးကြီး လှီးဖြတ်ပြီး ရေစိမ်ဖို့ အိုးထဲကို ပစ်ထည့်လိုက်တယ်။ နောက်ပြီး ဆားလက်တစ်ဆုပ်စာလည်း ပစ်ထည့်လိုက်တယ်။ အဖုံးအုပ်ပြီး မီးဖိုပေါ် တင်ထားလိုက်ရင် ဖြည်းဖြည်းချင်း ဆီတွေ ထွက်လာလိုက်မယ်။ ပြီးရင် တစ်နာရီလောက်စောင့်ပြီး ဆီစစ်ယူလို့ရပြီ။
ရွှေရှန့်က ဝက်အူနှင့် ဝက်ဗိုက်သားကြော်ကို ကြိုက်တယ်။ သူမ အားလပ်နေတုန်း အူနှင့် ဝက်ဗိုက်သားကို သန့်စင်နေရင်း ချက်ပြုတ်ဖို့ အိုးလိုနေတာကြောင့် ချိုးယုံခန်းဆီမှာ အိုးကြီးတစ်လုံး သွားယူပေးဖို့ လီရွှမ်းအာကို တောင်းဆိုလိုက်သည်။ ဒါတွေ သုံးပုံနှစ်ပုံလောက် ကျက်သွားရင် ပြန်ထုတ်ယူပြီး ငရုတ်သီးနဲ့ မွှေကြော်ရမယ်။ အရသာက ထူးခြားလွန်းလို့ ဘယ်သူမှ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။
တောဝက်က တစ်ကောင်နဲ့ တခြမ်းတောင် ရှိနေတာဆိုတော့ ဝက်လက်နဲ့ ခြေထောက်တွေက စုစုပေါင်း ခြောက်ခု ရှိတယ်၊ အားလုံးကို ရေဆေးပြီး အိုးကြီးတစ်လုံးထဲမှာ ပြုတ်ထားလိုက်တယ်။ အနံ့ဆိုးတွေကို ဖယ်ရှားဖို့ ငရုတ်သီးခြောက်၊ ဂျင်း၊ ကြက်သွန်မြိတ်တွေကို လောင်းထည့်ပြီးရင် အဲ့တာတွေအတွက် စိတ်ပူစရာ မလိုတော့ဘူး။ ပြုတ်ပြီးသွားလို့ ကြက်သွန်ဖြူနဲ့ ပြန်နှပ်ပြီးရင် အဆင်သင့်စားလို့ရပြီ။
အတွေးများနှင့်အတူ အလုပ်လုပ်နေရင်း စူးချင်းက ဝက်နံရိုးများကို ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောမွှေကာ ဆယ့်ငါးမိနစ်ခန့် နှပ်ထားလိုက်ပြီး ကင်ရန် စီစဉ်ထားခဲ့သည်။ ထို့နောက် သူမက ခြံထဲတွင် သစ်သားစင်တစ်ခု ပြင်ဆင်ကာ မီးပေါ်တွင် အကင်ပြုလုပ်ရန် ပြင်ဆင်ထားခဲသည်။ ကျန်နေသည့်အလုပ်အား ကျန်းယွိရန်နှင့် ကျုံးယုံတို့ထံ လွှဲပေးလိုက်သည်။
ကျန်အသားများကို အတုံးသေးသေးလေးများ လှီးဖြတ်ပြီး ဝက်သားနီချက် ချက်ပြုတ်လုပ်ရန် တွေးထားသောကြောင့် ဝက်ဆီရအောင် ခဏစောင့်ရဦးမည် ဖြစ်သည်။
စူးချင်းက ယန်ကျစ်တို့ကို ဧည့်ခံရန် အသားပြုတ်ရင်း အလုပ်ရှုပ်နေချိန်တွင် ကျိရွှေရှန့်က ဧကရီ၏တဲနန်းဆီသို့ ခေါ်သွားခံနေရသည်။ သူ အထဲသို့ မဝင်ရသေးခင်မှာပင် အသားကို တုတ်ဖင့် ရိုက်နှက်နေသည့်အသံများ၊ ကြိမ်းမောင်းသံများနှင့် နန်းတွင်းအစေခံများ၏တောင်းပန်သံများကို ကြားနေရသည်။
ကျိရွှေရှန့်က တံခါးဝတွင် ရပ်လိုက်ပြီး အထဲသို့ မဝင်ဘဲ တာ့ထန်စစ်သည်များ သတင်းပို့မည်ကို စောင့်ဆိုင်းပေးနေခဲ့သည်။
တဲနန်းကြီးထဲတွင် ဧကရီက မှိုင်းညို့သောအမူအရာဖြင့် စားပွဲကြီးတစ်လုံး၏နောက်တွင် ထိုင်နေခဲ့သည်။ သူမ၏မျက်နှာက မည်းမှောင်နေလွန်းသောကြောင့် မှင်များ ယိုထွက်လာနိုင်သည်ဟုပင် ထင်နေရသည်။ သူမ၏လက်အောက်ငယ်သားများထံတွင် ရိုက်နှက်ခြင်း ခံနေရသော နန်းတွင်းအစေခံနှစ်ယောက်ကို ကြည့်နေသည့် သူမ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်များ ပြည့်နေလေသည်။
သူမ လုံ့လဝီရိယ အပြည့်ဖြင့် တစ်သက်လုံး စုဆောင်းထားသည့် ရွှေများ ခိုးယူခံလိုက်ရသောကြောင့် ဧကရီက ထိုဒေါသကို မျိုမချနိုင်တော့ပေ။ ထို့အပြင် သူမ၏ နှလုံးသားထဲတွင် နက်နဲသည့်ကြောက်ရွံ့မှုတစ်ခုလည်း ရှိနေသေးသည်။
အဲ့လူက အစောင့်အကြပ်တွေ အများကြီးကြားကနေ ဘယ်သူမှ မသိအောင် သူမရဲ့ရွှေတွေကို ခိုးယူနိုင်တယ်ဆိုရင် အဲ့လူအတွက် သူမကို သတ်ဖို့ အရမ်းလွယ်နေမှာ မဟုတ်ဘူးလား?
သူမ နန်းတော်သို့ ပြန်ရောက်လာချိန်တွင် အစေခံနှစ်ယောက်က နံရံတွင် မှီရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမတို့က ဧကရီကို ခစားဖို့ နေနေသာသာ အရိုအသေပေးနှုတ်ဆက်ရန်ပင် ရောက်မလာကြပေ။ ဧကရီက မူလကတည်းက စိတ်ဆိုးနေသောကြောင့် သနားညှာတာမှု မရှိဘဲ သူမတို့ကို ပါးရိုက်နိုးရန် သူမ၏လူများအား အမိန့်ပေးလိုက်သည်။ ထို့နောက် အစေခံများက သက်ညှာပေးရန် ဝပ်တွားတောင်းပန်နေသည့်တိုင် ဧကရီက သူမတို့ကို ဆက်ရိုက်ခိုင်းခဲ့သည်။
ဧကရီက သူမတို့ တမင် မေ့မောဟန်ဆောင်နေသည်ဟု သံသယရှိနေခဲ့သည်။
ဒီလျှို့ဝှက်ခန်းကို ပြင်ပကလူတွေ မသိဘူးလေ။ အတွင်းလူ မရှိရင် အပြင်လူက ဒါတွေကို သိတောင်သိနိုင်မှာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူမရဲ့ရွှေတွေကို အချိန်တိုအတွင်း ခိုးယူသွားနိင်ခဲ့တာက အတွင်းလူရဲ့ညွှန်ကြားချက်ကို ရရှိထားလို့ပဲ ဖြစ်နိုင်တယ်။
ဧကရီက ပထမဆုံးအကြိမ်အဖြစ် အလွန်ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရပြီး အမှောင်ထဲတွင် သူမကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေသည်ဟုပင် ခံစားနေရပြီး ထိုအရာက သူမကို အလွန်ထိတ်လန့်နေစေသည်။
နန်းတွင်းအစေခံနှစ်ယောက်တွင်လည်း ဒဏ်ရာများနှင့် သွေးများ ဖုံးလွှမ်းနေကာ သူမတို့၏အသံများက အက်ရှနေသည့်တိုင် သူမတို့က အော်ဟစ်ငိုယို တောင်းပန်နေခဲ့ကြသည်။ သူမတို့က ဧကရီကို လေးလေးနက်နက် တောင်းပန်နေပြီး သူမတို့ကို လွှတ်ပေးရန် တောင်းဆိုနေခဲ့သည်။
“ဒီအစေခံရဲ့အသက်ကို ချမ်းသာပေးဖို့ ဧကရီမယ်မယ်ကို တောင်းပန်ပါတယ်။ ဒီအစေခံက ဆေးခပ်ခံရပြီး ဘာမှ မသိပါဘူး”
"ဟုန်ကျူ ဘယ်မှာလဲ?"
ဧကရီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏အထိန်းတော်ကို ရပ်တန့်ခိုင်းရန် သူမလက်ကို မြှောက်လိုက်သည်။ ထိုနောက် သူမက သနားစရာကောင်းသည့် နန်းတွင်း အစေခံနှစ်ယောက်ကို အေးစက်စက်အသံဖြင့် မေးလိုက်သည်။
"ဒီအစေခံ မသိပါဘူး"
နန်းတွင်းအစေခံနှစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင် ခံစားနေရင်း ငိုယိုလျက် ပြန်ဖြေလိုက်ကြသည်။ သူမတို့၏မျက်လုံးများမှ ကြောက်ရွံ့မှုများနှင့် အကူအညီမဲ့မှုများ ရှုပ်ယှက်ခတ်အောင် ထွက်ပေါ်နေခဲ့သည်။
သူမတို့ ဘာဖြစ်သွားမှန်းတောင် မသိဘဲ မူးလဲသွားခဲ့တယ်။ ဟုန်ကျူ ဘယ်တုန်းက ထွက်သွားမှန်းလည်း သူမတို့ မသိဘူး။
ဟုန်ကျူ ပျောက်နေတာလား? သူမက အတွင်းလူ ဖြစ်နိုင်လား? ဒါပေမယ့် ဒီတဲနန်းကြီးမှာ အစောင့်တွေ ရှိနေတယ်လေ။ ရွှေသေတ္တာလေးလုံးကို ဘယ်သူမှ မမြင်အောင် သယ်ထုတ်သွားဖို့ မဖြစ်နိုင်ဘူး။
ဧကရီ၏အမှုအရာက မသေချာမရေရာ ဖြစ်နေပြီး ဤတခဏတာအတွင်းတွင် သူမ မည်သူ့ကိုမျှ မယုံနိုင်တော့ပေ။ ၎င်းတို့အားလုံးက သူမ၏ ကိုယ်ပိုင်သက်တော်စောင့်များနှင့် နန်းတွင်းအစေခံများ ဖြစ်သည်။
သူတို့မှာ သစ္စာမဲ့တဲ့ အတွေးတွေရှိနေရင် သူမရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းနေမှာ မဟုတ်ဘူးလား?
သစ္စာဖောက်က ဘယ်သူဆိုတာကို အတည်မပြုနိုင်ရင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ဒုက္ခတွေကို ကြိုတင်ကာကွယ်ဖို့ သူတို့အားလုံးကို သတ်ပစ်ရတော့မယ်။
ဧကရီက သူမ၏တဲနန်းမှ အစောင့်များနှင့် အစေခံများအားလုံးကို သတ်ရန် အမိန့်ပေးတော့မည့်အချိန်တွင် အစောင့်တစ်ယောက်က တံခါးအပြင်ဘက်မှ သတင်းပို့လာခဲ့သည်။
“ဧကရီမယ်မယ်ကို သတင်းပို့ပါတယ်၊ လေးစားရတဲ့ဧည့်သည်တော်ကြီး ရောက်ရှိလာပါပြီ”
ဧကရီက သူမ၏ယုတ်ညံ့သော အမူအရာ အားလုံးကို ဖယ်ရှားလိုက်ပြီး ကျိရွှေရှန့်ကို ခန်းမထဲသို့ ခေါ်ဆောင်လာရန် သူမ၏အထိန်းတော်ကို အမိန့်ပေးလိုက်သည်။
"သူတို့ကို အရင် ဆွဲထုတ်သွားပြီး ဟုန်ကျူ့ကို လိုက်ရှာကြ။ ဒီနေ့ တာဝန်ကျတဲ့ အစောင့်တွေ အားလုံးကို သေဒဏ်ပေးရလိမ့်မယ်”
ဧကရီက အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သူမ၏လက်အောက်ငယ်သားများက သွေးများဖုံးလွှမ်းနေသည့် နန်းတွင်းအစေခံနှစ်ယောက်ကို ဆွဲထုတ်သွားခဲ့ကြသည်။ ကျိရွှေရှန့် တဲနန်းထဲသို့ ဝင်လာချိန်တွင် သနားစရာကောင်းသည့် နန်းတွင်းအစေခံနှစ်ယောက်ကို ဆွဲထုတ်သွားပြီဖြစ်ကာ ကြမ်းပြင်ပေါ်တွင် ကျန်နေသည့် သွေးကြောင်းရှည်ကြီးကိုသာ တွေ့လိုက်ရတော့သည်။ တခြားနန်းတွင်း အစေခံတစ်ဦးက ကြမ်းပြင်ပေါ်ရှိ ထိုသွေးများကို သုတ်ရန် ချက်ချင်း ရောက်လာခဲ့ပြီး တဲနန်းကြီး တစ်ခုလုံးကတော့ လုံးဝ တိတ်ဆိတ်နေခဲ့သည်။
"ဧကရီမယ်မယ်ကို နှုတ်ခွန်းဆက်သပါတယ်"
ကျိရွှေရှန့်က သူ့၏လက်သီးပေါ်သို့ လက်ဝါးကိုင်လိုက်ပြီး ဧကရီထံသို့ တည်တည်ငြိမ်ငြိမ် ဦးညွှတ်လိုက်သည်။
"ရပါတယ် ဒါတွေ မလိုဘူး။ မင်းသမီးလေးက လုပ်ကြံခံရပြီး သတိလစ်နေတယ်။ တာ့ထန်ရဲ့သမားတော်တွေက အားကိုးရာမဲ့ ဖြစ်နေကြပြီ၊ ကျေးဇူးပြုပြီး မင်းသမီးလေးကို ကုသပေးဖို့ လုကြီးမင်းကျိကို အကူအညီတောင်းချင်တယ်”
ဧကရီက စားပွဲနောက်တွင် ထိုင်နေရင်း ကျိရွှေရှန့်၏အလေးအနက်အရိုအသေပေးမှုကို တားဆီးရန် သူမ၏လက်ကို မြှောက်ပြလိုက်သည်။ ကျိရွှေရှန့်က မတ်မတ်ပြန်ရပ်လိုက်ချိန်တွင် ဧကရီက မင်းသမီးကို သွားကြည့်ပေးရန် ချက်ချင်း တောင်းဆိုလိုက်သည်။
အထိန်းတော်တစ်ယောက်က ကျိရွှေရှန့်ကို အိပ်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး မင်းသမီးက တောင့်တင်းနေသည့် ခန္ဓာကိုယ်ဖြင့် နူးညံ့သော ညောင်စောင်းပေါ်တွင် လှဲလျောင်းနေရင်း သူမ၏မျက်လုံးများက ပွင့်နေခဲ့သည်။ သူမက တခြားလူများကို မြင်နိုင်ပြီး စကားသံများကို ကြားနေရသော်လည်း သူမကိုယ်တိုင် လှုပ်ရှားနိုင်ခြင်း သို့မဟုတ် စကားပြောနိုင်ခြင်း မရှိပေ။
အထိန်းတော်ဖြစ်သူက မင်းသမီးကို လက်ညှိုးညွှန်ပြလိုက်ပြီး ကျိရွှေရှန့်ကို တောင်းဆိုလိုက်သည်။ “လူကြီးမင်းကျိ၊ မင်းသမီးလေးကို ကယ်တင်ပေးပါ”
မင်းသမီးက သူမ၏စောင့်ရှောက်မှု ကြီးပြင်းလာခဲ့သောကြောင့် ထိုအထိန်းတော်က မင်းသမီးအပေါ် လေးလေးနက်နက် ခံစားချက်ရှိနေပြီး ကျိရွှေရှန့်ကို စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့သည်။
"အကောင်းဆုံး ကြိုးစားပေးပါ့မယ်"
ကျိရွှေရှန့်က မောက်မာမနေဘဲ တာဝန်မခံခဲ့ပေ။ သူက ကျိုးကျိုးနွံနွံ ပြန်ဖြေလိုက်ပြီး ညောင်စောင်းပေါ်တွင် လဲလျောင်းနေသည့် ယဲ့လွီဆိုင့်ယာကို လှမ်းကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူ့ကို မြင်လိုက်ချိန်တွင် မျက်ရည်များ စီးကျလာကာ တောင်းပန်ချင်နေပုံရသည်။
ကျိရွှေရှန့်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ယဲ့လွီဆိုင့်ယာ၏သွေးခုန်နှုန်းကို စမ်းသပ်ရန် အထိန်းတော် ယူလာပေးသည့် ထိုင်ခုံအနိမ့်လေးပေါ်တွင် ဝင်ထိုင်လိုက်သည်။
ယဲ့လွီဆိုင့်ယာ၏လက်ချောင်းများ လှုပ်ရှားလာသည်ကိုလည်း သူ သတိပြုမိခဲ့ပြီး သူမ၏ အပ်စိုက်မှတ် ပြန်ပွင့်ရန် အချိန်ပြည့်တော့မည်ကို သူ နားလည်လိုက်သည်။
“ဒီဆေးနှစ်လုံးကို မင်းသမီးနဲ့ မင်းသမီးရဲ့အစေခံကို တိုက်လိုက်ပါ”
ကျိရွှေရှန့်က ဆေးလုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး ယဲ့လွီဆိုင့်ယာအား ဆေးတိုက်ရန် အထိန်းတော်ကို လွှဲပေးလိုက်သည်။ ယောက်ျားနှင့်မိန်းမ အချင်းချင်း ရင်းနှီးစေမိလျှင် ပြဿနာဖြစ်စေသောကြောင့် သူ ကိုယ်တိုင် မတိုက်ခဲ့ပေ။
အထိန်းတော်က ကျိရွှေရှန့်၏ ဆေးပညာ ကျွမ်းကျင်မှုကို အပြည့်အဝ ယုံကြည်နေခဲ့သည်။
သူက ဒုတိယမင်းသားရဲ့ရင်ဘတ်က သွေးထွက်နေတဲ့ အပေါက်ကိုတောင် ကုသပေးနိုင်ခဲ့တယ်။ မင်းသမီးလေးဆိုရင် မြန်မြန် ပိုကောင်းလာလိမ့်မယ်။
အထိန်းတော်က ယဲ့လွီဆိုင့်ယာနှင့် သူမ၏အစေခံအား ချက်ချင်း ဆေးတိုက်လိုက်သည်။ ထိုနောက်တွင် ဧကရီက အိပ်ခန်းထဲသို့ ဝင်လာပြီး ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
"ကုသလို့ ပျောက်ကင်းနိုင်မလား?"