အရင်းအနှီးမလိုတဲ့ ကုန်သွယ်မှု
Vol. 19 Ch. 273
ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဧကရီကို ပြန်ပြောလိုက်သည်။
"မင်းသမီးက ဆေးသောက်ပြီးတာနဲ့ ပြန်ကောင်းလာပါလိမ့်မယ်"
ခဏအကြာတွင် ယဲ့လွီဆိုင့်ယာ လှုပ်ရှားနိုင်လာပြီး သူမ လှုပ်ရှားနိုင်သည်နှင့်တပြိုင်နက် သူမက မထိန်းနိုင်ဘဲ ငိုချလိုက်ကာ သူမ မယ်တော်၏ရင်ခွင်ထဲသို့ ဝမ်းနည်းပက်လက် လဲကျသွားခဲ့သည်။
“မယ်တော်၊ သမီးတော် အရမ်းကြောက်တယ်၊ မယ်တော်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်မိလို့ သမီးတော် အရမ်းကြောက်လန့်ခဲ့ရတယ်”
“အဆင်ပါတယ်၊ အခု အဆင်ပြေသွားပြီ၊ သမီးတော်ကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးက ဘယ်လိုပုံစံလဲဆိုတာ သမီးတော် မှတ်မိသေးလား?"
ဧကရီက သမီးဖြစ်သူ၏ကျောပြင်ကို ညင်ညင်သာသာ ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေခဲ့သည်။ သမီးဖြစ်သူ၏ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသဖြင့် ဧကရီက မုန်းတီးစွာ အံ့ကြိတ်ထားလိုက်ပြန်သည်။ ထိုအမျိုးသမီးကို ဖမ်းမိပါက အရိုးများ ပြာဖြစ်သွားသည်အထိ နှိပ်စက်ရန် သူမ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
မင်းသမီးကလည်း မုန်းတီးမှုအပြည့်ဖြင့် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး "သမီးတော် မှတ်မိတယ်။ သူ့(မ)ကို အရေခွံပေးလိုက်ရင်တောင် ဒီသမီးတော်က မှတ်မိနေမှာ သေချာတယ်"
"ကောင်းပြီ၊ တာချန်မှာရှိတဲ့ မိန်းခလေးတွေ အကုန်လုံးကို ဖမ်းဖို့ မယ်တော် အမိန့်ပေးထားပြီးပြီ"
“ဟုတ်ကဲ့”
မာနကြီးသော ယဲ့လွီဆိုင့်ယာကလည်း သူမ၏ဒေါသကို ဖြေလျော့ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
သူမကို အကြာကြီး တောင့်တင်းနေအောင် ပြုလုပ်ထားတာကြောင့် အဲ့ဒီစုန်းမက ဖမ်းမိရင် မသေသေအောင် သတ်ပစ်မယ်။
"ကျွန်မကို ထပ်ပြီး ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ အစ်ကိုကျိ"
သို့ရာတွင် ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကို သတိရသွားပြီး သူမ၏မျက်လုံးများမှ လူသတ်ချင်နေသည့်အရိပ်အငွေ့များကို အမြန်ဖယ်ရှားလိုက်သည်။ သူမက ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် ရှေ့တိုးလာပြီး သူမ၏ရွှန်းစိုနေသော မျက်လုံးကြီးများက သူ့ကို ရှက်ရွံ့စွာ စိုက်ကြည့်နေလေသည်။ သူမက အခြားသူများရှေ့တွင် ပြသလေ့ရှိသည့် ရိုင်းစိုင်းသည့်သဘောထားကို ပြသထားခြင်းမရှိဘဲ ငယ်ရွယ်သော မိန်းကလေးတစ်ယောက်၏ ရှက်ရွံ့မှုကိုသာ ဖော်ပြနေခဲ့သည်။
"ရပါတယ်၊ မင်းသမီး အဆင်ပြေသွားပြီဆိုရင် ကျွန်တော်မျိုးကို ပြန်ထွက်သွားခွင့်ပြုပါ"
ကျိရွှေရှန့်၏ အမူအရာက ဘာမှ မထူးခြားဘဲ သူက မင်းသမီးကို လုံးဝ မကြည့်ဘဲ ဧကရီကိုသာ လေးလေးစားစား ခွင့်တောင်းလိုက်သည်။
“ကောင်းပြီ၊ လူကြီးမင်းကျိကို နှောင့်နှေးစေမိတဲ့အတွက် ပန်ကုန်း တောင်းပန်ပါတယ်။ တစ်ယောက်လောက် လာစမ်း၊ လူကြီးမင်းကျိကို ဆူဖြိုးတဲ့သိုးအကောင်တစ်ရာ၊ သားရေပြားတစ်ရာနဲ့ အရက်ကောင်းကောင်းတစ်အိုး ဆုချလိုက်ပါ"
အစပိုင်းတွင် ဧကရီက ကျိရွှေရှန့်အား ရွှေများ ဆုချခဲ့ချင်သော်လည်း သူမ၏ရွှေများ မရှိတော့သည်ကို တွေးမိသွားသောကြောင့် စိတ်ပြောင်းသွားကာ တခြားတစ်ခုခုသာ ဆုချလိုက်တော့သည်။
ထိုဆုလာဒ်က ရွှေလောက်တန်ဖိုးကြီးမားခြင်း မရှိသော်လည်း မော့ချန်အတွက် အလိုအပ်ဆုံး အရာသာ ဖြစ်သည်။ ထို့ကြောင့် ကျိရွှေရှန့်က ဝမ်းသာအားရ လက်ခံလိုက်ပြီး သူမ၏ဆုလာဒ်အတွက် ဧကရီကို ကျေးဇူးတင်ကြောင်းအမူအရာပြသကာ လက်ဟန်ဖြင့် အရိုအသေ ပေးလိုက်သည်။
"မယ်တော်၊ ညစာစားဖို့ လူကြီးမင်းကျိကို နေခိုင်းလိုက်ပါလား?"
ကျိရွှေရှန့် ထွက်ခွာခါနီးတွင် ယဲ့လွီဆိုင့်ယာက ဧကရီ၏လက်ကို ညင်သာစွာ ခါယမ်းကာ မိခင်ဖြစ်သူကို ချွဲနွဲ့သောလေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
ဧကရီ၏အမူအရာကတော့ ဘာမှ မထူးခြားသွားဘဲ “ဒီနေ့ မယ်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးတယ်၊ လူကြီးမင်းကျိကို နေခိုင်းဖို့ အဆင်မပြေဘူး”
ယဲ့လွီဆိုင့်ယာက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သသည်။ သမီးဖြစ်သူကို အမြဲတမ်း အရိပ်မိုးပေးထားပြီး ချစ်ခင်အလိုလိုက်တက်သော ဧကရီက ယခုအချိန်တွင် သူမ၏သမီးကိုပင် မချော့မော့နိုင်တော့ပေ။ သမီးဖြစ်သူ၏ကျန်းမာရေးက ပြဿနာမရှိတော့သည့်အတွက် သူမက သူမ၏တဲနန်းကြီးထဲမှ ခိုးယူခံရမှုကို စုံစမ်းစစ်ဆေးရန် ပြန်အာရုံစိုက်လိုက်တော့သည်။
ယဲ့လွီဆိုင့်ယာက တစ်ခုခုကို ထပ်ပြောချင်နေသေးသော်လည်း ဧကရီ၏ထူးထူးခြားခြား တင်းမာနေသည့် အကြည့်များကြောင့် သူမ အလွန်ထိတ်လန့်သွားပြီး ဘာမှ မပြောရဲတော့ပေ။ သူမက ကျိရွှေရှန့် ထွက်သွားသည်ကိုသာ စိတ်တိုတိုဖြင့် ကြည့်နေနိုင်တော့ပြီး ခွဲခွာရန် ဝန်လေးနေသည့်အရိပ်အယောင်များက သူမ၏ မျက်လုံးများထဲတွင် သိသိသာသာ ပေါ်လွင်နေလေသည်။
ဧကရီကလည်း ကျိရွှေရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။
ဒီလူငယ်က ခံ့ညားတဲ့ အသွင်အပြင် ရှိတဲ့အပြင် စာပေနဲ့ ကိုယ်ခံပညာမှာလည်း ကောင်းကောင်း ကျွမ်းကျင်တယ်။ ဒါပေမယ့် သူက အလယ်ပိုင်းလွင်ပြင်က လူဖြစ်နေတယ်။ တော်ဝင်မိသားစုက သမီးတော်တွေဆိုတာက တိုင်းပြည်ရဲ့အာဏာ တည်ငြိမ်စေဖို့ လက်ထပ်ထိမ်းမြားပွဲအနေနဲ့ အသုံးပြုလေ့ရှိတဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာတစ်မျိုးပဲ။ အခု တာ့ထန်ကလည်း သိသိသာသာ အားနည်းသွားပြီ၊ အကျိုးဆက်အနေနဲ့ အတိတ်က သူတို့ ဖိနှိပ်ထားနိုင်ခဲ့တဲ့ မျိုးနွယ်စုတွေအားလုံး စပြီး မငြိမ်မသက် ဖြစ်လာကြတော့မယ်။ အဲ့တာကြောင့် သူမရဲ့သမီးတော် အဲ့လူငယ်အပေါ်မှာ ထားတဲ့အတွေးတွေကို စွန့်လွှတ်စေဖို့ သူမ ဒီလို ဆုံးဖြတ်လိုက်တာပါ။
"လူကြီးမင်းကျိကို လိုက်ပို့လိုက်ကြ!"
ဧကရီက သူမ၏လူများကို ကျိရွှေရှန့်အား ပြန်ပို့ပေးရန် အမိန့်ပေးလိုက်သည်။ ယဲ့လွီဆိုင့်ယာက သူ့နောက်သို့ လိုက်သွားချင်နေသော်လည်း သူမ၏အထိန်းတော်က သူမကို တားဆီးထားခဲ့သည်။ ထို့ကြောင့် ယဲ့လွီဆိုင့်ယာတစ်ယောက် ကျိရွှေရှန့် ထွက်သွားသည်ကို ကြည့်နေရုံသာ တက်နိုင်တော့သည်။
ကျိရွှေရှန့်က အရည်အသွေးကောင်းသော သားရေအချပ်တစ်ရာနှင့် အရက်နှစ်အိုးကို လှည်းတစ်စီးပေါ်တင်ကာ ဆူဖြိုးသောသိုးအကောင်တစ်ရာကို လှည်းနောက်မှ ဆွဲခေါ်လာရင်း မော့ချန်သို့ အမြန်ပြန်လာခဲ့သည်။ ကျိရွှေရှန့်က ဆူဖြိုးသောသိုးများစွာဖြင့် ပြန်လာသည်ကို မြင်လိုက်ချိန်တွင် မြို့စောင့်တပ်သားများက အကြီးအကျယ် စိတ်လှုပ်ရှားသွားကြပြီး သူ့ကို ကြိုဆိုရန် မြို့တံခါးကို အမြန်ဖွင့်လိုက်ကြသည်။
ကျိရွှေရှန့်က အောင်ပွဲရ စစ်သူကြီးကဲ့သို့ နွေးနွေးထွေးထွေး အကြိုဆို ခံလိုက်ရသည်။ သူ ရုံးတော်သို့ ပြန်ရောက်သွားချိန်တွင် ကျိရွှေရှန့်က ချိုးယုံခန်းကို အရင်ခေါ်လိုက်ပြီး ရွာလူကြီးချိုးနှင့် ရွာမှ လေးစားရသည့်သက်ကြီးသူများကို ဖိတ်ကြားပေးရန် တောင်းဆိုလိုက်သည်။
ရွာလူကြီးချိုးနှင့် ရွာရှိ သက်ကြီးရွယ်အိုများ၏ အဆိုအရ ရာသီဥတုက ပိုအေးလာပြီဖြစ်ကာ သိပ်မကြာခင် ပိုပြီး ထပ်အေးလာမည် ဖြစ်သည်။ လက်ရှိတွင် တာ့ထန်က ပရမ်းပတာ ဖြစ်နေပြီး မော့ချန်ကို တိုက်ခိုက်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ထောင်ဟွားဝူမှ ရွာသားများက ဤဆောင်းရာသီအတွက် မော့ချန်တွင် နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
တကယ်လို့ ဒီမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင်စားသောက်နိုင်မယ်ဆိုရင် ဘယ်သူက ကျင့်ရှီလျိုမြောင်ကို သွားချင်မှာတဲ့လဲ?
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ကပ်ဘေးကနေ ထွက်ပြေးခဲ့ရတဲ့ နေ့ရက်တွေကို တကယ်ကြောက်ရွံ့နေခဲ့ပါပြီ။ နောက်ဆုံးတော့ တစ်နေရာမှာ အခြေချနေထိုင်ပြီးရင်တော့ ဘယ်သူမှ ကိုယ့်အိမ်ကိုယ့်ယာကနေ ထပ်ပြီး ထွက်မသွားချင်ကြတော့ဘူး။
သူတို့က မော့ချန်တွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သောကြောင့် ယခုအတိုင်း အိုးကြီးတစ်လုံးထဲတွင် အမြဲတမ်း အတူစားရန် မဖြစ်နိုင်တော့ပေ။ ဝန်ထုပ်ဝန်ပိုးက ကြီးမာလွန်းသောကြောင့် ဤဆူဖြိုးသောသိုးများကို မိသားစုတစ်စုချင်းစီအတွက် အနည်းငယ်စီ ခွဲဝေပေးပြီး မွေးမြူစေကာ မိသားစုများ ပြန်လည်အခြေချရန် စတင်ရတော့မည် ဖြစ်သည်။ မိသားစုတစ်ခုချင်းစီအတွက် စားစရာ အနည်းငယ်ပါ ခွဲဝေပေးပြီး သီးခြားနေထိုင်ခိုင်းရတော့မည် ဖြစ်သည်။
ကျိရွှေရှန့်က ဤကိစ္စကို ရွာလူကြီးချိုး အပါအဝင် အခြားသူများနှင့် ဆွေးနွေးချင်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူ အခု လူတိုင်းကို လုံခြုံတဲ့နေရာရောက်အောင် ခေါ်လာပြီးပြီလို့ သတ်မှတ်လို့ရတယ်။ ဒါက သူ့မွေးစားဖခင်ရဲ့တောင်းဆိုမှုကို ပြီးမြောက်စေခဲ့တယ်လို့လည်း ယူဆနိုင်တယ်။ ဒီအချိန်ကစပြီး မိသားစုတိုင်းက သူတို့ရဲ့ကိုယ်ပိုင် အရည်အချင်းတွေအတိုင်း သူတို့ရဲ့ဘဝတွေကို ရှင်သန် နေထိုင်သွားရလိမ့်မယ်။
ချိုးယုံခန်းက ကျိရွှေရှန့်၏အတွေးများကို သဘောတူလိုက်ပြီး ထွက်ခွာသွားခဲ့သည်။ ကျိရှောင်ယင်နှင့် အခြားမိန်းကလေးငယ်များက အပြေးအလွှား ရောက်လာကြကာ သူမတို့၏အစ်ကိုကြီး ဆူဖြိုးသောသိုးများနှင့်အတူ ပြန်ရောက်လာသည်ကို တွေ့သွားပြီး အလွန်ပျော်ရွှင်နေခဲ့ကြသည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက အရမ်းတော်တယ်။ သိုးတွေက အများကြီးပဲ။ အဲဒါ အရမ်းကောင်းတယ်"
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီကို လေးစားအားကျစွာ ကြည့်နေရင်း သူမ၏အစ်ကိုဖြစ်သူကို လှည့်ပတ်နေကာ သူမ၏ပါးစပ်က သူမ၏နားများနှင့် ချိတ်သွားလုမတက် ဖြစ်နေခဲ့သည်။
ကျိရွှေရှန့်က သူ့ညီမလေး ပျော်ရွှင်တက်ကြွနေပြီး သူမ၏မျက်လုံးတောက်တောက်လေးများဖြင့် သိုးများကို ကြည့်နေသည်အား ကျေကျေနပ်နပ် ပြုံးကြည့်နေခဲ့သည်။
ဒီကလေးမလေးက လွယ်လွယ်နဲ့ ကျေနပ်တက်တာပဲ။
သူက ပြုံးနေရင်းဖြင့် သူ့ညီမလေးကို ညင်ညင်သာသာ လှမ်းပြောလိုက်သည်။
“သိုးတွေကို အိမ်နောက်ဘက်ကို မောင်းသွားတော့”
“ဟုတ်ကဲ့”
ကျိရှောင်ယင်က ကျေကျေနပ်နပ်ကြီး သဘောတူလိုက်သည်။ သူမက ပျော်ရွှင်သော သိုးထိန်းမိန်းကလေး ဖြစ်လာခဲ့သည်။ ကျန်းယွိရန်နှင့် လီရွှမ်းအာတို့က သိုးများကို အိမ်နောက်ဘ်သို့ မောင်းသွားရန် ကူညီပေးခဲ့ကြသည်။ မိန်းခလေးများက နှစ်သစ်ကူးတုန်းကထက်ပင် ပို၍ပ ပျော်ရွှင်နေခဲ့ကြသည်။
"မဆိုးပါဘူး"
စူးချင်၏ လှပသော မျက်လုံးများတွင် အပြုံးရိပ်များ ရှိနေခဲ့ပြီး ကျိရွှေရှန့်က အစာခြေဆေးနှစ်လုံးအတွက် ကုန်စည်များစွာ ပြန်ယူလာနိုင်သည်ကို စနောက်နေခဲ့သည်။
နောက်တစ်ခါ မင်းသမီးနဲ့တွေ့ရင် သူမရဲ့အပ်စိုက်မှတ်တွေကို ထပ်နှိပ်ပေးရမှာပေါ့။ သူမက လူဆိုးအဖြစ် သရုပ်ဆောင်ပြီး ရွှေရှန့်က သူရဲကောင်းအဖြစ် သရုပ်ဆောင်လိုက်ရင် တာ့ထန်က ဆူဖြိုးတဲ့သိုးတွေအားလုံးကို အလွယ်တကူ မောင်းယူလာနိုင်လိမ့်မယ်။
ဘယ်လို စားရမလဲဆိုတာကိုတောင် သူမ စဉ်းစားထားပြီးနေပြီ။ ဆောင်းရာသီမှာဆိုရင် ဟော့ပေါ့က ပူနွေးပြီး အာဟာရပြည့်စေတယ်။ သိုးသားဟော့ပေါ့ထက် ကောင်းတာ ဘာမှ မရှိတော့ဘူး။
ပြီးတော့ တာ့ထန်က သိုးဝဝကြီးတွေက အညှီနံ့ လုံးဝမရှိဘူး။ အသားက လတ်ဆတ်တဲ့အပြင် အရမ်း နူးညံ့နေသေးတယ်။ လွှာထားတဲ့ အသားတွေကို ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲမှာ လှိမ့်ပြီး ပဲငံပြာရည်ထဲနှစ်လိုက်ရင် အရက်ဖန်ခွက်သေးသေးလေးနဲ့ တွဲစားဖို့ အဆင်သင့် ဖြစ်သွားလိမ့်မယ်။ နတ်သုဒ္ဒာနဲ့တောင် မလဲလှယ်နိုင်ဘူး။
"ဒါက မင်းရဲ့အကျိုးဆောင်မှုပါ"
စူးချင်းကို ပြန်ပြုံးပြနေသည့် ကျိရွှေရှန့်၏ မျက်လုံးများကလည်း တောက်ပနေပြီး သူ့မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာ အရိပ်အယောင်များ ပြည့်နေခဲ့သည်။
“ဒါဆို ကျွန်မတို့ ဒီသိုးအကောင်တစ်ရာ စားပြီးသွားရင် အဲ့လို ထပ်လုပ်ကြရအောင်”
စူးချင်းက ရှားရှားပါးပါး ကျိရွှေရှန့်ကို စနောက်နေခဲ့သည်။ သူမ၏ ရှည်လျားပြီး ထူထဲသော မျက်တောင်များက တဖျပ်ဖျပ်လွင့်နေပြီး ထိုမျက်တောင်များက သူမ၏ လှပပြီး ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးများထဲမှ အပြုံးရိပ်များကို ဖုံးကွယ်ပေးထားခဲ့သည်။ သူမက ကျိရွှေရှန့်ကို သူမ၏မျက်ဝန်းလဲ့လဲ့လေးများဖြင့် ကြည့်နေသေးသည်။
"ဒါက ဘာအရင်းအနှီးမှ မလိုတဲ့ ကုန်သွယ်မှုပဲ၊ သဘောတူတယ်!"
ကျိရွှေရှန့်ကလည်း သူမကို ပြန်နောက်ပြောင်လိုက်သည်။ သူ၏ပါးလွှာသောနှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးနေပြီး သူ၏အသံက အဆုံးနားတွင် ဆွဲပြောလိုက်သလို ဖြစ်နေသောကြောင့် ဘာကြောင့်မှန်းမသိ ဆွဲဆောင်နိုင်နေပြန်သည်။ စူးချင်းက အပြုံးလေးဖြင့် သူ့ကို ခေါင်းပြန်ညိတ်ပြလိုက်သည်။
"အင်း အဲ့တာက အကြံကောင်းပဲ၊ လုပ်ရတာ တန်တယ်"
"မင်း ဘာအရသာရှိတာတွေ ချက်ထားလဲ?!"
ကျိရွှေရှန့်က ဟင်း၏အနံ့ကို အနံ့ခံလိုက်ရင်း အပြုံးဖြင့် ထပ်မေးလိုက်သည်။ သူက သူ့၏မျက်လုံးများထဲမှ ချစ်ခြင်းမေတ္တာများကို ဖုံးကွယ်မထားဘဲ အပြင်မှ ပြန်လာသည့် ခင်ပွန်းသည်က ဇနီးဖြစ်သူကို တမ်းတမ်းတတ စိုက်ကြည့်နေသလို စူးချင်းကို စိုက်ကြည့်နေခဲ့သည်။
ဇနီးလေး၊ ယောကျာ်း ဆာလောင်နေပြီ။
“ဝက်သားနီချက်၊ ကျွန်မ ဒီည အစ်ကိုယန်နဲ့ သူ့ရဲ့ညီအစ်ကိုတွေကို ညစာ အတူစားဖို့ ဖိတ်ထားတယ်။ ပြီးတော့ အထဲမှာ လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ ဝတ်ဆီဖက်ကြော်တွေလည်း ရှိသေးတယ်။ ရှင် ဗိုက်ဆာနေပြီလား? ရှောင်ယင်ကို ရှင့်အတွက် တစ်ပန်းကန်စာ အရင်ထည့်ခိုင်းရမလား?"
ကျိရွှေရှန့် ဗိုက်ဆာနေပြီဟု စူးချင်းက တွေးလိုက်သည်။
သူ့မျက်လုံးတွေကို ကြည့်ရတာ အကြာကြီး ဆာလောင်နေပုံပဲ။
“ညီအစ်ကိုယန်တဲ့ ရောက်လာမှ အတူတူ စားကြရအောင်”
ကျိရွှေရှန့်သည် ဆာလောင်နေသော်လည်း ထိုဆာလောင်မှုက ဗိုက်ဆာမှုနှင့် မတူပေ။ စူးချင်း၏ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့သင်းသင်းလေးက စွပ်ပြုတ်၏အရသာထက် ပိုဆွဲဆောင်မှုရှိသည်ဟု သူ တွေးနေမိသည်။
"ရွှေရှန့်"
ကျိရွှေရှန့်နှင့် စူးချင်းတို့ စကားပြောနေစဉ်တွင် ချိုးယုံခန်းက သူ့အဖိုးနှင့် အဖိုးလီတို့ကို အိမ်ဝင်းထဲသို့ ဝင်ရန် ကူညီပေးနေခဲ့ပြီး အခြားမိသားစုများမှ မိဘအိုကြီးများက သူတို့နောက်မှ လိုက်ပါလာခဲ့သည်။
"အဖိုးချိုး"
ကျိရွှေရှန့်က ရှေ့သို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး ရွာလူကြီးချိုး ရုံးတော်၏အနောက်ဘက်သို့ သွားနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။
မော့ချန်သို့ ရောက်လာပြီးချိန်မှ စ၍ သူတို့၏တွေ့ဆုံမှုက ပထမဆုံးတွေ့ဆုံမှု ဖြစ်ပြီး ဤနေရာသို့ လာရခြင်းက တရားဝင်တွေ့ဆုံမှုကို ဖြစ်စေခဲ့သည်။
"ရွှေရှန့်၊ မင်း ဘာလို့ ယုံခန်းနဲ့ ငါတို့ကို ခေါ်ခိုင်းလိုက်တာလဲ?"
ရက်အနည်းငယ်ကြာ အနားယူပြီးနောက် ရွာလူကြီးချိုး၏ မျက်နှာက ပြန်နီမြန်းလာပြီး တက်ကြွနေခဲ့သည်။ သူ့အသံတွင် ယုံကြည်မှုများ အပြည့် ရှိနေပြီး ထောင်ဟွားဝူမှာရှိနေစဥ်ကကဲ့သို့ ဂုဏ်သိက္ခာအပြည့်ရှိသည့် ဟန်ပန်ကို ဖော်ပြနေခဲ့သည်။
“ဟုတ်ကဲ့ ကျွန်တော်မှာ ဆွေးနွေးစရာ ရှိလို့ပါ။ အဘိုး... ကျေးဇူးပြုပြီး အရင်ထိုင်ပါဦး”
ကျိရွှေရှန့်က ရွာလူကြီးအိုကြီးကို အနောက်ဘက်ခန်းမထဲသို့ တလေးတစား ဖိတ်ခေါ်ကာ ပင်မထိုင်ခုံတွင် ထိုင်နိုင်ရန် ကူညီပေးခဲ့သည်။
သူရဲ့ဆုံးဖြတ်ချက်ကို ကြားပြီးရင် အဘိုးချိုးက ဘယ်လို ထင်သွားမလဲလို့ သူ တွေးနေမိတယ်...
(T/N : ဒီအခန်းမှာ ပြောပြချင်တာလေး ရှိပါတယ်... အစပိုင်းမှာ ငလျင်လှုပ်ပြီး သူတို့ ထောင်ဟွားဝူကနေ ထွက်ပြေးလာရတာပါ၊ ပုံမှန်ဆိုရင်တော့ ကပ်ဘေးဒုက္ခသည်တွေက ထွက်ပြေးရင်းနဲ့ အဆင်ပြေတဲ့နေရာရောက်ရင် အခြေချနေလိုက်ကြတာမျိုးပါ။ ထောင်ဟွားဝူက လူတွေကကျတော့ ML က သူတို့ကို ဦးဆောင်ပြီး ခေါ်လာတာပါ၊ တကယ်တော့ ML မှာက သူတို့အတွက် တာဝန် မရှိပါဘူး၊ သူတို့ ငယ်ငယ်က အဲ့ရွာမှာ ပုန်းနေခွင့် ရခဲ့တာကြောင့် ကျေးဇူဆပ်တဲ့အနေနဲ့ ML က သူတို့ကို စောင့်ရှောက်ပြီး ခေါ်လာပေးတာပါ၊ ML က သူ့အကြောင်းနဲ့သူ ကျင့်ရှီလျိုမြောင်ကို သွားရမှာမို့ သူတို့ရဲ့ပန်းတိုင်က ကျင့်ရှီလျိုမြောင် ဖြစ်နေတာပါ၊ အခုကျတော့ ဘေးကင်းနေပြီး နေစရာလည်း အဆင်သင့်ဆိုတော့ ရွာသားတွေက ဒီနေရာမှာ နေချင်သွားကြတာမျိုးပါ။ ML က ဘာလို့ ကျင့်ရှီလျိုမြောင်ကို မဖြစ်မနေ သွားနေတယ်ဆိုတာကတော့ ဇာတ်လမ်းရဲ့ Hidden Plot ထဲမှာ ပါလို့ မပြောပြတော့ဘူးနော်၊ အရင်က အပိုင်းရှည်လို့ ပျင်းရမယ်ထင်ခဲ့ဖူးတယ်၊ အခုတော့ တစ်နေ့ချင်းကို စိတ်ဝင်စားစရာ ကောင်းနေတာ.... ဇာတ်လမ်းရဲ့လှည့်ကွက်တွေ ရောက်လာရင်တော့ ဟင်ခနဲ ဟာခနဲပဲ၊ တချို့နေရာတွေဆိုလဲ ကိုယ်တောင် novel ထဲဝင်သွားပြီး ပြောပြလိုက်ချင်သေးတယ်)