ခွဲထွက်ခြင်း
Vol. 19 Ch. 274
ကျိရွှေရှန့်က အခြားမိသားစုများမှ မိသားစုအကြီးအကဲများကိုလည်း ထိုင်ခုံအသီးသီးတွင် ဝင်ထိုင်ရန် ဖိတ်ကြားလိုက်သည်။ သူတို့အားလုံးက ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြပြီး အားလုံးက ကျိရွှေရှန့်ကို ကြည့်နေကြသည်။
ရွှေရှန့်က ဘာအကြောင်းပြချက်မှ မရှိဘဲ လူတိုင်းကို ဖိတ်ခေါ်မှာ မဟုတ်ပါဘူး။ အဲဒါက ဘာဖြစ်နိုင်မလဲ?
ကျိရွှေရှန့်ကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး သူက ကျိရှောင်ယင်ကို လူကြီးများ သောက်နိုင်ရန် လက်ဖက်ရည်ပန်းကန် အနည်းငယ် ပြင်ဆင်ခိုင်းလိုက်သည်။ ထိုလက်ဖက်ခြောက်ရွက်များကို လမ်းခရီးတွင် စူးချင်း ဝယ်လာခဲ့ခြင်း ဖြစ်ပြီး သူမ တစ်ကြိမ်သာ သောက်ရသေးသည်။ သူမက တစ်ဝက်ကို သူတို့အဘိုးအား ပေးခဲ့ပြီး တစ်ဝက် ကျန်နေခဲ့ခြင်း ဖြစ်သည်။
ထိုလက်ဖက်ခြောက်များက ပထမတန်းစား လက်ဖက်ရွက်များမှ ပြုလုပ်ထားသည့် အဆင့်မြင့် လက်ဖက်ခြောက်ဖြစ်သောကြောင့် အရောင်က ရွှေအိုရောင်ဖြစ်ပြီး လက်ဖက်ရနံ့က သင်းပျံ့လွန်းလှသည်။ သောက်ပြီးသွားချိန်တွင်လည်း ခံတွင်းကို အလွန်ချိုမြိန်စေပြီး အရသာက အကုန်ဆုံးသွားပေ။
ကျိရွှေရှန့်က ၎င်းလက်ဖက်ခြောက်ကို ထုတ်ယူ၍ သက်ကြီးရွယ်အိုများအား ဧည့်ခံနေခြင်းက သူ့၏ရိုသေလေးစားမှုကို ပြသသည့်ပုံစံတစ်မျိုးလည်း ဖြစ်သည်။
ကျိရွှေရှန့်က သူတို့ကို လေးစားနေဆဲဖြစ်သည့်အတွက် ရွာလူကြီးချိုးက ကျေနပ်နေမိသည်။ မည်သို့ပင်ဖြစ်စေ ကျိရွှေရှန့်က ကျော်ကြားသော စစ်သူရဲကောင်းဖြစ်သည့် စစ်သူကြီးရှောင်း၏မျိုးဆက် ဖြစ်သည်။ သူက ကြီးကျယ်သော အရာများကို လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပြီး သူတို့ကဲ့သို့သော သာမာန်လူများက ကျိရွှေရှန့်ကို ဒုက္ခမပေးသင့်တော့ပေ။
ထို့ကြောင့် ကျိရွှေရှန့်က သူတို့ကို ခါတိုင်းကဲ့သို့ လေးလေးစားစား ဆက်ဆံပြောဆိုမည်ဟု သူ မမျှော်လင့်ထားတော့ပေ။
ကျိရွှေရှန့်က ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ လူကြီးများအတွက် လက်ဖက်ရည် ပြင်ဆင်ပေးနေသည်ကို စောင့်ဆိုင်းနေခဲ့သည်။
“ဒါက ဒီလိုပါ၊ အဖိုးချိုးရဲ့ စကားတွေအရဆိုရင် လူတိုင်းက မော့ချန်မှာ နေချင်ကြပြီး ကျင့်ရှီလျိုမြောင်ကို မသွားချင်တော့ဘူးလို့ ကျွန်တော် သိရတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ကပ်ဘေးကနေ ရှောင်တိမ်းတဲ့ ခရီးစဥ်ကို ဒီနေရာမှာ အဆုံးသတ်သင့်ပြီလို့ ကျွန်တော် ထင်တယ်”
လူကြီးများက လက်ဖက်ရည်၏အရသာကို မြည်းစမ်းနေကြပြီး ကျိရွှေရှန့်၏စကားကို ကြားလိုက်ချိန်တွင် သူတို့၏နှလုံးသားများထဲမှ တုန်လှုပ်မှုကို သူတို့ဘာသာ ပြန်ခံစားလိုက်ရသည်။
ပြီးသွားပြီပေါ့။ နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ။
"အင်း ဆက်ပြောပါဦး"
ရွာလူကြီးချိုးက လေးနက်သောအမူအရာဖြင့် စကားထောက်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။
တကယ်တော့ ဒါက စီရင်စုအမတ်မင်း အသုံးပြုခဲ့တဲ့ လက်ဖက်ရည်ခွက်ပါ။ သူတို့ သုံးတဲ့ ကြွေပန်းကန်အကြမ်းတွေထက် အများကြီး ပိုအဆင့်မြင့်တယ်။ ခွက်ထဲက လက်ဖက်ရည်ကတော့ ပိုတောင် တန်ဖိုးရှိပုံပါပဲ။
“ဒီတစ်ကြိမ် ကျွန်တော် တာ့ထန်ကနေ ဆူဖြိုးတဲ့သိုးအကောင်တစ်ရာ ပြန်ယူလာခဲ့တယ်။ အဲ့သိုးတွေကို မိသားစုတစ်ခုချင်းစီကို ခွဲဝေပေးဖို့ တွေးထားတယ်။ မိသားစုတစ်ခုစီက လူအရေအတွက်အတိုင်း လူများတဲ့ မိသားစုက ပိုရမယ်၊ လူနည်းတဲ့ မိသာစုက ရတာနည်းမယ်။ သူတို့ကို သတ်မလား မွေးမြူမလားဆိုတာကတော့ ပိုင်ရှင်အပေါ်မှာပဲ မူတည်တယ်။ ကျန်နေတဲ့ စားရိက္ခာတွေကိုလည်း အဲ့လိုပဲ ခွဲဝေပေးမယ်၊ နောင်ဆိုရင် သူတို့ဘာသာ စီးပွားရှာလို့ ရပြီ”
ကျိရွှေရှန့်၏စကား ဆုံးသွားသည်နှင့် လူအိုကြီးများက သူ့အမူအရာကို အကဲခတ်ကြည့်ရှုနေကြသည်။
သူ့သဘောထားက ခိုင်မာပုံပဲ။ သူတို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒီကိစ္စကို လုပ်ရတော့မယ်။
“အင်း... ဒါလည်း မှန်နေတာပဲ”
လူအိုကြီးများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဤအရာက အကောင်းဆုံးနည်းလမ်းဖြစ်သည်ကို သူတို့ နားလည်နေကြသည်။
မိသားစုတိုင်းမှာ မွေးမြူဖို့ အရွယ်ရောက်ပြီးသား သိုးတစ်ကောင် ရနိုင်လိမ့်မယ်၊ ဆိုလိုတာက တစ်နှစ်မှာ အကောင်ပေါက်လေးနှစ်ကောင် မွေးမြူနိုင်လိမ့်မယ်။ သူတို့ ထောင်ဟွားဝူမှာ နေတုန်းက ဘယ်သူ့မှာများ သိုးတွေ ရှိခဲ့ဖူးလို့လဲ? ရွှေရှန့်က သူတို့အတွက် အစွမ်းကုန် လုပ်ပြီးပြီမို့ သူတို့ ဘာမှ ထပ်မတောင်းဆိုသင့်တော့ဘူး။
လူအိုကြီးလီနှင့် အခြားမိသားစုများမှ အသက်ကြီးသူများက ထိုအတိုင်း ယူဆနေခဲ့ကြသည်။
ရွှေရှန့်က သူတို့အပေါ် ဘာအကြွေးမှ မတင်ထားဘူး။ သူတို့ကသာ ရွှေရှန့်မရှိရင် အခုထိ အသက်ရှင်နေနိုင်ဖို့ ခက်ခဲကြလိမ့်မယ်။
ထို့ကြောင့် လူကြီးများက သူတို့၏ သဘောထားကို တယောက်ပြီး တယောက် ဖော်ပြလာကြသည်။
"ရွှေရှန့်၊ မင်းက အလုပ်ကြိုးစားပြီး လမ်းတလျှောက်လုံး လူတိုင်းကို ဦးဆောင်ခဲ့တယ်။ အဲ့အတွက် ငါတို့အားလုံး မင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ငါတို့ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြမယ်"
“ဟုတ်တယ်၊ မိသားစုတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်သင့်နေပြီ။ ကောင်းကောင်း နေနိုင်တာပဲဖြစ်ဖြစ် အဆင်မပြေတာပဲ ဖြစ်ဖြစ် သူတို့ရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ်"
“ကောင်းပါပြီ၊ အဘိုးနဲ့ ဦးလေးတွေက ကန့်ကွက်စရာ မရှိတော့ဘူးဆိုရင် ယုံခန်းကို မိသားစုတစ်ခုစီတိုင်းရဲ့ လူအရေအတွက် စာရင်းသွင်းခိုင်းပြီး လူအရေအတွက်အတိုင်း သိုးတွေကို ခွဲဝေပေးမယ်။ ကလေးတွေကိုတော့ ထည့်မတွက်ဘူး၊ အရွယ်ရောက်ပြီးတဲ့သူတွေကိုပဲ ရေတွက်ခိုင်းလိုက်မယ်”
မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် ကျိရွှေရှန့်က ချိုးယုံခန်းကို တွက်ချက်မှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ သူက ထောက်ပံ့ပို့ဆောင်ရေးအတွက် တာဝန်ယူထားသူ ဖြစ်သည်။
“ကောင်းပြီ”
ကလေးများစွာရှိသော မိသားစုများအတွက် အနည်းငယ် အဆင်မပြေ ဖြစ်နိုင်သော်လည်း ဤသိုးများကို ကျိရွှေရှန့်က အခမဲ့ ဝေပေးခြင်း ဖြစ်သည်။
သူတို့ လွန်လွန်ကဲကဲ ပြောမိလျှင် သူတို့က ကျေးဇူးကန်းသူများ ဖြစ်သွားပေလိမ့်မည်။
"ဒါဆို ဒီည ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ အတူတူ စားသောက်ကြမယ်"
မည်သူမျှ ကန့်ကွက်ခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် ကျိရွှေရှန့်က ပြုံးပြုံးရွှင်ရွှင် ကြေငြာလိုက်သည်။ ရွာလူကြီးချိုးနှင့် အခြားလူများ၏မျက်လုံးများတွင်တော့ ဝမ်းနည်းရိပ်များ အနည်းငယ် ရှိနေခဲ့သည်။
အတူတူ နေခဲ့ရတဲ့ ဘဝက ကောင်းလွန်းတယ်လေ။ စားဖို့ အသားအမြဲ ရှိတယ်။ စူးချင်းက တော်ဝင်စားဖိုမှူးရဲ့မျိုးဆက်ဆိုတော့ သူမ ချက်တဲ့ဟင်းတွေက အရမ်းကောင်းတယ်။ သူတို့ လမ်းပေါ်မှာ ထွက်ပြေးနေရပေမယ့် အိမ်မှာ စားရတာထက် ပိုကောင်းတယ်။
သို့သော် အခြားနည်းလမ်း မရှိတော့ပေ။
ကောင်းမွန်တဲ့ တွေ့ဆုံမှုမှန်သမျှက အချိန်တန်ရင် အဆုံးသတ်ရတာပါပဲ။
သူတို့ ရွှေရှန့်နဲ့ စူးချင်းကို ဆက်ပြီး တွယ်ကပ်နေရင် လူတိုင်းက တစ်ကိုယ်ကောင်းဆန်လွန်းသလို ဖြစ်သွားလိမ့်မယ်။
ချိုးယုံခန်းက မိသားစုတိုင်းရှိ လူအရေအတွက်ကို ရေတွက်ပြီး ကျိရွှေရှန့်အား သတင်းပို့ရန် ပြန်ရောက်လာခဲ့သည်။ ထောင်ဟွားဝူတွင် အရွယ်ရောက်ပြီးသူ ၆၈ ယောက်နှင့် ၁၄ နှစ်အောက် ကလေး ၁၈ ယောက်ရှိသည်။ တစ်နည်းအားဖြင့် သိုး ၆၈ ကောင် ခွဲဝေပေးရမည် ဖြစ်သည်။
ထိုအရာက ကျိရွှေရှန့် ပြန်ယူလာသည့် သိုးတစ်ဝက်ကျော်ကို ခွဲဝေပေးရခြင်းနှင့် ညီမျှသည်။
"ငါတို့မှာ အစေ့အဆန် ဘယ်လောက်ကျန်သေးလဲ?"
ကျိရွှေရှန့်က သူ နားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်ပြီး လက်ကျန်ရိက္ခာများအကြောင်း မေးလိုက်သည်။
“ဆန်ချောခြောက်ဆယ်ရှီနဲ့ ဆန်လုံးညို တစ်ရာ့ရှစ်ဆယ့်ခြောက်ရှိ ရှိပါသေးတယ်”
ချိုးယုံခန်းက နေ့စဉ် စာရင်းပြုစုထားပြီး မိသားစုတစ်ခုစီသို့ ဝေငှပေးနိုင်မည့် အစားအစာများကို ချိန်တွယ်ရန် လိုအပ်သောကြောင့် ကျိရွှေရှန့်မေးလိုက်ချိန်တွင် သူ ချက်ချင်း ပြန်ပြောနိုင်ခဲ့သည်။
ကျိရွှေရှန့်က ခဏလောက် စဉ်းစားနေခဲ့သေးသည်။ သူမှာ မြို့စောင့်တပ်သားတွေအပြင် လူရာဂဏန်းကို ကျွေးမွေးဖို့ လိုအပ်တဲ့ ရိက္ခာပမာဏကို သူတွေးနေမိတယ်။ ပြသနာတော့ အများကြီး မရှိလောက်ပါဘူးလေ၊ အခက်အခဲတွေထက် ဖြေရှင်းနည်းတွေက အမြဲတမ်း ပိုများနေတက်တယ်။
သူက အစေ့အဆန်များကို အရင် ဝေငှပေးထားရန် ချိုးယုံခန်းကို ထပ်ပြောလိုက်သည်။
“လူကြီးတစ်ယောက်အတွက် ဆန်လုံးညိုနှစ်ရှီ၊ ကလေးတစ်ယောက်အတွက် ရှိတစ်ဝက်စီ၊ ပြီးတော့ မိသားစုတစ်စုချင်းစီအတွက် ငွေဆယ်လျန်နဲ့ ချည်အဝတ်အစားတွေကို လူအရေအတွက်အလိုက် အရင် ခွဲဝေပေးထားမယ်၊ အခု တာ့ထန်စစ်သည်တွေ ဝတ်လာတဲ့ ချည်သားအ၀တ်အထည်တွေနဲ့ သားရေအင်္ကျီတွေကို လူတိုင်း လက်ခံရရှိထားပြီပြီ ဆိုပေမယ့် အများစုက ဝတ်ဖို့ အဆင်မပြေဘူး။ အဝတ်အထည်တွေကို အရင် ဝေခွဲပေးလိုက်တာက ပိုကောင်းတယ်။ တာ့ထန်ကနေ ရရှိလာတဲ့ ရွှေ ၁၀၀ က ငွေ လျန် ၁,၆၀၀ နဲ့ တူတယ်တယ်။ ယန်ကျစ်ကို ငွေလျန် ၆၀ ထပ်ပေးလိုက်ရတော့ စာရင်းထဲမှာ လျန် ၁,၅၄၀ ကျန်နေသေးတယ်”
ထောင်ဟွားဝူတွင် စုစုပေါင်း အိမ်ထောင်စု ၁၅ စု ရှိသည်။ မိသားစုတစ်စုစီအတွက် ငွေဆယ်လျန်စီ ပေးဝေလျှင် စုစုပေါင်း ငွေ ၁၅၀ လျန်သာ ရှိမည် ဖြစ်ပြီး စာရင်းထဲတွင် ငွေလျန်ပေါင်း ၁၃၉၀ ကျန်နေဦးမည် ဖြစ်သည်။
ထိုငွေက တော်တော်များသည်ဟု ထင်ရသော်လည်း ကျိရွှေရှန့်က မြို့ထဲမှ စစ်သည်များအတွက် စားနပ်ရိက္ခာကို ဂရုစိုက်ပေးရမည် ဖြစ်သည်။ သူ့မိသားစုနှင့် ဦးလေးချွီတို့ လူစုကို ထည့်တွက်လိုက်လျှင် ကုန်ကျစရိတ်က မလွယ်ကူလှပေ။
ကံကောင်းထောက်မစွာနဲ့ သူ့မှာ သားရေလှည်းခြောက်စီစာ ရှိနေသေးတယ်။ အဲ့သားရေတွေက တာ့ရှားပြည်ထောင်မှာ ရောင်းအားကောင်းနိုင်တော့ ငွေလျန် ၃၀၀ ခန့်လောက်နဲ့ ရောင်းချနိုင်လိမ့်မယ်။ အစေ့အဆန်တွေ ပြန်ဝယ်မယ်ဆိုရင် ဆန်လုံးညိုတစ်ရှီကို အမြင့်ဆုံးစျေး ငွေနှစ်လျန် ပေးရရင် အနည်းဆုံး ဆန်လုံးညို ရှီ ၁၅၀ ဝယ်နိုင်လိမ့်မယ်။ ဆောင်းရာသီကုန်ပြီး နွေဦးရာသီရောက်တာနဲ့ စိုက်ပျိုးနိုင်တော့မှာဆိုတော့ အဲ့အချိန်ရောက်လာရင် သူတို့ရဲ့ဘဝတွေ ပိုမို ကောင်းမွန်လာလိမ့်မယ်။
“ကောင်းပြီ”
ချိုးယုံခန်းက ခေါင်းညိတ်လိုက်သည်။
ရွှေရှန့်က ထောင်ဟွားဝူက ရွာသူရွာသားတွေအတွက် သူ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တယ်။ သူ သာဆိုရင် ငွေကြေးကို ဝေစုခွဲပေးဖို့ စဉ်းစားမိမှာ မဟုတ်ဘူး။
သူတို့ကို စားနပ်ရိက္ခာနဲ့ သိုးတွေ ပေးရင် လုံလောက်နေပြီ။
“ဒီတစ်ကြိမ်မှာ ပါလာတဲ့ သိုးအကောင်တစ်ရာနဲ့ အရင်က ပြန်ယူလာတဲ့ သိုးငါးကောင်ပေါင်းလိုက်ရင် စုစုပေါင်း သိုးတစ်ရာ့ငါးကောင် ရှိတယ်၊ ခြောက်ဆယ့်ရှစ်ကောင်ကို ခွဲဝေပေးလိုက်ရင် သိုး သုံးဆယ့်ခုနစ်ကောင်နဲ့ နွားသုံးကောင် ကျန်နေဦးမယ်”
ချိုးယုံခန်းက စာရင်းစာအုပ်ကို ဖွင့်ကာ ကျိရွှေရှန့်ကို ပြလိုက်သည်။ သူက တိရစ္ဆာန်အရည်အတွက်ကိုပါ စာရင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည်။
“ဒီ သိုးသုံးဆယ့်ခုနှစ်ကောင်ကို ရုံးတော် ခြံဝင်းရဲ့အနောက်ဘက်မှာ မွေးမြူထားလိုက်မယ်။ ဒါက စစ်သည်တွေအတွက် အာဟာရကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ သူတို့က မြို့ကို ကာကွယ်ဖို့ တာဝန်ရှိကြတယ်။ နွားသုံးကောင်ကိုတော့ အများပိုင်လို့ သတ်မှတ်လိုက်ကြရအောင်။ နွေဦးပေါက်လာရင် လူတိုင်း စွန့်ပစ်မြေယာတွေကို ပြန်ပြင်ဖို့ အဲ့နွားတွေကို အသုံးပြုလို့ ရတယ်။ အခကြေးငွေ မယူဘူး၊ ဒါပေမယ့် သာမာန်အချိန်တွေမှာတော့ လူတိုင်းက နွားတွေကို အစာကျွေးပေးရမယ်"
ကျိရွှေရှန့်က ထိုအကြောင်းကို သေသေချာချာ တွေးပြီးမှ နွားများကို စုပေါင်းပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
အဲ့နွားတွေကို သူ တစ်ယောက်တည်း အစာကျွေးပြီး စောင့်ရှောက်ဖို့က ခက်ခဲလွန်းတယ်။ စူးချင်းကို သူ့မိသားစုလို့ လုံးဝ အသေအချာ မှတ်ယူနိုင်ပေမယ့် သူရော သူမကပါ အလုပ်များလွန်းပြီး သူတို့လည်း နှစ်ကိုယ် မခွဲနိုင်တော့ဘူး။ အဲ့တော့ နွားတွေကို အများပိုင်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
"ကောင်းပြီ၊ ငါ လူတိုင်းကို ပြန်ပြောပြလိုက်မယ်"
ကျိရွှေရှန့်က အလွန်စဉ်းစားတတ်သည်ဟု ချိုးယုံခန်း ခံစားနေမိသည်။
သူပဲ အဲ့လိုနည်းလမ်းကို စဥ်းစားမိတယ်။ ဟုတ်တာပေါ့ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးဆပ်ရမယ်။ နွားဆိုတာက နွေဦးရာသီအတွက် မြေထွန်ယက်ဖို့ မရှိမဖြစ် လိုအပ်တယ်လေ။ အစာကျွေးတာလောက်တော့ လုပ်ပေးကြပေါ့။
ပြီးတော့ ဒီနွားသုံးကောင်ကို ရွှေရှန့်က လူတိုင်းအတွက် မျှဝေပေးခဲ့ပြီးပြီ၊ တခြားအားစိုက် ထုတ်ရမယ့်အရာတွေကို သူ မလုပ်သင့်တော့ဘူး။
ချိုးယုံခန်းနှင့် ကျိရွှေရှန့်တို့ စကားပြောနေချိန်တွင် မိသားစုတိုင်းရှိ လူများက ရုံးတော်အပြင်ဘက်တွင် စုရုံးစောင့်ဆိုင်းနေကြသည်။ ကျိရွှေရှန့်၏ဆုံးဖြတ်ချက်အကြောင်း သူတို့၏လူကြီးမိဘများက ပြန်ပြောပြချိန်တွင် ထောင်ဟွားဝူမှ ရွာသူရွာသားများအားလုံး ဝမ်းသာသွားကြသည်။
ဒီနေ့က ဘာနေ့လဲ? ကောင်းကျိုးတွေ အားလုံးက ဘာကြောင့် စုပေါင်းရောက်လာခဲ့တာလဲ? သူတို့ သိုးနဲ့ စားနပ်ရိက္ခာတွေ ခွဲဝေပေးမယ်ဆိုရင် နောက်ပိုင်းမှာ စားဖို့ အသားတွေ ရှိလာလိမ့်မယ်။