နှုတ်ဆက်ပွဲ (အပိုင်း ၂)
Vol. 19 Ch. 276
စူးချင်းက အရက်အိုးကို အိမ်ထဲသို့ မထည့်မီ သေချာအောင် စစ်ဆေးလိုက်သည်။ သူမ ပန်းကန်များအားလုံးကို စားပွဲပေါ်တင်ပြီးနောက် ကျိရွှေရှန့်က ယန်ကျစ်နှင့် သူ့၏သက်တော်စောင့်အဖွဲ့ကို ဖိတ်ခေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုလူများအပြင် ရှင်းရူဟိုင်၊ ချန်ယွီ၊ အဘိုးချင်၊ ရွာလူကြီးချိုးနှင့် ကျိရွှေရှန့်၏ ညီအကိုကောင်းများ ဖြစ်သည့် ချိုးယုံခန်း၊ ကျုံးယုံ၊ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့လည်း လိုက်ပါလာခဲ့သည်။
ဟင်းပွဲများအားလုံး ခင်းကျင်းပြီးနောက် ကျိရွှေရှန့်က သူတို့အားလုံးကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
အဓိကထိုင်ခုံတွင် ထိုင်ရသူက ချင်ဖုန်း ဖြစ်ပြီး သူ့ဘေးတွင် ထိုင်သူက ရွာလူကြီးချိုး ဖြစ်သည်။ ယခုအထိ ရွာလူကြီးချိုးက ချင်ဖုန်းက မည်သူဖြစ်မှန်း မသိသေးပေ။ သူက ချင်ဖုန်းကို စူးချင်း၏အဖေဟုသာ ထင်နေခဲ့သည်။
ချန်ယွိက ရွာလူကြီးချိုး၏ဘေးမှာထိုင်နေပြီး ရှင်းရူဟိုင်က ချန်ယွိ၏ဘေးမှာထိုင်နေကာ ချိုးယုံခန်းက ရှင်းရူဟိုင်၏ဘေးတွင် ထိုင်နေလေသည်။ သူတို့နှစ်ယောက်စလုံးက စာပေသမားများ ဖြစ်ကြသောကြောင့် သူတို့ထံတွင် သမိုင်းနှင့် လက်ရှိခတ်ကာလ အပါအဝင် အဆုံးမဲ့ ပြောနိုင်သည့် အကြောင်းအရာများစွာ ရှိနေလေသည်။ လက်ရှိမင်းဆက်အပေါ် ထားရှိသည့် တူညီသော နိုင်ငံရေးအမြင်များကိုလည်း မျှဝေခဲ့ကြပြီး စောစောစီးစီး မတွေ့ဆုံနိုင်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်နေခဲ့ကြသည်။
ကျိရွှေရှန့်က ယန်ကျစ်ကို သူ့အဘိုးဘေးတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူက ယန်ကျစ်၏ဘေးတွင် ထိုင်နေပြီး စူးချင်းအတွက် ထိုင်ခုံလွတ်တစ်ခု ချန်ထားလိုက်သည်။ ဤနေရာသည် ဧည့်သည်များသာ ထိုင်နိုင်သော ထိုင်ခုံဖြစ်သည်။
တာ့ရှားပြည်ထောင်ရှိ အမျိုးသမီးများ၏ အဆင့်အတန်းက အလွန်နိမ့်ကျပြီး အမျိုးသားများ သောက်ရင်း စားရင်း ဆွေးနွေးနေချိန်တွင် အမျိုးသမီးများကို စားပွဲဝိုင်း၌ ထိုင်ခွင့် မပေးကြပေ။ ချမ်းသာသော မိသားစုများမှ အမျိုးသမီးများက သူတို့၏မျက်နှာကိုပင် ပြသခွင့်မပြုဘဲ အတွင်းဆောင်တွင်သာ နေကြရပြီး ဆင်းရဲနွမ်းပါးသော မိသားစုများမှ အမျိုးသမီးများတော့ ဟင်းပွဲများ ပြင်ဆင်ပေးရန်နှင့် အရက်ထည့်ပေးရန် စားပွဲဝိုင်းနားတွင် အဆင်သင့် စောင့်ဆိုင်းကာ လိုအပ်သလို လုပ်ကိုင်ပေးကြရသည်။
သို့သော်လည်း ကျိရွှေရှန့်ထံတွင် စူးချင်းအတွက် ထိုစည်းမျဉ်းများ မရှိပေ။
သူမက ယောက်ျားတွေထက်တောင် သန်မာပြီး ရှေ့တန်းကနေ တိုက်ခိုက် နိုင်သေးတယ်။ အရက်သောက်တဲ့အချိန်ကြမှ ဘာလို့ သူမအတွက် နေရာမရှိရမှာလဲ?
စားပွဲနှစ်လုံးတွင် လူအနည်းငယ်စီ မျှထိုင်လိုက်ကြပြီး ယန်ကျစ်က စူးချင်း သူတို့ကို ဂျုံယာဂု မဟုတ်သည့် ဟင်းလျာများဖြင့် ဧည့်ခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက ဟင်းလျာကောင်းများ အပြည့် ရှိနေသည့် စားပွဲဝိုင်းများကို ပြင်ဆင်ပေးထားခဲ့သည်။ ထိုဟင်းလျာများတွင် အထူးသဖြင့် ဝက်အူချောင်းနှင့် ဝက်ဗိုက်သားကြော်တို့က မြို့တော်၏အကြီးဆုံးစားသောက်ဆိုင်ထက် မနိမ့်ကျပေ။ ၎င်းတို့က မြင့်မြတ်သူများသာ စားနိုင်သည့် နတ်ဘုရားဟင်းပွဲများသာ ဖြစ်သည်။
"စူးချင်း၊ ကျေးဇူးတင်ပါတယ်"
ယန်ကျစ်က စူးချင်းကို ကျေးဇူးတင်ကြောင်း ပြသရန် သူ့ခွက်ကို မြှောက်လိုက်သည်။ စူးချင်းက သူမဘာသာ အရက်တစ်ခွက် အမြန်လောင်းထည့်လိုက်ပြီး ယန်ကျစ်ကို ဂုဏ်ပြုရန် မတ်တပ်ထရပ်လိုက်သည်။
"ရှင့်ရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုယန်၊ ကျွန်မ အရင်သောက်ပါရစေ"
အမှန်တကယ်တွင် စူးချင်းက ထိုကဲ့သို့ ယဉ်ကျေးသိမ်မွေ့သည့် စကားမျိုးကို တစ်ခါမှ မပြောခဲ့ဖူးပေ။ သူမက သူမ၏ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ တာ့ထန်၏အရက်ကို သောက်ပြီးနောက် လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်ကို သူမ တွေ့ရှိလိုက်ရသည်။
အချဥ်ဓာတ်များပြီး အရသာ မရှိဘူး။ သောက်လိုက်တာနဲ့ ဗိုက်ကို မီးမြိုက်လိုက်သလို ခံစားရစေတယ်။
ဒါက တာ့ထန်ရဲ့အကောင်းဆုံးအရက်တဲ့လား? တော်ဝင်မိသားစုတွေပဲ သောက်နိုင်တာပေါ့လေ။ သူမသာ အရက်ကောင်းကောင်း ချက်နိုင်ခဲ့ရင် ရောင်းအားက အရမ်းကောင်းနေမှာ မဟုတ်ဘူးလား?
စူးချင်းက ငွေရှာရန်အတွက် ပြန်စဉ်းစားနေခဲ့သည်။
အရက်က ပဲငံပြာရည်ထက် ပိုရောင်းကောင်းနိုင်မလား? အလယ်ပိုင်းလွင်ပြင်က လူတွေက အစားအသောက်ကို အထူးအလေးပေးတာဆိုတော့ ပဲငံပြာရည်စျေးကွက်က အလယ်ပိုင်းလွင်ပြင်မှာ အကောင်းဆုံးဖြစ်နိုင်တယ်။
အကြီးမားဆုံး အရက်စျေးကွက်ကတော့ တာ့ထန်မှာပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ဆောင်းရာသီက ရှည်လျားတာကြောင့် အအေးဒဏ်ကို ခါးခါးသီးသီး ခံစားကြရတယ်။ အရက်သောက်တာက သူတို့ရဲ့အစာအိမ်နဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေတယ်။ အဲဒါကြောင့် သူတို့က အရက်ပြင်းပြင်းတွေကို သောက်ရတာ ကြိုက်တယ်။ သူမတို့ တာ့ထန်မှာ ရှိနေတုန်းက သူမ အရက်စျေးနှုန်းအကြောင်းကို ပေါ့ပေါ့ပါးပါး မေးမြန်း စပ်စုခဲ့သေးတယ်။ အဆင့်မြင့်အရက်ကောင်းက တစ်အိုးကို ငွေဆယ်လျန်တန်ပြီး ရိုးရိုးသာမန်အရက်အိုးက ငွေသုံးလျန် တန်ဖိုး ရှိတယ်။
လော့ချန်မှာရှိတဲ့ အဲ့မှောင်ခိုစားသောက်ဆိုင်က သူတို့ကို ငွေညှစ်တဲ့အချိန်မှာ တတိယမင်းသား ထိတ်လန့်တကြား မဖြစ်ခဲ့တာက အံ့သြစရာ မဟုတ်တော့ဘူးပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တိုင်းပြည်က အရက်က အရမ်းစျေးကြီးလွန်းတယ်။
စူးချင်းက အရက်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ယန်ကျစ်က မိန်းခလေးထက် အားနည်းသည်ဟု အထင်မခံချင်သောကြောင့် သူ့၏ခွက်ကို မြှောက်လိုက်ပြီး တကျိုက်တည်း မေ့သောက်လိုက်သည်။
ဒီအရက်က ပူစပ်လွန်းတယ်။ ကျေနပ်စရာပဲ။ ကျေနပ်စရာ ကောင်းလွန်းတယ်။
ကျိရွှေရှန့်က စူးချင်းကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူမ၏ နှင်းဖြူအသားအရေကြောင့် သူမ၏ပါးပြင်မှ လည်ပင်းအထိ အနီရောင်အလွှာတစ်ခု ဖုံးလွှမ်းလာသည်ကို သူ မြင်လိုက်ရသည်။ အရက်ကြောင့် သူမ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်ခြင်း မရှိတော့ဘဲ ရေလှိုင်းများကဲ့သို့ ဖြစ်လာကာ သူမ၏ ဆွဲဆောင်မှုကို ပိုတိုးလာစေခဲ့သည်။
ထိုကဲ့သို့သော စူးချင်းက ပို၍ပင် လှပလွန်းနေပြီး သူမက လှပလွန်းသဖြင့် တခြားသူများက သူမထံမှ မျက်လုံးမခွာနိုင် ဖြစ်နေစေသည်။ သူမက အလွန်ပူနေပုံရပြီး သူမ၏လည်ပင်းကို သူမ၏လက်တစ်ဖက်ဖြင့် ပြန်ကိုင်ထားခဲ့သည်။ သူမ၏ ထိုပျင်းပျင်းရိရိ အသွင်အပြင်လေးက ကျိရွှေရှန့်၏သွေးများကို ဆူပွက်သွားစေခဲ့သည်။
ကျိရှောင်ယင်က လီတာ့နျိုတို့နှင့်အတူ တခြားစားပွဲတွင် ထိုင်နေခဲ့သည်။ သူမဘေးတွင် ထိုင်နေသည့် ရှောင်ချီက ထိုင်ခုံသေးသေးလေးပေါ်တွင် အသေအချာ ထိုင်နေခဲ့သည်။ သူမက လူသားတစ်ယောက်ကဲ့သို့ သူမ၏တူဖြင့် အစားအစာကို ယူနိုင်ရန် သင်ယူနေရင်း စားသောက်နေကာ သူမ၏ပါးစပ်လေးက ဖောင်းနေလေသည်။
သခင်ချက်တဲ့ အစားအသောက်တွေက အရသာ ရှိလွန်းတယ်။
ကျိရှောင်ယင်က အများကြီး မစားနိုင်တော့သည့်အတွက် ရှောင်ချီအတွက် စားစရာတချို့ လှမ်းယူပေးရန် ကူညီပေးနေခဲ့သည်။ သူမ စားနေသည်ကို ကြည့်လိုက်ရုံဖြင့် ထိုစားစရာများက အရသာရှိမှန်း သိသာစေသည်။
လီတာ့နျိုနှင့် ကျုံးယုံက ရှောင်ချီကို စူးစူးစိုက်စိုက် လှမ်းကြည့်နေကြသည်။ အထူးသဖြင့် လီတာ့နျို ဖြစ်သည်။ သူက ဤအကောင်ငယ်လေးကို သူ့လက်ဖြင့် လှမ်းပုတ်ချင်နေခဲ့သော်လည်း သူမ၏မျက်နှာလေးဆီသို့ သူ့၏နတ်ဆိုးလက်ကြီး ဆန့်ထုတ်လိုက်သည်နှင့် ရှောင်ချီက သူမ၏တူများကို ဓားရှည်သဖွယ်အသုံးပြုကာ သူ့၏ နတ်ဆိုးလက်ကြီးကို ကြမ်းကြမ်းတန်းတန်း ပြန်တိုက်ခိုက်ခဲ့သည်။
လီတာ့နျိုတစ်ယောက် နာကျင်လွန်းသောကြောင့် ရှုံ့မဲ့သွားရသည်။ ထို့နောက် သူက ထိုဒေါသကြီးသော အကောင်ငယ်လေးကို ထိရန် သူ့လက်ကို ပေါ့ပေါ့ဆဆ မဆန့်တန်းဝံ့တော့ပေ။
ထိုလူတစ်ယောက်နှင့် သားရဲတစ်ကောင်ကြောင့် ကျိရှောင်ယင်က ဗိုက်နာသည်အထိ ရယ်မောနေခဲ့သည်။ သူမက ရှောင်ချီကို လက်မထောင်ပြလိုက်ပြီး "ဟား ဟား၊ ရှောင်ချီက အရမ်းတော်တယ်"
“မင်း ဒီခြေလေးချောင်း သတ္တဝါလေးကို ဘယ်ကနေ ကောက်ယူလာတာလဲ?”
လီတာ့နျိုက သူ့လက်ကို အုပ်ထားရင်း ရှောင်ချီကို စိုက်ကြည့်နေကာ ရေရွတ်လိုက်သည်။ ရှောင်ချီက သူ့ကို မျက်စောင်းထိုးကာ ကန့်ကွက်လိုက်သည်။
နင်ကမှ ခြေလေးချောင်းသတ္တဝါလေး... နင်တို့ တစ်မိသားစုလုံးကမှ ခြေလေးချောင်းသတ္တဝါလေးတွေ... ငါက လူစကားမပြောတက်ဘူးဆိုပြီး နင်က ငါ့ကို အနိုင်ကျင့်ချင်နေတာလား? ငါက သားရဲဘာသာစကားပဲ ပြောခွင့်ရလို့ပါနော်၊ ဒါတောင်မှ နင့်ကို ရှုပ်ထွေးအောင်လုပ်နိုင်သေးတယ်။
"ဟေး...မင်းက ငါ့ပြောတာကို နားလည်နေတာလား?"
လီတာ့နျိုက ကမ္ဘာအသစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ သူက ရှောင်ချီကြောင့် နာကျင်ခဲ့ရသည့် နာကျင်မှုကို မေ့သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရှောင်ချီကို လက်ညှိုးထိုးပြနေခဲ့သည်။
"ဟဲ ဟဲ၊ ပျော်စရာ ကောင်းတယ်"
ကျုံးယုံကတော့ အလွန် နာခံနေခဲ့သည်။ ရှောင်ချီက လီတာ့နျိုအား လှမ်းရိုက်လိုက်သည်ကို မြင်လိုက်ချိန်တွင် သူက ထိုအရာကို ကြည့်နေခဲ့ပြီး မလှုပ်မယှက် ထိုင်နေခဲ့သည်။ ထို့အပြင် သူက သူ့လက်ဖဝါးနှစ်ဖက်ကို သူ့လက်မောင်းကြီးများအောက်တွင် ဝှက်ထားပြီး သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်ထားခဲ့သည်။
စူးချင်းက အခြားတစ်ဘက်မှ စားပွဲဝိုင်းဆီသို့ လှည့်လိုက်ပြီး ရှောင်ချီကို လှမ်းကြည့်လိုက်သည်။
ဒီအကောင်ငယ်လေးက တောင်ထိပ်ကို မြန်မြန် သိမ်းပိုက်လိုက်ပြီ။ သူမမှာ သူမရဲ့စတိုင် ရှိတယ်။ သူမက ကလေးစစ်နတ်ဘုရားဖြစ်ဖို့ မျှော်လင့်ထားတယ် ထင်တယ်။
အရက်သုံးကြိမ်သောက်ကာ ဟင်းငါးပွဲမျိုးကို စားပြီးနောက် ယန်ကျစ်နှင့် သူ့လူများက သူတို့၏စိတ်နှလုံးများ ကျေနပ်သည်အထိ စားသောက်နေကြတော့သည်။ အရက်နှစ်အိုးတွင် အရက်တစ်စက်မျှ မကျန်တော့ဘဲ စားပွဲနှစ်လုံးမှ အသားနှင့် ဟင်းသီးဟင်းရွက်များလည်း ရှင်းလင်းသွားသည်အထိ စားသောက်ခဲ့ကြသည်။
ချန်ယွိက စူးချင်း၏အကြံပြုချက်ကို နားထောင်ပြီး ယန်ကျစ်အတွက် စပါးဆိုင်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူအဖြစ် ခွင့်ပြုချက် ပေးခဲ့သည်။ ထိုအပြင် သူက တရားဝင်တံဆိပ်တုံးထုထားသည့် အစိုးရခွင့်ပြုချက်ထောက်ခံစာကိုလည်း ပေးခဲ့သည်။ ဤအရာနှစ်ခုဖြင့် ယန်ကျစ်က အတားအဆီးမဲ့ သွားနိုင်ပေလိမ့်မည်။
နောက်တစ်နေ့မနက်တွင် ယန်ကျစ်နှင့် သူ့လူများက စတင်စုရုံးကာ ခရီးထွက်ရန် ပြင်ဆင်နေကြသည်။ စူးချင်းက သူတို့ကို လိုက်ပို့ခဲ့ပြီး ယန်ကျစ်ထံ စာတစ်စောင်နှင့် ဆေးထည့်ထားသည့် ဘရိုကိတ်သေတ္တာတစ်လုံး ထုတ်ယူပေးလိုက်သည်။
“အစ်ကိုယန် ကျေးဇူးပြုပြီး ဒီဆေးကို ဒုတိယသခင်ကြီးစူးဆီကို စာနဲ့အတူ ပို့ပေးပါ။ ကျေးဇူးပြုပြီး ဒါကို ကောင်းကောင်းစောင့်ရှောက်ပေးပါ”
“ကောင်းပါပြီ၊ စိတ်မပူပါနဲ့”
စူးချင်းက ကိစ္စနှင့်ပတ်သက်ပြီး သူ့ကို ပြောပြထားသောကြောင့် ယန်ကျစ်က အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုဆေးနှင့် စာက အလွန်အရေးကြီးကြောင်း သူ သိထားသောကြောင့် အခြားသူလက်သို့ မလွှဲပေးဘဲ ကိုယ်နှင့်မကွာ သိမ်ဆည်းလိုက်သည်။
ယခုတစ်ကြိမ်တွင် သူတို့က သားရေကောင်းလှည်း ခြောက်စီးကို ပြန်သယ်သွားကြမည် ဖြစ်သည်။ နွားများကိုတော့ ရောင်းရန် မစီစဉ်ထားဘဲ နောက်နှစ် စိုက်ပျိုးရာသီတွင် ခိုင်းစေရန် ချန်ထားခဲ့သည်။ သိုးများကိုလည်း လူတိုင်းအတွက် ဝေငှပြီး ဖြစ်သည်။
ကျန်ရှိသော ဆူဖြိုးသည့် သိုးနှစ်ဆယ်တစ်ကောင်ကိုလည်း ရောင်းချရန် အစီအစဉ် မရှိပေ။ နောက်နှစ် နွေဦးပေါက်တွင် သိုးမွေးရိတ်ရန် စီစဥ်ထားပြီး ထိုသိုးမွှေးကို ချည်ငင်နိုင်ပါက သိုးမွှေးချည်က အလွန်တန်ဖိုး ရှိလှသည်။ သိုးများ၏မျိုးပွားမှုက အလွန်ပြင်းထန်ပြီး တာ့ထန်၏ ဤသိုးများက အထူးသဖြင့် သန်မာလှသည်။ နွေရာသီတွင် သားပေါက်လာပြီး အရေအတွက်က နှစ်ဆတိုးလာနိုင်သည်။ သူတို့က အရင်းအမြစ်ကို ဖျက်ဆီးမည့် မိုက်မဲသောအမှုကို ပြုလုပ်မည် မဟုတ်ပေ။
“အစ်ကိုယန်၊ ဒီအထုတ်က အသားခြောက်ကြော်ပါ၊ ဒီအထုတ်က ရိက္ခာခြောက်တွေပါ။ လမ်းမှာ စားဖို့ ယူသွားလို့ ရတယ်"
စူးချင်းက အလွန် စဉ်းစားပေးတက်သည်။ သူမက မနက်စောစော ထကာာ ချက်ပြုတ်ပေးခဲ့ပြီး မနေ့က ချန်ထားပြီး အသားကို လှီးဖြတ်ကာ ယန်ကျစ်တို့အတွက် အသားခြောက်ဖြစ်အောင် ကြော်ပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ယန်ကျစ်တစ်ယောက် အလွန်ကြည်နူးသွားမိသည်။ ဒီလို ထောက်ထားစာနာပေးတက်တဲ့ အလုပ်ရှင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။ သူမက တကယ်ကို စဥ်းစားပေးတက်တယ်။
စူးချင်းက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ကျိရွှေရှန့် ရှိမနေသည်ကို တွေ့လိုက်ရသောကြောင့် အံ့သြနေမိသည်။
ယန်ကျစ် ထွက်သွားတော့မှာကို သူက လိုက်ပို့ဖို့ မလာဘူးလား? သူ ဘာတွေလုပ်နေတာလဲ?
စူးချင်းက ကျိရွှေရှန့်ကို ရှာရန် ကျိရှောင်ယင်ကို မေးသင့်သလားဟု တွေးနေချိန်တွင် ကျိရွှေရှန့်က ချွီတာ့၊ ကျုံးယုံနှင့် ချွီတာ့၏ လက်အောက်ငယ်သားအချို့ကို ဦးတောင်ကာ လှည်းအလွတ် ခုနစ်စီး ယူဆောင်လာသည်ကို သူမ တွေ့လိုက်ရသည်။
ထိုမြင်ကွင်းက စူးချင်း၏မျက်ခုံးများကို ပင့်တက်သွားစေခဲ့သည်။
ရွှေရှန့်က ဘာလုပ်မလို့လဲ?