အဆင့်မြှင့်တင်ခြင်း
Vol. 6 Ch. 574
"ဘုန်း ..."
ချန်းဖန်က မိုးကြိုး တံဆိပ်တုံးကို ချီစွမ်းအင် ပို့လွှတ်ရင်း မိုးကြိုးအလင်းများအား အဆက်မပြတ် ထုတ်လွှတ်နေ၏။ မိုးကြိုးများ၏ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက သွေးဂါလန်များစွာကို ဖျက်ဆီးပစ်သည်။
သို့သော်လည်း ထို သွေးများ နေရာက ခဏချင်းပင် အခြားသွေးများဖြင့် အစားထိုး ပြည့်နှင်သွားသည်။ ထိုသွေးမြစ်ကြီး၏ ရင်းမြစ်ကား အဆုံးအစ ရှိပုံ မရချေ။
တစ်ခဏ အတွင်း၌ ချန်းဖန်သည် သွေး ဆယ်တန်ခန့်ကို ဖျက်ဆီးပစ်ပြီး ဖြစ်သော်လည်း သွေးမြစ်ကြီးကား အရှိန်အဟုန်ဖြင့် စီးဆင်းနေတုန်းပင်။
"ဒါက ပြည့်စုံတဲ့ ဟင်းလင်းပြင် ရတနာ တစ်ခုကနေ လာတာ ဖြစ်ရမယ် ... အဲဒီ ရတနာက ဓားအားဖြည့် ကျောက်မျက်ထက်တောင် ပိုပြီး အဆင့်မြင့်တဲ့ပုံပဲ ... အနိမ့်ဆုံး သာလွန်အဆင့် ဖြစ်လောက်တယ် ..."
ချန်းဖန်က တွေးလိုက်မိသည်။
ဓားအားဖြည့် ကျောက်မျက် အတွင်းရှိ ဟင်းလင်းပြင်သည် ကုဗမီတာ ဆယ်ဂဏန်းသာ ကျယ်ဝန်းသည်။ သွေးမြစ်ကြီးကိုပင် ထည့်ထားနိုင်သည့် ဟင်းလင်းပြင် ရတနာကို နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။
"ဒီသွေးမြစ်ကြီး ဖြစ်လာဖို့ အပြစ်မဲ့တဲ့လူ ဘယ်နှယောက်များ သေခဲ့ရလဲ ..."
ထိုအတွေးကြောင့် ချန်းဖန်၏ မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။
ကျင့်ကြံသူများသည်လည်း သာမန်လူများနှင့် မခြား ခံစားချက်များ ရှိပေသည်။ ချန်းဖန်၏ လက်များသည် များစွာသော အသက်သွေးများနှင့် စွန်းထင်းနေသော လက်များ ဖြစ်သော်လည်း သူက လူတစ်ယောက်၏ အသက်ကို ကိုယ့်ကောင်းကျိုး တစ်ခုတည်း အတွက် မသတ်ခဲ့ဖူးချေ။
"ချန်းပေ့ရွှမ်း ... မင်း အညံ့ခံရင် ငါတို့ အသက် ချမ်းသာပေးမယ် ... မဟုတ်ရင် မိစ္ဆာသွေးတွေ မင်းကို ဝါးမျိုတာနဲ့ မင်း အသက် ဆုံရှုံးရလိမ့်မယ် ..."
အမှောင်မြို့စားက သွေးမြစ် ရင်းမြစ် တစ်ဖြစ်လဲ ဟင်းလင်းပြင် ရတနာ "နတ်ဘုရားကြုပ်" ကို ကိုင်ရင်း ချန်းဖန်အား ပြောလိုက်သည်။
လူတိုင်းက သွေးမြစ်ကြီး ဝန်းရံနေသော ချန်းဖန်အား ကြည့်ရင်း သက်ပြင်း ချလိုက်မိကြသည်။
သူကား ထိုမိစ္ဆာ သွေးမြစ်ကြီး၏ ဝါးမျိုမှုမှ လွတ်မြောက်တော့မည့်ပုံ မရှိချေ။
"ဆရာ ..."
အားရှို့၊ ယုဝမ်ကျင်းတို့က ချန်းဖန်အား ဖြူရော်စွာ ကြည့်လိုက်မိကြသည်။
အမှောင်ခုံရုံး၏ စီရင်သူများကမူ အရုပ်ဆိုးစွာ ပြုံးရင်း ကျန်ရှိနေသေးသော သတ်ဖြတ်ခြင်း ခုနစ်ပါး အစီအရင်ကို ဖိ၍ တိုက်ခိုက် နေကြ၏။ အစီအရင်မှာ အလွန် အစွမ်းထက်သည် ဆိုသော်လည်း ခင်းကျင်းသူများ၏ အကန့်အသတ် အထိသာ ထုတ်သုံးနိုင်ပေသည်။
"အား ..."
ထုံရှန်းက နာကျင်စွာ အော်ဟစ်ရင်း မတ်တတ် ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ ဒဏ်ရာများကား အလွန် ပြင်ထန်လွန်းရာ ချက်ချင်းပင် ဒူးခွေ၍ ပြန်လည် ပြုတ်ကျသွားသည်။
"ရား ..."
သူ၏ ခန္ဓာကိုယ်မှ ကျားမိစ္ဆာ ပုံရိပ်ယောင်က ဟိန်းဟောက်ကာ ရုန်းကြွရန် ကြိုးစားသည်။ သို့သော် အားအင်များ ကုန်ခန်းနေရာ ထိုပုံရိပ်ယောင်သည်လည်း လေထုတွင်ပင် မှေးမှိန် ပျောက်ကွယ်သွား၏။
"ချန်းပေ့ရွှမ်း ... မင်း အစေခံရဲ့ ခေါင်းကို ငါ အရင်ဖြတ်လိုက်ဦးမယ် ... နောက်ပြီးရင်တော့ မင်းအလှည့်ပေါ့ကွာ ... အမှောင်ခုံရုံးကို ဆန့်ကျင်ရဲရင် ဘယ်လို ဖြစ်မလဲ ဆိုတာ မင်းကို သတ်ပြီး တစ်ကမ္ဘာလုံးကို ဥပမာ ပေးမယ်ကွ ... ဟားဟား ..."
ဘားက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်သည်။
ထို့နောက် သူက ထုံရှန်း၏ ခန္ဓာကိုယ်ကို နင်းချေ၍ ဦးခေါင်းကို ဖြတ်ရန် သူ၏ လက်ထဲရှိ စစ်ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်သည်။
"ဘုန်း ..."
ထိုပုဆိန်ကြီးက လေထု၏ ပေါက်ကွဲမှုကို ယူဆောင်ကာ ထုံရှန်း၏ လည်ပင်းဆီသို့ တိုးဝင်လေသည်။
မြောက်ပိုင်းချုံး၏ ဂိုဏ်းသားများ စိတ်မသက် မသာဖြင့် မျက်လုံးများကို ပိတ်လိုက်စဉ်မှာပင် သွေးမြစ်ကြီး၏ အလယ်မှ အသံ တစ်ခု ထွက်ပေါ်လာသည်။
"ငါ့လို လူသား တန်ခိုးရှင် ကျင့်ကြံသူက မင်းတို့လို တိရစ္ဆာန် သွေးရောတွေဆီမှာ ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး ..."
ချန်းဖန်က မိုးကြိုးတံဆိပ်တုံးကို မြှောက်ရင်း အော်ဟစ် လိုက်၏။
"ပွင့်စမ်း ..."
"ဘုန်း ..."
ချန်းဖန်၏ အမိန့်အား ရသည်နှင့် ကောင်းကင်ရှိ တိမ်တိုက်များရှိ လျှပ်စီးများက လူးလွင့် ကခုန်လာကြ၏။ ထိုလျှပ်စီးများက ပြိုးပြိုးပြက်ပြက်ဖြင့် ပေါင်းစည်းကာ သန့်စင်သော ခရမ်းရောင် လျှပ်စီး တစ်ခု ဖြစ်ပေါ်လာသည်။
"ဘုန်း ..."
ထိုလျှပ်စီးက သွေးမြစ် အပေါ်သို့ ကျရောက်ကာ ပေါက်ကွဲ၏။
မျက်စိ တစ်မှိတ် အတွင်းမှာပင် ကောင်းကင်၌ ထိုသို့သော လျှပ်စီး အလင်းတန်းများ မျက်စိကျိန်း လောက်အောင် ဖြစ်ပေါ်လာ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
လျှပ်စီး အလင်းတန်းများက အဘက်ဘက်မှ နေ၍ သွေးမြစ်ကြီး ဆီသို့ တိုးတင်ကာ ဖျက်ဆီးသည်။ များစွာသော တိုက်ခိုက်မှုများ အလယ်၌ သွေးမြစ်ကြီးမှာ စတင် ခန်းခြောက်လာသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
စက္ကန့်ပိုင်းမျှ အချိန် အတွင်းမှာပင် သွေးမြစ်ကြီးမှာ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
သို့သော်လည်း လျှပ်စီး အလင်းတန်းများက ရပ်တန့်ခြင်း မရှိပဲ သွေးများ သိုလှောင်ကာ နတ်ဘုရားကြုတ် ဆီသို့ တိုးဝင်သည်။
လူတိုင်းသည် မျှော်လင့် တကြီး ငေးကြည့် နေမိကြသည်။
သူတို့၏ အကြည့်များ အောက်တွင်ပင် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော လူငယ် တစ်ယောက် သွေးမြစ် အလယ်တွင် ပေါ်ထွက်လာ၏။ သူ၏ ခြေလှမ်းတိုင်း၌ သွေးမြစ်ကြီးက ဖေးသို့ ဖယ်ကာ ထိမိမည် စိုးရိမ်သည့် အလား ရှောင်တိမ်း၍ နေ၏။
"ဆရာ ..."
ထိုမြင်ကွင်းကို ကြည့်ရင်း အားရှို့၏ မျက်လုံး၌ မျက်ရည်များ ဝေ့ဝဲသွားသည်။
သူမတို့နှင့် ရင်ဆိုင်သော စီရင်သူများမှာလည်း ထိုမြင်ကွင်းကြောင့် မတည်မငြိမ် ဖြစ်သွားကြ၏။
ထိုအချိန်၌ အမှောင်ခုံရုံး၏ ခံသမာဓိများမှာမူ တိတ်ဆိတ်စွာဖြင့်သာ ချန်းဖန်အား ကြည့်နေခဲ့ကြသည်။
"သူက အဆင့်တက်နေတာ ..."
တစ်ယောက်က အော်ဟစ်လိုက်သည်။
"ချန်းပေ့ရွှမ်းက အစကတည်းက အရမ်း အစွမ်းထက်နေတာ ... သူသာ အဆင့်တက်ရင် ဘယ်အဆင့် ဖြစ်လာမှာလဲ ... မြေကမ္ဘာ အဆင့်လား ..."
ထိုအတွေးက လူတိုင်း၏ စိတ်အတွင်း ဝင်ရောက်လာ၏။ သူတို့၏ မျက်လုံးများက ပြူးကျယ်လာကာ ချန်းဖန် ရှိရာသို့ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
"သူ့ကို သတ်ကြစမ်းဟေ့ ... နောက်တစ်ဆင့်ကို မဝင်စေနဲ့ ..."
အမှောင်မြို့စားက အဆုတ်များ ကွဲအက်သည် အထိ အော်ဟစ်လိုက်သည်။
သူ့အနေဖြင့် တိုက်ပွဲ အတွင်း ချန်းဖန် အဆင့်တက် သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။ အကယ်၍ ချန်းဖန်သာ မြေကမ္ဘာ နတ်ဘုရား အဆင့်သို့ အဆင့်တက် သွားပါက သူ့အား မည်သူမျှ အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
"သတ် ..."
သေခြင်းနတ်ဆိုးက ကျန်စာ တစ်ခုကို ရေရွတ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် ဘားကလည်း ထုံရှန်းကို ခုတ်ဖြတ်ရန် ရွယ်နေရာမှ ရပ်ကာ ချန်းဖန်ဆီသို့ စစ်ပုဆိန်ကို ကိုင်ဆွဲ၍ တိုးဝင်လာသည်။
ထို့အတူ အမှောင်မြို့စားကလည်း နတ်ဘုရားကြုတ်ကို ဝှေ့ယမ်းကာ သွေးမြစ်ကို ပိုမို ကြီးမားလာရန် တွန်းအားပေးလိုက်သည်။
"နောက်ဆုံး ဝှက်ဖဲ အထိ ထုတ်သုံးရမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး ..."
ချန်းဖန်က မိုးကြိုးတံဆိပ်တုံးကို လက်တစ်ဖက်ဖြင့် မြှောက်ကာ သူတို့ထံသို့ ချဉ်းကပ်လာသည်။
ယခုအချိန်၌ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများသည် ပေါက်ကွဲကာ ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်သို့ တရိပ်ရိပ် တက်နေ၏။ သူကား ယခုတိုက်ပွဲ မတိုင်ခင်ကပင် ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သူ ဖြစ်သည်။
"သတ် ..."
သွေးမူးမတ်က အထီးကျန် သွေးဓားကို မြှောက်ကာ လွှဲခုတ်လိုက်သည်။ သို့သော်လည်း ထို ဓားခုတ်ချက်က လျှပ်စီးများနှင့် ရွှေရောင် သံချပ်ကာတို့ အပေါ်၌ သက်ရောက်မှု မရှိခဲ့ချေ။
"ငါ ဝိညာဉ်ပင်လယ် အလယ်ဆင့်ရဲ့ အထွတ်အထိပ်ကို လွန်ခဲ့တဲ့ တစ်လကျော် ကတည်းက ရောက်ခဲ့တယ် ... အဲဒီ အချိန် ကတည်းက ဝိညာဉ် ပင်လယ် နောက်ဆုံး အဆင့်ကို အချိန်မရွေး ချိုးဖျက်လို့ ရနေပြီ ဆိုပေမဲ့လည်း မြေကမ္ဘာ အဆင့်နဲ့ ရင်မဆိုင်ရ မချင်း မလျှင်စလို မချိုးဖျက်ဖို့ ငါတွေးထားခဲ့တယ် ... အခုလို အရေးမပါတဲ့ အင်းဆက် အချို့ကြောင့် အဆင့်ကို ချိုးဖျက်ရမယ်လို့ ငါ လုံးဝ မတွေးခဲ့မိဘူး ..."
ချန်းဖန်၏ မျက်လုံး နှစ်ဖက်၌ နတ်ဘုရား အလင်း နှစ်ခုက တောက်ပလို့ နေသည်။
"ဒီတော့ မင်းတို့ အားလုံး သေရမယ် ..."
ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။
"ဘုန်း ..."
အလင်းတန်း တစ်ခုက ချန်းဖန်၏ ဦးခေါင်းမှ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက ကောင်းကင်သို့ တက်ကာ အရာရာကို ဖျက်ဆီးဟန် ပြင်၏။
"သူ့ကို တားကြဟေ့ ..."
အမှောင်သခင်ကြီး ငါးယောက်က တစ်ပြိုင်နက်တည်း အော်ဟစ်ကာ ရှေ့သို့ တက်လာကြ၏။
ထို့နောက် သူတို့သည် ချန်းဖန်ကို ခွေးရူးများ အလား ဘက်ပေါင်းစုံမှ ဝန်းရံကာ တိုက်ခိုက်တော့သည်။
ချန်းဖန်၏ ရွှေရောင် သံချပ်ကာသည် ရွှေရောင် အလင်းများကို ထုတ်လွှတ်ရင်း ရောက်ရှိလာသော ဓားအလင်းများ၊ ကျိန်စာများ၊ သွေးချီများ အရာ အားလုံးကို ခုခံ၏။
တစ်ချိန်တည်းတွင်ပင် မိုးကြိုးတံဆိပ်တုံးကလည်း တိမ်များမှ မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများကို ဆင့်ခေါ်ကာ ချန်းဖန်အား နဂါး တစ်ကောင် အလား ဝန်းရံ ကာကွယ်သည်။
"ဝေါ ..."
အမှောင်မြို့စားက သွေးမြစ်ကြီးကို ထိန်းချုပ်ရင်း ချန်းဖန်အား ဝါးမျိုရန် ကြိုးစားလိုက်၏။
အမှောင်သခင်ကြီး ငါးယောက်၏ အမျိုးမျိုးသော တိုက်ခိုက်မှုများကား တန်ခိုးရှင် အဆင့် တစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ရွှေရောင် သံချပ်ကာကို တိုက်ခိုက်ခြင်းက နတ်ဘုရား တစ်ပါးကို တိုက်ခိုက်သည့် အလား စွမ်းအား ဖြုန်းတီးခြင်း သက်သက်သာ ဖြစ်သည်။
"ဆရာက ဘာလုပ်နေတာလဲ ..."
အားရှို့က ချန်းဖန်ကို ကြည့်ရင်း စိတ်ပူစွာ ရေရွတ်လိုက်သည်။
ထိုအချိန်၌ မြောက်ပိုင်းချုံးဂိုဏ်းနှင့် အမှောင်ခုံရုံး အဖွဲ့ဝင်များမှာ ဆက်လက် တိုက်ခိုက်ရန် စိတ်မပါကြတော့ချေ။
ထို့ကြောင့် သူတို့က သူတို့၏ တိုက်ပွဲကို ရပ်ဆိုင်းကာ ချန်းဖန်နှင့် အမှောင် သခင်ကြီး ငါးယောက်၏ တိုက်ပွဲကိုသာ အာရုံစိုက် ကြည့်ရှု နေကြတော့သည်။
"ကလန့် ..."
ထိုအချိန်မှာပင် ချန်းဖန်၏ အဇူရာ အလင်း ပုံရိပ်က လေထု၌ ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားများကို တဒိတ်ဒိတ် တုန်ရီသွားစေသည်။
"နောက်ဆုံး အခိုက်အတန့်မှာ ချန်းပေ့ရွှမ်း အသတ်ခံလိုက်ရတာလား ..."
သို့သော်လည်း သူတို့၏ အတွေးများ မဆုံးခင်မှာပင် ကောင်းကင်၌ ရွှေရောင် အလင်းများ စူးရှစွာ လင်းလက် လာ၏။ ထိုအလင်း၏ အလယ်တွင်မူ ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော ချန်းဖန် ရှိသည်။
"သူ အဆင့်တက်သွားတာလား ... မတက်သွားဘူးလား ..."
လူတိုင်းက ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
"ဘုန်း ..."
ရုတ်တရက် ချန်းဖန်၏ မျက်လုံးများမှ ရောင်ခြည် နှစ်ခု ထွက်ပေါ်လာကာ စီရင်သူများ အပေါ်သို့ ကျ၏။ ထို ရောင်ခြည်တန်း နှစ်ခု၏ ဖြတ်သန်းမှုတွင် စီရင်သူများ၏ ခန္ဓာကိုယ်များ ပျက်စီးသည်။
"ဘုန်း ..."
ရောင်ခြည် အလင်းတန်းက ခြံဝင်းကြီး အတွင်းရှိ ငါးထပ်တိုက် အဆောက်အဦကြီးဆီသို့ ထပ်မံကာ ကျသည်။ ထိုငါးထပ်တိုက်သည်လည်း ရောင်ခြည် အလင်းတန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပဲ မြေပြင်၌ ပြားပြားဝပ်သည်။
"ငါ ဒီနေ့က စလို့ ဝိညာဉ်ပင်လယ် ထိပ်ဆုံး အဆင့်ကို တက်လှမ်းပြီး ကမ္ဘာကြီးကို စိုးမိုးမယ် ..."
ကျယ်လောင်သော နတ်ဘုရား ဟိန်းဟောက်သံ တစ်ခုက ချန်းဖန်၏ ပါးစပ်မှ ထွက်ပေါ်လာ၏။
ထို့နောက် ချန်းဖန်၏ မျက်လုံးမှ အလင်းတန်းက ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားကာ တစ္ဆေမြို့စားထံ တိုးဝင်သွားသည်။
"ဘုန်း ..."
ခန္ဓာကိုယ်နှင့် အတူ ပြင်းထန်သော လက်သီးက ကမ္ဘာကြီးအား ခွဲထုတ် ပစ်နိုင်သည့် အားအင်ကို သယ်ဆောင်၍ တစ္ဆေမြို့စားကို ထိုးနှက်သည်။
တစ္ဆေမြို့စားက သွေးစွမ်းအင်များကို ဖြန့်ကြက်ကာ ကျိန်စာ တစ်ခုကို မန်းမှုတ်လိုက်သည်။ ထိုကျိန်စာက သွေးစွမ်းအင်များနှင့် ပေါင်းစပ်ကာ အနီရောင် အလင်းတန်း အဖြစ် ပြောင်းလဲသည်။
"သေဆုံးခြင်း ရောင်စဉ် ..."
ထိုအရာကား အနျူဘစ်၏ စွမ်းအား တစ်ခု ဖြစ်ပြီး မည်သို့ သက်ရှိ ဝိညာဉ်ကို မဆို ဖျက်ဆီးပစ်နိုင်သည်။
"သေဆုံးခြင်း ရောင်စဉ်" က တိုးဝင်လာသော ချန်းဖန်၏ လက်သီးနှင့် တိုက်ရိုက် တွေ့၏။ သို့သော်လည်း ထိုအရာက လက်သီးကို ခြစ်ရာ တစ်ခုပင် မထင်စေခဲ့ချေ။
"ဘယ်လို ဖြစ်ရတာလဲ ..."
တစ္ဆေမြို့စားမှာ အနည်းငယ် ကြောင်အ သွားသည်။
မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သတိ မပြုမိခင်မှာပင် အဇူရာရောင် သန်းနေသော လက်ဝါးက သူ၏ ခန္ဓာကိုယ် အပေါ်သို့ ကျရောက်လာ၏။
"ဘုန်း ..."
အဇူရာ လက်ဝါးက အမှောင်စွမ်းအားများကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်ပြီး တစ္ဆေမြို့စား၏ ခန္ဓာကိုယ်အား ပျက်စီးရန် တွန်းအားပေးသည်။
"မလုပ်နဲ့ ..."
အခြားသော အမှောင် သခင်ကြီးများက အော်ဟစ်ရင်း တစ္ဆေမြို့စားအား ကူညီရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ္ဆေမြို့စား၏ ခန္ဓာကိုယ်မှာ သွေးအိုင် တစ်ခုအသွင် ပြောင်းလဲသွားခဲ့ရချေပြီ ဖြစ်သည်။
လူတိုင်းကား ထိုအဖြစ်အပျက်ကို ကြည့်၍ ဆွံ့အ နေမိကြတော့၏။
ချန်းပေ့ရွှမ်းက အမှောင် သခင်ကြီး တစ်ယောက်ကို တိုက်ကွက် တစ်ကွက်တည်းနှင့် သတ်ဖြတ်ပစ်လိုက်သည် လား။
***